← Chapters

အခန်း (၁၈၆)

Vol. 14 Ch. 186

အခန်း (၁၈၆)

Vol. 14 Ch. 186

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့မိသားစုက ဒီရဲတိုက်ကြီးကို မရောင်းသလို ကျုပ်တို့ရဲ့ မြေပိုင်နက်တွေ ကိုလည်း ရောင်းချမှာ မဟုတ်ပါဘူး”

ကောင်းကင်တာအိုအဖွဲ့အစည်း၏ ကိုယ်စားလှယ်များက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်တို့ကို ဘာလို့ ခေါ်လိုက်တာလဲ။ ကျုပ်တို့ရဲ့ အချိန်တွေက အရမ်း တန်ဖိုးကြီးတယ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း… ကျုပ်တို့က ဒါတွေရောင်းချင်လို့ပါပဲ”

ရှမ့်လန်က လက်ခုပ်တီးလိုက်၏။ ကျင်းဟွေ့သည် ရှေ့သို့အနားတိုးလာပြီးနောက် ကောင်းကင်တာအို အဖွဲ့အစည်း ဆီမှ ကိုယ်စားလှယ်များ၏ လက်ထဲသို့ သေတ္တာတစ်ခုကို ကမ်းပေးလိုက်၏။ ထိုသူသည် အသာလှမ်းယူကာ ဖွင့်ကြည့်လိုက်၏။ ရွှေငွေ၊ ရတနာများမဟုတ်ပေ။

ကောင်းကင်တာအိုအဖွဲ့အစည်း၏ ကိုယ်စားလှယ် များသည် မည်သို့မှမနေနိုင်ပဲ အံ့အားသင့်သွားမိ၏။ သူတို့သည် သူတို့၏ လက်ထဲတွင်ရှိနေသည့် သေတ္တာပင် ပြုတ်ကျလုမတတ်ပင် တုန်လှုပ်သွားခဲ့ကြ၏။ ဤအရာသည် မှန်တစ်ချပ်သာလျှင်ဖြစ်၏။ ထို့အပြင် ယခု အမိကမ္ဘာမြေတွင် ရှိသည့် မှန်နှင့် တပုံစံတည်း တူညီသည်။

မှန်သည် ရှားပါးသည့်အရာမဟုတ်ချေ။ လောကထဲတွင် မှန်အမျိုးအစားများစွာတည်ရှိနေ၏။ ကြေးမှန်များ သည် ဈေးပေါပြီး ငွေမှန်များမှာတော့ ပိုမိုကာဈေးကြီး၏။ သလင်းမှန်များသည် ဈေးအကြီးဆုံးပင် ဖြစ်၏။

သို့ပေမည့် ကြေးမှန်များသည် ဝိုးတဝါးသာလျှင် မြင်ရ၏။ ငွေမှန်များမှာလည်း ထပ်တလဲလဲ အသုံးပြုပြီးသည့်နောက် မည်းနက်သွားတတ်၏။ ထို့အပြင် ထိုမှန်များသည် ခပ်ဝါးဝါးနှင့် မှုန်တိမှုန်ဝါးသာ ဖြစ်၏။ သလင်းမှန်များမှာတော့ ပိုမိုကာ ကြည်လင်၏။ သို့ပေမည့် ၎င်းတို့၏ အရွယ်အစားသည် ပုံမှန် မဟုတ်ချေ။ ထို့ကြောင့် သေသေချာချာ ကိုယ့်၏ ပုံမှန်အသွင်အပြင်ကို ထင်ဟပ်စွာဖြင့် ထပ်တူကြည့်ရှု၍ မရနိုင်ချေ။

ကောင်းကင်တာအိုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် လောကကြီးထဲတွင် အကြည်လင်ဆုံးမှန်သည် သလင်းမှန်များ ဖြစ်သည်ဟုသာ တွေးတောခဲ့၏။ သို့ပေမည့် သူတို့ရှေ့တွင် ရှိနေသည့်မှန်ကို မြင်ရသည့် အချိန်မှာတော့ ရှေ့၌ တွေးတောခဲ့သမျှအရာအားလုံးသည် မှားယွင်းနေသည် ဖြစ်ကြောင်း နားလည်လိုက်သည်။

ဤအရာသည် ကြည်လင်ရှင်းလင်းလွန်း၏။ အံ့အားသင့်စရာလည်း ကောင်း၏။ ကြည်လင် ရှင်းလင်းရုံ သာမကပဲ ထပ်တူညီစွာဖြင့် မြင်နေရ၏။ မှန်တစ်ခု မဟုတ်ချေ။ မိမိ၏ ဝိညာဉ်ကို ရှေ့တွင် ထုတ်ဖော်ပြသကာ မြင်နေရသကဲ့သို့ပင်ဖြစ်၏။ ထို့အပြင် မှန်သည် ပေါ့ပေါ့ပါးပါးဖြင့် အလွန်ကိုပါးလျလွန်း၏။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်များသည် သူ့ကိုယ်သူ ဤကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်ရသည်မှာ ပထမဦးဆုံးအကြိမ်သ ဖြစ်၏။ ဤမှန်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းပြီး တခြားသော ဈေးကြီးသည့်မှန်များအားလုံးကို ချိုးဖျက်သွားနိုင်သည့် အရာမျိုးပင် ဖြစ်လိမ့်မည်။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ ကြီးမားသည့် စီးပွားရေးအခွင့်အရေးတစ်ခုက ထင်ပေါ်လာခဲ့သည်။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်နှစ်ယောက်တို့သည် ဤမှန်ကြီးသည်သာ လောကတွင် ပေါ်ပေါက်လာသည်ဆိုပါက ကျိန်းသေပေါက် ခေတ်သစ်တစ်ခုကို ပြောင်းလဲတည်ဆောက်ခြင်း ဖြစ်ကြောင်း နားလည်လိုက်မိ၏။ စီးပွားရေးလောကတစ်ခုလုံးကို လက်ဝါးကြီးအုပ်နိုင်မည့် အခြေအနေမျိုးပင် ဖြစ်လိမ့်မည်။

အချက်အလက်အားဖြင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်နှစ်ယောက်တို့သည် အထင်အမြင် သေးခဲ့၏။ သို့ပေမည့် ထိုအရာများ လက်ထဲသို့ ရောက်ရှိလာသည့်အချိန်မှာတော့ တကယ့်ကို အံ့ချီးနပမ်း ဖြစ်လို့နေခဲ့၏။ ပထမတန်းစားမှန်၏ အရည်အသွေးပင်ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း… ဒီ ကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာ ရှိနေတဲ့မှန်တွေက တစ်ပေလောက်ပဲ ရှိတယ်။ ဒါက ဘယ်လောက်လောက်နဲ့ ရောင်းလို့ရမယ်လို့ ထင်လဲ။"

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်များက ပြောဆိုလိုက်၏။ “ဒါက လေလံဈေးလား။ ဒါမှမဟုတ် လက်ကားဈေးလား”

ပစ္စည်းသည် ရှားပါးလေ ပိုမိုကာ တန်ဖိုးကြီးလေဖြစ်၏။ ထို့ကြောင့် တန်ဖိုးကြီးလွန်းလေ လေလံဈေးနှင့်ရောင်းရလေဖြစ်၏။ လက်ကားဈေးအရသာဆိုပါက ကျိန်းသေပေါက် များများစားစား ရောင်းရမည် ဖြစ်သောကြောင့် ပိုက်ဆံကလည်း တော်တော်ရမှာ သေချာသည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း… လက်ကားဈေးနဲ့ဆိုရင်ပေါ့”

တစ်ပေခန့်ရှိသော ကြေးမှန်တစ်ခု၏ ဈေးသည် ရွှေဒင်္ဂါး တစ်ဝက်နီးပါးခန့်သာလျှင်ရှိ၏။ ငွေမှန်သည် ပိုမိုကာ ဈေးကြီး၏။ ရွှေဒင်္ဂါးနှစ်ခုလောက်ကုန်ကျ၏။ သလင်းမှန်မှာတော့.. သလင်းမှန်သည် ထိုသို့ ကြီးကြီးမားမား မရှိချေ။ အပိုင်းလိုက် သေးသေးလေးများကို ပိုင်းဖြတ်ကာ ကိုယ့်ကိုယ်ကို ထိုအရာထဲမှ ပြန်ကာကြည့်ရှုရခြင်း ဖြစ်၏။ လေးလက်မခန့်နီးပါးခန့်ရှိသည့် သလင်းမှန်တစ်ခုအား ရွှေဒင်္ဂါး ၂၀ ဖြင့်ရောင်းချသည်။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်က ပြောလိုက်၏။ “ဒီလိုမှန်မျိုးကို ပထမဦးဆုံး ရွှေဒင်္ဂါး ၁၀၀ နဲ့ ရောင်းချနိုင်တယ်။ ပြီးရင် ၅၀ ပေါ့။ အနိမ့်ဆုံးဈေးအရဆိုရင်တော့ ရွှေဒင်္ဂါး ၂၀ လောက်ထိ ရောက်သွားနိုင်တယ်”

ဤအရာသည် တကယ့်ကို ထည်ဝါလွန်းသည့် ဈေးကွက်ပစ္စည်းများ၏ ရောင်းချနည်းပင်ဖြစ်၏။ ပထမဦးဆုံး တော်ဝင်မျိုးနွယ်များက ဝယ်ယူပေးလိမ့်မည်။ ပြီးနောက် ချမ်းသာသော ကုန်သည်များက ဝယ်ယူပေးလိမ့်မည်။ နောက်ဆုံးမှာတော့ လူလတ်တန်းစားများက ဝယ်ယူမှာဖြစ်သည်။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်များက ပြောလိုက်၏။ “ဒါဆိုရင် ထုတ်လုပ်မှုဈေးက ဘယ်လောက်ကုန်ကျလဲ”

သူဤမေးခွန်းကို မေးလိုက်သည့်အချိန်မှာတော့ ရှမ့်လန်တစ်ယောက်အမှန်ကို ပြောလိမ့်မည် မဟုတ်ကြောင်း ကောင်းကင်တာအိုအဖွဲ့အစည်းမှ ကိုယ်စားလှယ်က ယုံကြည်၏။ အဘယ့်ကြောင့် ဆိုသော် ကောင်းကင်တာအိုအဖွဲ့အစည်းဆီသို့ မှန်များကို ရောင်းချပြီးသည်နောက် လောကကြီးတစ်ခုလုံးကို ဖြန့်ဝေနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း သိရှိနေသောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီတစ်ပေလောက်ရှိတဲ့ မှန်ရဲ့ကုန်ကျစရိတ်က ငွေဒင်္ဂါးတစ်ပြားပဲ”

“ဘာ” ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်သည် ရုတ်တရက် ကြောင်အသွားခဲ့၏။ ဤမှန်သည် အလွန်ရှင်းလင်းလွန်းပြီး တစ်စုံတစ်ယောက်၏ ဝိညာဉ်ကိုပင် ပြန်လည်မြင်နေရသကဲ့သို့ပင်။ စဉ်းစားတွေးတောမည်ဆိုပါက ပုံမှန်အရဆိုလျှင်ပင် ရွှေဒင်္ဂါး တစ်ဒါဇင်ကျော်ကုန်ကျပေလိမ့်မည်။ သို့ပေမည့် ငွေဒင်္ဂါး တစ်ပြားသာလျှင် ကုန်ကျသည်ဟု ပြောဆိုလျက်ရှိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… အရေအတွက် များများထုတ်လုပ်မယ်ဆိုရင် ဒီအရာရဲ့ကုန်ကျစရိတ်က ထက်ဝက်လောက်တောင် လျော့ကျသွားနိုင်သေးတယ်”

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်သည် အလုံးစုံ တုန်လှုပ်သွားခဲ့မိ၏။ သူသည် က စိတ်ကူးယဉ်ကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ငွေဒင်္ဂါးတစ်ပြားနှင့် ရွှေဒင်္ဂါး ၁၀၀ ကျော် ရရှိမည့် ပစ္စည်းမျိုး ....။

ဤအရာအတွက် အမြတ်အစွန်းက မည်မျှဖြစ်မည်နည်း။ အကျိုးအမြတ်သည် ၂၀၀၀ ဆလောက် ကွာလျက်ရှိ၏။ လောကကြီးထဲတွင် ရှိရှိနေသမျှသော စီးပွားရေးသမားများအနေနှင့် ထုပ်လုပ်မှု ကုန်ကျစားရိတ်ကို သိရှိသည်ဆိုပါက အံ့ချီးနပမ်းဖြင့် အံ့အားသင့်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ကောင်းကင်တာအိုအဖွဲ့အစည်း ကိုယ်စားလှယ်က ပြောလိုက်၏။ “သခင်လေးရှမ့်… ခင်ဗျား အခု မှန် ဘယ်လောက်လောက် ရောင်းမလဲ။ ဒီမှန်တွေရဲ့ ပထမဦးဆုံးအသုတ်ကို ဝယ်ဖို့အတွက် မှန်တစ်ချပ်ချင်း စီတိုင်းကို ကျုပ်တို့ ရွှေဒင်္ဂါး ၁၀ ပြားစီပေးနိုင်ပါတယ်”

ဤလက်ကားဈေးသည် တကယ့်ကို ကောင်းမွန်နေပြီဖြစ်၏။ ရွှမ်ဝူအိမ်တော်၏ လက်ရှိအခြေအနေအရ ဆိုလျှင် သူတို့ဘာသာသူတို့ ရောင်းချဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ကောင်းကင်တာအိုအဖွဲ့အစည်းအနေနှင့် မှန်၏ ပထမအသုတ်၌ တစ်ခုလျှင် ရွှေဒင်္ဂါး ၁၀၀ နှင့် ရောင်းချရန်ပြင်ဆင်နေ၏။ တကယ့်ကို များပြားလွန်းသည့် ဈေးနှုန်းပင်ဖြစ်သည်။ သို့ပေမည့် ဤအရာသည် ဇိမ်ခံပစ္စည်းသာလျှင်ဖြစ်၏။ ပိုက်ဆံရှိ လူတန်းစားများသာ ဝယ်ယူနိုင်သည့် အရာပင်ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း… မှန်တစ်ထောင်လောက်ပေါ့”

ထို့အပြင် ရှမ့်လန်၌ လုပ်သားက အကန့်အသတ် တည်ရှိနေ၏။ သူသည် လအနည်းငယ်အတွင်း မှန်တစ်ထောင်ကျော်ကိုသာလျှင် ပြုလုပ်နိုင်၏။ အခက်အခဲဆုံး အရာသည် မှန်ထုတ်လုပ်ခြင်း မဟုတ်ချေ။ မှန်၏သန့်စင်မှုအတွက် ပြုလုပ်ရသည့် ထုပ်လုပ်မှုပုံစံပင်ဖြစ်၏။ မှန်ထုပ်လုပ်မှုနည်းလမ်းသည် အလွန်ပင် လွယ်ကူလွန်း၏။ ငွေမှင်ရောင်အရည်တစ်ခုကို ယူကာဖြင့် မှန်ပေါ်တွင် လိမ်းသုတ်လိုက်ခြင်းသာလျှင် ဖြစ်သည်။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်က ပြောလိုက်၏။ “သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာ မှန်တစ်ခုချင်းစီက အရမ်းကို ရှင်းလင်းပြီးတောက်ပနေတယ်။ ကျုပ်တို့ မှန်တစ်ထောင်လုံးကို လိုချင်ပါတယ်။ တစ်ခုချင်းစီတိုင်းကို ရွှေဒင်္ဂါး ၁၀ ပေးမယ်။ စုစုပေါင်း ရွှေဒင်္ဂါး ၁၀၀၀၀ ပေါ့”

ရွှေဒင်္ဂါး ၁၀၀၀၀ သည် တကယ့်ကို ကြီးမားသည့် စီးပွားရေး ကိစ္စတစ်ခုဖြစ်၏။ သို့ပေမည့် ရွှမ်ဝူအိမ်တော် အတွက်တော့ ခြင်းကြားနှင့် ရေခပ်ခြင်းပင်ဖြစ်၏။ သူတို့အနေနှင့် ယင်ယွမ်အဖွဲ့အစည်းဆီသို့ ပြန်ပေးရမည့်အကြွေးသည် ရွှေဒင်္ဂါး ခုနစ်သိန်းရှိသည်။

ရှမ့်လန်သည် ခေါင်းကို ခါရမ်းကာပြောလိုက်၏။ “မဟုတ်ဘူး။ ကျုပ်က ဒါကို ရွှေဒင်္ဂါးတစ်သန်းနဲ့ ရောင်းချချင်တာ”

ပြောပြောပြီးချင်းမှာပဲ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်များသည် အလွန်အမင်း ကြောင်အ သွားခဲ့၏။ သူတို့သည် သူတို့နားကိုပင် သူတို့ မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ မှန်တစ်ထောင်အတွက် ရွှေဒင်္ဂါး တစ်သန်းကျော်နှင့် ရောင်းချချင်သည်လား။ ပိုက်ဆံရှာဖွေဖို့ စဉ်းစားရင်း ရူးသွပ်သွားနေသည်လား။

မှန်တစ်ခု၏ ကုန်ကျစရိတ်သည် ငွေဒင်္ဂါးတစ်ပြားသာလျှင်ရှိသည်ဟု ပြောဆိုခဲ့၏။ သူတို့ကလည်း တစ်ခုစီအတွက် ရွှေဒင်္ဂါး ၁၀ ခုစီ ပေးအပ်ထားသည်ဖြစ်၏။ ထိုအရာသည် တကယ့်ကို ရက်ရောသည့် ကမ်းလှမ်းမှုပင်ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က မှန်တွေကို ရောင်းချချင်တာ မဟုတ်ဘူး။ မှန်လုပ်တဲ့နည်းစနစ်ကို ခင်ဗျားတို့ဆီ ရောင်းချချင်တာ။ ကျုပ်က ခင်ဗျားတို့ကို စီးပွားရေးလုပ်နိုင်ခွင့် အခွင့်အရေး တစ်ခုကို လက်လွှဲရောင်းချချင်တာပဲ။ ဒီတော့ ရွှေဒင်္ဂါး တစ်သန်းဆိုတာက ဈေးကြီးတဲ့အရာ မဟုတ်ပါဘူး။ မှန်တယ်နော်”

“ဒါက ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးလောကတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်မဲ့ အရာတစ်ခုပဲ။ ခင်ဗျားတို့ ရနိုင်မယ့် အမြတ်အစွန်းက ရွှေဒင်္ဂါး တစ်သန်းထက် အများကြီးသာပါလိမ့်မယ်။ ကျုပ် ခင်ဗျားတို့ကို ရွှေဒင်္ဂါး တစ်သန်းနဲ့ ရောင်းချရုံပဲရှိတယ်။ ဒါက ကျုပ် ခင်ဗျားတို့ကို ကြင်နာမှုပေးလိုက်တာပဲ။ ဒါပေမဲ့ အခြေအနေ တစ်ခုကတော့ ရှိသေးတယ်။ ခင်ဗျားတို့အနေနဲ့ မှန်ကုန်ကြမ်းတွေကို ကျုပ်တို့ဆီက ဝယ်ရလိမ့်မယ်”

“ဒီစီးပွားရေးကိစ္စရပ်က ခင်ဗျားတို့ကို ပိုက်ဆံရှာဖို့အတွက် အခွင့်အရေးတစ်ခုသာမဟုတ်ဘူး။ ယင်ယွမ် အဖွဲ့အစည်းကို အနိုင်ယူနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်တယ်။ ပြီးတော့ လောကကြီးတစ်ခုလုံးမှာ အကြီးမားဆုံးသော နံပါတ်တစ် စီးပွားရေးလုပ်ငန်းစုကြီးအဖြစ် ခင်ဗျားတို့ပဲ ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့သာ မလိုချင်ဘူးဆိုရင် ကျုပ်က ယင်ယွမ်အဖွဲ့အစည်းကို ဒီနည်းပညာ ရောင်းလိုက်ရမှာပဲ။ သူတို့ ပျော်ရွှင်သွားလိမ့်မယ်လို့ ကျုပ်ထင်တယ်။ ယင်ယွမ်အဖွဲ့အစည်းက ခင်ဗျားတို့ကို ဖိနှိပ်နိုင်ခဲ့တာ ဆယ်စုနှစ်နီးပါး ကြာနေပြီ မဟုတ်လား”

ကျွမ်းကျင်သူ… တကယ့်ကို ကျွမ်းကျင်သူပင်။ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်သည် ရှမ့်လန်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့၏။ ရွှမ်ဝူအိမ်တော်သည် မှန်များကို ရောင်းချခြင်း မရှိချေ။ ကောင်းကင်တာအိုအဖွဲ့အစည်းအား စီးပွားရေးလောကတစ်ခုလုံးကို မောင်ပိုင်စီးနိုင်ရန် လမ်းဖွင့်ပေးခဲ့၏။

ထို့အပြင် မှန်ထုပ်လုပ်မှု၏ ထုပ်လုပ်မှုနည်းစနစ် အကုန်လုံးကိုလည်း ရောင်းချမည်ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ ရွှမ်ဝူအိမ်တော်ဆီမှ မှန်ကုန်ကြမ်းများကိုတော့ ဝယ်ယူရပေလိမ့်မည်။ ဤအရာသည် နှစ်ဖက်ခွကာ ချန်ထားခြင်းပင်။

လူဖြူကိုယ်စားလှယ်က ပြောဆိုလိုက်သည်။ “ဒါဆိုရင် ကုန်ကြမ်းကို ခင်ဗျား ဘယ်လောက်များများ ရောင်းနိုင်မလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း… လိုချင်သလောက်ရောင်းနေနိုင်တယ်။ ဈေးနှုန်းက ရောင်းဈေးရဲ့ ငါး ရာခိုင်နှုန်းပဲ”

“ရွှေဒင်္ဂါး တစ်သန်းဈေးနှုန်းဆိုတာ အရမ်းများတယ်”

လူဖြူကိုယ်စားလှယ်က ပြောလိုက်သည်။ “အင်း… ဒါက စီရင်စုနှစ်ခုရဲ့ အခွန်အခ တန်ဖိုးနဲ့ တူညီတယ် ဆိုတာကို ရှမ့်သိပါသလား”

ရှမ့်လန်သည် အသာပြုံးလိုက်၏။ ပြီးသည့်နောက် သူသည် လက်ကိုသာလျှင် ပိုက်ထားခဲ့၏။

လူဖြူကိုယ်စားလှယ်က ပြောလိုက်သည်။ “ပြီးတော့ ကျုပ်တို့ဆီမှာ လုံလောက်တဲ့ အခွင့်အာဏာမရှိပါဘူး။ ရွှေဒင်္ဂါး လေးသိန်းအထိပဲ ကျုပ်တို့ ဆုံးဖြတ်ချက်ချနိုင်တယ်”

ရွှေဒင်္ဂါး လေးသိန်းဟုတ်လား။ ကောင်းကင်တာအိုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ဤကဲ့သို့ များပြားလွန်းသည့် ပမာဏကို လုပ်ပိုင်ခွင့် တည်ရှိနေသေးသည်လား။ ဆိုလိုရင်းမှာ ရိုးရှင်းလွန်း၏။ မှန် ထုတ်လုပ်မှု နည်းပညာကို လေးသိန်းနှင့် ရောင်းချပြီးနောက် ရဲတိုက်ကို ရောင်းချခြင်း၊ မြေပိုင်နက်များကို ရောင်းချခြင်း အတွက် သူတို့သည် ရွှေဒင်္ဂါး ခုနစ်သိန်းလောက် ရရှိမည်ဖြစ်၏။ ထိုသို့ဆိုလျှင် ယင်ယွမ်အဖွဲ့အစည်းဆီသို့ ပေးရန်အကြွေးက လုံလောက်ပြီဖြစ်လေ၏။

ရှမ့်လန်သည် မျက်လုံးကိုသာ မှိတ်ထားသည်။

လူဖြူကိုယ်စားလှယ်သည် ရှမ့်လန်၏ မောက်မာလွန်းသည့် အပြုအမူကို မြင်ရချိန်မှာတော့ ဒေါသထွက်သွားပုံပေါ်၏။ ချက်ချင်းပင် နှာခေါင်းကို ရှုံ့လိုက်၏။ “ရှမ့်… အကြွေးတွေ ပေးရမယ့် နောက်ဆုံးရက်က လပိုင်းလောက်ပဲကျန်တော့တယ်နော်။ ခင်ဗျားအနေနဲ့ ရွေးချယ်ခွင့် တစ်ခုပဲရှိတော့တယ်။ ရွှေဒင်္ဂါး ခုနစ်သိန်းကျော်ကို တစ်ခါတည်းပေးနိုင်တဲ့ တခြားအဖွဲ့အစည်းကို ခင်ဗျားရှာနိုင်မှာမဟုတ်ဘူး”

ရှမ့်လန်သည် အထက်စီးဆန်စွာ ပြုံးလိုက်သည်။ “ခင်ဗျားက တကယ့်ကို ကပ်စေးနဲပြီး အမြင်ကျဉ်းမြောင်း လွန်းတယ်။ အင်း… တကယ့်ကို အမြင်ကျဉ်းမြောင်းလွန်းတဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့်လည်း ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှာ သေးငယ်တဲ့ အခန်းကဏ္ဍကနေ အလုပ်လုပ်နေရတာပဲ”

“လောကမှာ အညံ့ဖျင်းဆုံးကိစ္စရပ်က ဘာလဲသိလား။ မျက်စိရှေ့မှာ မြင်နေရတဲ့ အရာတစ်ခုခုကိုပဲကြည့်ပြီး အမြတ်အစွန်းကို တွက်ချက်တာပဲ။ ဒါက သေးငယ်တဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ အပြုအမူပဲ။ တကယ့်မဟာဗျူဟာကို နားလည်တဲ့ လူတွေအတွက် ဒီအခွင့်အရေးက ကျိန်းသေပေါက် တန်ဖိုးဖြတ်မရတဲ့ အကြောင်းအရာပဲ။ ဒါက ပိုက်ဆံတွေတင် မကဘူး။ ပိုက်ဆံကို ဆုံးရှုံးသွားရင် ခင်ဗျားတို့ ပိုက်ဆံပြန်ရှာလို့ရတယ်။ ဒါက ပိုက်ဆံမဟုတ်ဘူး။ ခင်ဗျားနားလည်လား”

ဤစကားစုသည် လူဖြူကိုယ်စားလှယ်ကို တကယ်ပင် ဆွံ့အသွားစေခဲ့၏။

သခင်လေးရှမ့်လန်… ခင်ဗျားအသက်ကို ကယ်ဆယ်ဖို့ ပိုက်ဆံကို လိုချင်နေတာ ခင်ဗျား မဟုတ်ဘူးလား။ ခင်ဗျားရဲ့ မောက်မာမှုက အလကားပဲလေ။ ခင်ဗျားမိသားစုတစ်ခုလုံးက ဆိုးဆိုးရွားရွားအခြေအနေဆီကို ရောက်ရှိနေပြီ။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ဒီ မှန်စီးပွားရေးအတွက် ခင်ဗျားတို့ အမြတ်အစွန်း ဘယ်လောက်ရနိုင်လဲ။ ခင်ဗျားတို့ တစ်လောကလုံးရဲ့ ကုန်သွယ်ခွင့် အခွင့်အာဏာကို ရရှိနိုင်တယ်။ ကျုပ် ပြောပြမယ်။ ကျုပ်အမြင့်ဆုံးဈေးနဲ့ ရောင်းလို့ရတယ်။ ဒါပေမဲ့ ကျုပ်မရောင်းဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကျုပ် ရွှေဒင်္ဂါး တစ်သန်းကိုပဲလိုချင်လို့ပဲ။ ကျုပ်ပိုက်ဆံကို ဂရုမစိုက်ဘူး။ ကျုပ်လိုချင်တာ ဩဇာ၊ အာဏာ၊ မဟာဗျူဟာပဲ”

ရှမ့်လန်သည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီးသည့်နောက် မှန်ကို အသာပင် ရိုက်ခွဲလိုက်၏။ ချက်ချင်းပင် မှန်က ကွဲကြေသွား၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံးအတွက် ဒီမှန်က ပိုက်ဆံ မဟုတ်ဘူး။ အဲဒီအစား ဒါက မဟာဗျူဟာမြောက် စတင်ခြေလှမ်းခြင်းပဲ။ အရင်တုန်းက ခင်ဗျားတို့ ကောင်းကင်တာအိုအဖွဲ့အစည်းက ယင်ယွမ်အဖွဲ့အစည်းနဲ့ နှိုင်းယှဉ်လို့ရနိုင်ခဲ့တယ်။ ဘာကြောင့် ခင်ဗျားတို့ ရှုံးခဲ့တာလဲ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ မှားယွင်းတဲ့ မဟာဗျူဟာကို နင်းလျှောက်မိလို့ပဲ။ လောကရဲ့ တိုက်ပွဲကြားမှာ ခင်ဗျားတို့က အင်ပါယာကျန်းလီ အပေါ်မှာ ပုံအပ်ထားခဲ့တယ်။ အဆုံးသတ်မှာတော့ ခင်ဗျားတို့ ရှုံးသွားခဲ့တယ်။ ဒါက ယင်ယွမ်အဖွဲ့အစည်းနောက် နှစ် ၂၀ လောက် နောက်ကျသွားစေခဲ့တဲ့ အကြောင်းအရင်းပဲ။

အခု ယင်ယွမ်အဖွဲ့အစည်းရဲ့ အခြေအနေဟာ ပိုပြီးကြီးမားတဲ့ အခြေအနေဆီရောက်နေပြီ။ သူတို့က နိုင်ငံ အသီးသီးမှာရှိတဲ့ နိုင်ငံရေးအခြေအနေကြားထဲကိုတောင် ဝင်ပြီးခြေရှုပ်လို့ရတဲ့ အခြေအနေဖြစ်လာတယ်။ ဒါတွေအားလုံးက ဘာကြောင့်လဲ။ ကောင်းမွန်တဲ့ မဟာဗျူဟာကြောင့်ပဲ။ ဒါကို ခင်ဗျားတို့ နားလည်လား။

အခု ခင်ဗျားတို့ ဒီအခွင့်အရေးကို ရနေပြီ။ အခွင့်အရေးကို လက်လွှတ်သွားမယ်ဆိုရင် တိုက်ပွဲမှာ ခင်ဗျားတို့ ရှုံးနိမ့်သွားနိုင်တယ်။ ပြီးတော့ ဒီမှန်တွေ အကုန်လုံးက ခင်ဗျားတို့အတွက် အကောင်းဆုံး လက်နက်ပဲ။ ဒီလို မဟာဗျူဟာမြောက် အခွင့်အရေးတွေနဲ့ ကြုံနေရတဲ့အချိန်မှာ ခင်ဗျားတို့ တကယ်ပဲ ကျုပ်နဲ့ ညှိနှိုင်းဆွေးနွေးမှု မလုပ်ချင်ဘူးပေါ့။

ပြီးတော့ ခင်ဗျားတို့လို လူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာ ကျုပ်အတွက် အဆင့်နိမ့်လွန်းတယ်။ ခင်ဗျားတို့က ကျုပ်နဲ့ စကားပြောဖို့ ထိုက်တန်တဲ့လူတွေ မဟုတ်ဘူ။ ကျင်းဟွေ့… ဧည့်သည်တွေကို ပြန်လွှတ်လိုက်တော့”

ရှမ့်လန်သည် တိုက်ရိုက်ပင် ဧည့်သည်များကို ထွက်ခွာသွားရန် အမိန့်ပေးလိုက်၏။

လူဖြူကိုယ်စားလှယ်သည် ရုတ်တရက် အံ့အားသင့်သွား၏။ ရှမ့်လန်၏ မောက်မာမှုကို မြင်ရသည့်အချိန်မှာ သူသည် အေးစက်စက်နှင့် ရယ်မောလိုက်သည်။ “ဘယ်သူက ဘယ်သူ့ကို လာရှာရအုံးမယ်ဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။ ယင်ယွမ်အဖွဲ့အစည်းဟုတ်လား။ အဲဒါ ကျုပ်တို့ရဲ့ ရန်သူတွေပဲ။ ဒီတံခါးဝက ကျုပ်တို့ ထွက်လျှောက်သွားတာနဲ့ ခင်ဗျား ကျိန်းသေပေါက် နောင်တရလိမ့်မယ်”

ရှမ့်လန်သည် ထိုင်ခုံပေါ် အသာမှေးမှီကာဖြင့် မျက်လုံးကို စုံမှိတ်ထား၏။ တစ်ဖက်လူများကို ဤနေရာတွင် နေထိုင်ပါရန် တစ်ချက်ကလေးမှ ပြောဆိုခြင်း မရှိချေ။ သူ၏အပြုအမူသည် ဤနေရာတွင် တစ်ဖက်လူများကို မနေစေချင်သည့် အမူအရာပင်ဖြစ်၏။ ကောင်းကင်တာအိုအဖွဲ့အစည်း၏ ဆွေးနွေးမှုသာ ကျရှုံးခဲ့သည်ဆိုပါက သူသည် ယင်ယွမ်အဖွဲ့အစည်းသို့ သွားရောက်ကာ ရှာဖွေနိုင်၏။

ယင်ယွမ်အဖွဲ့အစည်းသည် ဂိုဏ်းခွဲဌာနနှစ်ခုအဖြစ် ခွဲခြားထားခဲ့သောကြောင့်ပင် ဖြစ်၏။ ထိုနေရာတွင် နှစ်ဖွဲ့ကွဲနေသည်ကို ရှမ့်လန်က ကောင်းကောင်းသိရှိသည်။

ရှမ့်လန်သည်သာ တကယ်တမ်း သွားရောက်ကာ ရောင်းချသည်ဆိုပါက ယင်ယွမ်အဖွဲ့အစည်းအနေနှင့် ဤမှန်၏ ထုပ်လုပ်မှုနည်းပညာကို ကျိန်းသေပေါက်ဝယ်ယူမှာဖြစ်၏။ ထိုသို့ဆိုလျှင် ရှုတင်းယု၏ ပါးပြင်ကို ခပ်ပြင်းပြင်းနှင့် ရိုက်နှက်လိုက်သကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။

ကောင်းကင်တာအို အဖွဲ့အစည်းသည် အကောင်းဆုံးသော လက်တွဲဖော်များဖြစ်ကြောင်းကို ရှမ့်လန် သိ၏။ သို့ပေမည့် သဘောတူညီမှု မရလျှင်လည်း ကိစ္စမရှိချေ။ သူ အောက်ကျခံကာ တောင်းပန်နေမည် မဟုတ်ပေ။

All Chapters