အခန်း (၁၈၃)
Vol. 14 Ch. 183
လင်းဝူ၏ အိမ်ဆီမှာတော့ ...
နှစ်လကျော်လောက် စွန့်ခွာခဲ့သောကြောင့် ကြီးမားလှသည့် အိမ်ကြီးထဲတွင် မြက်ရိုင်းများ၊ အမှိုက်များဖြင့် ပွလျက်ရှိနေ၏။ ကျေးကျွန် တစ်ဒါဇင်ကျော်နှင့် အစေခံအားလုံးတို့သည် ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့၏။
လင်းဝူ၊ သူ၏သားနှစ်ယောက်နှင့် သူ၏မိန်းမတို့အပြင် ရက်ကန်းဌာနဆီမှ ဆရာလင်းတို့သာလျှင် ကျန်ရှိခဲ့၏။ ယခင်တုန်းက လင်းမိသားစုသည် တကယ်ကို မြိုင်မြိုင်ဆိုင်ဆိုင်နှင့် သက်ဝင်စွာ နေထိုင်ခဲ့သည့် မိသားစုမျိုးဖြစ်၏။ လင်းကျိုးသည် ချင်းကန်မြို့စားအိမ်တော်၏ သမက်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ကျိန်းသေပေါက် ဂုဏ်သိက္ခာများ ပိုမိုတိုးတက်လာခဲ့သည်။
လင်းမိသားစု တိုးတက်လာခဲ့ပြီး တော်ဝင်မိသားစုအဖြစ် ဖြစ်တည်လာတော့မည့်အချိန်တွင် ကံဆိုးစွာဖြင့် ကံတရားက နောက်ပြောင်ခဲ့၏။ ဤအရာအားလုံးတို့သည် ဟိုခွေးကောင် ရှမ့်လန်ကြောင့်ပင် ဖြစ်၏။
လင်းကျိုး သေဆုံးသည့် သတင်းပျံ့နှံ့သွားပြီးနောက်မှာတော့ လင်းဝူသည် မိသားစုကို ခေါ်ဆောင်ကာ ထွက်ပြေးခဲ့ရ၏။ နှစ်လကျော်လောက် ကြောက်လန့်တကြားဖြင့် နေထိုင်ခဲ့ရ၏။ သာမန်ဘဝ၌ပင် ပြန်လည် မနေထိုင်ရဲချေ။ ယခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်းမိသားစုသည် ပြန်လည်ကာ အခြေချနိုင်ခဲ့၏။ ချင်းကန်မြို့စားအိမ်တော်၏ ကူညီမှုနှင့်အတူ သူတို့၏ လူကုံတန်ပွဲရုံသည် တကယ့်ကို ထိပ်တန်း ကုန်သွယ်နိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး နန်းတွင်း ရက်ကန်းဌာနနှင့်ပင် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။
အခြားတစ်ဖက်က ကြည့်ရှုမည်ဆိုလျှင် ရွှမ်ဝူအိမ်တော်မှာတော့ ပျက်စီးတော့မည်ဖြစ်၏။ ရှမ့်လန်သည် ဆိုးရွားသည့် သေခြင်းတရားနှင့် သေဆုံးရတော့မှာဖြစ်၏။ ကောင်းကင်သည် တကယ့်ကို မျက်စိရှိလွန်းလှ၏။
နှစ်လအတွင်း လင်းဝူတို့ မိသားစုလေးယောက်သည် ရှမ့်လန်ကို အကြိမ်ပေါင်းများစွာ ကျိန်ဆဲခဲ့ပြီးသားဖြစ်၏။ ရှမ့်လန်၏ ပုံတူပန်းချီများကို ရေးဆွဲခဲ့ပြီး နေ့စဉ်နေ့တိုင်း ထိုအရာကို ခြေဖြင့် နင်းခြင်း၊ အီးကုန်းခြင်းများပင် ပြုလုပ်ခဲ့၏။ ယခု ရှမ့်လန်သည် နောက်ဆုံး၌ သေဆုံးရတော့မည်။
အိမ်ထဲတွင် မည်သည့် အစေခံမှ မရှိချေ။ ထို့ကြောင့် လင်းဝူ၏ မိန်းမသည် သူမ၏ ယောက်ျားအတွက် ချက်ပြုတ်ပေးလျက် ရှိ၏။
ဝိုင်နှင့် စားသောက်ဖွယ်ရာများ ရောက်ရှိလာခဲ့၏။ ဟင်းပွဲများ များများစားစား မရှိလျှင်တောင်မှ အရသာက တော့ ကောင်းမွန်သည်။
“ဒီနေ့ကတော့ စိတ်ကျေနပ်စရာကောင်းတယ်။ တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းတာပဲ”
သောက်စားပြီး သည့်နောက် လင်းဝူသည် သတိအပြည့်ဖြင့် ပြောဆိုလိုက်၏။ သူသည် ဝင်ကြွားစွာဖြင့် ပြောဆိုနေမိ၏။ “အရင်တုန်းက ရှမ့်လန်က အရမ်းကို မောက်မာတယ်။ အခု သူက ခွေးထက်တောင် ပိုပြီး လိမ္မာ နေသေးတယ်။ ကျုပ် သူ့ကို ပက်ပက်စက်စက် ပြောခဲ့တာ။ မဟုတ်ဘဲနဲ့လည်း ခြိမ်းခြောက်ခဲ့သေးတယ်။ အခု နောက်ဆုံးတော့ ရွှေဒင်္ဂါးတွေတောင် ပြန်ပေးခဲ့ရပြီ။ ဒါတောင် မကသေးဘူး ဘာမှမဟုတ်တဲ့ ပိုက်ဆံတွေကို အကြွေးဆိုပြီး လျှောက်ပြောတာတောင်မှ ပေးမယ်လို့ လုပ်နေသေးတယ်။ ဟားဟား …. ဒါတွေအားလုံးက ဆရာလင်းရဲ့ ဂုဏ်သိက္ခာကြောင့်ပဲ။ ဆရာလင်းသာ ပါမလာဘူးဆိုရင် သူ ဒီလို ဘယ်နေပါ့မလဲ”
လင်းမိသားစု လေးယောက်လုံးသည် ရက်ကန်းဌာနမှ ဆရာလင်းကို မြှောက်ပင့်လျက် ရှိနေ၏။ သူတို့သည် မျိုးရိုးနာမည် လင်းဟူ၍ တူညီ၏။ ထို့ကြောင့် လင်းဝူသည် အခွင့်အရေးကို အရယူကာဖြင့် မျက်နှာ လုပ်နေခြင်း ဖြစ်သည်။
ဆရာလင်းသည် သပ်ရပ်သည့် အပြုံးတစ်ခုကို ပြုံးရင်း ပြောလိုက်၏။ “ဒီရှမ့်လန်က အဆင့်နိမ့်တဲ့ နေရာက မွေးဖွားလာခဲ့တဲ့လူတစ်ယောက်ပဲ။ သူက မြို့စားအိမ်တော်ရဲ့ သမက်ဖြစ်တယ် ဆိုရင်တောင်မှ သူ့ရဲ့အမူအကျင့် ကို ပြောင်းလဲလို့ရမှာမဟုတ်ဘူး။ ဘယ်လိုပဲ မောက်မာမောက်မာ အဆုံးသတ်မှာတော့ မြေကြီးအောက်ကို ဝင်သွားရမဲ့သူပဲ”
လင်းဝူ၏ မိန်းမက ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားကြီးက နေမကောင်းဖြစ်နေပြီး ကုသလို့တောင် မရတော့ဘူးလို့ ကျွန်မကြားတယ်။ မကြာခင် သေတော့မယ်တဲ့”
ဆရာလင်းက ပြောလိုက်၏။ “အင်း ... သမားတော်တွေကတော့ အဲလိုပြောတာပဲ”
လင်းဝူ၏ မိန်းမက ပြောလိုက်သည်။ “ကျွန်မထင်တာကတော့ ရှမ့်လန်က ဂြိုဟ်ဆိုးပဲ။ ရွှမ်ဝူအိမ်တော်က သူ့ကိုခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖျက်ဆီးခံရတာပဲ။ ဒီကောင် တကယ့်ကို ဂြိုဟ်ကောင်”
လင်းဝူ၏ သားနှစ်ယောက်ကလည်း ပြောလိုက်၏။ “ဟုတ်တယ် ... သူက တကယ့်ဂြိုလ်ဆိုးပဲ။ ဝက်လိုမျိုး ညံ့ဖျင်းတဲ့ ဂြိုလ်ဆိုးပဲ”
လင်းဝူက ပြောလိုက်သည်။ “ဆရာကြီး.. ဒီရွှမ်ဝူအိမ်တော်က ဘယ်အချိန်လောက် အလုံးစုံ ပျက်စီးသွားမလဲ”
ရက်ကန်းဌာနမှ ဆရာကြီးက ပြောလိုက်၏။ “အင်း.. တစ်လအတွင်းမှာပဲ။ ယင်ယွမ်အဖွဲ့အစည်းကလည်း သူတို့ကို အကြွေးတွေ တောင်းနေပြီလ။ ရွှေဒင်္ဂါး ခုနစ်သိန်းတောင်မှ။ ကျင်းကျိုးနဲ့ မြို့စားအိမ်တော်က ဒီပိုက်ဆံကို ဘယ်ကနေ ရှာပေးမလဲ။ ခုနစ်သိန်းမပြောနဲ့ အခုအချိန်မှာ ခုနစ်သောင်းတောင် သူတို့ တတ်နိုင်မှာ မဟုတ်ဘူး။ အခြားဘယ်သူမှလည်း ဒီပိုက်ဆံတွေကို ချေးငှားမှာ မဟုတ်ဘူး”
လင်းဝူက ပြောလိုက်သည်။ “အတိအကျပဲ။ အခု ရှမ့်လန်က ကျုပ်ကို ရွှေဒင်္ဂါး တစ်ထောင့်သုံးရာ ပေးခဲ့တယ်။ သူ့ဆီမှာ မရှိတော့ဘူး ဒါကြောင့်မို့လို့ သဘောတူညီမှု စာချုပ်ကိုတောင် လက်မှတ်ထိုးပေးရတာကိုး”
ရက်ကန်းဌာနမှ ဆရာလင်းက ပြောလိုက်၏။ “ကျင်းမိသားစုက ရွှေဒင်္ဂါး ခုနစ်သိန်းကိုသာ ပြန်မပေးနိုင်ဘူး ဆိုရင် ဘုရင်မင်းမြတ်က ယင်ယွမ်အဖွဲ့အစည်းဆီသို့ ဝမ်ကျားကျွန်း ပေးလိုက်လိမ့်မယ်။ ဒါဆိုရင် ရွှမ်ဝူအိမ်တော် က ပိုပြီး ပျက်စီးသွားပြီပဲ”
လင်းဝူသည် အားရပါးရ သောက်စားလျက်ရှိနေသည်။ “အင်း.. သူတို့ရဲ့ အဆောက်အအုံတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ပျက်စီးသွားတာကို စောင့်ကြည့်ရတာ တကယ့်ကို စိတ်ကျေနပ်စရာကောင်းတာပဲ”
လင်းဝူ၏ သားတစ်ယောက်က ပြောလိုက်သည်။ “ဆရာလင်း ... အဲဒီအချိန်ကျရင် ကျင်းမူလန် ဘာဖြစ်မလဲ။ သူ့ကို ဆောင်ကြာမြိုင်ဆီကို ပို့မှာလား။ ဒီလိုသာဆိုရင် ပိုက်ဆံဘယ်လောက် ကုန်ကုန် ကျုပ် တစ်ခေါက်လောက် သွားအိပ်လိုက်ရအုံးမယ်”
“အိမ်မက်ထဲမှာပဲ ရမယ်”
ရက်ကန်းဌာနဆီမှ ဆရာလင်းက ပြောလိုက်၏။ “ကျင်းမူလန်က အရမ်းကို လှတယ်။ ပြီးတော့ ဘယ်လောက်လှတယ်ဆိုတာ မျက်လုံးပါတဲ့ လူတိုင်း သိပြီးသားပဲ။ ရွှမ်ဝူ အိမ်တော်သာ ကျဆင်းသွားရင် ကျင်းမူလန်က သူမရဲ့အမေနှင့် မောင်ငယ်လေးတို့ အသက်အန္တရာယ် လုံခြုံရေးအတွက် သူမရဲ့ခန္ဓာကိုယ်ကို ပေးဆပ်ရတော့မယ်။ အဲဒီအချိန်ကျရင် ရှမ့်လန် ဘယ်လိုဆိုးဆိုးဝါးဝါး သေဆုံးမလဲဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။ လုံးဝကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ”
လင်းဝူက ရယ်မောလိုက်သည်။ “ဒါဆိုရင် ပွဲကြီးပွဲကောင်း ကြည့်ကြတာပေါ့။ ကျင်းမိသားစု တစ်ခုလုံး ဖျက်ဆီးခံရမယ့် ပွဲကြီးပွဲကောင်းပဲ”
ထိုအချိန်မှာတော့ လင်းဝူသည် ရုတ်တရက် ဝမ်းဗိုက်ထဲမှာ နာကျင်သလို ခံစားလိုက်ရ၏။
ပြီးနောက် ဆရာလင်းသည်လည်း မျက်မှောင်ကြုတ်လိုက်၏။ သူသည်လည်း ဝမ်းဗိုက်ကို ဖိကိုင်မိသည်။
“မိန်းမ... မင်းဒီနေ့ အသားတွေကို သေချာမဆေးခဲ့ဘူးလား” လင်းဝူက မေးမြန်းလိုက်၏။
လင်းဝူ၏ မိန်းမက ပြောလိုက်သည်။ “မဖြစ်နိုင်တာ”
ပြီးနောက် သူမသည်လည်း ဝမ်းဗိုက်ကို ဖိကိုင်ကာ ပြောလိုက်သည်။ “ကျွန်မလည်း နည်းနည်း ဗိုက်အောင့်သလို ခံစားရတယ်။ မချက်တာကြာလို့များလား မသိဘူး”
လင်းဝူ၏ သားနှစ်ယောက်သည် ပထမ အဆင်ပြေသေး၏။ သို့ပေမည့် ထိုစကားများကို ကြားသည့်အချိန် မှာတော့ မည်သို့မှ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိ၏။ ဤဓာတ်သည် တကယ့်ကို ထူးခြားလွန်းလှချေ၏။ တစ်ယောက်က ဝမ်းသွားချင်လျှင် တခြားသောသူများသည်လည်း လိုက်ကာ သွားချင်သော သဘာဝတရား ရှိသည်မဟုတ်လား။
ထို့ကြောင့် သူတို့အားလုံးတို့သည် ဝမ်းဗိုက်များကို ဖိကိုင်ကာဖြင့် အိမ်သာဆီသို့ သွားကြ၏။ အဆုံးသတ်မှာတော့ သန့်ရှင်းသည့် ရေပုံးတစ်ခုကို ယူဆောင်ပြီးသည့်နောက် အိမ်သာထဲသို့ ဝင်ရောက် သွားခဲ့၏။
လင်းမိသားစုသည် ယခင်တုန်းက အစေခံပေါင်း တစ်ဒါဇင်ကျော် ရှိ၏။ အိမ်သာသည်လည်း ကြီးမားပြီး အိမ်သာတွင်း ခုနစ်တွင်း၊ ရှစ်တွင်းလောက် ရှိ၏။ အမျိုးသား၊ အမျိုးသမီးဟူ၍ပင် ခွဲခြားထားသေးသည်။
ယခုမူ ညစ်ပတ်လျက်ရှိနေသောကြောင့် အနံ့အသက်များက ဆိုးရွားလွန်းလှချေ၏။ နှစ်လတိတိ ဘယ်သူမှ သန့်ရှင်းရေး မလုပ်ထားသောကြောင့် အထဲတွင် ရွံရှာဖွယ်ရာကောင်းသော အနံ့များနှင့် သင်းကြိုင်လျက် ရှိနေ၏။
ထိုသို့ဆိုလျှင်တောင် သူတို့သည် ထိုအရာများကို ဂရုမစိုက်အားပေ။ လင်းဝူသည် အိမ်သာထဲသို့ အသာဝင်ပြီးနောက် ဘောင်းဘီကို ချွတ်ကာဖြင့် ထိုင်ချလိုက်သည်။
ခွပ် ခွပ် ခွပ် ...။
သူထိုင်နေသည့် နေရာသည် ရုတ်တရက် ပဲ့ကျသွားခဲ့၏။
“အား” လင်းဝူက အော်ဟစ်လိုက်၏။ ပြီးနောက် သူသည် အိမ်သာတွင်းထဲသို့ ပျောက်ကျသွားခဲ့၏။ တစ်နှစ်ကျော်ကြာ အိမ်သာမဖော်ဘဲ ထားခဲ့သည့် ဤနေရာတွင် များပြားလွန်းသော အညစ်အကြေးများ နှင့် ပြည့်နှက်လျက် ရှိနေ၏။ သူသည် ထိုထဲသို့ နစ်မြုပ်သွားခဲ့၏။ အားရှိသရွေ့ ရုန်းကန်ကာ အော်ဟစ်လျက် ရှိနေ၏။ အချို့သော အရာများသည် သူ၏ပါးစပ်ထဲသို့ တိုးဝင်လာခဲ့သည်။
ရက်ကန်းဌာနမှ ဆရာလင်းကတော့ အဆင်ပြေသေး၏။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်က ပေါ့ပေါ့ပါးပါး ဖြစ်သောကြောင့်ပင်။
လင်းကတော်နှင့် လင်းဝူ၏ သားနှစ်ယောက်တို့မှာလည်း အဆင်ပြေ သေး၏။ သူတို့သည်လည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေ၏။ ထိုသို့ဆိုလျှင်တောင်မှ အထဲတွင် ရှိနေသည့် အနံ့အသက်များက အလွန်ဆိုးရွားလွန်းသောကြောင့် အားလုံးသောသူတို့သည် အိမ်သာတွင်းထဲမှ အပေါ်သို့ ပြန်တက်ရန် ရုန်းကန်နေရ၏။
ထိုအချိန်မှာပင် မီသိုင်း နှင့် ဟိုက်ဒရိုဂျင်တို့၏ ပေါင်းစပ်မှုသည် တဖြည်းဖြည်းနှင့် မြင့်မားလာခဲ့သည်။
“ကယ်... ကယ်ကြပါအုံး။ ကယ်ကြပါအုံး” လင်းဝူသည် ထိတ်လန့်ခြောက်ခြားစွာဖြင့် အော်ဟစ်နေ၏။ ခဏလောက်ကြာပြီးနောက်မှာတော့ တံခါး၏ အပြင်ဘက်ဆီမှ မီးတုတ်တစ်ခု ရောက်ရှိလာ၏။ ပြီးနောက် အိမ်သာတစ်ခုလုံးသည် ပေါက်ကွဲသွားခဲ့၏။
“ဝုန်း”
အိမ်သာတွင်းထဲ၌ ကူးခတ်လျက်ရှိသော လင်းဝူ၏ မိန်းမ၊ လင်းဝူ၏ သားနှစ်ယောက်နှင့် ရက်ကန်းဌာနမှ ဆရာလင်းတို့ အားလုံးသည် အဆုံးမဲ့သော မီးများ၏ ဝါးမျိုမှုကို ခံခဲ့ရ၏။ ခန္ဓာကိုယ် တစ်ခုလုံး မီးကျွမ်းလောင်ပြီး ချာချာတူးလျက်ရှိသည်။
..................
ထိုအချိန်မှာတော့ ရွှမ်ဝူအိမ်တော်ဆီသို့ မထင်မှတ်ထားသည့် ဧည့်သည်တစ်ယောက် ရောက်ရှိလာခဲ့၏။ ဤလူသည် မဟာမိတ်ပင်ဖြစ်၏။ ထို့အပြင် အလွန်အားကောင်းသည့် နောက်ခံကို ပိုင်ဆိုင်သော မဟာမိတ် တစ်ယောက်လည်း ဖြစ်၏။
“မင်္ဂလာပါ... မင်္ဂလာပါ ဒေါ်လေး” လူငယ်သည် ရှမ့်လန်၏ ယောက္ခမကြီး စုဖေ့ဖေ့ကို ဦးညွှတ်လိုက်၏။ သူသည် တကယ့်ကို ထူးခြားလွန်း၏။ ဤလူသည် ချောမောသူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် သူ၏ အသားအရေသည် မဲနက်လျက်ရှိနေ၏။ ပုံမှန်မဟုတ်သော မဲနက်ခြင်းမျိုးပင်။ ပါးထက်တွင်လည်း မွေးရာပါအမှတ်ကြီးတစ်ခု တည်ရှိနေပြီး ထိုအမှတ်ကြီးသည် ကြယ်တစ်ပွင့် ပုံစံမျိုး ဖြစ်၏။ ထို့ကြောင့် သူ၏ မျက်နှာသွင်ပြင်သည် အနည်းငယ် ထူးဆန်းသလို ဖြစ်လို့နေသည်။
သူသည် အရပ်မရှည်ချေ။ ၁.၆ မီတာခန့်သာရှိ၏။ ထို့အပြင် သူသည် အနည်းငယ် တုတ်ခိုင်၏။ ဤလူသည် ဘုရင်မင်းမြတ်၏ ပဉ္စမမြောက်သား နင်ကျန်းပင် ဖြစ်၏။ ဂုဏ်သိက္ခာ အရဆိုလျှင် သူသည် တကယ့် ထိပ်တန်းလူတစ်ယောက် ဖြစ်ရပေမည်။ ရွှမ်ဝူအိမ်တော်နှင့် ဘာမှ သက်ဆိုင်ခြင်း မရှိလှချေ။
သို့ပေမည့် သူနှင့် စုဖေ့ဖေ့သည် အမျိုးတော်စပ်လျက် ရှိနေ၏။ သူ၏အမေ စုဖေးသည် ကျန်းယွမ် မြို့စားအိမ်တော်ဆီမှ မွေးဖွားလာခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး မြို့စားကြီး စုနန်၏ သမီးတစ်ယောက်လည်း ဖြစ်၏။
ကျူးကလန်ခေါင်းဆောင် ပထမမိန်းမ၏ သမီးသည် မိဖုရားဖြစ်၏။ ကျူးကလန်သည် ရန်အင်ပါယာ တစ်ခုလုံးတွင် ဂုဏ်သိက္ခာကြီးမားသည့် ကလန်တစ်ခုဟု သုံးသပ်၍ရပြီး သူတို့၏ လွှမ်းမိုးနိုင်စွမ်းသည် ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် အကန့်သတ် မရှိချေ။
မိဖုရားကြီးအပြင် ဘုရင်မင်းမြတ်သည် နောက်ထပ် အမျိုးသမီး လေးယောက်ကို မိဖုရားအဖြစ် တင်မြှောက်ထားသည်။
ထိုသုံးယောက်သည် တော်ဝင်မျိုးနွယ်များမှ ဖြစ်၏။ စစ်သူကြီး ပျံ့ရှောင်းသည် ညီမငယ် မိဖုရားပျံ့၊ ကျန်းရှစ်နယ်စားအိမ်တော် ကျုံးကလန်ဆီမှ မိဖုရားကျုံး၊ ကျန်းယွမ်နယ်စားအိမ်တော် စုကလန် ဆီမှ မိဖုရားစုတို့ပင်။ မိဖုရားပျံ့၌ သားမရှိချေ။ ထို့ကြောင့် သူမသည် နန်းပလ္လင်အတွက် တိုက်ခိုက်မှုပြိုင်ပွဲတွင် မပါဝင်ပေ။
အိမ်ရှေ့စံ နင်ယီသည် မိဖုရားခေါင်ကြီး၏ သားဖြစ်ပြီး နန်းတွင်းအရာရှိ တော်တော်များများတို့၏ ထောက်ခံမှုကို ရရှိထားသည့် လူတစ်ယောက်လည်းဖြစ်၏။ အိမ်ရှေ့စံ၏ အကြီးမားဆုံးသော နောက်ခံသည် ကျူးမိသားစုပင်ဖြစ်၏။ ဒုတိယမင်းသား နင်ရှောင်၏ အမေသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ တတိယမင်းသား နင်ချီသည် အားကောင်းလွန်းသည့် စစ်တပ်၏ နောက်ခံကို ပိုင်ဆိုင်၏။ သူသည် အိမ်ရှေ့စံနှင့် ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသောသူပင် ဖြစ်၏။
စတုတ္ထမင်းသား နင်ကျန်းသည် နန်းတော်၏ အစေခံတစ်ယောက်ဆီမှ မွေးဖွားခဲ့သည့်သူတစ်ယောက် ဖြစ်၏။ ဘုရင်မင်းမြတ်၏ နှစ်သက်မှုကို ခံရပြီး စာပေနှင့် သိုင်းပညာဘက်တွင် နှစ်ခုလုံး ထူးချွန်၏။ ထိုသို့ဆိုလျှင်တောင် သူ့မိခင်၏ မိသားစုသည် နိမ့်ကျလျက် ရှိနေ၏။ ထို့ကြောင့် ပုလ္လင်နန်းအတွက် တိုက်ခိုက်ရန် ခွန်အားဟူ၍ မရှိချေ။ ထို့ကြောင့် သူသည် အိမ်ရှေ့စံမင်းသားနှင့် ပူးပေါင်းပြီး အိမ်ရှေ့စံမင်းသား၏ ညာလက်ရုံးတစ်ယောက်ကဲ့သို့ပင် ဖြစ်လေသည်။
ပဉ္စမမင်းသား နင်ကျန်းမှာတော့ စုဖေးဆီမှ မွေးဖွားခဲ့သည့် သူတစ်ယောက်ဖြစ်၏။ သို့ပေမည့် မွေးဖွားပြီးခြင်းတွင် ၎င်း၏ခန္ဓာကိုယ်သည် အဝါရောင်လိုလို၊ အမဲရောင်လိုမျိုး သန်းပြီး ပါးထက်တွင်လည်း ကြယ်ပုံစံအမှတ်အသားကြီး ပါခဲ့၏။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် မြို့တော်၏ အရှေ့ဘက်ထောင့် တည်နေရာသို့ ဥက္ကာခဲများ ပြုတ်ကျခဲ့၏။ အိမ်များ ပျက်စီးခဲ့ပြီး မီးများပင် လောင်၏။ လူပေါင်း ၁၀၀ ကျော်တို့ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သည်။
နန်းတွင်း၏ ကြမ္မာဖတ်သူများသည် ဤကလေးမှာ ထူးဆန်းပြီး တော်ဝင်မိသားစုထဲတွင် တစ်ခါမှ မမြင်ဖူးခဲ့သည့် ကလေးမျိုးဖြစ်ကြောင်း ပြောဆိုခဲ့ကြ၏။ မင်္ဂလာမရှိသည့် ကလေးတစ်ယောက်ဟု ဖော်ညွှန်းခဲ့ခြင်းပင်။
ထို့ကြောင့် ဘုရင်မင်းမြတ်သည် သူ၏သားအား စွန့်ပစ်ရန် အမိန့်ပေးခဲ့လေ၏။ သူ၏အမေ စုဖေးသည် အော်ဟစ်ငိုယိုလျက် ရှိနေ၏။ သို့ပေမည့် တားစီးရန်အတွက်တော့ မရဲချေ။ ထိုအချိန်မျိုး၌ စုဖေ့ဖေ့သည် သူမ၏ညီမကို ကူညီကာဖြင့် ကလေးကို ခေါ်ဆောင်ခဲ့၏။
နင်ကျန်းကို ပထမဦးဆုံး ပွေ့ဖက်ခဲ့သည့်သူသည် သူမဟု သတ်မှတ်ရမှာဖြစ်၏။ ထူးဆန်းသည့် ပုံပန်း သဏ္ဍာန်ကို မြင်ရသည့်အချိန်မှာတော့ သူမသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ကလေးကို စွန့်ပစ်ခံရမည့်အကြောင်း ကြားသည့်အချိန်မှာတော့ သူမသည် နင်ကျန်းကို ဖက်ပြီး လက်လွှတ်မပေးရန် ဆုံးဖြတ်ခဲ့သည်။
ဘုရင်မင်းမြတ်၏ ရှေ့တွင် ဒူးထောက်ကာဖြင့် သနားညှာတာပေးရန် တောင်းပန်ခဲ့၏။ ကြမ်းတမ်း၊ ရက်စက်လွန်းသည့် ကျားတစ်ကောင်ပင်လျှင် သူ၏ ကလေးငယ်ကို စားသုံးလိမ့်မည်မဟုတ်ဟု ပြောဆိုခဲ့၏။ ဤစကားလုံးကြောင့်ပင်လျှင် နင်ကျန်းသည် အသက်ရှင်လျက် ကျန်ရှိနေခဲ့ခြင်းဖြစ်၏။
စုဖေ့ဖေ့သည်မှာတော့ ဘုရင်မင်းမြတ်ကို ကျိန်စာတိုက်ခဲ့သည်ဆိုသောကြောင့် မကြာခင်မှာပင် မြို့တော်ဆီမှ ထွက်ခွာသွားခဲ့ရ၏။ ဘာမှမဖြစ်သလို ဆိုသော်လည်း တော်ဝင်မိသားစုသည် စုဖေ့ဖေ့ကို ဘယ်တော့မှ ဖိတ်ခေါ်ခဲ့ခြင်း မရှိတော့ချေ။ စုဖေးသည် စုဖေ့ဖေ့၏ ညီမဖြစ်သည်ဆိုသော်လည်း ဘုရင်မင်းမြတ်သည် စုဖေ့ဖေ့ကို နှစ်သက်ခြင်း မရှိချေ။ သူမ၏အစ်မနှင့် အဆက်အသွယ် ဖြတ်တောက် ခိုင်းခဲ့သည်။
နင်ကျန်းသည် အသက်ရှင်ခဲ့၏။ သူ၏ဘဝသည် တကယ့်ကို ထိတ်လန့်စရာများနှင့် ပြည့်နှက်ခဲ့၏။ ထို့အပြင် ဘုရင်မင်းမြတ်၏ သားများထဲတွင် ဘုရင်မင်းမြတ်၏ နှစ်သက်မှုကို မခံရသည့် သားတစ်ယောက်လည်းဖြစ်၏။ ဘုရင်မင်းမြတ်သည် မုန်းတီး၍ပင် နေလေ၏။
သူ၏အမေ စုဖေးပင်လျှင် သူ့ကိုမုန်းတီးခဲ့၏။ နောက်ပိုင်းမှာတော့ စုဖေးသည် နောက်ထပ် သားတစ်ယောက်ကို မွေးဖွားခဲ့၏။ ယခင်ထဲက နင်ကျန်းကို နှစ်သက်ခဲ့ခြင်းမရှိသောကြောင့် သူ၏ညီငယ်လေးကပင်လျှင် သူ့ကို နိမ့်ချကာ ဆက်ဆံခဲ့သည်။
နင်ကျန်းသည် ၁၉ နှစ်အရွယ်သို့ ရောက်ရှိခဲ့ပြီဖြစ်၏။ သူ၏အစ်ကိုအားလုံးတို့သည် အသီးသီး ဘွဲ့တံဆိပ်များကို ရရှိခဲ့ပြီဖြစ်ပြီး နန်းတော်၏ အစေခံဆီမှ မွေးဖွားခဲ့သည့် စတုတ္ထမင်းသား နင်ကျန်းပင်လျှင် ဘွဲ့တံဆိပ်ကို ရရှိခဲ့ပြီဖြစ်၏။ သို့ပေမည့် သူတစ်ယောက်တည်း သာလျှင် ဘွဲ့တံဆိပ်ကို မရရှိသေးချေ။
နန်းတော်ထဲမှ ထွက်ခွာခဲ့ရပြီး ဘုရင်မင်းမြတ်သည် သူ့ကို ဒါဇင်နှင့်ချီသည့် မြေနေရာ ပိုင်နက်တစ်ခုကိုသာ ပေးအပ်ခဲ့၏။ အိမ်တစ်အိမ်နှင့် မြေဧကဒါဇင်ကျော်ကိုသာလျှင် ပေးအပ်ခဲ့ခြင်းပင်။ တခြားသော မင်းသားများ၏ မိန်းမတို့သည် ကျော်ကြားလွန်းသည့် မိသားစုများမှ သမီးတော်များဖြစ်ပြီး နင်ကျန်းမှာတော့ ကုန်သည်တစ်ယောက်၏ သမီးငယ်ကိုသာလျှင် လက်ထပ်ခဲ့ရ၏။ တကယ်ပင် သနားစရာကောင်းလှ၏။
ဘုရင်မင်းမြတ်သည် သူ့ကို နိမ့်ချခဲ့ခြင်းမရှိသလို တကယ်ပင် ပစ်စလက်ခတ်ထားခဲ့ခြင်းဖြစ်၏။ ထို့အပြင် ကျန်းယွမ်နယ်စားကြီးကပင်လျှင် သူ့ကို သူ့တူအဖြစ် သဘောမတွေ့ချေ။ ထိုသို့ဆိုလျှင် မည်သို့ဖြစ်သနည်း။ ဘာမှမဖြစ်လှချေ။ သူသည် ဘုရင်မင်းမြတ်၏ သားတစ်ယောက်သာလျှင်ဖြစ်၏။ ကြီးမားသည့် ဂုဏ်သိက္ခာကိုတော့ ပိုင်ဆိုင်နေသေးသည်။
လက်ရှိအခြေအနေတွင် အားလုံးသောသူတို့သည် ရွှမ်ဝူအိမ်တော်ကို ဖိနှိပ်ရန်အတွက် ကြိုးစားလျက်ရှိနေ၏။ ဟုတ်ပေ၏။ ဤပဉ္စမမင်းသားသည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး အကူအညီ လာပေးခြင်းသာဖြစ်၏။ လူကိုယ်တိုင် လာခဲ့သည်သာမကချေ။ ရွှေဒင်္ဂါး တစ်သိန်းခုနစ်သောင်းကိုပင် ယူဆောင်လာခဲ့သေး၏။ ယင်ယွမ်အဖွဲ့အစည်းကို ကျင်းမိသားစု ပြန်ဆပ်ရမည့်အကြွေး ပမာဏအား မေးခဲ့ပြီးသားဖြစ်၏။
ရွှမ်ဝူအိမ်တော်သည် ကြီးမားသည့် ငွေကြေးပိုင်ဆိုင်ရာ ပြဿနာဖြစ်နေကြောင်း အားလုံး သိရှိ၏။ ထို့ကြောင့် သူသည် ရွှေဒင်္ဂါး တစ်သိန်းခုနစ်သောင်းကို ယူဆောင်လာခဲ့ပြီး ရွှမ်ဝူအိမ်တော်ကို လာရောက်ကာ ပေးအပ်ခဲ့ခြင်းဖြစ်၏။ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် ပိုက်ဆံကို ထုတ်ယူကာဖြင့် လွယ်လွယ်ကူကူ လာရောက်ကူညီခြင်းဆိုသည်မှာ အဘယ်သို့ ရင်းနှီးသည့် ဆက်ဆံရေးဖြစ်မည်နည်း။
အချက်အလက်အားဖြင့် စုဖေ့ဖေ့သည် သူမွေးဖွားစဉ်က လာရောက်ကယ်တင်ပေးခဲ့သည်ဆိုသော်လည်း ပဉ္စမမင်းသား အနေနှင့် သူမနှင့် ဆက်ဆံခဲ့ခြင်း မရှိတော့ချေ။ မြို့တော်တွင် ဤမင်းသားသည် ကိုယ်ပျောက်လူသား တစ်ယောက်ကဲ့သို့ပင် သိုသိုသိပ်သိပ်နှင့် နေထိုင်ရ၏။ တခြားသူများကို မဆိုနှင့်။ ရွှမ်ဝူအိမ်တော်ပင်လျှင် သူတို့နှင့် အမျိုးတော်စပ်လျက်ရှိနေကြောင်းကို မေ့လျော့နေခဲ့ပြီဖြစ်၏။
သို့ပေမည့် မထင်မှတ်ထားလောက်အောင်ပင် ဤကဲ့သို့ ဆိုးရွားသည့် အခြေအနေမျိုးတွင် ... ရွှမ်ဝူအိမ်တော်ကို မည်သူမှလာရောက်ကာ မကယ်တင်ဘဲ ခပ်ဝေးဝေးနေထိုင်ရန် ကြိုးစားနေသည့် အချိန်မျိုးတွင် ထိုသူက ရောက်ရှိလာခဲ့၏။ ပဉ္စမမင်းသားသည် အရေးအကြောင်း အခြေအနေမျိုးတွင် လာရောက်ကာ ကူညီကယ်တင် ခဲ့ခြင်းပင်ဖြစ်သည်။
ရှမ့်လန်သည် ဤအရာကို တကယ့်ကို အံ့အားသင့်မိနေ၏။ ထိုသို့ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ခဲ့ချေ။
“အရှင့်မင်းသား.. ကျေးဇူးပြုပြီး ထိုင်ပါအုံး” စုဖေ့ဖေ့က ပြောလိုက်၏။
ပဉ္စမမင်းသား နင်ကျင်းသည် ရှမ့်လန်ကို အသာပင် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
တစ်ဖက်လူသည် ဘုရင်မင်းမြတ်၏ သားတော်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူအား အလျင်အမြန်နှင့် ပြန်ကာဂါရဝပြုခဲ့မိ၏။
နင်ကျန်း၏ အမူအရာသည် ပုံမှန်မဟုတ်သလိုပင်။ ၎င်းသည် ဘုရင့်သားတော်ဆိုပြီး တယုတယ ပြုစုပျိုးထောင်ပေးခြင်းကို ခံရပြီး အခန့်သား ကြီးပြင်းခဲ့ရသူ မဟုတ်ချေ။ ထို့ကြောင့် အထူးသဖြင့် ရှမ့်လန်ကဲ့သို့ ချောမောသည့် လူတစ်ယောက်နှင့် ပြောဆိုဆက်ဆံသည့်နေရာတွင် တုံ့နှေးတုံ့နှေး ဖြစ်လို့နေခဲ့သည်။
ထိုင်ချပြီးသည့်နောက် ပဉ္စမမင်းသား နင်ကျန်းသည် ဘာပြောရမှန်းမသိချေ။ အခြေအနေတစ်ခုလုံးက အနည်းငယ် ကြောင်အအနိုင်၏။
သူ၏ ယောက္ခမကြီး စုဖေ့ဖေ့က ပြောဆိုလိုက်သည်။ “အရှင့်မင်းသား.. ကျွန်မယောက်ျားက ကျန်းမာရေး မကောင်းဘူး။ ဒီတော့ အဖျားတွေ ကူးကုန်မှာ စိုးရပါတယ်။ ဒါကြောင့် သူ့ကို သွားမတွေ့ပါနဲ့။ အားနာပါတယ်”
နင်ကျန်းက ပြောလိုက်၏။ “သား သား အဲ ကျုပ် ... ဦးရီးတော်ဆီကို ခဏလောက် သွားကြည့်လိုက်ပါ့မယ်”
ယောက္ခထီး စုဖေ့ဖေ့က ပြောလိုက်သည်။ “အင်း..... အရှင့်မင်းသား အခု မိသားစုက ပိုက်ဆံပြတ် နေပါတယ်။ ဒါပေမဲ့ ဒီပိုက်ဆံတွေကို လက်မခံချင်ပါဘူး။ ဒီတော့ ရွှေတွေကို ပြန်ယူသွားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”
နင်ကျန်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးက နီရဲသွားခဲ့၏။ သူသည် ပိုမိုကာ လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။ “အဒေါ်.. ခင်ဗျား ကျုပ်အသက်ကို ကယ်တင်ခဲ့တယ်လေ။ ဒါကြောင့် ကျုပ်ပြန်ပြီးတော့ ပေးဆပ်ရမယ်”
နင်ကျန်း၏ စကားလုံးများသည် အဆီအငေါ် မတည့်ချေ။ သူသည် အမျိုးချင်း အနည်းငယ် ဝေးကွာသလို ခံစားနေရသောကြောင့်ပင်။
စုဖေ့ဖေ့သည် ဆက်လက်ကာ ပြောဆိုရန် အစီအစဉ်မရှိတော့ချေ။ ရှမ့်လန်ကလည်း ဘာတစ်ခုမှ မဆိုချေ။ ကြင်နာသည့် အပြုံးတစ်ခုကိုသာ ပြုံးထားပြီး တစ်ဖက်လူကို စိတ်တည်ငြိမ်စေရန် ဖေးမပေးနေ၏။
အချိန်ခဏကြာ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် နင်ကျန်းသည် ပုံမှန်လို လွယ်ကူစွာ ပြောဆိုလာနိုင်သည်။ “ကျင်းမူကုန်းကို နန်းတော်ကျောင်းထဲမှာ သင်ယူ .... သင်ယူလေ့လာနိုင်စေဖို့ အဖေ့ကို ခွင့်တောင်းထားပါတယ်”
နင်ကျန်းသည် ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် ပြောဆိုခြင်းဖြစ်၏။ ရွှမ်ဝူအိမ်တော်သည် အန္တရာယ်ကို ကြုံရနေပြီဖြစ်ကြောင်း အားလုံးသိရှိ၏။ ကျင်းမူကုန်းသည်သာ ရွှမ်ဝူမြို့ထဲတွင် နေထိုင်ပါက အသက်အန္တရာယ် ရှိနိုင်၏။ တခြားအမြင်အရဆိုလျှင် နန်းတွင်းကျောင်းဆီသို့ ဝင်ရောက်ကာ လေ့လာသင်ယူခြင်းဆိုသည်မှာ ကောင်းမွန်သည့်အရာဖြစ်၏။ ထို့အပြင် ပဉ္စမမင်းသား၏ အိမ်တော်တွင် နေထိုင်ခြင်းအားဖြင့် ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်သည်။