အခန်း (၁၈၈)
Vol. 14 Ch. 188
နုရှောင့်မြို့ ....။
ချောင်ယောင်းအာ၏ ရဲတိုက်အတွင်းမှာတော့ ....
တိုက်ခိုက်စရာ မရှိသည့်နေ့သည် ပျင်းရိစရာကောင်းလွန်းလှ၏။ တိုက်ခိုက်ရခြင်းမရှိ၊ သတ်ဖြတ်ရခြင်းမရှိ၊ ကယ်တင်ရမည့်လူမရှိ။ သူမသည် ရည်မှန်းချက် ပျောက်ဆုံးနေသကဲ့သို့ ခံစားနေ၏။
ချောင်ယောင်းအာသည် ကိစ္စရပ်တော်တော်များများကို ပြုလုပ်ခဲ့ပြီး သူမ၏ ထိန်းချုပ်မှုအောက်တွင် ပင်လယ်ဓားပြနှင့် ရွက်သင်္ဘောပေါင်းများစွာ တည်ရှိနေသည်ကို လူပေါင်းများစွာက သိရှိ၏။ သူမသည် ကျိန်းသေပေါက် ရည်မှန်းချက်ကြီးမားပြီး ချောင်ရှောင်းနှင့် နုရှောင့်မြို့၏ ပိုင်ရှင်နေရာအတွက် ယှဉ်ပြိုင်ချင်သည်ဟု အားလုံးက ထင်မှတ်ကြပေမည်။
ချောင်ရှောင်းကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ တွေးတောမိ၏။ သို့ပေမည့် အစစ်အမှန်တရားမှာတော့ ခြားနား လွန်း၏။ သူမသည် နုရှောင့်မြို့တော်ဝန် ဆိုသည့်အရာကို စိတ်ဝင်စားမှု မရှိချေ။ သူမသည် စီမံခန့်ခွဲမှု၊ အရာအားလုံး လိုက်လံပြုလုပ်ရခြင်းကို ခေါင်းကိုက်၏။ သူမသည် စာအုပ်များကို ဖတ်ရှုရခြင်း၊ စကားများများ ပြောဆိုရခြင်း ကိုပင် နှစ်သက်သူတစ်ယောက် မဟုတ်ချေ။
သူမစိတ်ဝင်စားသည့် တစ်ခုတည်းသောအရာသည် တိုက်ခိုက်ခြင်းသာလျှင်ဖြစ်၏။ ရန်သူ မည်သည့် နေရာတွင် ရှိသနည်း။ တခြားဒုက္ခရောက်နေသည့်လူ မည်သူ့ကို ကူညီရန်လိုအပ်သနည်း။ ထိုအရာနှစ်ခုကလွဲလျှင် သူမသည် တခြားသောအရာများကို စိတ်မဝင်စားတတ်ချေ။
လူတော်တော်များများတို့သည် ထိုအရာကို ထူးဆန်းသည်ဟု ခံစားရပေမည်။
ချောင်ယောင်းအာသည် နေ့စဉ်နေ့တိုင်းဆိုသလို တိုက်ခိုက်၏၊ သတ်ဖြတ်၏၊ လက်ကျန်ဘဝတစ်ခုလုံးကို ဇာတ်လမ်းများ နားထောင်ခြင်းနှင့် ကုန်ဆုံး၏။ မည်သူမှသည် သူမ သိုင်းပညာလေ့ကျင့်သည်ကို မမြင်ရချေ။ သူမသာ မလေ့ကျင့်ဘူးဆိုပါက သိုင်းပညာအဆင့်အတန်းသည် အဘယ့်ကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိနေရသနည်း။ သူမသည် မည်သူမှမရှိသည့်အချိန်တွင် တိတ်တဆိတ် လေ့ကျင့်ခြင်းကို ပြုလုပ်နေသည်လား။
အစစ်အမှန်တရားမှာတော့ သူမသည် ပိုမိုကာ သက်တောင့်သက်သာနေထိုင်ပြီး တစ်ခါမှလည်း လေ့ကျင့်ခြင်း မရှိပေ။ ဘာကြောင့်မှန်းမသိပေ။ သူမသည် လေ့ကျင့်ခဲ့ခြင်း မရှိဘဲ တိုက်ခိုက်သတ်ဖြတ်ခြင်းကိုသာ ပြုလုပ်၏။ သူမ၏ သိုင်းပညာအဆင့်အတန်းသည် ထိုမှတစ်ဆင့် တမဟုတ်ချင်း တိုးတက်လာခဲ့ခြင်း ဖြစ်၏။
သူမ၏ သိုင်းပညာ ဤကဲ့သို့ မြင့်မားစွာ တိုးတက်လာခြင်းနှင့်ပတ်သက်၍ သူမကိုယ်တိုင်ပင်လျှင် အံ့အားသင့်ခဲ့၏။ သူမ ဘာမှ ဘာတစ်ခုမှ ထူးထူးခြားခြား ပြုလုပ်ခဲ့ခြင်းမဟုတ်ချေ။ အဘယ်သို့ သိုင်းပညာက ဤမျှ အဆင့်အတန်းထိ မြင့်မားလာခဲ့ရသနည်း။ သူမကိုယ်တိုင်ပင် သေသေချာချာ မသိချေ။ သူမနှင့် တိုက်ခိုက်ခဲ့သည့် လူများသာလျှင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြပြီး သူမ၏ သိုင်းပညာအဆင့်အတန်းကို သက်သေပြခဲ့သည်။
ထန်ယင်သည် ကြယ်ကြွေဓားနည်းစနစ်ကို အသုံးပြုကာဖြင့် ရန်သူကို ဖိနှိပ်အနိုင်ယူခဲ့၏။ သူ၏နားဆီသို့ ကပ်လာသည့် လူပေါင်းများစွာတို့ကို အနိုင်တိုက်ခဲ့၏။ သူ၏ ဓားနည်းစနစ် ကျိုးပျက်သွားပြီးနောက် ရှုံးနိမ့်ခဲ့ရ၏။
သို့ပေမည့် ချောင်ယောင်းအာတွင် သိသာထင်ရှားသည့် တိုက်ကွက်ဟူ၍ မရှိချေ။ သူမသည် အစစ်မှန်ချီများ၊ အတွင်းအားကို အသုံးပြုကာ တိုက်ခိုက်၏။ သူမ၏ ၅၀ ကီလိုဂရမ်ခန့် လေးလွန်းသော ဓားကြီးနှစ်လက်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာကြီးကဲ့သို့ပင်။ သေမင်း၏ လက်ထဲတွင်ရှိနေသည့် တံစဉ်ကြီးနှင့်ပင် ဆင်တူသည်။
သူမနှင့်တိုက်ခိုက်သည့်လူများသည် တိုက်ကွက်တစ်ကွက်ကိုပင် အပြည့်အဝ ထုတ်ဖော်တိုက်ခိုက်နိုင်ခြင်း မရှိကြချေ။ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
လူပေါင်းများစွာတို့သည် ထန်ယင်ကို တိုက်ခိုက်ရန် လာရောက် စိန်ခေါ်တတ်ကြ၏။ အများဆုံး အနောက်ဘက်သို့ လွှင့်စင်ပြီး ရှုံးနိမ့်သွားရုံသာလျှင်ရှိ၏။ သို့ပေမည့် ချောင်ယောင်းအာကိုတော့ မည်သူမှလာရောက်ကာ စိန်မခေါ်ရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ကွက်အတွင်း တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သောကြောင့်ပင်။ သူမသည် လေ့ကျင့်ခြင်းမရှိ၊ အလှအပ ပြင်ဆင်ခြင်းလည်း မရှိသလို လက်ဝတ်ရတနာ များကို ဝတ်ဆင်ရခြင်းလည်း မနှစ်သက်ချေ။
ထို့အပြင် အနုပညာလေးမျိုးကို လေ့ကျင့်ရခြင်းကိုလည်း မနှစ်သက်ချေ။ သူမ နှစ်သက်သည်မှာ ဇာတ်လမ်း ဝတ္ထုများကို နားထောင်ရခြင်းပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသောကြောင့်ပင်။ ရှုပ်ထွေးသည့် ဇာတ်လမ်းများ မဖြစ်လျှင် ပိုကောင်း၏။ သူမသည် ဦးနှောက်ကို အသုံးပြုရခြင်းအား မနှစ်သက်ချေ။
ဟုတ်ပေ၏။ သူမသည် ညံ့ဖျင်းလွန်းသည့် လူတစ်ယောက် မဟုတ်ချေ။ အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် အလွန်ဉာဏ်ကောင်းသည့် လူလည်းဖြစ်သည်။ သူမသည် ဦးနှောက်ကို အသုံးမပြုချင်ရုံ သက်သက်သာလျှင် ဖြစ်၏။ ဇာတ်လမ်းများနားထောင်ရခြင်းသည် သူမ၏ အချိန်ပိုများကို ကုန်လွန်သွားစေ၏။
ဇာတ်လမ်းများ နားထောင်ရခြင်း၏ ဝါသနာသည် ငယ်စဉ်ကလေးဘဝ၏ မှတ်ဉာဏ်များဆီမှ အခြေတည်၍ ဖြစ်တည်လာခဲ့ခြင်းဖြစ်၏။ ထိုအရာသည် အသက်လေးနှစ် သို့မဟုတ် ငါးနှစ်နီးပါးခန့်က ဖြစ်ပေလိမ့်မည်။ သူမ၌ ကလေးဘဝ၏ မှတ်ဉာဏ်ဟူ၍ ကြီးကြီးမားမား မရှိချေ။ သူမ သိရှိသည်မှာ တစ်စုံတစ်ယောက်က ပုံပြင် ပြောဆိုနေခြင်းသာလျှင်ဖြစ်၏။ ထို့အပြင် ထိုအသံသည် အလွန်နွေးထွေး၏၊ အလွန်အားကောင်း၏။ အလွန်လေးနက်သည့် အသံမျိုးပင်။
သူမ ကြီးပြင်းလာပြီး အရွယ်ရောက်သည့်အချိန်မှာတော့ သူမ မှတ်မိနေသည့် ထိုအသံပိုင်ရှင်ကို လိုက်လံ ရှာဖွေချင်မိ၏။ သို့ပေမည့် ရှာမတွေ့ခဲ့ချေ။ ဘယ်သွားရှာရမှန်းလည်း မသိချေ။ အဆုံးသတ်မှာတော့ သူမသည် ဇာတ်လမ်းဝတ္ထုများကို နားထောင်ခြင်းကိုသာလျှင် စွဲလမ်းလာခဲ့၏။ ကံဆိုးစွာဖြင့် ဇာတ်လမ်းဝတ္ထုကောင်း ဆိုသည်မှာ ရှားပါးလွန်း၏။ ဇာတ်လမ်းတော်တော်များများသည် အချစ်၊ နိုင်ငံရေး၊ တခြားအကြောင်းအရာများနှင့် ပြည့်နှက်လျက်ရှိ၏။ စိတ်ဝင်စားစရာမကောင်းချေ။
သူမ အနှစ်သက်ဆုံးသော ဇာတ်လမ်းများသည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းသာလျှင်ဖြစ်၏။ ထိုအရာများကို နားထောင်ရလျှင် ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ပင်ပန်းမည် မဟုတ်ချေ။ သို့ပေမည့် ထိုကဲ့သို့သော ဇာတ်လမ်းကောင်းများကလည်း အနည်းငယ်သာလျှင်ရှိ၏။ သူမ၏ မျှော်လင့်ချက်များကို နှိမ့်ချထားခဲ့သည် ဆိုလျှင်တောင်မှ ဇာတ်လမ်းများသည် နားထောင်၍ မရနိုင်လောက်အောင်ပင် ဆိုးရွားလာခဲ့၏။
လွန်ခဲ့သည့် လအနည်းငယ်တုန်းက တစ်စုံတစ်ယောက်သည် သူ့အား မာယာမျဉ်းပြိုင်စာအုပ်ကို ရွတ်ဖတ် ပြသခဲ့၏။ ထိုအရာသည် တောင်ဝင်မျိုးနွယ်မှ သမက်တော်တစ်ယောက် ရေးသားထားခဲ့သည့် ဇာတ်ကြောင်းဖြစ်ကြောင်း ကြားခဲ့ရသည်။
အမှိုက်ကဲ့သို့သော စာများကို အဘယ့်ကြောင့် ရေးသားရသနည်း။ ထို့အပြင် ရှက်ရွှံ့စရာကောင်းသည့် ဇာတ်လမ်းမျိုးလည်းဖြစ်၏။ ထို့ကြောင့် ထိုဇာတ်လမ်းကို ပြောပြသည့် မိန်းကလေးကိုပင် အိမ်သာဆေးရန် သူမ အပြစ်ပေးခဲ့၏။
ကံကောင်းစွာဖြင့် ဤနေရာတွင် ထိုအရာကိုရေးသားသည့် စာရေးသူမရှိခြင်းပင်။ မဟုတ်ပါက ချောင်ယောင်းအာ သည် တိုက်ရိုက်ဆိုသလိုပဲ ဆွဲခေါ်ကာဖြင့် ဆံပင်ကိုဆွဲကာ ပါးကိုတဖြန်းဖြန်းရိုက်မိမှာ သေချာသည်။
“သခင်မ.. သွေးထွက်နေပြန်ပြီး နှာခေါင်းကနေ” ဘေးတစ်ဖက်တွင်ရှိနေသည့် အစေခံ လုရီသည် ရုတ်တရက် ထကာ အော်လိုက်၏။
ချောင်ယောင်းအာသည် သူ၏မျက်လုံးများမှုန်မှိုင်းပြီး နာကျင်သွားသည်ကို ခံစားမိ၏။ သူမ၏ခေါင်းကလည်း မူးဝေဝေဖြစ်သွား၏။ မျက်လုံးကို အသာမှိတ်ခါဖြင့် လက်ချောင်းများနှင့် နှာခေါင်းဝတွင် ရှိနေသည့် သွေးများကို သုတ်လိုက်၏။
တခြားသောသူများအတွက် ဤကဲ့သို့ သွေးထွက်ခြင်းဆိုသည်မှာ ကြောက်စရာကောင်းသည့် အရာဖြစ်၏။ သို့ပေမည့် ချောင်ယောင်းအာသည် များများစားစား တွေးတောမနေခဲ့ချေ။
ဘဝတွင် မည်သည့်အရာက ပျော်ရွှင်မှု ဖြစ်သနည်း။ သေခြင်းတရား၏ ကြောက်လန့်မှုဆိုသည်မှာ ဘာဖြစ်သနည်း။
“အင်း… ဒီနေ့ ဇာတ်လမ်းဝတ္ထုပြောမယ့်လူက ဘယ်သူလဲ”
သူမ၏ သီးသန့်အစေခံ လုရီက ပြောလိုက်၏။ “လူလေးယောက်ရှိပါတယ်”
ပုံပြင်များပြောပြခြင်း၊ ဇာတ်လမ်းများပြောပြခြင်းသည် ကောင်းမွန်သည့် အလုပ်တစ်ခုဖြစ်၏။ ထို့အပြင် ရဲတိုက်ကြီးတွင် အဆင့်တိုးတက်နိုင်သည့် အမြန်ဆုံးသောနည်းလမ်းလည်းဖြစ်၏။ သို့ပေမည့် ချောင်ယောင်းအာ သည် လွယ်လွယ်ကူကူနှင့် ပျင်းရိတတ်လေ၏။ နားထောင်ရင်း ပျင်းရိသွားသည့် ဇာတ်လမ်းမျိုးဆိုပါက ထိုသူကို ချက်ချင်းပဲ နှင်လွှတ်တတ်သည်။
ဤကဲ့သို့သောအလုပ်သည် ပြိုင်ဆိုင်မှုများပြားလွန်း၏။ အောင်မြင်နိုင်ချေသည်လည်း နည်းပါးလွန်း၏။ အခြေခံအားဖြင့် ချောင်ယောင်းအာသည် ဆယ်ရက်ကျော်ကြာအထိ ဇာတ်လမ်းတစ်ခုကို ပြောဆိုနိုင်သည့်လူ၍ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ဇာတ်လမ်းများသည် ပြောရင်း တဖြည်းဖြည်းနှင့် နည်းပါးလာခဲ့၏။ ဇာတ်လမ်းများသည် ကျိန်းသေပေါက် ပျင်းရိစရာကောင်းသည့် ဇာတ်လမ်းများဖြစ်လာခဲ့၏။
“အင်း… သူတို့ကို ဝင်ခိုင်းလိုက်”
မကြာခင်မှာပဲ ဇာတ်လမ်းပြောပြမည့် မိန်းမလှလေး လေးယောက် ဝင်ရောက်လာ၏။ နောက်ဆုံးမှာတော့ ရှစ်ချင်းချင်းသည် ချောင်ယောင်းအာကို ထပ်မံကာ တွေ့ခဲ့ရပြီဖြစ်၏။ သူမသည် နှလုံးခုန်သံများပင် မြန်ဆန်လျက် ရှိနေ၏။ ဤမိစ္ဆာမသည် ထိုင်ခုံထက်တွင် ပျင်းရိစွာဖြင့် မှီလျက်ရှိနေ၏။ ကြည့်ကောင်းလွန်းလှသည့် ခန္ဓာကိုယ်သည် မိန်းကလေးချင်းပင် ငေးကြည့်ရလောက်သည့် အခြေအနေမျိုးဖြစ်သည်။
ရှစ်ချင်းချင်းသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ချောင်ယောင်းအာ၏ ခန္ဓာကိုယ်သွင်ပြင်နှင့် မျက်နှာအမူအရာကို မြင်ရသည့်အချိန်မှာတော့ နှလုံးသားထဲတွင် ခံစားချက်တချို့ပင် လှိုက်တက်လာခဲ့၏။ ဤအမျိုးသမီးသည် နုရှောင့်မြို့တွင်သာ မဟုတ်ဘဲ အပြင်ဘက်တွင်လည်း ကိုးကွယ်ခံထားရမည့် မိန်းကလေးမျိုး ဖြစ်ကြောင်းသိရှိမိ၏။
ချောင်ယောင်းအာသည် အမျိုးသမီးများကို မနှစ်သက်ချေ။ သို့ပေမည့် အမျိုးသမီးများကတော့ သူမကို နှစ်သက်၏။ ဤမိစ္ဆာမသည် တကယ့်ကို အဆင့်အတန်းမြင့်မားပြီး အားလုံးသောသူတို့က ငေးကြည့်ရသည့် အရှိန်အဝါမျိုးကို ဖန်တီးထား၏။ ရှစ်ချင်းချင်းသည် အလွန်လှပ၏။ သို့ပေမည့် သူမ၏ မျက်လုံးထဲတွင်တော့ ရှစ်ချင်းချင်းသည် ဘာမှမဟုတ်ချေ။
လုရီသည် ချောင်ယောင်းအာ ဘေးနားရှိ သီးသန်းအစေခံတစ်ယောက် ဖြစ်၏။ သူမသည် ချောင်ယောင်းအာ ကယ်တင်ခဲ့သည့် ပထမဦးဆုံးလူလည်းဖြစ်၏။ ချောင်ရှောင်းအား၏ ဘေးတစ်ဖက်တွင် ဆယ့်သုံးနှစ်နီးပါး နေထိုင်ခဲ့သူဖြစ်ပြီး ချောင်ယောင်းအောင်၏ ကယ်တင်မှုကို ရရှိခဲ့စဉ်က သူမသည် အသက် ရှစ်နှစ် အရွယ်သာလျှင် ရှိသေး၏။
သူမ၏ မိဘများသည် သေဆုံးသွားခဲ့ပြီး သူမသည် ချောင်ယောင်းအာ၏ အနီးကပ်ဆုံး လူတစ်ယောက် ဖြစ်လာခဲ့၏။ သို့ပေမဲ့ ချောင်ယောင်းအာသည် သူမနှင့် နီးကပ်သည်ဆိုသော စိတ်ခံစားချက်များကို တစ်ခါမှ မပြသခဲ့ချေ။
ရှစ်ချင်းချင်းသည် ချောင်ယောင်းအာကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သို့ပေမည့် တစ်ချက်ကလေးမှ ပြန်လည်ကာ ကြည့်ရှုခြင်း မခံရချေ။ ပြောရမည်ဆိုလျှင် ချောင်ယောင်းအာသည် သူမ၏ တည်ရှိမှုကို မေ့လျော့လျက် ရှိနေ၏။ ချက်ချင်းပဲ ရှစ်ချင်းချင်းသည် ဝမ်းနည်းသလို ခံစားလိုက်ရ၏။
သို့ပေမည့် သူမ၏အကြည့်သည် လုရီကို ပိုမိုကာ စိတ်ပျက်သွားစေခဲ့၏။ ဆိုးဆိုးရွားရွား သခင်မကို စိုက်ကြည့်နေလေသည်လား။ မိမိကိုယ်ကိုယ် ဘာထင်နေသနည်း။ အသက်မရှင်ချင်ဘူးလား။ အထွန့်တက်ချင်သည့် မိန်းမကို သူမ ကောင်းကောင်း ပညာပြရမည်။
ရှစ်ချင်းချင်းကလည်း တွေးတောလျက် ရှိနေ၏။ လုရီ.. ငါ့ကို အခွင့်အရေး မရှာမိစေနဲ့။ ငါသာ အခွင့်အရေး ရရင် မင်းကို သတ်ပြီး မင်းနေရာကိုယူမယ်။
လုရီက အေးစက်စက် ပြောလိုက်သည်။ “ဒီနေ့ ဘာပုံဇာတ်လမ်းကို ပြောချင်တာလဲ။ ဇာတ်လမ်းရဲ့ နာမည်ကို အရင်ဆုံးပြော။ ပြီးတော့ ဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကို အရင်ဆုံး ချရေးပေးထား။ စာလုံးရေ တစ်ရာထက် ကျော်လို့မရဘူး။ ပြီးတော့ ဒီထဲမှာ ဆွဲဆောင်မှုအရှိဆုံး ဇာတ်လမ်းကို ပြောပြနိုင်တဲ့ လူတစ်ယောက်ပဲ ကျန်ခဲ့ရလိမ့်မယ်”
ဤအရာသည် ထပ်တူညီသည့် အရာပင်ဖြစ်၏။ ခေါင်းစဉ်ကို ကြည့်မည်။ ပြီးနောက် ဇာတ်လမ်းအကျဉ်းကို ကြည့်ရှုမည်။
“ကျွန်မပြောမယ့်ဇာတ်လမ်းကတော့ ဓားပြသတ်သူ ဒဏ္ဍာရီလို့ အဓိပ္ပာယ်ရပါတယ်။ အမျိုးသမီး သူရဲကောင်းတစ်ယောက်က ငယ်ရွယ်စဉ်ထဲက မိဘတွေသေဆုံးသွားခဲ့ကြတယ်။ သူ့ကို သိုင်းပညာကျွမ်းကျင်သူ တစ်ယောက်က ကယ်တင်ခဲ့တယ်။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူမက ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာခဲ့ပြီး သူမမိဘတွေအတွက် လက်စားချေခဲ့တာပေါ့”
ဤအရာသည် ဖန်တရာတေ ထပ်တလဲလဲ ထပ်နေသည့် ဇာတ်လမ်းမျိုးသာလျှင်ဖြစ်၏။ ချောင်ယောင်းအာသည် ထိုကဲ့သို့သော ဇာတ်လမ်းမျိုးကို အကြိမ် ၁၀၀ ကျော်လောက်နားထောင်ခဲ့ဖူးပြီ။
ဒုတိယမြောက်အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မပြောချင်တဲ့ ဇာတ်လမ်းကတော့ သူရဲကောင်း တစ်ယောက်ရဲ့ ဒဏ္ဍာရီပါပဲ။ ဒီမှာ ဓားပြတွေရဲ့ ဖမ်းချုပ်ခြင်းကို ခံထားရတဲ့ မိန်းကလေးတစ်ယောက် အကြောင်းပါပဲ။ ..............…”
ဤအရာသည်လည်း ထပ်တူညီစွာပင်။ ချောင်ယောင်းအာသည် ထိုအရာများကို အကြိမ် ၅၀ ထက်မက နားထောင်ခဲ့ဖူးပြီ။
တတိယမြောက်အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မပြောချင်တဲ့ ဇာတ်လမ်းကတော့ ထိပ်သီးအမျိုးသမီးတဲ့။ မိသားစုတစ်ခုမှာ သားက အသုံးမဝင်ဘူး။ သမီးတစ်ယောက်တည်းကပဲ သိုင်းပညာကျင့်ကြံဖို့ ပါရမီပါခဲ့တယ်။ သူမက ယောက်ျားတစ်ယောက်အဖြစ် ရုပ်ဖျက်ပြီး နန်းတွင်းစာမေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်တယ်။ ပြီးတော့ ဗိုလ်ဆွဲခဲ့တယ်။ အဆုံးသတ်မှာ ... သူမက သူမရဲ့ နာမည်ကို ရေးထိုးနိုင်ခဲ့ပြီး စစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့တယ်”
ချက်ချင်းပဲ ချောင်ယောင်းအာ၏ မျက်လုံးများက လင်းလက်သွား၏။ ဤဇာတ်လမ်းသည် တကယ့်ကို စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။ သူမ သခင်၏ မျက်လုံးများကို မြင်ရသည့်အချိန်မှာ လုရီသည် ချက်ချင်းပဲ တတိယမြောက်အမျိုးသမီးကို အခွင့်အရေးပေးရန် ရွေးချယ်လိုက်သည်။
ရှစ်ချင်းချင်းက တုန်ယင်သွားခဲ့၏။ ဇာတ်လမ်းပြောပြသည့် ပြိုင်ဆိုင်မှုကပင် ဤမျှ ကြမ်းတမ်းပြီး အပြိုင်အဆိုင်များလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ ရှမ့်လန်၏ ဇာတ်လမ်းသည် တကယ့်ကို ကောင်းကောင်းမွန်မွန် ရေးသားခဲ့ခြင်းဖြစ်၏။ သို့ပေမည့် ခေါင်းစဉ်သည် သာမန်ဆန်လွန်းနေ၏။
အနောက်အရပ်သို့ ခရီးသွားခြင်း။ ဤအရာသည် နာမည်ကောင်းတစ်ခု မဟုတ်ချေ။
ချောင်ယောင်းအာအတွက် ကျိန်းသေပေါက် နာမည်သည် ကြောက်ခမန်းလိလိကောင်းမွန်သည့် အရာဖြစ်ပြီး နားထောင်လိုက်သည်နှင့် စွဲမက်သွားစေမည့် အရာမျိုးဖြစ်ရမည်။
ထို့ကြောင့် ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျွန်မပြောချင်တဲ့ ဇာတ်လမ်းကတော့ ဗုဒ္ဓက ဖျက်ဆီးခံရလိမ့်မယ်”
ချက်ချင်းပဲ ချောင်ယောင်းအာ၏ မျက်လုံးများက ပွင့်သွား၏။ မည်မျှကြမ်းတမ်းသည့် နာမည်ဖြစ်သနည်း။
ရှစ်ချင်းချင်းသည် ဆက်လက်ကာ ပြောလိုက်၏။ “ကောင်းကင်နဲ့ မြေကြီးကြား လောကတစ်ခုမှာ ကျောက်တုံးကနေ မွေးဖွားလာတဲ့ သတ္တဝါတစ်ကောင်ရှိတယ်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက်မှာ အဲဒီကျောက်ကနေဖြစ်တည်ခဲ့တဲ့ မျောက်က အသက်ဝင်လာခဲ့တာပေါ့။ အရွယ်ရောက်လာတဲ့အချိန်မှာ ၇၂ မျိုးသော အသွင်ပြောင်းနည်းကို သင်ယူခဲ့တယ်။ တစ်ချက်ခုန်လိုက်ရုံနဲ့ မိုင်ပေါင်းတစ်သိန်းရှစ်သောင်း ကျော်ကို သွားနိုင်တယ်။ နတ်ဘုရားတွေကို သတ်ဖြတ်ပစ်တယ်။ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ ကျောက်စိမ်းအင်ပါယာကိုတောင် အနိုင်ယူနိုင်တယ်”
ချက်ချင်းပဲ ချောင်ယောင်းအာ၏ ခန္ဓာကိုယ်သည် မတ်ခနဲဖြစ်သွားခဲ့၏။ တကယ့်ကို ကောင်းမွန်သည့် ဇာတ်လမ်းမျိုးပင် ဖြစ်ပေလိမ့်မည်။ သူမသည် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို တစ်ခါမှမကြားဖူး၊ နားမထောင် ခဲ့ဖူးချေ။
လုရီသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိ၏။ သို့ကြောင့် ချက်ချင်းပြောလိုက်၏။ “တတိယတစ်ယောက် နေခဲ့။ ကျန်တဲ့လူတွေ အကုန်လုံးထွက်သွားတော့”
သူမသည် အခွင့်အာဏာကို အသုံးပြုပြီး ရှစ်ချင်းချင်းကို ဖိနှိပ်ရန်ကြိုးစားလိုက်ခြင်းပင်။
သို့ပေမည့် ချောင်ယောင်းအာသည် ဝင်ရောက်ကာပြောလိုက်၏။ “နောက်ဆုံးတစ်ယောက်နေခဲ့၊ ငါ… ဗုဒ္ဓဖျက်ဆီး ခံရမယ်ဆိုတဲ့ ဇာတ်ကြောင်းကို နားထောင်ချင်တယ်”
အခြားသော မိန်းကလေးသုံးယောက်တို့သည် ထွက်ခွာသွားခဲ့၏။ မထွက်ခွာချင် ထွက်ခွာချင်နှင့်ပင်။ တကယ်တမ်း မှာတော့ သူတို့အားလုံးသည် ကြာရှည်စွာ ပြင်ဆင်ထားခဲ့ကြခြင်းဖြစ်၏။ ဦးနှောက်ကို အလွန်အမင်း အသုံးပြုကာဖြင့် ကြိုးစားထားခဲ့ခြင်းဖြစ်၏။ မည်သူက သိရှိမည်နည်း။ တစ်ခါတည်းပင် နောက်ပြန်ဆုတ်ခဲ့ရသည်။
ချောင်ယောင်းအာသည် ဇာတ်လမ်းကို နားထောင်သည့်အချိန်မှာတော့ တခြားသောသူများနှောင့်ယှက်ခြင်းကို မကြိုက်ချေ။ သူမသည် လေးလေးနက်နက်နှင့် နားထောင်တတ်သည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် အမွှေးတိုင်ကိုပင်ထွန်းပြီး ဇာတ်လမ်းကို သက်ဝင်ခံစားမှုအပြည့်ဖြင့် နားထောင်တတ်သူတစ်ယောက် ဖြစ်၏။
ရှစ်ချင်းချင်းသည် ဇာတ်လမ်းကို တရားဝင်စတင်ကာပြောဆို၏။ မပြောခင် သူမသည် စာအုပ်ထဲတွင် ရှိနေသည့် အကြောင်းအရာ အနည်းငယ်ကို ရည်ရွယ်ချက်ရှိရှိနှင့် ဖော်ထုတ်ပြောဆိုခဲ့၏။ အလျင်မလိုချေ။ တဖြည်းဖြည်းချင်း ပြောဆိုနေခြင်း ဖြစ်သည်။
..........…
တကယ်ကို ဆန်းကြယ်လွန်း၏။ ခမ်းနားလွန်း၏။ နားထောင်ကောင်းလွန်း၏။
ရှစ်ချင်းချင်းသည် ပြောဆိုလျက်ရှိနေတုန်းမှာပဲ ချောင်ယောင်းအာ၏ မျက်နှာကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းကာကြည့်ရှု၏။ ချောင်ယောင်းအာတစ်ယောက် စိတ်မဝင်စားဘဲနေမည်ကို သူမ စိုးရိမ်မိ၏။ သို့ပေမည့် သူမ အစိုးရိမ်လွန်နေခြင်းသာလျှင် ဖြစ်သည်။
ချောင်ယောင်းအာသည် လေးလေးနက်နက်နှင့် နားထောင်လျက်ရှိနေပြီး မျက်လုံးကို မှိတ်ထား၏။ ပြောရမည်ဆိုလျှင် သူမသည် စိတ်ထဲတွင် ဇာတ်လမ်း၏ သဘောတရားအား ပုံဖော်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
ချောင်ယောင်းအာသည် စာဖတ်ရှုရခြင်းကို မနှစ်သက်ချေ။ သို့ပေမည့် စကားလုံးများကို ပုံဖော်သည့်နေရာတွင်တော့ အလွန်ကောင်း၏။
ရှစ်ချင်းချင်းသည် ချောင်ယောင်းအာ၏ မျက်နှာကို ကြည့်ရှုကာဖြင့် ဇာတ်လမ်းကို ဆွဲဆောင်မှုအပြည့်ဖြင့် ပြောဆိုလျက် ရှိနေသည်။ သူမ ခဏ ရပ်ကြည့်လိုက်သည်။
“ဆက်ပြောပါ” ချောင်ယောင်းအာက ပြောလိုက်၏။
“အင်း... ကောင်းပါပြီ” ပြီးနောက် ရှစ်ချင်းချင်းသည် ဆက်လက်ကာ ပြောဆိုလိုက်သည်။
ချောင်ယောင်းအား၏ မျက်လုံးများသည် တဖြည်းဖြည်းနှင့် ဖွင့်လာခဲ့၏။ သူမသည် စာလုံးတစ်ခုချင်းစီကိုမှ မလွတ်သွားချင်သည့်ပုံပင်။
ရှစ်ချင်းချင်း ခဏလောက် ရပ်သွားသည့်အချိန်တိုင်း ချောင်ယောင်းအာသည် ရေနွေးခွက်ကို အသာထည့်ပေးပြီး လည်ချောင်းရှင်းစေရန် ရေနွေးပင် တိုက်လျက်ရှိနေ၏။ ဤသို့ တစ်ခါမှမဖြစ်ခဲ့ဖူးချေ။
ရှစ်ချင်းချင်းသည် အလွန်ပင်ဝမ်းမြောက်လာခဲ့၏။ သူသည် သေချာပေါက် အောင်မြင်တော့မှာဖြစ်၏။ သူမသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏စကားပြောဆိုမှုကို အရှိန်နှေးလိုက်၏။
ဟုတ်ပေ၏။ သူမသည် အချိန်ဆွဲရပေမည်။ သူမ၌ စာလုံးရေ ၅၀၀၀၀ ကျော်သာလျှင်ရှိ၏။ မြန်မြန်ဆန်ဆန်နှင့် ပြောမည်ဆိုပါက နှစ်ရက်၊ သုံးရက်အတွင်း ဇာတ်လမ်းက ပြီးဆုံးသွားနိုင်၏။ ထိုသို့ဆိုလျှင် သူမ မည်သို့ ဆက်ပြောရမည်နည်း။
ချောင်ယောင်းအာသည် ဇာတ်လမ်း၏ အကြောင်းအရာအားလုံးကို သေသေချာချာ မှတ်သားထားခဲ့သည် ဆိုသော်လည်း ထိုအရာများအားလုံးကို ချဲ့ကားကာ ပြောဆိုဖို့အတွက်ဆိုသည်မှာ မလွယ်ချေ။ သူမသည် ပထမဦးဆုံးအားဖြင့် စွန်းဝူခုံးတစ်ယောက် ဆရာကြီးဆီ၌ သွားရောက် ပညာသင်ယူခဲ့သည့် အကြောင်းအရာ များကို သေသေချာချာ ပြောဆိုခဲ့၏။ ပြီးသည့်နောက် စွန်းဝူခုံးတို့ တည်ရှိနေသည့် လောကကြီး၏ အကြောင်းအရာ ကို မိတ်ဆက်ခဲ့၏။
တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလွန်းလှ၏။ အထူးသဖြင့် ချောင်ယောင်းအာအတွက်ပင်။ ဤဇာတ်လမ်းမျိုးသည် သူမ မထင်မှတ်ထားသည့် ဇာတ်လမ်းမျိုးပင်ဖြစ်၏။ အဓိကဇာတ်ကောင်သည် ကျောက်တုံးမှ ဖြစ်တည်လာခဲ့သည့် မျောက်တစ်ကောင်ဖြစ်၏။ ထိုအရာလောက်နှင့် မပြီးသေးချေ။ ထိုမျောက်တည်ရှိရာ လောကကြီးသည် ဆန်းကြယ်ပြီး ပြည့်စုံသော လောကကြီးတစ်ခုဖြစ်နေသည်။