← Chapters

အခန်း (၁၉၁)

Vol. 14 Ch. 191

အခန်း (၁၉၁)

Vol. 14 Ch. 191

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးသည် သူ၏ မိသားစုဝင်များကို ဦးဆောင်၍ ထွက်ကြိုသည်။ ဤသည်မှာ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လူရှေ့ထွက်လာခြင်းဖြစ်ပြီး ယခင်ကနှင့် နှိုင်းယှဉ်လျှင် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ပင်။ ကိုယ်အလေးချိန်မှာ ပိဿာဆယ်ဂဏန်းမက ကျဆင်း သွားခဲ့သည်။ သွေးမရှိသည့်အလား ဖြူဖျော့နေသော မျက်နှာနှင့် လမ်းလျှောက်နေသည်မှာ တုန်တုန်ယင်ယင်နှင့်ပင်။

ပြောင်ရှင်းနေသော နဖူးပြင်ထက်ဝယ် ရုတ်ခြည်းထွက်ပေါ်လာသည့် အရေးအကြောင်းများ၊ မူလက နက်မှောင်နေသော ဆံကေသာတို့သည် မထင်မှတ်ဘဲ သုံးပုံတစ်ပုံခန့် ဖြူဖွေးသွားချေပြီ။

မလွယ်ကူလှပါချေ။ ယောက္ခမကြီးကို ဤအခြေအနေသို့ ရောက်အောင် ရှမ့်လန်သည် အချိန်အတော်ကြာ ကြိုးပမ်း ခဲ့ရသည်။ သို့ပေမည့် အကျိုးသက်ရောက်မှုမှာမူ ချီးကျူး၍မဆုံးအောင် ကောင်းမွန်လှ၏။ ယခင် ရွှမ်ဝူ မြို့စားကြီးနှင့် နှိုင်းယှဉ်ပါက ဆယ်နှစ်ခန့် ပို၍ အိုမင်းသွားသည်ဟုပင် ထင်မှတ်ရပေသည်။ ဤသို့သော သနားဖွယ် အသွင်သဏ္ဌာန်မှာ မြင်ရသူတိုင်းကို တုန်လှုပ်ခြောက်ခြားစေ၏။

“အဟွတ်... အဟွတ်...”

လေပြည်အေးတစ်ချက် တိုက်ခတ်လိုက်သည်နှင့် ရွှမ်ဝူမြို့စားကြီးမှာ ပြင်းထန်စွာ ချောင်းဆိုးလေသည်။ မြို့စားကတော် စုဖေ့ဖေ့သည် အလွန်အမင်း သနားကြင်နာစွာဖြင့် သူ့အား အပေါ်ထည်ခြုံလွှာတစ်ထည် ထပ်ခြုံပေးလိုက်၏။ သို့ပေမည့် ယခုအခါ သူ၏ အရိုးပေါ်အရေတင်ဖြစ်နေသော ကိုယ်ခန္ဓာသည် အပေါ်ထည်ခြုံလွှာ၏ အလေးချိန်ကိုပင် မခံနိုင်တော့သည့်အလား ကျိုးလုမတတ်ဖြစ်နေသည်။

ယခင်က ရွှမ်ဝူမြို့စားကြီး ကျင်းကျိုး ဟန်ဆောင်နေသည်ဟု သံသယရှိသူအချို့ ရှိခဲ့သော်လည်း ယခုမူ လုံးဝ မဟုတ်ကြောင်း ထင်ရှားနေပေ၏။ ဤမျှလောက် သနားစရာကောင်းသော အသွင်အပြင်ကို အဘယ်မှာ ဟန်ဆောင်နိုင်မည်နည်း။

သို့ပေမည့်လည်း စဉ်းစားကြည့်လျှင် ပုံမှန်ပင်ဖြစ်သည်။ ကျင်းချန်ကျွန်းတိုက်ပွဲကို အနိုင်ရပြီးနောက် ကျင်းမိသားစုမှာ အလွန်တရာ စိတ်ဓာတ်တက်ကြွခဲ့ပြီး မိသားစု၏ အကျပ်အတည်းများ ချက်ချင်း ပြေလည်သွားပြီဟုပင် ထင်မှတ်ခဲ့သည်။

သို့ပေမည့် ကျင်းဟိုင်မြို့စားကြီး ထန်လွမ်မှာ ဤမျှလောက် အောက်တန်းကျ ယုတ်မာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူသည် ကျင်းချန်ကျွန်းကို ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေအား လွှဲပြောင်းပေးအပ်ခဲ့၏။

ကျင်းကျိုးမြို့စားကြီးသည် ကျင်းချန်ကျွန်းကို မရရှိသည့်အပြင် အထိအခိုက် အကျအဆုံးများစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ကျင်းချန်ကျွန်းတိုက်ပွဲ၌ အနိုင်ရခဲ့သော်လည်း မည်သည့်အကျိုးအမြတ်မျှ မရရှိသည့်အပြင် မိသားစု၏ ပျက်စီးခြင်းကိုပင် အရှိန်မြှင့်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ရ၏။ တိုင်းပြည်တစ်ဝှမ်းလုံးတွင် ကူညီမည့်သူ တစ်ဦး တစ်ယောက်မှ မရှိခဲ့ပေ။

ယခင်က ရွှမ်ဝူမြို့စားကြီးသည် ပင်လယ်ဓားပြများကို ချေမှုန်းရန် ဘုရင်မင်းမြတ်ထံ အကြိမ်ကြိမ် အသနားခံလွှာ တင်ခဲ့သော်လည်း နောက်ဆုံးတွင် အရာမထင်ခဲ့ပေ။ ထိုအစား အခွင့်ကောင်းယူ အနိုင်ကျင့်မည့်သူများသာ ပေါများလာခဲ့သည်။

ကျူးဝမ်ဟွာ၏ ဖိနှိပ်မှု၊ ဆဋ္ဌမမင်းသား၏ အနိုင်ကျင့်မှု၊ ချီမိသားစု၏ အရှက်ခွဲမှုများကို ကြုံတွေ့ခဲ့ရ၏။ နှစ်ရာချီ မဟာမိတ်ဖြစ်သည့် ရွှယ်မိသားစုကလည်း အရေးကြီးသည့်အချိန်တွင် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ရက်စက်စွာဖြင့် နောက်ကျောကို ဓားနှင့်ထိုးခဲ့၏။

လင်းဝူဆိုသော ကုန်သည်ငယ်လေးတစ်ယောက်ကပင် အနိုင်ကျင့်နိုင်ခဲ့၏။ ဤမျှကြီးမားသော ထိုးနှက်မှုများ အောက်တွင် မည်သူမဆို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဤသို့သော စိတ်ပျက်အားငယ်ဖွယ်အခြေအနေတွင် ရွှမ်ဝူမြို့စားကြီး ကျင်းကျိုး သေမသွားသည်ကပင် ကြီးမားသော ကံကောင်းခြင်းဟု ဆိုရပေမည်။

“ဦးရီးတော်ကို ဂါရဝပြုပါတယ်။ ဆဋ္ဌမမင်းသားနဲ့ လူကြီးမင်းများအားလုံးကိုလည်း ဂါရဝပြုပါတယ်” ရွှမ်ဝူ မြို့စားကြီးသည် တစ်မိသားစုလုံးကို ဦးဆောင်၍ ခါးကိုင်းကာ အရိုအသေပေးလိုက်သည်။ သူ၏ တုန်တုန်ယင်ယင် ဖြစ်နေသော အမူအရာမှာ အမှန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်၏။ ထို့နောက် ပြင်းထန်စွာ ချောင်းဆိုးပြန်သည်။

ဦးရီးတော် နင်ချီ၏ အကြည့်သည် ကျင်းကျိုးထံသို့ ကျရောက်သောအခါ အနည်းငယ် ရှုပ်ထွေးသွားဟန်ရှိသည်။ ပြီးနောက် သက်ပြင်းချကာ မေးလိုက်၏။ “ရွှမ်ဝူ... မတွေ့ရတဲ့ လအနည်းငယ်အတွင်းမှာ ဘယ်လိုဖြစ်သွားတာလဲ”

ရွှမ်ဝူမြို့စားကြီးက မချိပြုံး ပြုံးလိုက်သည်။

ဦးရီးတော် နင်ချီက ပြောလိုက်၏။ “ကျုပ် အဲဒီနေ့က မင်းကို ပြောခဲ့တယ် မဟုတ်လား။ ကျင်းချန်ကျွန်းတိုက်ပွဲကို မင်းတို့မိသားစုနိုင်တာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး၊ အခြေအနေကောင်းတုန်း ရပ်သင့်တယ်လို့။ နောက်ဆုံးတော့ မင်းက နားမထောင်ခဲ့ဘူး။ မဟုတ်ရင် ဒီလိုအခြေအနေမျိုး ဘယ်ရောက်မလဲ”

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်နေရတာထက် ဂုဏ်သိက္ခာရှိစွာ သေလိုက်တာကမှ မြတ်သေးတယ်”

ထို့နောက် သူသည် အနီးရှိနေရာတစ်ခုသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “လူကြီးမင်းများ... ကြွပါ။ ဒီနေ့ ကျုပ်တို့ ကျင်းမိသားစုကို ဘယ်လိုပဲ ဓားမိုးမိုး လာခဲ့ကြပါ”

ဤစကားကြောင့် ရှိနေသူအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွား၏။

‘ရွှမ်ဝူမြို့စားကြီး .... ဒီလောက်တောင် ပွင့်ပွင့်လင်းလင်း ပြောနေမှတော့ ခဏနေရင် ရက်စက်တယ်လို့ ကျုပ်တို့ကို အပြစ်မတင်နဲ့တော့’

.............

ရွှမ်ဝူမြို့စားအိမ်တော်၏ ခန်းမဆောင်ကြီးအတွင်း၌ ဧရာမစားပွဲကြီးတစ်လုံးကို ခင်းကျင်းထားသည်။

ဘယ်ဘက်တွင် ရွှမ်ဝူမြို့စားကြီး ကျင်းကျိုး၊ မြို့စားကတော် စုဖေ့ဖေ့၊ ရှမ့်လန်၊ ကျင်းမူလန် နှင့် ကျင်းမူကုန်းတို့ ထိုင်နေကြသည်။ တစ်မိသားစုလုံး အမှန်ပင် စုံစုံလင်လင်ရှိလှ၏။ ဤတစ်ကြိမ်တွင် ရှမ့်လန်သည် သူ၏ ခမ်းနားထည်ဝါသော ပိုးထည်ဝတ်ရုံကို မဝတ်ဆင်ဘဲ ကျင်းမိသားစု၏ နိဂုံးကို ခံစားမိသည့်အလား အနက်ရောင် ချည်ထည်ဝတ်ရုံကို ဝတ်ဆင်ထား၏။

စားပွဲရှည်၏ ညာဘက်တွင်မူ ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ ရှူပိုတောက်၊ သံတမန် ရှူထင်းယွီနှင့် အဖွဲ့ဝင် တစ်ဦးတို့ ထိုင်နေကြသည်။ ဦးရီးတော် နင်ချီ၊ ဆဋ္ဌမမင်းသား နင်ကျင်း၊ ဘဏ္ဍာရေးဝန်ကြီး၊ နန်းတွင်း သမားတော်ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးကျွင်းတို့ကမူ သက်သေများ အဖြစ် ပါဝင်ကြသည်။

ယင်ယွမ်အဖွဲ့အစည်းမှ ရှူထင်းယွီက စတင်၍ ပြော၏။ “ရွှမ်ဝူမြို့စားကြီး... ခင်ဗျားရဲ့အဖေ ကျင်းယုက အရင်က ပင်လယ်ဓားပြ ချောင်ထျန်းဝေကို ချေမှုန်းဖို့ ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းဆီက ရွှေဒင်္ဂါး တစ်သန်း ချေးယူခဲ့ပြီး စစ်သည်တော် ၃၀၀၀ နှင့် ရေတပ်တစ်ခုလုံးကို ငှားရမ်းခဲ့တယ်။ အဲဒီအကြောင်းအရာ မှန်ပါသလား”

ထို့နောက် ရှူထင်းယွီသည် ယခင်က ချေးငွေစာချုပ်ကို ထုတ်ယူလိုက်သည်။ အထက်တွင် ရှင်းလင်းစွာ ရေးသားထားပြီး ကျင်းယုမြို့စား၏ လက်မှတ်နှင့် တံဆိပ်တုံးလည်း ပါရှိ၏။

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးက ဖြေလိုက်သည်။ “မှန်ပါတယ်”

ရှူထင်းယွီက ဆက်ပြောလိုက်၏။ “တချို့သော အမှားအယွင်းတွေကြောင့် ခင်ဗျားအဖေရဲ့ တပ်ကြီးတစ်ခုလုံးက ချေမှုန်းခြင်းကို ခံခဲ့ရတယ်။ ဒီအကြောင်းကို ဆက်မပြောတော့ပါဘူး။ ဒီချေးငွေစာချုပ်ရဲ့ သက်တမ်းက အနှစ်နှစ်ဆယ်ဖြစ်ပြီး အတိုး အရင်းပေါင်း ရွှေဒင်္ဂါး ၁.၇ သန်း ဖြစ်ပါတယ်။ ကန့်ကွက်စရာ ရှိပါသလား”

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးက ဖြေလိုက်သည်။ “ကန့်ကွက်စရာ မရှိပါဘူး”

ရှူထင်းယွီက စာရင်းစာအုပ်များကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီအရာတွေက ကျင်းကျိုးမြို့စားကြီး လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း ပြန်လည်ပေးဆပ်ခဲ့တဲ့ မှတ်တမ်းတွေဖြစ်ပြီး စုစုပေါင်း ရွှေဒင်္ဂါး တစ်သန်း ပြန်ဆပ်ခဲ့ပါတယ်။ ယခု ရွှေဒင်္ဂါး ခုနစ်သိန်း အကြွေးကျန်ရှိနေပါတယ်။ ကန့်ကွက်စရာ ရှိပါသလား”

ရွှမ်ဝူမြို့စားကြီးက ခေါင်းခါကာ ပြောလိုက်သည်။ “ကန့်ကွက်စရာ မရှိပါ”

ရှူထင်းယွီက မေးလိုက်၏။ “အခု အနှစ်နှစ်ဆယ် စာချုပ်သက်တမ်းစေ့ပြီဖြစ်တဲ့အတွက် ကျင်းမိသားစုအနေနဲ့ ကျန်ရှိတဲ့ ရွှေဒင်္ဂါးပြား ခုနစ်သိန်းကို တစ်လုံးတစ်ခဲတည်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်လက ကျုပ် လာခဲ့တုန်းက သမက်တော် ရှမ့်လန်က အိမ်မှာ ငွေမရှိတာမို့ မပြန်ဆပ်နိုင်သေးကြောင်း ပြောခဲ့ပါတယ်။ အဲတာ ဟုတ်ပါသလား”

ရှမ့်လန်သည် ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “ဟုတ်ပါတယ်”

ရှူထင်းယွီက ပြောလိုက်၏။ “ဒီစကားကို ရွှမ်ဝူမြို့စားကြီးကိုယ်တိုင် ဖြေကြားဖို့ လိုအပ်ပါတယ်”

ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဟုတ်ပါတယ်”

ထို့နောက် သူသည် ပြင်းထန်စွာ ချောင်းဆိုးပြန်၏။

မြို့စားကတော် စုဖေ့ဖေ့သည် အလျင်အမြန် ရှေ့သို့တိုးကာ ခင်ပွန်းသည်၏ ကျောကို ပုတ်ပေးနေရင်း မျက်ရည်များ ဝဲတက်လာသည်။ ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးသည် ပိုးပဝါဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းဆိုး လိုက်ရာ အတန်ငယ်ကြာမှ ချောင်းဆိုးရပ်သွား၏။။ သို့ပေမည့် ခေါင်းငုံ့ကြည့်လိုက်ချိန်မှာတော့ နှင်းကဲ့သို့ ဖြူဖွေး နေသော ပိုးပဝါထက်တွင် သွေးနီရောင်များ စွန်းထင်းနေ၏။ သွေးအန်ခြင်းပင်။

မြို့စားကတော် စုဖေ့ဖေ့၏ မျက်ရည်များသည် ပုလဲကြိုးပြတ်ကျသည့်အလား တသွင်သွင် ကျဆင်းလာ၏။

ရှိနေသူအားလုံးသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ ဤရွှမ်ဝူမြို့စားကြီးသည် ကြာရှည် အသက်ရှည်တော့မည် မဟုတ်ပေ။ ယနေ့ ဤနေရာတွင်ပင် သေဆုံးသွားနိုင်၏။ သူသည် ကျင်းမိသားစု၏ ကောင်းကင်ကို ထောက်မ ထားသော ကျောက်တိုင်ပင်ဖြစ်ရာ သူသာ သေဆုံးသွားပါက ကျင်းမိသားစု၏ ပျက်စီးခြင်းမှာ ပို၍ လျင်မြန်လာပေလိမ့်မည်။

ရှူထင်းယွီက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျင်းယုမြို့စားကြီး ဒီစာချုပ်ကို လက်မှတ် ထိုးစဉ်က ဝမ်ကျားကျွန်းကို အပေါင်ပစ္စည်းအဖြစ် ထားခဲ့တယ်။ ယခု အနှစ်နှစ်ဆယ် သက်တမ်းစေ့ပြီဖြစ်လို့ ခင်ဗျားတို့ ဒီငွေကို မဆပ်နိုင်ရင် ကျုပ်တို့က ဝမ်ကျားကျွန်းကို ပြန်လည်ရယူပိုင်ခွင့်ရှိတယ်။ ကျုပ်တို့ စိတ်မကောင်း ဖြစ်ရပေမဲ့ စီးပွားရေးက စီးပွားရေးပဲ။ အကြွေးတင်ရင် ပြန်ဆပ်ရမှာ လောကဓမ္မတာပဲ”

ထို့နောက် ရှူထင်းယွီသည် ဦးရီးတော် နင်ချီဘက်သို့ လှည့်၍ မေးလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်လည်း ရှိတယ် မဟုတ်လား ဦးရီးတော်”

ဦးရီးတော် နင်ချီက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်က အကြွေးတင်ရင် ပြန်ဆပ်ရမှာ သဘာဝပါပဲ။ ကျုပ်တို့ ရွှဲ့နိုင်ငံတော် တော်ဝင်မျိုးနွယ်တွရဲ့ ဂုဏ်သိက္ခာကို အကျမခံနဲ့တဲ့”

ရှူထင်းယွီသည် အပေါင်စာချုပ်ကို ရှေ့သို့တွန်းပို့လိုက်၏ “ဒီစာချုပ်က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ဖြစ်ပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ ကန့်ကွက်စရာ မရှိပါက ရွှမ်ဝူမြို့စားကြီး လက်မှတ်ထိုးပါ။ ပြီးရင် ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းက လူလွှတ်ပြီး ဝမ်ကျားကျွန်းကို ချက်ချင်း လက်ခံသိမ်းယူပါမယ်။ သုံးရက်အတွင်း ဝမ်ကျားကျွန်းပေါ်က စစ်သည်တွေ၊ လက်မှုပညာရှင်တွေ၊ ဆားချက်သမားတွေ၊ သတ္တုတွင်းလုပ်သားတွေ အားလုံးကို ရုပ်သိမ်းပေးပါ။ ကျွန်းပေါ်က ဘယ် သတ္တုတွင်း သန့်စင်စက်ရုံ၊ ဆားချက်စခန်းကိုမှ မဖျက်ဆီးပါနဲ့”

“ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်း ဝမ်ကျားကျွန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကူညီတဲ့အနေနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ကျူးကျွင်းက စစ်တပ်ကို ဦးဆောင်ပြီး ကျွန်းပေါ်သို့ အတူတက်ရောက်ပေးပါ။ ဒီလိုလုပ်မှ မလိုလားအပ်တဲ့အရာတွေ မဖြစ်တော့မှာပါ”

အမှန်ပင် ရယ်စရာကောင်းလှသည်။ ယခင်က ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ကျင်းချန်ကျွန်းကို လက်လွှဲစဉ်က အဘယ်ကြောင့် စစ်တပ်လွှတ်၍ တရားဥပဒေစိုးမိုးရေးကို မထိန်းသိမ်းခဲ့သနည်း။ ပင်လယ်ဓားပြ ချောင်ထျန်းဝေ ကျင်းချန်ကျွန်းကို သိမ်းပိုက်သည်ကို လျစ်လျူရှုခဲ့ပြီးနောက် ရွှမ်ဝူမြို့စားကြီးက ပြန်လည် သိမ်းပိုက်ရန် စစ်ကူတောင်းသည်ကိုပင် ဂရုမစိုက်ခဲ့ကြချေ။ ယခုမူ ယင်ယွမ်အဖွဲ့အစည်းအား ဝမ်ကျားကျွန်း ပြန်သိမ်းရန် စစ်တပ်ဖြင့် ကူညီမည်တဲ့လား။

“ရွှမ်ဝူမြို့စားကြီး... လက်မှတ်ထိုးပါ”

ရှူထင်းယွီက ပြောလိုက်၏။ “ကျုပ်တို့ အချိန်ကို အကောင်းဆုံးအသုံးချပြီး သုံးရက်အတွင်း အပြီးသတ်ကြပါစို့”

လက်မှတ်ထိုးလိုက်သည်နှင့် ကျင်းမိသားစု၏ စီးပွားရေး အသက်သွေးကြောဖြစ်သော ဝမ်ကျားကျွန်းကို လက်လွှတ်လိုက်ရမည် ဖြစ်သည်။

ရွှမ်ဝူမြို့စားကြီး၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်၏။ ထို့နောက် မျက်စိထဲတွင် အမှောင်ဖုံးကာ မေ့လဲကျသွားတော့၏။

ယင်ယွမ်အဖွဲ့အစည်းမှ ရှူထင်းယွီသည် အေးစက်စွာ ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားကြီး လက်မှတ်မထိုးနိုင်ရင် စာချုပ်က ဒီမှာရှိတယ်။ ဦးရီးတော် နင်ချီလည်း ဒီမှာရှိတယ်။ အုပ်ချုပ်ရေးမှူးလည်း ဒီမှာရှိတယ်။ အတင်းအကျပ် အကောင်အထည်ဖော်လို့ ရတယ်”

ဤသည်မှာ ခေတ်သစ်ကမ္ဘာတွင် ငွေမဆပ်နိုင်လျှင် တရားရုံးက ပိုင်ဆိုင်မှုများကို ချိပ်ပိတ်၍ အကြွေးဆပ်ခိုင်းခြင်းနှင့် တူညီသည်။

မြို့စားကတော် စုဖေ့ဖေ့သည် ရွှမ်ဝူမြို့စားကြီးကို ဖက်၍ လှုပ်နှိုးနေသည် “ယောက်ျား ... ယောက်ျား ...”

ထို့နောက် သူမ၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။ သူမသည် မုန်းတီးမှုများဖြင့် ရှိနေသူအားလုံးကို ကြည့်၍ ဝမ်းနည်းကြေကွဲစွာ မေးလိုက်၏။ “ရှင်တို့အားလုံးက လူတစ်ယောက်ကို သေအောင် ညှဉ်းပန်း နေကြတာလား”

ရှူထင်းယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မြို့စားကတော်.. ကျုပ်တို့ ဒီလိုမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းက ဒီအတိုင်းပါပဲ”

စုဖေ့ဖေ့သည် ဒေါသတကြီး ပြောလိုက်၏။ “ရှူထင်းယွီ.. ကျွန်မတို့ မသိဘူးလို့ မထင်နဲ့။ အဲဒီတုန်းက ကျွန်မ ယောက္ခမက ရွှေဒင်္ဂါးတစ်သန်း နဲ့ စစ်သည်တော် ၃၀၀၀၊ ရေတပ်တစ်ခုလုံးကို ငှားရမ်းပြီး ချောင်ထျန်းဝေကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ စစ်ရေးအစီအစဉ်တွေကို ချောင်ထျန်းဝေက ဘယ်လိုလုပ် အကုန်သိနေရတာလဲ။ ရှင်တို့ ယင်ယွမ်အဖွဲ့အစည်းက ချောင်ထျန်းဝေကို သတင်းပေးလို့ မဟုတ်ဘူးလား။ ဒါကြောင့် ကျွန်မတို့ တပ်တစ်ခုလုံး ကျဆုံးခဲ့ရတာ”

ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ ရှူပိုတောက်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မြို့စားကတော်စု.. သက်သေမရှိဘဲ စကားတွေ လျှောက်မပြောပါနဲ့။ ပြောတဲ့စကားကို တာဝန်ယူရလိမ့်မယ်”

စုဖေ့ဖေ့သည် ခပ်ကြမ်းကြမ်း ပြောလိုက်၏။ “ကျွန်မကို သတ်လိုက်၊ သတ်လိုက်စမ်းပါ...”

ရှမ့်လန်က ပြောလိုက်သည်။ “အမေ... အဖေ့ကို အနားယူဖို့ အမြန်ခေါ်သွားပါတော့။ ဒီက အရာအားလုံးကို ကျုပ်ဆီ ထားခဲ့ပါ”

စုဖေ့ဖေ့သည် ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးကို တွဲ၍ ခန်းမဆောင်မှ ထွက်ခွာပြီး အခန်းသို့ ပြန်သွား၏။ ထွက်မသွားမီ ရှမ့်လန်ရှေ့သို့ သေတ္တာကြီးတစ်လုံးကို တွန်းပို့ခဲ့သည်။ ဤသည်မှာ ရွှမ်ဝူမြို့စားအိမ်တော်၊ ကျင်းမိသားစု၏ တံဆိပ်တုံးကြီး ဖြစ်၏။

ရှူထင်းယွီက မေးလိုက်သည်။ “အမွေဆက်ခံသူ ကျင်းမူကုန်း၊ သခင်မလေး ကျင်းမူလန်၊ ခင်ဗျားတို့ သခင်လေးရှမ့်လန်ကို အာဏာအကုန်လွှဲအပ်မယ်ဆိုတာ သေချာလား”

ကျင်းမူလန် က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်”

ကျင်းမူကုန်းသည်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်၊ အားလုံးကို ယောက်ဖကပဲ တာဝန်ယူလိမ့်မယ်”

‘ခင်ဗျားတို့ ကျင်းမိသားစု ပျက်စီးတာ အံ့ဩစရာ မရှိဘူး။ ဒီလို မိန်းမအိမ်မှာ ကပ်နေတဲ့ သမက်ကို အားကိုးနေရတာကိုး’

.............

ရှမ့်လန်သည် နောက်သို့ မှီထိုင်ပြီး ပြောလိုက်၏။ “ယင်ယွမ်အဖွဲ့အစည်း.. ဒါဆိုရင် အလုံးစုံကို ကျုပ်နဲ့ပဲ ဆွေးနွေးကြတာပေါ့”

ရှူထင်းယွီက ပြောလိုက်သည်။ “ဆွေးနွေးစရာ ဘာမှမရှိဘူး၊ ခင်ဗျား လက်မှတ်ထိုးလိုက်”

ရှမ့်လန်က မေးလိုက်၏။ “ဘယ်သူ့နာမည်နဲ့ လက်မှတ်ထိုးရမှာလဲ”

ရှူထင်းယွီက အေးစက်စွာ ပြောလိုက်သည်။ “အရူးကွက်နင်းနေလို့ အလကားပဲ။ ခင်ဗျား လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဒီနေ့ ကျုပ်တို့ ဝမ်ကျားကျွန်းကို ယူမှာပဲ။ ခင်ဗျား လက်မှတ်ထိုးရင်တော့ ဂုဏ်သိက္ခာနည်းနည်း ကျန်သေးတာပေါ့။ ခင်ဗျား မထိုးဘူးဆိုရင်တော့ အတင်းအကျပ် အကောင်အထည်ဖော် ရလိမ့်မယ်။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းရဲ့ စစ်တပ်က ကျွန်းပေါ်ကို အတင်းတက်ရောက်ပြီး ဝမ်ကျားကျွန်းပေါ်က ကျင်းမိသားစုလူတွေအားလုံးကို အတင်းအကျပ် နှင်ထုတ်လိမ့်မယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင်တော့ ဂုဏ်သိက္ခာကို ထောက်ထားပြီး လက်မှတ်ထိုးလိုက်ပါ့မယ်”

ရှမ့်လန်သည် စာချုပ်ကို ယူပြီး စုတ်တံကို ကိုင်ကာ အပေါ်တွင် လက်မှတ်ထိုးရန် ပြင်လိုက်၏။ လူတိုင်း၏ အကြည့်များသည် ရှမ့်လန်၏ စုတ်တံထိပ်ဖျားကို စိုက်ကြည့်နေကြသည်။ ဤလက်မှတ်သည် ကျင်းမိသားစု၏ သေခြင်းတရား ခေါင်းလောင်းကို ထိုးလိုက်ခြင်းနှင့် တူညီ၏။ သို့ပေမည့် ရှမ့်လန်၏ စုတ်တံက အောက်သို့ ကျမလာခဲ့ပေ။

ရှမ့်လန်က ရုတ်တရက် ပြောလိုက်သည်။ “ဟုတ်သားပဲ၊ ဒီနေ့ အကြွေးတောင်းတာ ယင်ယွမ်အဖွဲ့အစည်း တစ်ခုတည်း မဟုတ်ဘူး ထင်တယ်။ ခင်ဗျားတို့လိုချင်တာက ဝမ်ကျားကျွန်းတစ်ခုတည်း မဟုတ်ဘူး။ ကျုပ် လက်မှတ် ထိုးရမယ့် တခြားစာချုပ်တွေရော ရှိသေးလား။ တစ်ခါတည်း ယူလာခဲ့ပါလား”

ပရိသတ်သည် တိတ်ဆိတ်သွား၏။

ရှမ့်လန်က ပြောလိုက်၏။ “ဒီနေ့ ဒီအကြွေးကို ဆပ်ရမှာ သေချာတယ်။ တခြားအကြွေးရှင်တွေရော ထွက်ခဲ့ကြပါ”

All Chapters