← Chapters

အခန်း (၁၈၇)

Vol. 14 Ch. 187

အခန်း (၁၈၇)

Vol. 14 Ch. 187

လူဖြူကိုယ်စားလှယ်သည် တံခါးဆီသို့ လျှောက်ထွက်သွားပြီးနောက် ခဏလောက် ဆိုင်းငံ့သွားခဲ့၏။ ရှမ့်လန်တစ်ယောက် သူ့ကို ဤနေရာတွင် ဆက်လက်ကာ ညှိနှိုင်းဆွေးနွေးရန် တားဆီးမည်လားဆိုသည်ကို သူက သိချင်၏။ သို့ပေမည့် မည်သည့်အသံမှ မကြားရချေ။

ထိုအချိန်မှာပဲ အာရှသားကိုယ်စားလှယ်သည် ဦးကိုညွတ်ကာပြောလိုက်၏။ “ရှမ့်လန်… ကျုပ်သဘော တူညီပါတယ်”

ရှမ့်လန်သည် မျက်လုံးကို မဖွင့်ချေ။ ကောင်းကင်တာအိုအဖွဲ့အစည်းအနေနှင့် မည်ကဲ့သို့ လှည့်ကွက်များ ပြုလုပ်မည်ဖြစ်ကြောင်းကို သူမသိရှိချေ။ သိလည်း မသိချင်ပေ။

မျက်နှာပြင်အထက်တွင် ဤလူဖြူကိုယ်စားလှယ်သည် ပိုးထည်ကို ဝတ်ဆင်ပြီး ထိုင်ခုံပေါ်တွင် အခန့်သား ဆရာကြီးတစ်ယောက်ကဲ့သို့ ထိုင်ကာ ဆွေးနွေးနေခဲ့ပြီး ချည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အာရှ ကိုယ်စားလှယ်သည် စကားလုံးဝ မပြောပေ။ ကျေးကျွန်တစ်ယောက်ကဲ့သို့သာ နေထိုင်နေ၏။

အချက်အလက်အားဖြင့် ဤလူသည် တကယ့် ကျွမ်းကျင်သူဆရာကြီးပင်ဖြစ်၏။ ညှိနှိုင်းဆွေးနွေးမှုများ ကြားတွင် လွယ်လွယ်ကူကူဖြင့် တစ်ဖက်လူ၏ အခွင့်သာမှုကို ရရှိနိုင်ရန်အတွက် သူသည် ဤကဲ့သို့ နောက်လိုက် အစေခံတစ်ယောက်ဟန် ဆောင်နေခြင်းဖြစ်သည်။

အာရှသားကိုယ်စားလှယ်သည် လက်ကို အသာဆန့်တန်းကာ ပြောလိုက်၏။ “ကျုပ်က ကောင်းကင်တာအို အဖွဲ့အစည်းရဲ့ ဟွမ်တုံပါပဲ။ ကျေးဇူးပါပဲရှမ့်... ကျုပ်ကို ဒီလောက်ခမ်းနားတဲ့ မဟာဗျူဟာအခွင့်အရေးကို ပေးတဲ့ အတွက်ပါ။ ခင်ဗျားမှန်တယ်။ မဟာဗျူဟာအခွင့်အရေးတွေရဲ့ ရှေ့မှာ ဈေးနှုန်းတွေကို ညှိနှိုင်းဆွေးနွေး နေတယ်ဆိုတာ ရူးကြောင်ကြောင်ဆန်တဲ့ အပြုအမူပါပဲ။ တကယ်လို့ ပိုက်ဆံ ဆုံးရှုံးသွားမယ်ဆိုရင် ပြန်ရှာလို့ရတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ အကျိုးအမြတ်တွေကို ပြန်ပြီးရှာလို့ရမှာမဟုတ်ဘူး”

ထိုအခါမှသာလျှင် ရှမ့်လန်က မျက်လုံးပွင့်လာခဲ့သည်။

ဟွမ်တုံက ပြောလိုက်၏။ “ကဲ… ဒါဆိုလည်း ကျုပ်တို့ အဲ့ဒီမှန်တစ်ထောင်လုံးကို ကြည့်ကြရအောင်။ များများစားစား ထုပ်လုပ်လို့ရလား ဆိုတာကို ကျုပ်တို့ သိချင်သေးတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ရတာပေါ့”

ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အခန်းတစ်ခန်းကို ဖွင့်လိုက်၏။

ချက်ချင်းပင် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်နှစ်ယောက်တို့သည် မျက်လုံးကို စုံမှိတ်လိုက်၏။ အလွန်အားကောင်းလှသည့် အလင်းတန်းသည် သူတို့၏ မျက်လုံးများကိုပင် ကျိန်းသွားခဲ့သည်။

တဖက်အခန်းထဲတွင် ရေတွက်၍မရအောင် များပြားသည့် မှန်များက အထပ်လိုက်ပုံထား၏။ အလွန်ကြီးမားသည့် မှန်ကြီးများဖြစ်ပြီး တစ်မီတာ၊ နှစ်မီတာနီးပါးခန့်ပင် ကျယ်ပြန့်ကာ မြင့်မား၏။ မျက်နှာပြင်သည် တောက်ပပြီး ကြည်လင်ရှင်းလင်းလွန်းလှ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များနည်းတူ အတိုင်းသား ပေါ်လျက်ရှိနေ၏။

အထဲတွင် ဖယောင်းတိုင်ပေါင်းများစွာ ထွန်းထားသောကြောင့် မှန်၏ အလင်းရောင်သည် အားလုံး၏အမြင်ကို ကြိမ်းစပ်သွားစေ၏။ ကံကောင်းစွာဖြင့် မြေပြင်ထက်တွင် လေဝင်နိုင်စေရန် အပေါက်ကြီးများနှင့် ချိတ်ဆက်ထားခဲ့၏။ မဟုတ်ပါက အောက်ဆီဂျင် ပြတ်တောက်လုနီးပါး ဖြစ်သွားပေလိမ့်မည်။

ရှမ့်လန်သည် ပြုံးကာပြောလိုက်သည်။ “အင်း… ဒီမှန်တွေရဲ့ ထုပ်လုပ်မှု ကုန်ကျစရိတ်က အရမ်းနိမ့်ပါးတယ်ဆိုတာ သက်သေပြစေချင်တာလား။ ခင်ဗျားကို အလုပ်ရုံဆီ ခေါ်သွားဖို့တော့ မလိုဘူး ထင်တယ်။ ကျုပ် ဒီနေရာမှာပဲ ချက်ချင်းပဲ သက်သေပြလို့ရတယ်”

ရှမ့်လန်သည် တုတ်တိုချောင်းတစ်ခုကိုယူပြီး အကြီးမားဆုံးမှန်ကြီးကို ရိုက်ခွဲလိုက်၏။ ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမ .....။

ခလွမ်း ခလွမ်း ခွမ်း…

ရုတ်တရက် မှန်များအားလုံးသည် ရှမ့်လန်၏ ထုနှက်ရိုက်ခွဲခြင်းကို ခံခဲ့ရ၏။ မြေပေါ်တွင် အပိုင်းပိုင်းအစစ ဖြစ်လို့နေခဲ့၏။

“တော်ပါတော့… တော်ပါတော့…”

ကောင်းကင်တာအိုအဖွဲ့အစည်းမှ ကိုယ်စားလှယ်နှစ်ယောက်တို့သည် ရုတ်တရက် ငိုချင်စိတ်ပင်ဖြစ်သွား၏။ ဤမှန်များကိုသာ လေလံတင်မည်ဆိုပါက တစ်ခုချင်းစီတိုင်းသည် အံ့အားသင့်စရာဈေးနှုန်းဖြင့် ရောင်းချနိုင်မှာ သေချာသည်။

ယခု ရှမ့်လန်သည် ထိုအရာများကို ရိုက်ခွဲလျက်ရှိနေ၏။ မှန်ကိုခွဲနေခြင်း မဟုတ်ချေ။ သူတို့၏ နှလုံးသားများကို ရိုက်ခွဲနေခြင်းပင်ဖြစ်၏။ ဤမှန်တစ်ချပ်ကို ရိုက်ခွဲခြင်းသည် အနည်းဆုံး ရွှေဒင်္ဂါး ၁၀၀၀ ကျော်ကို ဖြုန်းတီးနေခြင်းပင်ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “မြန်မြန်… ဆယ်ရက်အတွင်း ရွှမ်ဝူအိမ်တော်ဆီကို ပိုက်ဆံတွေ ပို့ပေးတာ ကျုပ်မြင်ချင်တယ်”

“ဆယ်ရက်ဟုတ်လား”

ဟွမ်တုံသည် အနည်းငယ် မျက်မှောင်ကုတ်သွား၏။ ဤအရာမှာ အလျင်လိုလွန်းလှ၏။

“ပြဿနာမရှိဘူး”

ကောင်းကင်တာအိုအဖွဲ့အစည်းမှ ကိုယ်စားလှယ်ဟွမ်တုံက ပြောလိုက်သည်။ “တခြား လိုအပ်တဲ့ အချက်တွေ ရှိသေးလား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း… ရွှေဒင်္ဂါး ခုနစ်သိန်းကို ကျုပ် ရွှေဒင်္ဂါးကြီးပဲ သီးသန့်လိုချင်တယ်။ တခြား ရွှေဒင်္ဂါး သုံးသိန်းစာအတွက်ကတော့ ရွှေအကြမ်းထည်တဲ့ အတုံးတွေကို လိုချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အကြမ်းထည်တွေဖြစ်ရင် အကောင်းဆုံးပဲ။ ရွှေတွင်းကနေ ထုတ်ထားကာစ ရွှေအကြမ်းထည်တွေဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်”

ဟွမ်တုံသည် မည်သို့မှ မနေနိုင်ပဲ ကြောင်အသွားမိ၏။ အဘယ့်ကြောင့်ဖြစ်သနည်း။ သို့ပေမည့် သူသည် ထိုအရာကို ထုတ်ဖော်ကာ မမေးခဲ့ချေ။

“ပြဿနာမရှိပါဘူး”

ဟွမ်တုံက ပြောလိုက်၏။ “ဒါဆိုရင် ဆယ်ရက်အတွင်း ပိုက်ဆံတွေကို ကျုပ်ပို့ပေးပါ့မယ်။ ရွှေဒင်္ဂါး တစ်သိန်းနဲ့ ရွှေ အကြမ်းထည် ၂၁,၀၀၀ ကီလိုဂရမ်ပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ဒါကို တိတ်တဆိတ်နဲ့ ပို့ဆောင်မှဖြစ်လိမ့်မယ်။ သတင်း အချက်အလက်တွေ ပေါက်ကြားလို့မဖြစ်ဘူး။ ပြီးတော့ ဘယ်သူမှ သိလို့လည်း မဖြစ်ဘူး”

ဟွမ်တုံက ပြောလိုက်၏။ “ပြဿနာမရှိပါဘူး။ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှာ အကြီးအကဲ ငါးယောက်ကျော် ရှိတယ်။ သူတို့က ဘယ်တော့မှ အပြင်ဘက်ကို သတင်းအချက်အလက်တွေ ပေါက်ကြားစေမှာ မဟုတ်ဘူး”

သူ၏အသံက တုန်ယင်လျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ဤအရာသည် သူကိုင်တွယ်ဖူးသမျှသော စီးပွားရေးကိစ္စရပ်များထဲတွင် အကြီးမားဆုံးအရာဖြစ်သောကြောင့်ပင်။ ထို့အတူ သူ၏ အခွင့်အာဏာထက်ပင် ပိုမိုကာ သာလွန်လျက်ရှိနေ၏။ ကောင်းကင်တာအိုအဖွဲ့အစည်းတွင် သူ၏အဆင့်အရဆိုလျှင် ရှမ့်လန်၏ တောင်းဆိုမှုကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။ အကြီးအကဲများဆီသို့ ချက်ချင်း သတင်းပေးဖို့ရန်လိုအပ်၏။

သို့ပေမည့် ဟွမ်တုံသည် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းသိရှိလို့နေခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် ထူးခြားလွန်းသည့် မဟာဗျူဟာအခွင့်အရေးပင်ဖြစ်လိမ့်မည်။ အထက်ပိုင်းအကြီးအကဲများကို သတင်းပို့ လိုက်သည်နှင့်တစ်ပြိုင်နက် ကျိန်းသေပေါက် နောက်ကျသွားနိုင်၏။ ထို့ကြောင့်ပင် သူသည် ထိုအရာ အားလုံးကို စွန့်စားကာဖြင့် တစ်ယောက်တည်း ခေါင်းခံလိုက်ခြင်းသာဖြစ်သည်။

“ကောင်းပြီ။ ရက်အနည်းငယ်ကြာရင် ထပ်တွေ့ကြတာပေါ့” ရှမ့်လန်က ပြောလိုက်၏။

ဟွမ်တုံသည် လက်ကို အသာဆန့်တန်းလိုက်သည်။

ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် လက်ကို အသာဆန့်တန်း ပေးလိုက်၏။ နှစ်ယောက်သည် လက်ဝါးချင်းဆုပ်ကိုင်ပြီးသည့်နောက် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလိုက်မိကြ၏။ ဤအရာသည် ကုန်သွယ်ရေးသဘောတူညီချက် တစ်ခုသာဖြစ်၏။ သို့ပေမည့် ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အလုံးစုံသော မဟာဗျူဟာကို နင်းလျှောက်မည့် နှစ်ဦးနှစ်ဖက်၏ သဘောတူညီမှုပင်။

ကောင်းကင်တာအိုအဖွဲ့အစည်းမှ ဟွမ်တုံသည် ထွက်ခွာသွားခဲ့၏။ ပြီးနောက် သူသည် တစ်ချက်ကလေးမှ မနားဘဲ ဌာနချုပ်သို့ ပြန်၏။ နမူနာ မှန် ၁၀၀ ကျော်ကိုလည်း ယူဆောင်သွားခဲ့၏။

ဟုတ်ပေ၏။ ရွှေဒင်္ဂါးများကို စုဆောင်းဖို့ဆိုသည်မှာ ခက်ခဲလှသည် မဟုတ်ချေ။ ရွှဲ့ပြည်နယ်တစ်ခုလုံးရှိ သူတို့၏ စီးပွားရေးလုပ်ငန်းများဆီမှ ရွှေများကိုစုစည်းပြီး ရွှမ်ဝူအိမ်တော်ဆီသို့ ပို့ဆောင်ရန်လည်း သူတာဝန်ယူထား၏။ အနည်းငယ်သော ခက်ခဲသည့် အပိုင်းသည် ရွှေဒင်္ဂါးများကို လျှို့ဝှက်ကာ ပို့ဆောင်ရမည့် ကိစ္စပင်ဖြစ်သည်။

မည်သူမှ မသိအောင် မည်သို့ပို့ဆောင်ရမည်နည်း။

ပိုမို၍ အရေးကြီးမားသည်မှာ အချိန်တိုအတွင်း ဌာနချုပ်ဆီသို့ အမြန်ပြန်ပြီး အကြီးအကဲများနှင့် ပြောဆို ညှိနှိုင်းရပေလိမ့်မည်။ အကြီးအကဲများ၏ အသိအမှတ်ပြုမှုကို ရရှိမှပါသာလျှင် သူသည် ငွေကြေးများကို ပေးပို့၍ရမှာဖြစ်၏။ သို့ပေမည့် အကြီးအကဲများသည် ကျိန်းသေပေါက် သဘောတူညီလိမ့်မည်ဟု သူ ယုံကြည်မိ၏။ ချက်ချင်းပဲ သဘောတူညီမှာလည်း သေချာ၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်တာအိုအဖွဲ့အစည်း အနေနှင့် ဤကဲ့သို့ ရှားပါးသည့် မဟာဗျူဟာအခွင့်အရေးကို လက်လွှတ်မခံနိုင်ဟု သူ သိရှိနေ၏။

.........

စာကြည့်ခန်းအတွင်းမှာတော့ ...

ရွှပ် ရွှပ် ရွှပ်

ဤတစ်ကြိမ်မှာတော့ ကျင်းမူကုန်းသည် သူ၏စွမ်းရည်ကို ပြသရန် အချိန်ကျရောက်နေပြီဖြစ်၏။

“ဟား ဟား ဟား ဟား ဟား…”

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ဟွမ်တုံကို ပြန်လည်ပို့ဆောင်ပြီးသည့်နောက် ရှမ့်လန်သည် ချက်ချင်းပင် ကျင်းမူကုန်းဆီသို့ ရောက်ရှိလာခဲ့၏။ နတ်ဘုရား ကျင်းမူကုန်း၏ စာရေးသားမှု အမြန်နှုန်းသည် အံ့မခန်း တိုးတက်လာခဲ့သည်။

သူသည် စုတ်တံကိုပင် မသုံးတော့ချေ။ ရှမ့်လန် တီထွင်ပေးထားခဲ့သည့် ဘောပင်ကို အသုံးပြုကာ ရေးသားနေ၏။ သူ၏ အမြန်နှုန်းသည် ကြောက်ခမန်းလိလိပင်။ တစ်နာရီအတွင်း စာလုံးရေ ၆၀၀၀ ကျော်ကို အံ့အားသင့်စရာ ရေးသားခဲ့ပြီးပြီဖြစ်၏။ ထို့အပြင် မည်သည့် အမှားအယွင်းမှလည်း မရှိချေ။ စာလုံးတစ်ခုချင်း စီတိုင်းသည် ကြည်လင်ရှင်းလင်းပြီး လှပ၏။

ဆရာကြီးရှမ့်ပင်လျှင် အံ့အားသင့်သွား၏။ ဤသို့သာဆိုလျှင် လောကကြီးတွင် ကျင်းမူကုန်းနှင့် စာကူးပြိုင်မည် ဆိုပါက မည်သူမှ အနိုင်ရလိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် သူ့၌ AI ရှိနေ၏။ မဟုတ်ပါက ရှမ့်လန် အနေနှင့် အနောက်အရပ်သို့ ခရီးသွားခြင်း ဝတ္ထုတစ်ခုလုံးကို မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်သည် ဇာတ်တိုက်ဆိုသလိုပဲ ထိုအရာကို ရွတ်ဖတ်ပြ၏။ ကျင်းမူကုန်းကလည်း ဇာတ်တိုက်ဆိုသလို ကူးယူလျက် ရှိနေသည်။

တချို့သော ပါဝင်အကြောင်းအရာများကို ပြောင်းလဲလိုက်၏။ သို့ပေမည့် သမိုင်းနောက်ခံ တစ်ခုလုံးကိုတော့ ပြောင်းလဲခဲ့ခြင်း မဟုတ်ချေ။

ရှမ့်လန်သည် စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့၏။ ထို့ကြောင့် အကြောင်းအရာအားလုံးကို သေချာသိရှိနေပြီ ဖြစ်၏။ တစ်ခုစီ၊ တစ်ခုစီမှ ကောင်းမွန်သည့် အရာများကို စုစည်းပြီး သူသည် ပိုမိုကောင်းမွန်သည့် စာအုပ်တစ်အုပ်အဖြစ် ဖန်တီးချင်၏။

ကျင်းမူကုန်းသည် ရေးသားလေ ပိုမိုကာ စိတ်လှုပ်ရှားလေဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းသည် အံ့ချီးနပမ်း ဖြစ်နေသောကြောင့်ပင်။ စာအုပ်သည် တကယ့်ကို ကောင်းမွန်လွန်းလှ၏။ ယောက်ဖ၏ မာယာမျဉ်းပြိုင် စာအုပ်ထက်ပင် ပိုမိုကာ ကောင်းမွန်သေးသည်။

မာယာမျဉ်းပြိုင်စာအုပ်တွင် သူ .... ကျင်းမူကုန်းသည် စာကိုအနည်းငယ်သာလျှင် ဖတ်ရှု၏။ အချိန်တော်တော်များများသည် ပုံများကို ကြည့်ရှုခဲ့ခြင်းဖြစ်၏။ သို့ပေမည့် အနောက်အရပ်သို့ ခရီးသွားခြင်း ဝတ္ထုတွင်တော့ မည်သည့်ပုံတစ်ခုမှ မပါဘူးဆိုလျှင်တောင်မှ သွေးများ ဆူပွက်သလို ခံစားနေမိ၏။

ကျင်းမူကုန်းသည် ရပ်တန့်၍ မရနိုင်သလိုပင် ခံစားနေမိ၏။ နှစ်ရက်နှင့် တစ်ညလုံးလုံး သူ ထိုအရာကို ကူးရေးလျက် ရှိနေ၏။ ဤကြားထဲတွင် နာရီအနည်းငယ်သာလျှင် အိပ်စက်ခဲ့၏။ အပိုင်းခုနစ်ပိုင်းကို ရေးသားခဲ့ပြီးနောက် ကျိန်းသေပေါက် ကောင်းခန်းဆီသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

စွန်းဝူခုံးတစ်ယောက် ကောင်းကင်ဘုံသို့ တက်လှမ်းပြီး ရှိရှိသမျှသော နတ်ဒေဝါအားလုံးတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့် အခန်းပင်။ ထိုအရာသည် စာလုံးရေပေါင်း ၅၀၀၀၀ ကျော်ပင် ရှိ၏။

အဆုံးသတ်မှာတော့ စာအုပ်၏ ပထမအတွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

မူလအားဖြင့် ရှမ့်လန်သည် ထိုအရာကို ဆက်လက်ကာ ရေးသားစေချင်၏။ သို့ပေမည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရပ်ထားသည်ဆိုပါက ပိုမိုကာအကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် ဒုတိယမြောက် အတွဲကို ဖတ်ရှုချင်မည် မဟုတ်ပါလား။

ရှမ့်လန်သည် ဆီစိမ်စက္ကူဖြင့် စာရွက်အားလုံးကို အသာအပတ်လိုက်၏။ ပြီးနောက် ရွှမ်ဝူအိမ်တော်ဆီမှ သူလျှိုဆီသို့ ကမ်းပေးလိုက်၏။ ဖြစ်နိုင်သမျှ နုရှောင့် မြို့ဆီသို့ အမြန်ဆုံး ပေးပို့ရန် မှာကြားလိုက်၏။ “အင်း… ဒါကို ရှစ်ချင်းချင်း လက်ထဲရောက်အောင် ထည့်ဖို့လုပ်။ အရမ်းအရေးကြီးတယ်”

သူလျှိုက ပြောလိုက်၏။ “စိတ်မပူပါနဲ့။ ဒီအရာရှိနေသရွေ့ ကျုပ်လည်း ရှိနေလိမ့်မယ်”

ဤကဲ့သို့သော စကားလုံးနှင့် အာမခံမှုသည် အနည်းငယ် ထူးခြား၏။ ဤပို့ဆောင်ရမည့် ပစ္စည်းမရှိတော့လျှင် သူလည်း မရှိတော့သည့် အဓိပ္ပာယ်ပင်။

ကျင်းမူကုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ရှိလို့နေခဲ့၏။ သူသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ယောက်ဖ… ဒီအနောက်အရပ်သို့ ခရီးသွားခြင်းက အရမ်း ကောင်းတယ်။ ဒီအချိန်မှာ ကျိန်းသေပေါက် နာမည်ကျော်ကြားလာမဲ့ အရာဖြစ်လိမ့်မယ်။ မာယာမျဉ်းပြိုင်ထက်တောင် ပိုပြီးတော့ နာမည်ကျော်ကြားတဲ့ အရာတစ်ခုဖြစ်လာနိုင်တယ်”

ဟုတ်ပေ၏။ အနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းသည် ကျော်ကြားလာပေလိမ့်မည်။ သို့ပေမည့် အချိန်တော့ လိုအပ်သေး၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီစာအုပ်ကို အထူးသဖြင့် လူတစ်ယောက်တည်းအတွက် ငါရေးခဲ့တာပဲ။ ဒါက နာမည်ကျော်ကြားလာမှာ မဟုတ်ဘူး။ နာမည်ကျော်ကြားလာမယ် ဆိုရင်တောင်မှ သူမအတွက်ပဲ ဖြစ်လိမ့်မယ်”

ကျင်းမူကုန်းက ပြောလိုက်၏။ “ဘယ်လိုလူအတွက်လဲ။ အံ့အားသင့်စရာကောင်းတဲ့ လူလား”

ဟုတ်ပေ၏။ အံ့အားသင့်စရာကောင်းလွန်း၏။ ရှမ့်လန်အနေနှင့် နုရှောင့်မြို့ဆီသို့ သူကိုယ်တိုင်သွားရန် လိုအပ်လျက် ရှိနေသေး၏။ အဘယ့်ကြောင့်ဆိုသော် ချောင်ယောင်းအာသည် အန္တရာယ် ကျရောက်လျက် ရှိနေ၏။ ဤမိန်းမ၏ သိုင်းပညာသည် မြင့်မားလွန်းသည်ဆိုလျှင်တောင်မှ သူမသည် မသေမျိုး သိုင်းကျင့်ကြံသူ တစ်ယောက်မဟုတ်သောကြောင့်ပင်။

ရှစ်ချင်းချင်း၏ စာထဲတွင်ရှိနေသည့် အချက်အလက်များ၏ ဖော်ညွှန်းချက်အရဆိုလျှင် ချောင်ယောင်းအာ သည် အချိန်တော်ကြာကတည်းက အဆိပ်မိနေသည်မှာ ထင်ရှား၏။ အဆိပ်ခပ်သည့်နည်းလမ်းသည် တကယ့်ကို ကောင်းမွန်လွန်းသောကြောင့် ရှာဖွေမတွေ့ရှိခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် ကိုယ်တိုင်ကိုယ်ကျကုသပေးရန် ဆုံးဖြတ်လိုက်ခြင်းသာဖြစ်၏။

ရှမ့်လန်အတွက်လည်း ဤအရာက အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။ သူသည် နုရှောင့်မြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ပိုမိုကာ ယုံကြည်ချက်ရှိလာခဲ့၏။ သို့ပေမည့် သူ မသွားသေးချေ။ ရက်အနည်းငယ် လောက် ထပ်မံကာ စောင့်ရပေလိမ့်မည်။

မကြာခင်မှာပဲ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ရွှေဒင်္ဂါးများသည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာ တော့မှာ ဖြစ်၏။ ရှမ့်လန်သည် ကိုယ်တိုင်ကိုယ်ကျ ထိုအရာကို လက်ခံရန် လိုအပ်၏။

ပြီးလျှင် ဘာဆက်ဖြစ်မည်နည်း။

ရွှမ်ဝူအိမ်တော်သည် ရွှေဒင်္ဂါးခုနစ်သိန်းကျော်ကို ပြန်မပေးနိုင်ဟု အားလုံးသော သူတို့က သိရှိပြီးဖြစ်၏။ ဝမ်ကျားကျွန်းကို ရှုံးနိမ့်ခြင်းဆိုသည်မှာ အရာအားလုံးဆုံးရှုံးခြင်း၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်၏။ ရွှမ်ဝူအိမ်တော် ၏ ဖျက်ဆီးခံရခြင်းသည် မကြာခင်ရောက်ရှိလာတော့မည်။

ရှမ့်လန်သည် ယင်ယွမ်အဖွဲ့အစည်းဆီမှ လူများကို ဝမ်ကျားကျွန်း ပေးအပ်ရတော့မည်ဖြစ်ကြောင်း အားလုံးသောသူတို့ မြင်အောင် လုပ်ပြခဲ့၏။

အချို့သော တော်ဝင်မျိုးနွယ်များသည် ဓားများကိုပင် သွေးလျက်ရှိနေ၏။ ရွှမ်ဝူအိမ်တော် ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် သူတို့ ချက်ချင်းရောက်ရှိလာခဲ့ပြီး အလောင်းကောင်များကို ခုတ်ကာဖြင့် ဝေစုကို ခွဲဝေယူကြမှာဖြစ်သည်။

အချိန်က နီးကပ်လာသည့်နှင့်အမျှ အားလုံးသော သူတို့သည် ကျင်းမိသားစု ပြုတ်ကျမည့်အခြေအနေကို စောင့်မျှော်လျက်ရှိ၏။ ဤအချိန်မှာတော့ ရှမ့်လန်သည် ယင်ယွမ်အဖွဲ့အစည်း၏ ဦးခေါင်းဆီသို့ ရွှေဒင်္ဂါး ခုနစ်သိန်းကျော်နှင့် ပိတ်ပေါက်ရန်စဉ်းစားထားခဲ့၏။

မည်မျှကောင်းမွန်သည့် မြင်ကွင်းမျိုးဖြစ်မည်နည်း။ ရှိရှိသမျှ ရန်သူအားလုံးတို့၏ မျက်နှာများကို ပိတ်ရိုက် လိုက်ခြင်းပင်ဖြစ်၏။ ဤကဲ့သို့သော ခံစားချက်သည် ကျိန်းသေပေါက်ကောင်းမွန်လွန်းသည့် ခံစားချက်ပင် ဖြစ်ပေလိမ့်မည်။

ရှမ့်လန်၏ ဝမ်ကျားကျွန်းမဟာဗျူဟာသည် အလှည့်အပြောင်း များပြားလွန်းပြီး ကောက်ကျစ်လွန်း၏။ အရာအားလုံးက အဆင်ပြေချောမွေ့စွာ ဖြစ်တည်လျက် ရှိနေသေး၏။ ကြီးမားသည့် အလှည့်အပြောင်း တစ်ခုသာလျှင် လိုအပ်၏။ ထိုအရာမှာ တကယ်ကမ်း လက်တွေ့လုပ်ဆောင်ခြင်းပင်ဖြစ်၏။

အချိန်များသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့၏။ အကြွေးပေးရမည့်နေ့ကလည်း တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ရွှေဒင်္ဂါးတစ်သန်းကျော် ရရန်အချိန်ကလည်း တဖြည်းဖြည်း နီးကပ် လာခဲ့၏။

.......

နုရှောင့်မြို့

ရှစ်ချင်းချင်းသည် စိတ်အားတက်ကြွစွာဖြင့် စောင့်မျှော်လျက်ရှိနေ၏။ နောက်ဆုံး ရွှမ်ဝူအိမ်တော်ဆီမှ သူလျှို ပေးပို့လိုက်သည့် စာအုပ်ထုပ်ကြီးကို သူမ ရရှိခဲ့သည်။

သူမအနေနှင့် ဤကဲ့သို့ လျှို့ဝှက်သူလျှိုတစ်ယောက်နှင့် တွေ့ဆုံရန်အတွက် အလွန်ခက်ခဲလို့ နေလေသည်လား။ အရမ်းခက်ခဲလှသည် မဟုတ်ချေ။ အဘယ့်ကြောင့် ဆိုသော် သူမသည် အလုံးစုံ အားလပ်လျက် ရှိနေသောကြောင့်ပင်။ ချောင်ယောင်းအာ၏ ရဲတိုက်ထဲတွင်ရှိနေသည့် အမျိုးသမီးပေါင်း များစွာတို့သည် အားလပ်လျက်ရှိနေ၏။

စာအုပ်ကို လက်ခံရရှိပြီးနောက် ရှစ်ချင်းချင်းသည် ထိုအရာကို အရင်ဆုံး ဖတ်ရှုလိုက်သည်။

ရှမ့်လန်… ကျွန်မကို စိတ်မပျက်စေနဲ့။ အချစ်အကြောင်းတွေ လျှောက်ပြီးရေးထားတာမျိုးမဖြစ်စေနဲ့။ ပြီးတော့ လိင်ကိစ္စတွေနဲ့ပတ်သက်ပြီး လျှောက်ရေးထားတာလည်း မဖြစ်စေနဲ့။ ကျွန်မဒါကိုဖတ်ရတာ နှစ်သက်တယ်။ ဒါပေမဲ့ ချောင်ယောင်းအာကတော့ နှစ်သက်မှာ မဟုတ်ဘူး။

ရှမ့်လန်၏ အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်း၏ ပထမဦးဆုံး အပိုင်းခုနစ်ပိုင်းကို ဖတ်ရှုရန်အတွက် ရှစ်ချင်းချင်းသည် အချိန်အတော်ယူလိုက်ရသည်။ ထိုအရာသည် စာလုံးရေ ၅၀၀၀၀ကျော်ပင် ရှိ၏။

စာအုပ်ကို ဖတ်ရှုပြီးနောက်တွင် ခံစားချက်တစ်ခုတည်းသာလျှင် ရရှိ၏။ အရမ်း ကောင်း၏။ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းလွန်း၏။ သူမကဲ့သို့ စာတတ်ပေတတ် လူတစ်ယောက်ပင်လျှင် သွေးများ ဆူပွက်သွားခဲ့သည်။

ချောင်ယောင်းအာတစ်ယောက် ကျိန်းသေပေါက် ကြိုက်နှစ်သက်မည်မှာ သေချာ၏။ ဤစာအုပ်သည် စိတ်လှုပ်ရှားစရာ ကောင်းပြီး ဖတ်ရှု၍လည်းကောင်းသည့် အရာမျိုးဖြစ်၏။ လွတ်လပ်ခြင်း၊ တိုက်ခိုက်ခြင်း၊ အရာအားလုံး ပါဝင်လျက် ရှိနေခြင်းပင်။ ဆန်းကြယ်မှုများကလည်း မိုးထိတက်လု မတတ်ပင်။

အထူးသဖြင့် ကောင်းကင်နန်းတော်ဆီသို့ သွားရောက်ပြီး တိုက်ခိုက်သည့် အခန်းမျိုးပင်ဖြစ်၏။ တကယ့်ကို စိတ်ကူးယဉ်ဆန်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ချောင်ယောင်းအာ အနှစ်သက်ဆုံးအရာပင် ဖြစ်ပေလိမ့်မည်။

ဤစာအုပ်သည် ချောင်ယောင်းအာအတွက် ဖန်တီးထားသည့် စာအုပ်ဟုပင် ပြောဆိုရပေမည်။ ရှစ်ချင်းချင်းသည် ဤစာအုပ်ကိုသာ သွား၍ ဖတ်ပြသည်ဆိုပါက ကျိန်းသေပေါက် ကြိုက်နှစ်သက် သွားမည်ဖြစ်ကြောင်း သေချာသိ၏။ ဤစာအုပ်သည် ချောင်ယောင်းအာ၏ စိတ်တစ်ခုလုံးကို အနိုင်ယူနိုင် ပေလိမ့်မည်။

နတ်ဆိုးမ ချောင်ယောင်းအာ.. စောင့်နေလိုက်တော့။ ကျွန်မရှင်ကို လဲပြိုကျသွားအောင်လို့ လုပ်ပြမယ်။ ကျွန်မ ရှစ်ချင်းချင်းက ကျိန်းသေပေါက် ရှင်ရဲ့ သီးသန့်အစေခံနေရာကို ရအောင်ယူဖို့ကြိုးစားမယ်။

သူမ၏ အမြင့်မားဆုံးသော ရည်မှန်းချက်သည် တစ်ဖက်လူ၏ သီးသန့်အစေခံ ဖြစ်လာရန် ဖြစ်လို့နေ၏။ ရှစ်ချင်းချင်းသည် တကယ့်ကို အသုံးမဝင်သလိုပင် ခံစားနေမိ၏။

All Chapters