အခန်း (၁၈၉)
Vol. 14 Ch. 189
ဤလောကကြီးသည် ချောင်ယောင်းအာ စိတ်ကူးထားခဲ့သည့် လောကကြီးတစ်ခုဖြစ်၏။ ဆန်းကြယ်၏။ မှော်ဆန်၏။ ခမ်းနားကြီးကျယ်၏။ ဤကဲ့သို့သော လောကတစ်ခုဆီသို့ သွားရောက်ရန် သူမ အိပ်မက်ပင် မက်ခဲ့ဖူး၏။ တုတ်တစ်ချောင်းကို ကိုင်စွဲကာဖြင့် ကောင်းကင်ပေါ်သို့ သွားရောက်တိုက်ခိုက်ခြင်း။ တကယ့်ကို ကောင်းမွန်သည့် အရာမျိုးပင်ဖြစ်လိမ့်မည်။
ဤဇာတ်လမ်းကို နားထောင်ပြီးနောက် သူမ နားထောင်ခဲ့ဖူးသည့် ယခင်က ဇာတ်လမ်းအားလုံးတို့သည် ခွေးချေးကဲ့သို့ပင် ရွံရှာစရာကောင်းလွန်းသွား၏။ သူမအနေနှင့် ဤကဲ့သို့ ကောင်းမွန်သည့် ဇာတ်လမ်းမျိုးကို ဝိုင် ကောင်းကောင်းနှင့် သောက်ကာ နားထောင်မှသာလျှင် အရသာရှိပေလိမ့်မည်။ တကယ့်ကို စိတ်ကျေနပ်စရာပင်။
ရှစ်ချင်းချင်း ပထမအပိုင်းကို ပြောဆိုပြီးပြီးသည့်နောက်မှာတော့ ချောင်ယောင်းအာသည် စကားစဖြတ်ကာ ပြောလိုက်၏။ “ဒီနေ့အတွက် ဒီနေရာမှာ ရပ်ကြရအောင်”
ရှစ်ချင်းချင်းက စိုးရိမ်ပူပန်သွားသည်။ “ကျွန်မ… ကျွန်မပြောတာ မကောင်းလို့လား”
ချောင်ယောင်းအာက ပြောလိုက်၏။ “မဟုတ်ဘူး။ အရမ်းကောင်းလွန်းတယ်”
ဇာတ်လမ်းသည် အရမ်းကောင်းလွန်းသလို ဇာတ်လမ်းထဲရှိနေသည့် လောကကြီးကလည်း အရမ်းကောင်းလွန်းသည်။ ချောင်ယောင်းအာသည် ထိုအရာကို ထပ်တလဲလဲ ပြန်လည်သုံးသပ်၍ နှလုံးသားထဲတွင် ပုံဖော်ကြည့်ရန် လိုအပ်နေ၏။ သူမသည် သူမ၏စိတ်ထဲတွင် ပထမဦးဆုံးသော အပိုင်းအား သေသေချာချာဖြင့် အလုံးစုံပုံဖော်ပြီးမှသာလျှင် ဒုတိယအပိုင်းကို ဆက်လက် နားထောင်ရန် ဆုံးဖြတ်လိုက်၏။ အသေးစိတ် တစ်ခုချင်းစီကို လွတ်ထွက်မသွားစေရန်ပင်။
ချောင်ယောင်းအာသည် စိတ်လှုပ်ရှားစရာကောင်းသည့် ဇာတ်လမ်းများကို နားထောင်ရခြင်းအား နှစ်သက်သည်ဟု လူတော်တော်များများက ထင်မှတ်ခဲ့ကြ၏။ သို့ပေမည့် သူမ အလိုချင်ဆုံးအရာသည် လောကသစ်ကြီး တစ်ခုဆီသို့ လှည့်လည်သွားရောက်ရန်ပင်ဖြစ်၏။
ထို့ကြောင့်ပင်လျှင် သူမသည် နုရှောင့်မြို့ထဲတွင် နေထိုင်သည်ဆိုသော်လည်း အချိန်မရွေး ပင်လယ်ထဲသို့ ထွက်ကာ လှည့်လည်လျှောက်သွားနေခြင်းပင်ဖြစ်၏။ သူမနှလုံးသား၏ ဟိုးအနက်ရှိုင်းဆုံး တည်နေရာတွင် ထူးဆန်းသည့် လောကကြီးများဆီသို့ လှည့်လည်သွားလာချင်သည် စိတ်ဆန္ဒက တည်ရှိနေသည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “စုစုပေါင်း ဒီဇာတ်လမ်းကို ဘယ်လောက် ပြောရမလဲ”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “အကြိမ် ၁၀၀ လောက်ပါ”
ချောင်ယောင်းအာက ပြောလိုက်၏။ “ဒါဆိုရင် တစ်နေ့ကို နှစ်ခါပြောမယ်။ မနက်ခင်းနဲ့ နေ့လယ်ခင်းပေါ့။ တကယ်လို့ ကျွန်မအပြင်ထွက်မယ်ဆိုရင် ရှင် ကျွန်မနောက်ကို လိုက်ခဲ့ပြီးတော့ ဇာတ်လမ် ပြောရမယ်”
ရှစ်ချင်းချင်းသည် ပျော်ရွှင်သွားသည်။ “ကောင်းပါပြီ”
သူမသည် ဤမိစ္ဆာမ၏ ဘေးနားတွင်နေထိုင်ရန် ရည်မှန်းချက်ကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်၊ အလှအပများနှင့် ထိုအရာကို ရယူနိုင်ခြင်းမဟုတ်ချေ။ ရှမ့်လန် ရေးသားပေးလိုက်သည့် ဇာတ်လမ်းကြောင့်သာ ဖြစ်၏။ တကယ့်ကို အံ့အားသင့်စရာပင်။
ရှမ့်လန်… ရှင်က တကယ့်ကို အံ့အားသင့်စရာ ကောင်းတာပဲ။
ရှစ်ချင်းချင်းထွက်ခွာသွားပြီးနောက် ချောင်ယောင်းအာသည် ပြတင်းတံခါးကို ဖွင့်လိုက်၏။ ပြီးနောက် အဝေး ပင်လယ်ပြာကြီးဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ မပြောင်းလဲသည့် မြင်ကွင်းသည် ပျင်းရိစရာကောင်းလွန်း၏။ သူမသည် ထူးဆန်းလွန်းသည့် လောကကြီးတစ်ခုကို မျှော်လင့်တောင့်တနေသည်မှာ ကြာမြင့်ပြီဖြစ်၏။ သို့ပေမည့် သူမ ထွက်ခွာသွား၍ မရချေ။
ရဲတိုက်ထဲတွင် သနားစရာမိန်းကလေး ၁၀၀ ကျော် တည်ရှိနေသောကြောင့် မဟုတ်ပေ။ ဤအရာသည် အကြောင်းအရာများထဲမှ တစ်ခုအပါအဝင်တော့ ဖြစ်နေသေး၏။ အမျိုးသမီးများသည် အလွန်လှပကြ၏။ သူမ၏ ကာကွယ်ပေးမှုသာ မရှိပါက သားရိုင်းတိရစ္ဆာန် ယောက်ျားဘသားများ၏ နှိပ်စက်အနိုင်ကျင့်ခြင်း၊ အဓမ္မပြုကျင့်ခြင်းကို ခံရမှာသေချာ၏။
နုရှောင့်မြို့ထဲတွင် အရာအားလုံးကို ရောင်းဝယ်၍ရနိုင်၏။ အထူးသဖြင့် လှပသည့်အမျိုးသမီးများပင်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူမ ဤနေရာဆီမှ ထွက်ခွာမသွားခြင်းဖြစ်၏။ ထို့အပြင် သူမသည် ဤနေရာတွင် နေထိုင်ပြီး တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခြင်းလည်း ဖြစ်၏။ ဤလူသည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်မှန်း မသိသလို မည်သူဖြစ်မှန်းလည်း သူမ သေသေချာချာတော့ မသိချေ။
…………
ရက်အနည်းငယ်လောက် ကြာမြင့်ပြီးနောက် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် အရူးများကဲ့သို့ပင် ဇာတ်လမ်းကို ဆက်ကာရေးနေရ၏။ ဝတုတ်သည် ငါးရက်အတွင်း စာလုံးရေ တစ်သိန်းကျော်ကို ရေးသားခဲ့၏။ စာမျက်နှာပေါင်း ၂၀၀ ကျော်ခန့်ရှိ၏။ ကျင်းမူကုန်းသည် ထိုအရာကို နှစ်ကြိမ်တိုင်တိုင် ဖတ်ခဲ့၏။ ပြီးနောက် နှမြောတသစွာဖြင့် ရှစ်ချင်းချင်းကို ပေးမည့် သူလျှိုဆီသို့ ကမ်းပေးလိုက်၏။
ယင်ယွမ်အဖွဲ့အစည်းဆီမှ သတ်မှတ်ပေးထားသည့် အချိန်အကန့်အသတ် ဆယ်ရက်သည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် မည်သို့မှ မနေနိုင်ချေ။ အနည်းငယ် စိုးရိမ်ပူပန်လာမိ၏။ အရာအားလုံးသည် သူ စီမံထားသည့်အတိုင်း ဖြစ်နေ၏။ သို့ပေမည့် အနည်းငယ် ပြောင်းလဲသွားမည်ကို သူစိုးရိမ်မိသည်။
အနည်းငယ်လေးသော ပြောင်းလဲမှုသည် ကြီးမားသည့်အလှည့်အပြောင်းအဖြစ် ပြောင်းလဲသွားစေနိုင်၏။
သို့ပေမည့် အစစ်အမှန်တရားမှာတော့ ဤသို့မဟုတ်ချေ။ သူစီစဉ်ထားသည့်အတိုင်း အစီအစဉ်တကျ ဖြစ်တည်နေ၏။ ယင်ယွမ်အဖွဲ့အစည်းဆီသို့ ရွှေဒင်္ဂါးများ ပြန်လည်ပေးအပ်ရမည့် နေ့ရက်သည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။ ရွှမ်ဝူအိမ်တော်အနေနှင့် ပိုက်ဆံများကိုလည်း သေသေချာချာပြန်လည်ကာ ပေးအပ်ရပေလိမ့်မည်။
လူထု၏ အမြင်သည် ဤနေရာ၌ တကယ့်ကို ပွက်လောရိုက်ခတ်လျက်ရှိနေ၏။ ကျင်းကလန်နှင့် ရှမ့်လန် ဤနာမည်နှစ်ခုသည် အားလုံးသောသူတို့၏ ပါးစပ်ဖျားသို့ ရောက်ရှိနေ၏။ သို့ပေမည့် ကောင်းသော ရောက်ခြင်းတော့ မဟုတ်ချေ။
ယင်ယွမ်အဖွဲ့အစည်းနှင့် မူဝါဒသစ် အဖွဲ့အစည်းများသည် လူထုအမြင်ကို အသုံးပြုကာဖြင့် ကျင်းမိသားစုနှင့် ရှမ့်လန်တို့၏ ဂုဏ်သိက္ခာကို အစောကြီးတည်းက ဖျက်ဆီးနှင့်နေပြီဖြစ်၏။ ကျင်းမိသားစုသည် အကြွေးများကို ပြန်လည် မပေးနိုင်တော့သောကြောင့် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း အားလုံးက အတည်ပြုလိုက်ကြသည်။
ဤစကားစုသည် တစ်လောကလုံးဆီသို့ ပြန့်နှံ့လျက် ရှိနေ၏။ ကျင်းမိသားစု၏ ငွေကြေးပိုင်းဆိုင်ရာ အရင်းအမြစ်သည် အစောကြီးတည်းက ခမ်းခြောက်လျက် ရှိနေ၏။ ရှမ့်လန်သည် ဟိတ်ဟန်ထုတ်လျက် ရှိနေခြင်းမှာ အားလုံးသောသူတို့ကို အထင်အမြင်သေးသည်ကို မခံချင်သောကြောင့်ပင်။ သို့ပေမည့် ကြာကြာခံမည် မဟုတ်ချေ။ ရှမ့်လန် ချောက်ထဲသို့ ခုန်ဆင်းရန် အချိန်ကျရောက်လာပြီဖြစ်၏။
ယင်ယွမ်အဖွဲ့အစည်းသည်သာ ဝမ်ကျားကျွန်းကို ရယူသွားမည်ဆိုပါက အားလုံးသောသူတို့သည် အံ့အားသင့်လိမ့်မည် မဟုတ်ချေ။ ကျင်းမိသားစုအတွက် သူတို့သည် စာနာနားလည်မှုကိုပင် မပေးနိုင်ခဲ့ချေ။ သူတို့အနေနှင့် ပြစ်တင်ရှုံ့ချမှုကိုပင် ပြုလုပ်လာခဲ့ကြ၏။ ရွှမ်ဝူအိမ်တော် ပြိုလဲသွားသည့်အချိန်တွင် လူပေါင်း များစွာတို့သည် ကျိန်းသေပေါက် တုန်လှုပ်တော့မည် မဟုတ်ချေ။ ဖြစ်သင့်ဖြစ်ထိုက်သည့်အရာ ဖြစ်သွားခဲ့ပါသည် တကားဟုဆိုသည့် စိတ်မျိုး ရှိမှာသေချာသည်။
............
မည်သည့်ပြောင်းလဲမှုမှမရှိသလို မည်သည့်မတော်တဆ ကိစ္စရပ်များလည်း မရှိချေ။
ကောင်းကင်တာအို အဖွဲ့အစည်းဆီမှ အကြီးအကဲငါးယောက်တို့သည် ဉာဏ်ပညာနှင့် ပြည့်စုံသည့်လူများ ဖြစ်ရန် လိုအပ်၏။
တကယ်တမ်းမှာလည်း ဟွမ်တုံသည် အကြီးအကဲငါးယောက်လုံးဆီမှ အတည်ပြုချက်ကို အားအင်စိုက်ထုတ်မှု ကင်းစွာဖြင့် ရရှိခဲ့၏။ မှန်များကို ထုတ်ဖော်ပြလိုက်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲငါးယောက်တို့၏ မျက်လုံးများက လင်းလက်သွား၏။ သူတို့၏ ခန္ဓာကိုယ်များကလည်း တုန်ယင်သွားခဲ့၏။ ဟွမ်တုံထက်ပင် ပိုမိုကာ စိတ်လှုပ်ရှားသွားခဲ့သည်။
အကြီးအကဲများထဲမှ တစ်ယောက်က မေးလိုက်၏။ “ဒီမှန်က ဘယ်လောက်ကုန်လဲ”
ဟွမ်တုံက ဖြေလိုက်သည်။ “ထုပ်လုပ်မှုစရိတ်က ငွေဒင်္ဂါးတစ်ပြားပါပဲ”
အကြီးအကဲငါးယောက်တို့သည် အလုံးစုံဆွံ့အသွားခဲ့၏။ ပြီးနောက် သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြပြန်၏။
“အင်း… ကောင်းကင်တာအိုအဖွဲ့အစည်းအတွက် တသက်မှာ တစ်ခါပဲရမယ့် အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”
“ကောင်းကင်တာအိုအဖွဲ့အစည်းရဲ့ အခွင့်အရေး၊ ယင်ယွမ်အဖွဲ့အစည်းကို အနိုင်ယူနိုင်ဖို့ အခွင့်အရေးက ရောက်လာပြီ”
“ကောင်းကင်တာအိုအဖွဲ့အစည်းရဲ့ လောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်ဖို့အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”
ကောင်းကင်တာအိုအဖွဲ့အစည်းသည် နောက်ဆုံးအချိန်တုန်းက လောကကြီးကို သိမ်းပိုက်ရန် အဘယ်အရာကို မှီခိုပြု၍ စီစဉ်ခဲ့သနည်း။ သူတို့သည် လောကကြီး၏ အနောက်ဘက်ဆီမှ အရှေ့ဘက်ဆီသို့ သူလျှိုများကို စေလွှတ်ခဲ့၏။ ပြီးနောက် ပိုးထည်များ၊ ထုတ်လုပ်ကာဖြင့် နယ်မြေကို ချဲ့ထွင်ခဲ့၏။ ၎င်းတို့၏ ကြီးမားသည့် စီးပွားရေးလုပ်ငန်းသည် တလောကလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပိုးထည်များ၊ ပြီးနောက် အမွှေးနံ့သာများ ... ထိုအရာများ၏ စီးပွားရေးသည် တဆထက်တဆ ပိုမို ကျယ်ပြန့်လာခဲ့သည်။
ပြီးနောက် ကောင်းကင်တာအိုအဖွဲ့အစည်းနှင့် ယင်ယွမ်အဖွဲ့အစည်းတို့သည် လောက၏စီးပွားရေး ဈေးကွက်ကို အလုံးစုံ မောင်ပိုင်းစီးထားကြ၏။ တဖြည်းဖြည်းနှင့် ရန်သူများဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ကြ၏။ လောကကြီးထဲတွင် ပိုက်ဆံနှင့် ဆော့ကစားခြင်းသည် ကြောက်စရာကောင်းသည့်အရာမျိုး ဖြစ်သည်။ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို အမှီခိုပြုပြီးနောက် စစ်ပွဲ၊ နိုင်ငံ၊ အာဏာ ကစားပွဲများအား လွှမ်းခြုံရန် ကြိုးစားခဲ့၏။
သို့ပေမည့် လွန်ခဲ့သည့် နှစ် ၂၀ က ပြုလုပ်ခဲ့သည့် လောင်းကစားပွဲတစ်ခုတွင် သူတို့သည် ယင်ယွမ်အဖွဲ့အစည်းကို ရှုံးနိမ့်ခဲ့၏။ အင်ပါယာကျန့်လီ ရှုံးနိမ့်ခဲ့ပြီး တော်ဝင်ရင်အင်ပါယာသည် အလုံးစုံနိုင်ရရှိခဲ့၏။ ပြီးနောက် လောကကြီး၏ အရှေ့ဘက်တစ်လွှားကို စုစည်းနိုင်ခဲ့၏။ ရင်အင်ပါယာသည် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီး လောကကြီး တစ်ခုလုံးတွင်ရှိနေသည့် နိုင်ငံပေါင်းများစွာတို့သည် ဦးညွတ်ကာ ဆက်သခဲ့ရ၏။ ဤအရာသည် ရိုးရိုး စစ်ပွဲတစ်ခုသာ မဟုတ်ချေ။ စီးပွားရေးစစ်ပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။
ယင်ယွမ်အဖွဲ့အစည်းသည် ကျိန်းသေပေါက် တွက်ချက်မှု၌ အားသာခဲ့ပြီး အလုံးစုံအောင်မြင်မှုကို ရရှိခဲ့၏။ အရှေ့ဘက်လောကကြီးတစ်ခုလုံး၌ စီးပွားရေးလုပ်ပိုင်ခွင့်ကို မောင်ပိုင်စီးနိုင်ခဲ့၏။
ကောင်းကင်တာအို အဖွဲ့အစည်းဆီမှာတော့ အဖွဲ့အစည်းမှာတော့ ထိပ်ဆုံးဆီမှ အောက်သို့ ပြုတ်ကျခဲ့၏။ ယင်ယွမ်အဖွဲ့အစည်းလောက် သူတို့သည် အခွင့်အာဏာများ မရရှိတော့ချေ။
ယခု သူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပြန်လည်ရရှိရန် ခက်ခဲနေသည့် နောက်ထပ်အခွင့်အရေး တစ်ခုကို ရရှိခဲ့လေပြီ။ ဤအခွင့်အရေးသည် ဈေးကွက်ကြီးတစ်ခုလုံးကို မောင်ပိုင်စီးထားရန်ပင်ဖြစ်၏။ ထို့အပြင် ပိုးထည်၊ အမွှေးနံ့သာ၊ တခြားအရာများ မဟုတ်ချေ။ မှန်များသာလျှင်ဖြစ်၏။
ဤပစ္စည်းသည် သာမန်ဆန်သည့် အရာဖြစ်၏။ ထို့အတူ ဇိမ်ခံပစ္စည်းအဖြစ်လည်း အသုံးပြု၍ရသည့်အရာ ဖြစ်သလို မရှိမဖြစ် အသုံးပြုသည့် အရာလည်းဖြစ်၏။ စီးပွားရေးသည် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်နီးပါးခန့်ပင် ကြာမြင့်မည့်အရာမျိုးဖြစ်လိမ့်မည်။
တကယ့်ကို အကောင်းမွန်ဆုံးသော စီးပွားရေးမဟာဗျူဟာတစ်ခုကို ပြန်လည်ရရှိခြင်းဖြစ်သည်။
ဟွမ်တုံက ပြောလိုက်၏။ “တစ်ဖက်လူက ဒီမှန်တွေရဲ့ ထုပ်လုပ်မှုနည်းပညာ အားလုံးကို ကျုပ်တို့ဆီ ပေးချင်တယ်။ သူတို့က ရွှေဒင်္ဂါး တစ်သန်းကိုပဲတောင်းတာ”
“ကောင်းပြီ။ ကျုပ်တို့ သူတို့ လိုချင်သလောက် ပေးလိုက်မယ်”
ဟွမ်တုံက ပြောလိုက်သည်။ “တစ်ဖက်လူက ဆယ်ရက်အတွင်း ရွှေဒင်္ဂါးတွေကို လိုချင်ပါတယ်တဲ့။ အခု ခုနစ်ရက် ကျန်သေးတယ်”
ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ အကြီးအကဲများထဲမှ တစ်ယောက်က ပြောလိုက်၏။ “ရော့… ဒီမှာ… ကျုပ်တို့ ဒီနေရာတစ်ဝိုက်မှာရှိတဲ့ ရွှေဒင်္ဂါးတွေအကုန်လုံးကို စုစည်းပြီးပေးလိုက်မယ်”
ဟွမ်တုံက ပြောလိုက်သည်။ “ဒါပေမဲ့ ဒီမှန်တွေကိုထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကိုတော့ ရွှမ်ဝူအိမ်တော်ကနေ ဝယ်ယူရမယ်တဲ့။ မှန်တစ်ချပ်ချင်းစီတိုင်းက မှန်ရောင်းချခြင်းစရိတ်ရဲ့ ၅ ရာခိုင်နှုန်းကိုပဲ ယူမယ်တဲ့”
ဤအရာသည် အကြီးအကဲများထဲက တစ်ယောက်ကို မျက်မှောင်ကုတ်သွားစေခဲ့၏။ သူတို့သည် ပိုက်ဆံများကို ပေးအပ်ရသည့်အတွက် နှမြောခြင်းမဟုတ်ချေ။ တစ်ဖက်လူဆီမှ ရသည့်ကုန်ကြမ်းများကိုသာ အသုံးပြုရမည် ဆိုခြင်းသည် သူတို့အတွက် ခက်ခဲစေမည် မဟုတ်ပါလား။
“အခြေအနေအားလုံးကို ကျိန်းသေပေါက် ဆွေးနွေးရမယ်။ ကျုပ်တို့ရဲ့ လေးနက်မှုကို ပြသဖို့အတွက် ပိုက်ဆံပေးပြီးမှ ဆွေးနွေးတာ ပိုကောင်းမယ်”
အကြီးအကဲတစ်ယောက်က ပြောလိုက်၏။ “မှန်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ အကောင်းဆုံး ညှိနှိုင်းထားတာ ကောင်းမယ်။ သူတို့အိမ်တော်ဆီကနေ မှန်တွေကို ကျုပ်တို့ ဝယ်ယူမယ်။ ဒါပေမဲ့ သုံးနှစ်ကနေ ငါးနှစ်အတွင်းပဲ ကျုပ်တို့ သူတို့ဆီကနေ မှန်တွေကို ဝယ်မယ်။ နောက်ပိုင်းမှာ ကျုပ်တို့ကြိုက်တဲ့နေရာကနေ ဝယ်ယူနိုင်မယ်ဆိုတဲ့ သဘောတူညီမှုမျိုးကို ဖန်တီးထားရမယ်”
ဟွမ်တုံက ပြောလိုက်သည်။ “ကောင်းပါပြီ”
“သွား… ဖြစ်နိုင်သမျှ ပိုက်ဆံတွေကို မြန်မြန်ရှာတော့။ နောက်ဆုံးရက်မတိုင်ခင် ပိုက်ဆံကို ပို့ရမယ်။ တစ်ရက်လောက် စောပို့နိုင်ရင် တစ်ရက်အကောင်းဆုံးပဲ။ နှစ်နာရီစောပို့နိုင်ရင် နှစ်နာရီ အကောင်းဆုံးပဲ”
“ကောင်းပါပြီ။”
ဤသို့နှင့်ပဲ ကိုးရက်မြောက်နေ့မှာတော့ ရွှမ်ဝူအိမ်တော်ဆီသို့ ရထားလုံး ၁၀၀ ကျော် ဝင်ရောက်လာခဲ့ကြ၏။ ဤအရာသည် အစားအသောက်များ လာရောက်ပို့ဆောင်ခြင်း ဖြစ်၏။ ဤအရာအားလုံးသည် အစားအသောက်များ ဖြစ်ကြောင်း အားလုံးက ရှင်းရှင်းလင်းလင်းမြင်ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုရထားလုံးများ ပေါ်တွင် အသီးအနှံများ ပုံလျက်ရှိနေသောကြောင့်ပင်။
ထိုရထားလုံးများလာရောက်ရာလမ်း၌ အသီးအနှံများပင် အောက်သို့ ပြုတ်ကျခဲ့၏။ ရွှမ်ဝူသည် အဘယ့်ကြောင့် ဤမျှများပြားသည့် အစားအစာ နှင့် အသီးအနှံ့များကို ဝယ်ယူရသနည်း။ အကြောင်းအရာမှာ ရိုးရှင်း၏။ အဘယ့်ကြောင့်ဆိုသော် ဝမ်ကျားကျွန်းကို ရှုံးနိမ့်တော့မည်ဖြစ်ပြီး အလုံးစုံဖျက်ဆီးခြင်းကို ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ပင်။
ဤသို့သော အခြေအနေတွင် မည်သည့်အရာကို အလိုအပ်ဆုံး ဖြစ်သနည်း။ အစားအစာပင် ဖြစ်လိမ့်မည်။ ပထမဦးဆုံး လုံလောက်အောင် စားသောက်ရန်လိုအပ်သည်မဟုတ်ပါလား။ ထို့ကြောင့်ပင်လျှင် အစားအစာများကို အရေအတွက်များများ ဝယ်ယူခဲ့ခြင်းဖြစ်၏။
အစားအသောက် လှည်းပေါင်း ၁၀၀ ကျော် ဝင်သွားသည်ဆိုလျှင်တောင်မှ ပိုက်ဆံ များများ ကုန်ကျလိမ့်မည် မဟုတ်ချေ။ အများဆုံး ရွှေဒင်္ဂါး ၃၀၀၀ နီးပါးသာလျှင် ကုန်ကျမှာဖြစ်၏။ ဤရထားလုံးများ ရွှမ်ဝူအိမ်တော်ဆီသို့ ဝင်ရောက်ပြီးသည့်နောက် အစားအစာ၊ အသီးအနှံအားလုံးကို ချကြသည်။
ရထားလုံးထဲတွင် ဖုံးကွယ်ထားသည့် မည်သည့်ရွှေဒင်္ဂါးမှ မပါဝင်သကဲ့သို့ပင်။ သို့ပေမည့် ထိုရထားလုံး ဖန်တီးထားရာ သစ်သားများထဲတွင် ရွှေဒင်္ဂါးများကို မြှုပ်ထား၏။ ထို့ကြောင့် အပြင်ဘက်မှ လှမ်းကြည့်မည် ဆိုပါက မသိနိုင်ပေ။ ရထားလုံးကို ပြောင်းပြန်လှန်လိုက်မည်ဆိုလျှင်ပင် အစားအစာနှင့် အသီးအနှံများသာ မြေပေါ်သို့သာ ကျသွားပေလိမ့်မည်။ မည်သည့်ရွှေဒင်္ဂါးကိုမှ မြင်ရလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် တကယ်ပင် အံ့အားသင့်လို့နေခဲ့၏။ ကောင်းကင်တာအိုအဖွဲ့အစည်းသည် တကယ်ကို အားကောင်းလွန်း လှချေ၏။ မည်သူမှ မသိအောင် ရွှေဒင်္ဂါးများကို ဖန်တီးပေးပို့သည့်နေရာတွင် သပ်သပ်ရပ်ရပ် ပြုလုပ်ပေးခဲ့၏။ တစ်ချက်ကလေးမှ ပြစ်ချက်ဟူ၍ မတွေ့ခဲ့ချေ။
“စုစုပေါင်း ရွှေဒင်္ဂါး ခုနစ်သိန်းကျော်ပါပဲ။ ပြီးတော့ ရွှေအကြမ်းထည် ၂၃,၀၀၀ ကီလိုဂရမ်ရှိပါတယ်” ဟွမ်တုံသည် ရွှေအကြမ်းထည်ကို ထုတ်ယူပြီးသည့်နောက် ထိုအရာကို အသာချိန်ပြလိုက်၏။ ဤအရာသည် ရွှေတွင်းမှ ထွက်ရှိသည့် သဘာဝရွှေကြမ်းထည်ပင်ဖြစ်၏။ ရွှေဒင်္ဂါများနှင့် ရေတွက်လို့ မရအောင် များပြားလှသည့် ရွှေကြမ်းထည်များကို မြင်ရ၏။ ဤအရာသည် ရွှေတောင်ကြီးတစ်ခုကဲ့သို့ပင်။ အံ့အားသင့်စရာပင်။
ရှမ့်လန်၏ နှလုံးသားများသည် နှိုင်းယှဉ်၍ မရနိုင်အောင် တုန်လှုပ်လျက် ရှိနေ၏။ တကယ့်ကို ချမ်းသာ ကြွယ်ဝသည့် လူတစ်ယောက်၏ ခံစားချက်မျိုးကို ရရှိ၏။ လွန်ခဲ့သည့် လေးရက်ကပင် သူသည် အကြွေးပေးရန် မွမ်းကြပ်လျက်ရှိနေ၏။ ဤအချိန်မှာတော့ ယင်ယွမ်အဖွဲ့အစည်းနှင့် တစ်လောကလုံးကို ပါးရိုက်ရန် အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ဤအရာမှာ တကယ့်ကို ရွှေဒင်္ဂါးပင်လယ်ကြီးကဲ့သို့ပင် ဖြစ်၏။ ရှမ့်လန်သည် ထိုကဲ့သို့သော ရွှေဒင်္ဂါး အရေအတွက်မျိုးကို အပြင်၌ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ရုပ်ရှင်ထဲမှာသာလျှင် မြင်ဖူးသည်။
“ရှမ့်.... ကြည့်။ ဒီရွှေဒင်္ဂါးတွေကို သေသေချာချာ ကြည့်ပါအုံး”
ရှမ့်လန်သည် ရွှေဒင်္ဂါးများကို အသာယူလိုက်၏။ ထိုအရာများသည် အလင်းများဖြင့် တောက်ပလျက် ရှိနေ၏။ မတူညီသည့်အရာတစ်ခုကို သူ ချက်ချင်းပင် သတိပြုမိ၏။ ရွှေဒင်္ဂါးများတွင် မည်သည့်အမှတ်တံဆိပ်မှ မပါဝင်ခြင်းပင်။ တကယ့်ကို တောက်ပပြီး အသစ်ကဲ့သို့ပင်။
ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကိုယ်စားလှယ်ဟွမ်တုံက ပြောပြလိုက်၏။ “အင်း.... ဘာတွေ စီစဉ်တယ် ဆိုတာကို ကျုပ်တို့ မသိပါဘူး။ ဒါပေမဲ့ ခင်ဗျားလိုချင်တဲ့ အကြောင်းအရာက ရွှေဒင်္ဂါးတွေကို အသစ်ပုံစံမျိုး ဖန်တီးပေးထားတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။ ဒါ့ကြောင့် ဒီရွှေဒင်္ဂါးပေါ်မှာ ဘာအမှတ်တံဆိပ်မျိုးမှ ကျုပ်တို့ မရိုက်နှိပ်ထားဘူး”
ရှမ့်လန်သည် တစ်ဖက်လူကို အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်၏။ ကောင်းကင်တာအိုအဖွဲ့အစည်းသည် လူကဲခတ်သည့်နေရာတွင် တကယ့်ကို အထင်ကြီးလောက်စရာ ဖြစ်၏။ သူ တစ်ချက်ကလေးမှ မမှာခဲ့ချေ။ သို့ပေမည့် ရှမ့်လန်၏ စိတ်ကူးအတိုင်း ပုံဖော်ကာဖြင့် ရွှေဒင်္ဂါးများကို သေသေချာချာ ဖန်တီး ပြုလုပ်ပေးလျက် ရှိသည်။