အခန်း (၁၈၂)
Vol. 14 Ch. 182
ရှမ့်လန်က ပြောလိုက်၏။ “အင်း အပြင်က လူတွေကို ခဏလောက် စောင့်ပေးဖို့ ပြောလိုက်အုံး။ ကျုပ် မကြာခင် လာခဲ့မယ်”
“ကောင်းပါပြီ”
ကျင်းကျုံသည် ကျူးဝမ်ဟွာ နှင့် တခြားသောသူများကို တားဆီးရန် ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ပင်းအာ ... သွား ငါ့ပစ္စည်းတွေ သွားယူအုံး”
“ကောင်းပါပြီ”
ပင်းအာသည် အထဲသို့ ပြေးဝင်သွားခဲ့၏။ အကယ်၍ ပြေးချင်လည်း ရိုးရိုးသားသား ပြေးသွား၍ရ၏။ အဘယ့်ကြောင့် ဤမျှ လှုပ်ခါအောင် ပြေးသွားရသနည်း။
၁၀ မိနစ်ခန့် ကြာမြင့်ပြီးနောက် ပင်းအာသည် ကြီးမားသော သေတ္တာကြီးနှင့်အတူ ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ ထို့အပြင် ဤမိန်းကလေးသည် အဝတ်အစားကိုပင် ပြောင်းလဲဝတ်ဆင်ခဲ့သေး၏။ ဤသို့သော အချိန်တိုအတွင်း အဘယ်သို့များ ပြုလုပ်လိုက်သနည်း။
‘မင်းက မိန်းကလေးငယ်လေးပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီး ဒီလောက်များတဲ့ အဝတ်အစားတွေ ရှိနေရတာလဲ။ မူလန်က မင်းကို ဆူတော့မှာပဲ။’
“သမက်တော် ဒီမှာ ပစ္စည်းပစ္စယတွေ ရောက်ပါပြီ”
ပင်းအာသည် စားပွဲပေါ်သို့ သေတ္တာကို သေသေချာချာ တင်လိုက်၏။ ဤပစ္စည်းအားလုံးသည် သမက်တော်၏ ပစ္စည်းများဖြစ်ပြီး တခြားသူများကို ထိခိုက်နာကျင်အောင် ပြုလုပ်သည့် ပစ္စည်းများဖြစ်ကြောင်း သူမ သိရှိပြီးဖြစ်၏။
ရှမ့်လန်သည် သူ၏ရတနာသေတ္တာကို အသာဖွင့်လိုက်၏။ အထဲတွင်တော့ များပြားလွန်းသော ပုလင်းများ ရှိနေ၏။ ထိုအရာများသည် အဆိပ်များ၊ ထူးခြားသည့် ဆေးပုလင်းများ .... အရာအားလုံးပင်။ အခြားသောသူများ စိတ်ကူးဖြင့် စဉ်းစားတွေးခေါ်၍ပင် မရနိုင်သည့် ပစ္စည်းများဖြစ်သည်။
ရှမ့်လန်သည် ထိုပုလင်းများထဲမှ တစ်ခုကို ထုတ်ယူလိုက်၏။ ပုလင်းကို ဖွင့်ပြီးနောက် ဂွမ်းနှင့် အသာတို့ကာဖြင့် သူ၏လက်နှင့် လည်ပင်းများပေါ်သို့ သေသေချာချာ လိမ်းကျံ၏။ ပြီးနောက် အသေးစိတ်က အစ သေချာပြင်ဆင်လိုက်၏။
ခဏလောက်ကြာပြီးနောက် ပင်းအာသည် ရုတ်တရက် ထရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ လည်ပင်းနှင့် လက်များတွင် ကြီးမားသည့် အနာကြီးများ ပေါ်ပေါက်လာခဲ့သောကြောင့်ပင်။
“သခင်လေး ..... ရှင်”
ရှမ့်လန်က ပြောလိုက်သည်။ “ပင်းအာ.. မင်း ကြောက်သွားပြီလား”
ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အနီရောင်အဖုကြီးများသည် တကယ့်ကို ဆိုးရွားလွန်းသည့် ရောဂါကြီးတစ်ခုနှင့် ဆင်တူပြီး ထိုအရာသည် ကျောက်ရောဂါပင်ဖြစ်၏။
ဟုတ်ပေ၏။ ဤအရာမှာ အစစ်အမှန် ကျောက်ရောဂါ မဟုတ်ချေ။ ကျောက်ရောဂါကဲ့သို့ ပုံပန်းသဏ္ဍာန် တူညီအောင် ရှမ့်လန် ဖန်တီးထားခြင်း ဖြစ်သည်။ ရှမ့်လန်သည် ထိုဆေးကို လိမ်းလိုက်ပြီးသည့်နောက် ကျိန်းသေပေါက် ကျောက်ရောဂါကဲ့သို့သော ရောဂါသည်ပုံစံမျိုး ဖြစ်လာခဲ့သည်။
“သခင်လေး ... ရှင် ရှင်ဒီဟာနဲ့ ကျွန်မဖင်ကို ပွတ်သေးတယ်မလား”
ရှောင်ပင်းသည် ရှမ့်လန်၏ လည်ပင်းကို ဆွဲခိုကာဖြင့် ကလေးလေးတစ်ယောက်လို ချွဲနွဲ့လျက် ရှိနေ၏။ ပြီးနောက် သူမသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “သခင်လေး... ဒါ အရမ်းကို နာမှာပဲနော်။ ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလောက် ဒုက္ခပေးရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း သူတို့က အရေးအကြောင်း အခြေအနေမျိုးမှာ ငါတို့ကို လာစမ်းသပ်တာလေ။ ဒီတော့ ဆိုးဆိုးဝါးဝါး အခြေအနေမျိုးလို့ ထင်ရအောင် လုပ်ပြပေးဖို့ လိုတယ်။ ပြီးတော့ တခြားသူတွေကို ထိခိုက်နာကျင်အောင်လုပ်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ရဲရတယ်”
“ဒါပေမဲ့ ကျွန်မ အသည်းယားတယ်”
ပြီးနောက် ဤမိန်းကလေးသည် လျှာကိုထုတ်ကာဖြင့် ရှမ့်လန်၏ လည်ပင်းပေါ်တွင် ရှိနေသည့် အနာကို လျက်ကြည့်လိုက်၏။ “အင်း ... နည်းနည်း ငန်ကျိကျိပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းလုပ်တာနဲ့ ငါထတောင် ထလာပြီ”
ရှောင်ပင်းသည် ရှက်ဝဲဝဲနှင့် ပြောလိုက်၏။ “လိမ်ချိုးလိုက်မယ်”
ဤမိန်းကလေးသည် ပိုပိုပြီး အရှက်မဲ့လာခဲ့ချေ၏။ ရှမ့်လန် သူမကို စသည့်အခါတိုင်း သူမက ရဲရဲဝံ့ဝံ့ပင် ပြန်လည်ကာ စလေ့ရှိ၏။ ထို့အပြင် သူမ၏ မြူစွယ်မှုကလည်း တဖြည်းဖြည်းနှင့် တိုးလာခဲ့၏။ ရှမ့်လန်ကဲ့သို့ ပါရမီရှင် တဏှာရူးပင်လျှင် ကိုင်တွယ်ရန် ခက်ခဲလာခဲ့သည်။
........
ရှမ့်လန်သည် ဧည့်ခန်းထဲသို့ ပြန်လည်ကာ သွားလိုက်၏။ သူသည် အဝတ်အစားသစ်ကို ပြောင်းလဲကာ ဝတ်ဆင်ပြီးဖြစ်၏။ ဟုတ်ပေ၏။ သူ၏လည်ပင်းနှင့် လက်များကိုတော့ ဖုံးကာထားခဲ့၏။ သူ၏ မျက်နှာသည် အနည်းငယ် နီရဲလျက်ရှိနေ၏။ အဖျားဝင်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။
ကျူးဝမ်ဟွာက ပြောလိုက်၏။ “ရှမ့်လန်... ငါ့အဖေ ကျူးလန်ထင် သေဆုံးသွားခဲ့တဲ့နေ့မှာ မင်းဘယ်နေရာမှာ ရှိနေလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း နန်ဝှာစီရင်စုမှာ”
ဝမ်ကွက်သည် ဝင်ရောက်ကာ ပြောလိုက်၏။ “ဘယ်လောက် တိုက်ဆိုင်လဲ။ မြို့စားလေး ကျူးလန်ထင် ကလည်း နန်ဝှာ စီရင်စုမှာ သေသွားခဲ့တာပဲ”
ကျူးဝမ်ဟွာသည် အေးစက်စက် ပြောလိုက်သည်။ “ရှမ့်လန်... မင်း အခု ဘာပြောချင်သေးလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ကျူးလန်ထင် သေတာ ကျုပ်နဲ့ ဘာဆိုင်လို့လဲ”
ကျူးဝမ်ဟွာက ပြောလိုက်သည်။ “ဒါဆိုရင် မင်း ငါ့အဖေ သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ဘာမှမဆိုင်ဘူး ဆိုတာကို သက်သေပြလေ။ ပြီးတော့ မင်းက ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်တစ်ယောက်။ နန်ဝှာ စီရင်စုဆီ ဘာသွားလုပ်နေတာလဲ”
ရှမ့်လန်သည် အေးစက်စက်နှင့် ရယ်မောလိုက်၏။ “ကျုပ် ရှမ့်သခင်လေးက တကူးတက အားလုံးကို လိုက်ပြီး ရှင်းပြနေဖို့ မလိုဘူးထင်တယ်”
ကျူးဝမ်ဟွာက ပြောလိုက်သည်။ “ဒီလိုဆိုရင် ငါတို့နဲ့ လိုက်ခဲ့တော့။ ပထမဦးဆုံး မင်း ရွှမ်ဝူမြို့ရဲ့ အကျဉ်းထောင် ထဲမှာ တစ်ညလောက် နေရမယ်။ ပြီးရင် မြို့တော်ဆီကို ခေါ်ဆောင်သွားမယ်။ အထူးတရားရုံး ရဲ့ စစ်မေးမှုအောက်မှာ မင်းဘယ်လိုမှ ဝန်မခံဘဲ နေရဲမှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် ခင်ဗျားတို့နဲ့အတူ လိုက်ရမှာပေါ့။ အင်း.. ဒီလောကကြီးထဲမှာ အပြစ်ကင်းစင်တယ်ဆိုတာကို သက်သေပြဖို့အတွက် နည်းလမ်းကတော့ ရှိမှာပဲ”
‘အပြစ်ကင်းစင်တယ် ဟုတ်လား။ ဟာသပဲ။ မင်း .... ရှမ့်လန်က သုံးနှစ်သား ကလေးလား။ လောကကြီးရဲ့ အပြစ်ကင်းစင်မှုတွေ၊ အပြစ်မကင်းစင်မှုတွေကို ယုံကြည်နေသေးတာလား။’
အပြစ်ကင်းစင်မှုဆိုသည်မှာ လောကကြီး၌ ရှိချင်ရှိကောင်း ရှိပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်အတွက်တော့ မဟုတ်ချေ။
ပြီးနောက် ရှမ့်လန်သည် လုံးဝကို အရှုံးပေး အညံ့ခံခဲ့၏။
ဤအချိန်မှာတော့ ကျင်းမူလန်သည် ရှေ့ဆီသို့ လှမ်းထွက်လာပြီး သူမ၏ဓားကို ဆွဲထုတ်လိုက်၏။ “မလွန်လာနဲ့.. ကျွန်မယောက်ျားကို ထိရဲတဲ့လူတွေ .... အကုန်လုံးရဲ့ လက်တွေကို ခုတ်ဖြတ်ပစ်မယ်”
အထူးတရားရုံးဆီမှ အရာရှိသည် အေးစက်စက် ပြောလိုက်သည်။ “မိန်းကလေးကျင်း .. ဒါ အထူးတရားရုံးရဲ့ ကိစ္စနော်။ ရွှမ်ဝူအိမ်တော်က တားဆီးတော့မှာလား”
အထူးတရားရုံးဆိုသည်မှာ ရွှဲ့ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသည့်အရာဖြစ်ပြီး အားကောင်းလွန်းသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်၏။ မြို့စားအိမ်တော်အနေနှင့် တားဆီးရန် မဖြစ်နိုင်ချေ။
ကျူးဝမ်ဟွာက ပြောလိုက်၏။ “မိန်းကလေး ကျင်းမူလန်.. ကျုပ်တို့ စစ်သည်တစ်ယောက်မှ ခေါ်မလာ ဘူးနော်။ ကျုပ်တို့က အစောကြီးတည်းက ရွှမ်ဝူအိမ်တော်အပေါ် လေးစားသမှုကို ပြသပြီးပြီ။ ဒီတော့ ခင်ဗျားတို့ ဘောင်ကျော်မလာနဲ့”
ရှမ့်လန်က အေးစက်စက် ပြောလိုက်သည်။ “မိန်းမ... အဆင်ပြေတယ်။ ငါ သူတို့နဲ့ လိုက်သွားလိုက်အုံးမယ်။ ငါ အပြစ်ကင်းစင်တယ်ဆိုတာကို သူတို့အားလုံး သိပြီးသားပဲ။ မြို့စားလေး ကျူးလန်ထင်ကို ငါဘယ်လိုလုပ် သတ်ပစ်မှာလဲ။ အထူးတရားရုံးအနေနဲ့ ငါ့ရဲ့အပြစ်ကင်းစင်မှုကို ဖော်ထုတ်ပေးလိမ့်မယ်”
ပြီးနောက် သူသည် လက်ကိုမြှောက်ကာ ပြောလိုက်၏။ “သွားကြရအောင်။ ကျုပ်ကို ခေါ်သွားပါ။ ရွှမ်ဝူမြို့ရဲ့ ထောင်မကလို့ အထူးတရားရုံးရဲ့ ထောင်ပဲဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး။ ကျုပ် ခင်ဗျားတို့နဲ့ သွားမယ်”
ကျူးဝမ်ဟွာသည် တွန့်ကနဲ ဖြစ်သွား၏။ ရှမ့်လန်သည် အဘယ့်ကြောင့် ဤမျှ လိမ်လိမ်မာမာနှင့် လိုက်ပါရသနည်း။ ဤအရာ၏ နောက်ကွယ်၌ အကြောင်းအရာတစ်ခုခုတော့ ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် မည်သည့် အကြောင်းအရာနည်း။
ရွှမ်ဝူအိမ်တော်သည် မျက်စိတစ်မှိတ်အတွင်း ပျက်စီးတော့မှာ ဖြစ်၏။ ရှမ့်လန်သည်လည်း အလွန်ပင် အားနည်းလို့နေ၏။ ရွှမ်ဝူမြို့၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိသည်ဆိုပါက ကျိန်းသေပေါက် ကျူးဝမ်ဟွာ၏ နှိပ်စက်ခြင်းကို ခံရမှာ သေချာ၏။ သို့ပေမည့် ရှမ့်လန်သည် အကျဉ်းထောင်ထဲသို့ ရဲရဲဝံ့ဝံ့ လိုက်လာရန် ဆုံးဖြတ်ခဲ့သည်။ ဘာဖြစ်သနည်း။
အကျဉ်းထောင်ထဲတွင် လှပသည့် မိန်းကလေးများ ရှိသည် မဟုတ်ချေ။ ကျူးဝမ်ဟွာသည် ရှေ့ကို လှမ်းတက်ပြီးနောက် ရှမ့်လန်၏ လက်ကို ဖမ်းကိုင်လိုက်၏။
အထူးတရားရုံး၏ အရာရှိသည်လည်း ဖမ်းချုပ်သွားရန်အတွက် စက္ကူလက်ထိပ်တစ်ခု ကို ဆွဲထုတ်လိုက်၏။ မြို့စားကြီး၏ သမက်တော်ဖြစ်သည်မို့ အစစ်အမှန် ကြေးလက်ထိပ်နှင့် ခတ်ကာ ခေါ်ဆောင်သွား၍ မဖြစ်ချေ။ ထို့ကြောင့် စက္ကူဖြင့် ပြုလုပ်ထားသော လက်ထိပ်ကို ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
ရှမ့်လန်သည် လက်ကို အသာမြှောက်ကာဖြင့် ထိုသူ၏ ရှေ့ဆီသို့ သွားလိုက်၏။ အင်္ကျီလက်ကို အသာဆွဲတင်လိုက်ချိန်မှာတော့ လက်ပေါ်တွင် အနီရောင်အစက်ကြီးများကို ထင်ထင်ရှားရှား မြင်လိုက်ရ၏။ ပုံပန်းသဏ္ဍာန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ထိုအတူ ဤအရာကို ရင်းနှီးလို့နေသည်။ အထူးတရားရုံး၏ အရာရှိသည် ရုတ်တရက် မျက်နှာ ပျက်ရွင်းသွားခဲ့၏။ ဤအရာ.. ဤအရာသည် ကျောက်ရောဂါဖြစ်သည်။
သူသည် ယခင်တုန်းက ကျောက်ရောဂါကို မြင်ခဲ့ဖူး၏။ လွန်ခဲ့သည့် နှစ်အနည်းငယ် က ဖြစ်၏။ သူကိုယ်တိုင်ပင်လျှင် ကျောက်ရောဂါဖြစ်သည့် ရွာတစ်ရွာလုံးကို စည်းခတ်ပြီး တားဆီးခဲ့ရသည် မဟုတ်ပါလား။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်သည် ရွာထဲတွင် ကျောက်ရောဂါ ဖြစ်ခဲ့၏။ ပြီးနောက် ကြီးမား လွန်းသည့် ရောဂါဆိုးကြီးသည် ရွာတစ်ရွာလုံးကို ကူးစက်ခဲ့ပြီး တစ်ရွာလုံး သေဆုံးခဲ့၏။
ရှမ့်လန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးက နီရဲနေ၏။ ၎င်းကို ကြည့်ရှုရသည်မှာ အဖျားရှိနေသည့်ပုံပင်။ ဤအရာသည် ကျောက်ရောဂါ၏ သင်္ကေတ လက္ခဏာပင် မဟုတ်ပါလား။
ရှမ့်လန်သည် သနားစဖွယ် ပြောလိုက်သည်။ “ခင်ဗျားတို့ ကျုပ် ဘာလို့ နန်ဝှာ စီရင်စုဆီကို သွားတယ်ဆိုတာ မမေးတော့ဘူးလား။ ကျုပ် သမားတော်ဆီ ဆေးသွားကုတာပဲ။ နန်ဝှာ စီရင်စုမှာရှိနေတဲ့ သမားတော်ကြီး ကျန်းက ကျောက်ရောဂါကို ကုသပေးနိုင်တယ်လို့ ကျုပ်ကြားတယ်”
ထိုစကားကို ကြားလိုက်သည့်အချိန်မှာတော့ ကျူးဝမ်ဟွာ၊ လျှိုဝူယမ်နှင့် အထူးတရားရုံးဆီမှ အရာရှိတို့သည် လျင်လျင်မြန်မြန်ပင် အနောက်ကို ဆုတ်လိုက်၏။ ၎င်းတို့သည် သရဲတစ္ဆေကို တွေ့သွားသကဲ့သို့ပင်။
ဤအရာသည် ဆိုးရွားလွန်းသည့် ရောဂါတစ်ခုဖြစ်၏။ ကျောက်ရောဂါကို ထိတွေ့မိသည့်လူတိုင်းသည် ကျိန်းသေပေါက် ကူးစက်ခြင်းကို ခံရမှာဖြစ်၏။
အထူးတရားရုံးဆီမှ အရာရှိဖြစ်သော ဝမ်ကွက်သည် ရုတ်တရက် ရူးသွပ်သွားမလိုပင် ဖြစ်သွားခဲ့၏။ အရေးကြီးသည့် လူတစ်ယောက်သည် သူ့ကို ရှမ့်လန်အား ဖမ်းဆီးရန် ညွှန်ကြားခဲ့၏။ ရွှမ်ဝူအိမ်တော်၏ အခြေခံစည်းမျဉ်းကို သွားရောက် စမ်းသပ်ရန်ဖြစ်၏။
သူသည် တစ်ဖက်လူများကို ဒုက္ခပေးရန် ရည်ရွယ်ချက် ဖြင့် ရောက်ရှိလာသည်ဆိုသော်လည်း သူ့ကိုယ်သူ သတ်သေရန်တော့ ရည်မှန်းချက် မရှိချေ။ ကျောက်ရောဂါဆိုသည်မှာ သေဆုံးနှုန်းအများဆုံး ရောဂါကြီး လေးခုထဲမှ တစ်ခုဖြစ်၏။ ထို့ကြောင့် သူတို့သည် နောက်သို့ ဆုတ်လိုက်ကြသည်။
သို့ပေမည့် ရှမ့်လန်သည် ရှေ့သို့တိုးလိုက်၏။ “ကျုပ်ကို ခေါ်သွားပါအုံး။ လာပါ ... ဖမ်းကြပါအုံး။ ကျုပ်ကို ဖမ်းကြပါ။ ရွှမ်ဝူအကျဉ်းထောင်ဆီ ခေါ်သွားကြပါ။ အထူးတရားရုံးဆီ ပို့ချင် ပို့ကြပါ။ မြန်မြန် မြန်မြန်”
ချီးတဲ့မှ... အကျဉ်းထောင်ဆိုသည်မှာ တကယ့်ကို လူကျပ်သည့်နေရာဖြစ်၏။ အကျဉ်းသားများလည်း များပြားစွာ ရှိ၏။ ရောဂါပိုး ပျံ့နှံ့သွားဖို့ဆိုသည်မှာ အလွန်လွယ်ကူသည်။
မည်သို့သောသတ္တိမျိုးနှင့် သူတို့ ရှမ့်လန်ကို ဖမ်းရမည်နည်း။ အကျဉ်းထောင်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည်သာ ရောဂါဆိုးပျံ့၍ သေဆုံးသွားသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာကြီး တက် ပေမည်။
အထူးတရားရုံး၏ အရာရှိသည် အသာလှည့်ကာဖြင့် ထွက်ပြေး၏။ ပြီးသည့်နောက် လျှိုဝူယမ်၊ မြို့တော်ဝန်ရုံးမှ လူများအားလုံးတို့သည် ထွက်ပြေးသွားကြလေ၏။
ကျူးဝမ်ဟွာသည် ရှမ့်လန်၏ အကြောင်းကို ကောင်းကောင်းသိ၏။ ဤကောင်လေးသည် တကယ်ကို ကောက်ကျစ်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ရှမ့်လန် ကျောက်ရောဂါ ဖြစ်နေသည်ကို သူ မယုံကြည်ချေ။
သို့ပေမည့် ဖြစ်ခြင်း၊ မဖြစ်ခြင်းက အဓိက မဟုတ်ချေ။ မစွန့်စားရဲခြင်းက အဓိကပင်။ ထို့အပြင် သူတစ်ယောက်တည်း ကျန်ရှိခဲ့၏။ အားလုံးသောသူတို့က သေဆုံးသွားခဲ့ပြီဖြစ်၏။ လင်းကျိုးလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သလို သူ၏အဖေသည်လည်း သေဆုံးသွားခဲ့ပြီဖြစ်၏။ ဤနေရာတွင် ဆက်နေပါက ရှမ့်လန်သည် သူ့ကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် ကျူးဝမ်ဟွာ၏ လက်ကို အသာဆွဲကိုင်ကာ ပြောလိုက်၏။ “မသွားပါနဲ့။ မသွားပါနဲ့။ နေပါအုံး။ ကျုပ်ကို ဖမ်းသွားပါအုံး”
ကျူးဝမ်ဟွာသည် အသံများ တုန်ယင်သွားခဲ့၏။ သူသည် ကြောက်လန့်တကြားဖြင့် ရှမ့်လန်၏ လက်ကို ခါချလိုက်သည်။
“ကျုပ်ကို မထိနဲ့။ ကျုပ်ကို မထိနဲ့” ကျူးဝမ်ဟွာက အော်ဟစ်လိုက်၏။ ပြီးနောက် သူသည်လည်း ထွက်ပြေးသွားခဲ့၏။
“မသွားပါနဲ့၊ မသွားပါနဲ့။ ဖမ်းကြပါအုံး၊ ဖမ်းကြပါအုံး”
ရုတ်တရက် မူလန်သည် ရှမ့်လန်၏ ခါးကို အနောက်မှ သိုင်းဖက်လိုက်၏။ သူမသည် မျက်နှာနှင့် ရှမ့်လန်၏ကျောကို အသာ ဖိကပ်ထားမိ၏။
မကြာခင်မှာပဲ ရှမ့်လန်သည် သူ၏နောက်ကျောတစ်ခုလုံး စိုစွတ်နေသည်ကို ခံစားမိ၏။ အဘယ်ကြောင့်ဆိုသော် မူလန်သည် ငိုကြွေးနေသောကြောင့်ပင်။
ရှမ့်လန်သည် ကျူးဝမ်ဟွာ၊ ဝမ်ကွက်နှင့် တခြားသောသူများကို ခြောက်လှန့်လျက်ရှိနေသည်ဆိုသော်လည်း မူလန်သည် တကယ်ပင် စိတ်ဓာတ်များ ကျဆင်းလျက် ရှိနေ၏။ သူမ၏ ယောက်ျားသည် အစဉ်အမြဲ မင်းသားတစ်ပါး လို နေထိုင်ခဲ့သူတစ်ယောက်ဖြစ်၏။ တစ်ချက်ကလေးမှ နာကျင်မှုကိုပင် ခံချင်သည့်သူ တစ်ယောက် မဟုတ်ချေ။ ယခု သူမယောက်ျားသည် ခန္ဓာကိုယ်တွင် ဤကဲ့သို့သော အနာမျိုး ဖြစ်တည်စေရန် အတွက် ဖန်တီးခဲ့သည်။ မည်မျှနာကျင်နေမည်နည်း။
ရှမ့်လန်သည် အသာပြောပြလိုက်၏။ “အင်း ... နုရှောင့်မြို့ကို အပိုင်စီးဖို့အတွက်၊ ငါတို့မိသားစုရဲ့ ထာဝရ ငြိမ်းချမ်းမှုအတွက်၊ ကျင်းမိသားစုရဲ့ နှစ်ပေါင်းရာချီတဲ့ အခြေခံတွေအားလုံး နောက်တစ်ဆင့် မြင့်သွားဖို့ အတွက် .... အရာအားလုံးက ထိုက်တန်ပါတယ်”
“အင်း... အဖေက အခု အိပ်ရာထဲမှာ လဲနေပြီ။ သူက နေ့စဉ် ငါ ဖော်စပ်ပေးနေတဲ့ ဆေးတွေကို စားနေရတယ်။ ကိုယ်အလေးချိန်တောင်မှ တစ်ဆယ့်ကီလိုလောက် လျော့ကျသွားသေးတယ်။ သူ့နဲ့ယှဉ်ရင် ငါက ဘာမှ မဟုတ်ပါဘူး”
လျှိုဝူယမ်၊ ကျူးဝမ်ဟွာနှင့် ဝမ်ကွက်တို့သည် ရှမ့်လန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ချေ။ အထူးသဖြင့် ကျူးဝမ်ဟွာပင် ဖြစ်၏။ ရှမ့်လန်သည် ထိုသူကို အချိန်မရွေး သတ်ဖြတ်ပစ်နိုင်၏။ သို့ပေမည့် နုရှောင့်မြို့ကို အပိုင်စီးရယူရန်အတွက် သူသည် ထိုသူများကို အချိန်အနည်းငယ်ကြာ အသက်ရှင်သန်ခွင့် ပေးထားရပေမည်။
“ဒီနေ့ ကိစ္စရပ်တွေကို စဉ်းစားရမယ်ဆိုရင် အထူးတရားရုံးရဲ့ ဝမ်ကွက် ကျောက်ရောဂါနှင့် သေဆုံးသွားမယ်ဆိုရင် ဘယ်သူမှ သံသယဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ နုရှောင့်မြို့ကိုသာ အပိုင်စီးနိုင်ပြီ ဆိုရင် ကျူးဝမ်ဟွာရဲ့ မိသားစုတစ်ခုလုံး အသတ်ခံရလိမ့်မယ်။ သူ စကားတစ်ခွန်းတောင် မပြောနိုင်တော့ဘူး။ အားလုံး သေသွားရမယ်”
အရာအားလုံးသည် နုရှောင့်မြို့ကို ရယူရန်နိုင်ရန်အတွက်သာ ဖြစ်၏။ နုရှောင့်မြို့၊ လေ့ကျိုးကျွန်းစု အရာအားလုံးသည် သူတို့အတွက် ထိုက်တန်သည့်အရာပင် ဖြစ်လာပေလိမ့်မည်။
‘ရှစ်ချင်းချင်း.. မင်းဘက်က အစီအစဉ်တွေကရော ဘယ်လိုရှိလဲ’
စစ်တုရင်ပွဲက စတင်နေပြီဖြစ်၏။ အဘယ်သို့ ရပ်လို့ရမည်နည်း။
ရှစ်ချင်းချင်း၏ ဘက်မှာတော့ အဆင်ပြေသည့် အရိပ်အယောင်မျိုး မတွေ့ချေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာမ ချောင်ယောင်းအာသည် ပြောဆိုဆက်ဆံရ ခက်ခဲသည့် လူတစ်ယောက်ဖြစ်သောကြောင့်ပင်။ ကံဆိုးစွာပင် သူမသည် ယောက်ျားများကို မကြိုက်ပေ။ မဟုတ်ပါက ဆရာရှမ့်သည် ကျိန်းသေပေါက် သူမကို သွား၍ ကြွေကျအောင် ဆွဲဆောင်မှုရှိသော စကားများ ပြောဆိုမည်မှာ မြေကြီးလက်ခပ်မလွဲပင်။ သူ့၌ ဂိုဏ်းချုပ်ကျွင်းဆီမှ စော်လိုက်နည်းတစ်ထောင် စာအုပ် ရှိနေသည် မဟုတ်ပါလား။