အခန်း (၁၉၂)
Vol. 14 Ch. 192
ခဏအကြာမှာ လူတစ်ယောက် ပထမဆုံး ထွက်လာသည်။ ချင်းကန်မြို့စားအိမ်တော်၏ အမွေဆက်ခံသူ ဝူယွမ်ဟွာ ဖြစ်ပြီး သူ၏ လက်ထဲတွင် အကြွေးစာချုပ်တစ်စောင်ကို ကိုင်ဆောင်ထား၏။ မထင်မှတ်ဘဲ ထိုစာချုပ်မှာ လင်းဝူ၏ စာချုပ်ဖြစ်နေသည်။
ထိုညက လင်းဝူသည် ရွှမ်ဝူမြို့စားအိမ်တော်ထံမှ ရွှေဒင်္ဂါး ၃၃၀၀ ကို ခြိမ်းခြောက်တောင်းယူခဲ့ပြီး ယခု အတိုးနှင့်ပေါင်းလျှင် ရွှေဒင်္ဂါး ၃၅၀၀ ဖြစ်နေပြီဟု ပြောဆိုခဲ့သည်။ လင်းဝူမိသားစု တစ်ခုလုံး သေဆုံးသွားသည်မှာ သေချာသည့်အပြင် အလွန်ဆိုးရွားစွာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဤအကြွေးကို တောင်းမည့်သူ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချင်းကန်မြို့စားအိမ်တော်၏ အမွေဆက်ခံသူ ဝူယွမ်ဟွာက ပြောလိုက်သည်။ “ဒီအကြွေးက လူကုံထန် ပွဲရုံပိုင်ရှင် လင်းဝူရဲ့ အကြွေးပါ။ ဒါပေမဲ့ သူက ဆိုးရွားစွာ သေဆုံးသွားခဲ့တယ်။ လူသေရင် အကြွေးကြေတယ်ဆိုပေမယ့် ကျုပ်က လင်းမိသားစုရဲ့ ဆွေမျိုးတော်စပ်သူအနေနဲ့ သူ့အတွက် ဒီအကြွေးကို တောင်းပိုင်ခွင့်ရှိတယ်။ သမက်တော် ရှမ့်လန် .... ဒီအကြွေးရှိကြောင်း ခင်ဗျား ဝန်ခံပါသလား”
ရှမ့်လန်က ပြောလိုက်၏။ “ဝန်ခံတာပေါ့။ ရွှေဒင်္ဂါး ၃၅၀၀ မဟုတ်လား။ ဝန်ခံပါတယ်”
ထို့နောက် ရှမ့်လန်က မေးလိုက်သည်။ “နောက်ဘယ်သူရှိသေးလဲ၊ ဘယ်သူ အကြွေး လာတောင်းအုံးမလဲ”
ခဏအကြာတွင် လူတစ်ယောက် ထွက်လာ၏။ သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် တက်တူးများဖြင့် ပြည့်နှက်နေကာ ဆိုးသွမ်းပြီး ထူးခြားခန့်ညားသော မျက်နှာထက်တွင်လည်း တက်တူးများ ဖုံးလွှမ်းနေသည်။ ရန်သူတော်များမှာ မကြာခဏ ဆုံတွေ့တတ်ကြ၏။ သူကား ပင်လယ်ဓားပြဘုရင်၏ သား ချောင်ရှောင်းပင်တည်း။
ရွှမ်ဝူမြို့စားအိမ်တော်နှင့် သူ၏ ရန်ငြိုးမှာ အလွန်နက်ရှိုင်းသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ပင်လယ်ဓားပြ ဘုရင် ချောင်ထျန်းဝေသည် ကျင်းမိသားစု၏ တပ်တစ်ခုလုံးကို ချေမှုန်းခဲ့၏။ မကြာသေးမီက ချောင်ထျန်းဝေသည် ကျင်းချန်ကျွန်းကို လုယက်ရန် စစ်သည်များ စေလွှတ်ခဲ့သည်။ မကြာမီကလည်း ဤချောင်ရှောင်းသည် ရွှမ်ဝူမြို့စားအိမ်တော်၏ စိုက်ခင်းများရှိ ရေတွင်းများထဲသို့ အဆိပ်များထည့်ပြီး လူသောင်းချီကို သတ်ဖြတ်ရန် ကြံစည်ခဲ့၏။ ထို့အပြင် သူသည် မြို့စားလေး ကျူးလန်ထင်နှင့် ပူးပေါင်းကာ ကျင်းမိသားစု၏ ဆည်ကို ဖျက်ဆီး၍ လူသောင်းချီကို ရေလွှမ်းမိုးသေဆုံးစေရန် ကြံစည်ခဲ့သေးသည်။
ဤပင်လယ်ဓားပြဘုရင်၏ သားမှာ လူစိတ်မရှိဟု ဆိုရပေမည်။ သို့ပေမည့် ယခု ခန်းမဆောင်ထဲတွင် ဘဏ္ဍာရေး အမတ်ကြီး၊ ဦးရီးတော် နင်ချီနှင့် ဆဋ္ဌမမင်းသားတို့ ရှိနေကြသည်။ ဤပင်လယ်ဓားပြဘုရင်၏ သားသည် ထည်ဝါစွာ ဝင်ရောက်လာသည်ကို မြင်သော်လည်း အားလုံးသော သူတို့က မမြင်ချင်ယောင် ဆောင်နေကြ၏။ အုပ်ချုပ်ရေးမှူး ကျန်းချုံသည် ချောင်ထျန်းဝေ ကျင်းချန်ကျွန်းကို သိမ်းပိုက်စဉ်က စစ်တပ်မလွှတ်ဘဲ ဤအတိုင်းရပ်ကြည့်နေခဲ့သည်။ ထို့အပြင် ဤရာဇဝတ်သား ချောင်ရှောင်းကို လျစ်လျူရှု၍ထား၏။
ချောင်ရှောင်းသည် ဝင်လာပြီးသည့်နောက် သူ၏ လောဘကြီးသော အကြည့်တို့သည် ကျင်းမူလန် ထံသို့ ဦးဆုံး ရောက်ရှိနေသည်။ ထိုအကြည့်သည် မူလန်၏ အဝတ်အစားများကို ဆွဲဖြဲပစ်ချင်နေသည့်အလားပင်။ မူလန်သည် အလွန်လှပပြီး .... သူမထက် လှပသော အမျိုးသမီးဟူ၍ မရှိသလောက်ပင်။
ဝမ်းနည်းစရာမှာ ဤအမျိုးသမီးကို အိမ်ရှေ့စံမင်းသားက မျက်စိကျနေသဖြင့် မည်သူမျှ မလုရဲခြင်းပင်။ သို့ပေမည့် ကျင်းကျန့်နန်ကိုတော့ ချောင်ရှောင်းက အပိုင်သိမ်းရန် စဉ်းစားထားသည်။ ကျင်းကျန့်နန် နှင့် လိင်ဆက်ဆံနေစဉ် မျက်လုံးမှိတ်၍ ကျင်းမူလန်အဖြစ် သဘောထား၍ ရသည်မဟုတ်ပါလား။
ချောင်ရှောင်းသည် စာချုပ်တစ်စောင်ကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ရိုက်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက .... ကျင်းယုက ကျုပ်အဖေကို လာတိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ တပ်တစ်ခုလုံး ကျဆုံးခဲ့တယ်။ အဲဒီနောက်မှာ နုရှောင့်မြို့ စစ်ပြေငြိမ်းရေးစာချုပ်ကို လက်မှတ်ထိုးပြီး ကျုပ်တို့မိသားစုကို တစ်နှစ်ကို ရွှေဒင်္ဂါးပြား ၉၀၀၀ လျော်ကြေးပေးဖို့ သဘောတူခဲ့တယ်။ ဒီနှစ်အတွက် ပိုက်ဆံ မပေးရသေးဘူး မဟုတ်လား”
ရှမ့်လန်က မေးလိုက်သည်။ “နှစ်သစ်ကူးပွဲတော်ရောက်ဖို့ လဝက်တောင် လိုသေးတယ် မဟုတ်လား”
ချောင်ရှောင်းက အေးစက်စွာ ပြောလိုက်၏။ “ဒါပေမဲ့ မင်းတို့မိသားစုက နှစ်သစ်ကူးပွဲတော်ကို မကြုံရဘဲ သေမှာ သေချာနေပြီ။ ဒါကြောင့် ပိုက်ဆံပြန်ဆပ်လိုက်တော့။ ဒီအကြွေးရှိကြောင်း မင်း ဝန်ခံသလား၊ မခံဘူးလား”
ရှမ့်လန်က ပြောလိုက်သည်။ “ရွှေဒင်္ဂါး ၉၀၀၀ ဟုတ်လား။ ဝန်ခံပါတယ်၊ ဝန်ခံတာပေါ့”
ရှမ့်လန်က ထပ်မံကာ မေးလိုက်၏။ “နောက်ရော ... ဘယ်သူ အကြွေးတောင်းအုံးမလဲ”
ခဏအကြာမှာတော့ ဝူအန်းမြို့စားအိမ်တော်၏ အမွေဆက်ခံသူ ရွှယ်ဖန် ထွက်လာသည်။ “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မြို့စားကျင်းယု ချောင်ထျန်းဝေကို တိုက်ခိုက်ပြီး တပ်တစ်ခုလုံး ကျဆုံးခဲ့တုန်းက ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို ပေးကမ်းထောက်ပံ့ဖို့ ပိုက်ဆံမရှိတဲ့အချိန် ကျုပ်တို့ ရွှယ်မိသားစုက ရွှေဒင်္ဂါး ၃၀,၀၀၀ ပေးခဲ့တယ်။ ဒီကိစ္စမှာ စာချုပ်မရှိဘူး။ သမက်တော် ရှမ့်လန် သိလား မသိလားတော့ မပြောတတ်ဘူး”
ထိုသို့သော အဖြစ်အပျက် အမှန်ပင် ရှိခဲ့၏။ သို့ပေမည့် ထိုအချိန်က ရွှယ်မိသားစုက ဤငွေသည် ချေးငှားခြင်း မဟုတ်ဘဲ ပေးကမ်းခြင်းဖြစ်သည်။ ယခုမူ တစ်ဖက်လူများသည် ချေးငွေဟု ကြွေးကြော်ပြီး အကြွေးလာတောင်းလို့နေ၏။
အနှစ်နှစ်ဆယ်အတွင်း ရွှေဒင်္ဂါးပြား ၃၀,၀၀၀ ကို ယင်ယွမ်အဖွဲ့အစည်း၏ အနည်းဆုံး အတိုးနှုန်းဖြင့် တွက်ချက်လျှင် အရင်းအနှီးနှင့် အတိုးပေါင်း ယခုအခါ ရွှေဒင်္ဂါးပြား ၅၁,၀၀၀ ပြန်ဆပ်ရမည်ဖြစ်၏။ ဤခဏလေးအတွင်း ရွှမ်ဝူမြို့စားအိမ်တော်တွင် အကြွေးသုံးခု ထပ်တိုးလာခဲ့သည်။ စုစုပေါင်း ရွှေဒင်္ဂါးပြား ၆၃,၅၀၀ ပင်။
ထိုအချိန်၌ လူတစ်ယောက်က ထရပ်လိုက်သည်။ သူသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်ပြီး အုပ်ချုပ်ရေးမှူးကျုးကျွင်းက မလှုပ်မယှက် ထိုင်နေသော်လည်း ဒုတိယဝန်ကြီးက စကားစတင်ပြောဆိုလိုက်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက ပြောလိုက်၏။ “နှစ်ကုန်ပိုင်းရောက်နေပြီ။ ခင်ဗျားတို့ ရွှမ်ဝူမြို့စားအိမ်တော်က နိုင်ငံတော်ဘဏ္ဍာတိုက်ကို ပေးသွင်းရမယ့် အခွန်ဘဏ္ဍာတွေ မပေးသွင်းရသေးဘူး။ အဲဒါက ရွှေဒင်္ဂါးပြား ၉၀၀၀ ရှိတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်းက စုပုံနေတဲ့ အကြွေးတွေနဲ့ ပေါင်းရင် စုစုပေါင်း ၂၇,၀၀၀ ရှိတယ်”
ကျင်းမိသားစုသည် ယခုနှစ်အခွန်ကို အမှန်ပင် မပေးသွင်းရသေးပေ။ သို့ပေမည့် လွန်ခဲ့သော ဆယ်နှစ်တာက အကြွေးများဟု ဆိုခြင်းမှာမူ လုံးဝ အဓိပ္ပာယ်မရှိသော စကားပင်။ အမှန်အတိုင်းဆိုရလျှင် နှစ်စဉ် အခွန်မှန်မှန် ပေးသွင်းနိုင်သည်မှာ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။
ကျင်းဟိုင်မြို့စားအိမ်တော် ထန်မိသားစုဆိုလျှင် အခွန်မပေးသည်မှာ အနည်းဆုံး ၇နှစ်၊ ၈ နှစ်ခန့် ရှိနေပြီး အပြည့်အဝ မပေးသွင်းခဲ့ပေ။ ကျင်းကျိုးမြို့စားကြီးမှာမူ ရိုးသားဖြောင့်မတ်ပြီး နှစ်စဉ် အခွန်ကို ရှင်းလင်းစွာ ပေးသွင်းခဲ့သည်။ ဤသည်မှာ စတုတ္ထမြောက်အကြွေးဖြစ်ပြီး စုစုပေါင်း ရွှေဒင်္ဂါးပြား တစ်သိန်းနီးပါး ထပ်တိုးလာ၏။
ထင်ရှားသည်မှာ တစ်ဖက်လူများသည် ဝမ်ကျားကျွန်းကို ပြန်လည်ရယူလိုရုံသာမက ရွှမ်ဝူမြို့စားအိမ်တော်၏ ဧကသောင်းချီသော မြေယာများကိုပါ ရောင်းချရအောင် ဖိအားပေးနေခြင်းဖြစ်သည်။ မထူးဆန်းချေ။ ချီယွီသည် မနေ့က အထူးတလည် လာရောက်၍ မြေရောင်းချင်လျှင် သူ့ကို အရင်ရှာပါ။ တခြားသူများက ထိုမြေများကို ၎င်းတို့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီးပြီဟု ပြောခဲ့သည်။
ဝမ်ကျားကျွန်းကို ဆုံးရှုံး၊ ဧကသောင်းချီသော မြေယာများကို ဆုံးရှုံးလျှင် ရွှမ်ဝူမြို့စားအိမ်တော်တွင် ဘာကျန်ဦး မည်နည်း။ စစ်သည် ၂,၀၀၀-၃,၀၀၀ ကို ဘာဖြင့် ထောက်ပံ့မည်နည်း။ ထိုသူများက မြို့စားအိမ်တော်၏ အမြစ်ကို တူးဖြိုနေခြင်းပင်။
ရှမ့်လန်က မေးလိုက်၏။ “ကောင်းပြီ၊ ဒါက ပဉ္စမမြောက် အကြွေးလား”
မည်သူမျှ မဖြေကြချေ။ ရှမ့်လန်က ကျယ်လောင်စွာ မေးလိုက်သည်။ “အကြွေးရှင်တွေရော ထပ်ရှိသေးလား”
မည်သူမျှ မဖြေကြားပေ။
ရှူထင်းယွီက အေးစက်စွာ ပြောလိုက်၏။ “ပေါက်ကရတွေ မပြောနဲ့။ အမြန်လက်မှတ်ထိုး၊ ဝမ်ကျားကျွန်းကို အမြန်လွှဲပေး”
ချောင်ရှောင်းက ဝင်ပြောလိုက်၏။ “ကျန်တဲ့ ရွှေဒင်္ဂါးပြား တစ်သိန်းကို မင်းတို့မိသားစု မတတ်နိုင်တော့ဘူး၊ အမြန်မြေရောင်း။ ဧကသောင်းချီတဲ့ မြေရောင်းလို့ မလောက်ရင် အိမ်ရောင်း၊ အကြွေးတင်ရင် ပြန်ဆပ်ရမှာ သဘာဝပဲ”
ထိုအချိန်မှာတော့ လူတိုင်း၏ အကြည့်များသည် ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။
‘ရုန်းကန်နေလို့ အသုံးမဝင်ဘူး။ ခင်ဗျားတို့ ကျင်းမိသားစုက ဝမ်ကျားကျွန်းကို ဆုံးရှုံးရမှာ၊ ဧကသောင်းချီတဲ့ မြေယာတွေကို ဆုံးရှုံးရမှာ သေချာနေပြီ။ ဒီနေ့မှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ စုစုပေါင်း ရွှေဒင်္ဂါး ရှစ်သိန်းနီးပါး ..... ခင်ဗျားတို့ ရွှမ်ဝူမြို့စားအိမ်တော်မှာ ယခု ရွှေဒင်္ဂါး ၈၀၀၀ တောင် မရှိလောက်ဘူး’
ရွှေဒင်္ဂါး ရှစ်သိန်းဆိုသည်မှာ ထျန်းလန်ပြည်နယ်၏ အခွန်နှစ်နှစ်စာနီးပါးရှိပြီး တစ်လအတွင်း ရရှိဖို့ ဆိုသည်မှာ နတ်ဘုရားပင် မတတ်နိုင်ပေ။ စုဖေ့ဖေ့သည် တော်ဝင်မိသားစု ဆယ်ခုကျော်ထံ သွားရောက်ခဲ့သော်လည်း ရွှေဒင်္ဂါး ၁၀၀၀ သာ ချေးငှားနိုင်ခဲ့သည်။ ထိုမျှ မျှော်လင့်ချက်မဲ့သော အခြေအနေကို လူတိုင်း ရှင်းလင်းစွာ မြင်နေရ၏။ ရှမ့်လန်မှာမူ အသေးအဖွဲ လူနောက်တစ်ယောက်သာ ဖြစ်သည်။
“လက်မှတ်ထိုး”
ရှူထင်းယွီက ပြောလိုက်၏။ “ကျုပ်တို့မှာ မင်းနဲ့ အချိန်ဖြုန်းဖို့ အချိန်မရှိဘူး”
ချောင်ရှောင်းက အေးစက်စွာ ပြောလိုက်သည်။ “မြေရောင်း .... ပြီးတော့ မင်းတို့မိသားစုက ကျင်းကျန့်နန်ဆိုတဲ့ မိန်းမကို ရွှေဒင်္ဂါး ၅၀၀ နဲ့ အပေါင်ထားလို့ရတယ်။ ဒါက အမြင့်ဈေးပဲ။ ဘယ်နေရာက ရွှေနဲ့လုပ်ထားလို့ ဒီထက် ဈေးပိုရမှာလဲ။ ကျုပ် ဈေးအမြင့်ဆုံး ပေးထားတာပဲ”
ရှမ့်လန်သည် ဤပင်လယ်ဓားပြဘုရင်၏ သားကို ကြည့်ကာ တွေးလိုက်၏။ ‘ကောင်လေး... မင်းကို ဆယ်ရက်လောက် ထပ်အသက်ရှင်ခွင့်ပေးမယ်၊ ဆယ်ရက်လောက် ထပ်နေလိုက်အုံး’
......
“ဟားဟားဟား......” ရှမ့်လန်သည် စားပွဲပေါ်ရှိ စာချုပ်ကို ဆွဲယူကာ အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်သည်။
ထို့နောက် သူ၏ အနက်ရောင်ဝတ်ရုံကို ထပ်ကာ ဆွဲဖြဲလိုက်သည်။ အတွင်းမှ အခမ်းနားဆုံးသော ပိုးထည်ဝတ်ရုံ ပေါ်ထွက်လာ၏။ ဤသည်မှာ မကြုံစဖူး ခမ်းနားသော ဝတ်စုံဖြစ်ပြီး ရွှေဒင်္ဂါး ၅၀၀ ဖြင့် ပြုလုပ်ထားကာ မြင်သူတိုင်း၏ မျက်စိကိုပင် ကျိန်းစပ်သွားစေမတတ်ပင်။
ရှူထင်းယွီ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် အေးစက်စွာ ပြောလိုက်သည်။ “ရှမ့်လန် မင်း ရူးနေတာလား။ စာချုပ်ကို ဆုတ်ဖြဲလိုက်လို့ အသုံးဝင်မယ် ထင်နေလား။ အကြွေးမပေးရင် စစ်သည်တွေနဲ့ မင်းတို့ ဝမ်ကျားကျွန်းကို သိမ်းမှာပဲ”
ရှမ့်လန်က ပြုံး၍ ပြောလိုက်၏။ “ရှူထင်းယွီ.. ခင်ဗျားအမေရဲ့ ဖင်ပေါ်မှာပဲ လက်မှတ်ထိုးလိုက်။ ချောင်ရှောင်း... ခင်ဗျားအမေကိုသာ ကျုပ်ဆီ လာပေါင်လိုက်စမ်း”
ဤစကားထွက်ပေါ်လာချိန်မှာတော့ အားလုံးသောသူတို့၏ မျက်နှာများသည် ပြောင်းလဲသွားသည်။
ရှမ့်လန်က ရယ်မောကာ ပြောလိုက်၏။ “ရွှေဒင်္ဂါး ရှစ်သိန်းလောက်နဲ့ ကျုပ်တို့ ကျင်းမိသားစုကို သေလမ်းပို့မယ် ဟုတ်လား။ ကျုပ်တို့ကို ဝမ်ကျားကျွန်းကို လက်လွှတ်ခိုင်းပြီး ဘိုးဘွားတွေ ထားခဲ့တဲ့ မြေယာတွေကို ရောင်းခိုင်းမယ်ပေါ့။ ခင်ဗျားတို့ရဲ့ နေ့လယ်ခင်းကြီး အိပ်မက်နေတာပဲ။ ရွှေဒင်္ဂါး ရှစ်သိန်း မဟုတ်လား။ ဒါက ကလေးကစားစရာပဲ”
ရှမ့်လန်သည် ဘောင်းဘီထဲသို့ လက်နှိုက်ပြီး အမွှေးတစ်ပင်ကို ဆွဲနုတ်၍ စားပွဲပေါ်သို့ ပစ်ချကာ ဟန်ပါပါ ပြောလိုက်သည်။ “ကျုပ် ရှမ့်လန်ရဲ့ အမွှေးတစ်ပင်ကို ဆွဲနုတ်လိုက်တာက ရွှေဒင်္ဂါးပြား ရှစ်သိန်းထက်တောင် ပိုလေးသေးတယ်”
“ရှူပိုတောက် အဘိုးကြီး ငတုံး၊ ရှူထင်းယွီ သောက်ရူး၊ ရွှယ်ဖန် သောက်ပေါ၊ ဝူယွမ်ဟွာ သောက်တလွဲကောင် ချောင်ရှောင်း ကြာကူလီ ... ခင်ဗျားတို့ အကြွေးရှင်တွေ အကုန်လုံး ကျုပ်ရှေ့မှာ မတ်တပ်ရပ်စမ်း။ ရပ်နေ၊ မလှုပ်နဲ့၊ မလှုပ်နဲ့ ကြားလား။ ကျုပ် ပိုက်ဆံ ပြန်ဆပ်မယ်၊ ရွှေဒင်္ဂါးပြား ရှစ်သိန်းလား။ ဆပ်မယ်” ရှမ့်လန်သည် ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်လိုက်သည်။
“ခင်ဗျားတို့တွေ မလှုပ်နဲ့။ ပါးစပ်ဟထား။ ခင်ဗျားတို့ ပိုက်ဆံနဲ့ ဖမ်းကိုက်ထား။ ကျုပ်က ခင်ဗျားတို့ကို ရွှေနဲ့ အရှင်လတ်လတ် မြှုပ်ပေးမယ်”
“ဖောင်း” ဟူသော အသံကျယ်ကြီးတစ်ချက် ထွက်ပေါ်လာ၏။
ချက်ချင်းဆိုသလိုပဲ လူအများ၏ခေါင်းပေါ်ရှိ မျက်နှာကြက်သည် အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ပြင်းထန်စွာ ပွင့်ထွက်သွားသည်။
နေရာတိုင်းတွင် ရွှေဒင်္ဂါးများသည် မုန်တိုင်းထန်သော မိုးကဲ့သို့ တဖွဲဖွဲ ရွာကျလာ၏။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မိုးသည်းထန်စွာ ရွာသွန်းကျလာ၏။ ရွှေမိုးပင်တည်း။ မကြုံစဖူးသော ရွှေမိုး။
ထိုမြင်ကွင်းသည် လူတစ်ဦး၏ လောကအမြင်ကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှ၏။
ရွှေဒင်္ဂါး ခုနစ်သိန်း၊ ရွှေတုံး ရွှေခဲပေါင်း တစ်သိန်းနှစ်သောင်းကျော်တို့သည် ကျဆင်းလာ၏။ ခန်းမဆောင်ကြီးတစ်ခုလုံးကို ချက်ချင်းဆိုသလို နစ်မြုပ်သွားစေတော့မတတ်ပင်။ တည်နေရာရှိ အကြွေးရှင်အချို့မှာမူ လုံးဝ နစ်မြုပ်သွားလေပြီ။
….
ဤမြင်ကွင်းကို ရှိနေသူအားလုံး တစ်သက် မမေ့နိုင်တော့ပေ။ ရှမ့်လန်ကိုယ်တိုင်ပင် အပါအဝင်ဖြစ်သည်။ အလွန်တရာ ခမ်းနားထည်ဝါလှချေသည်တကား။ စိတ်လှုပ်ရှားဖွယ်အတိပြီး၏။ ရွှေဒင်္ဂါး ခုနစ်သိန်း၊ ရွှေတုံး ရွှေခဲပေါင်း တစ်သိန်းနှစ်သောင်းကျော်။ ရေတံခွန်အလား သွန်ချလိုက်သကဲ့သို့ပင်။
အမိကမ္ဘာမြေ၏ ရုပ်ရှင်များတွင် ခမ်းနားထည်ဝါသော ရှန်ပိန်မိုး၊ ချောကလက်မိုး ၊ ပိုက်ဆံကြဲခြင်းကို မကြာခဏ မြင်တွေ့ရတတ်သည်။ သို့ပေမည့် ယခု ရွှေမိုးကြီးနှင့် နှိုင်းယှဉ်လျှင် ထိုအရာများမှာ အဘယ်မှာလျှင် ခမ်းနားတော့မည်နည်း။
ရှမ့်လန်၊ မူလန်နှင့် ကျင်းမူကုန်းတို့မှာ ကြိုတင်ပြင်ဆင်ထားသဖြင့် အလျင်အမြန် နောက်သို့ ဆုတ်ခွာသွား ကြသည်။ သို့ပေမည့် တည်နေရာရှိ အကြွေးရှင်များဖြစ်သော ယင်ယွမ်အဖွဲ့အစည်းမှ ရှူပိုတောက်၊ ရှူထင်းယွီ၊ ဝူအန်းမြို့စားအိမ်တော်မှ အမွေဆက်ခံသူ ရွှယ်ဖန်၊ ချင်းကန်မြို့စားအိမ်တော်မှ အမွေဆက်ခံသူ ဝူယွမ်ဟွာနှင့် ပင်လယ်ဓားပြဘုရင်၏သား ချောင်ရှောင်းတို့၏ ခန္ဓာကိုယ်များမှာ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် တောင့်တင်း နေသည်။
သူတို့သည် ဤရွှေမိုးကို ရှောင်ရှားရန် အလျင်အမြန် ဆုတ်ခွာနိုင်စွမ်း ရှိသော်လည်း မပြုလုပ်နိုင်ခဲ့ကြပေ။ ရွှေဒင်္ဂါးပြား တစ်ပြားစီ၏ အလေးချိန်မှာ လေး၊ ငါးမီတာ အမြင့်မှ ကျလာလျှင်ပင် ထိခိုက်မှု မရှိနိုင်ပေ။ သို့ပေမည့် ရွှေတုံးရွှေခဲ များမှာမူ အလေးချိန် အဆပေါင်းများစွာ ရှိရာ ခေါင်းပေါ်သို့ ကျလာပါက မသေလျှင်တောင်မှ ပြင်းထန်စွာ ထိခိုက်နိုင်ပေသည်။ သို့ပေမည့် ရှိနေသူအားလုံးမှာ ကျွမ်းကျင်သူများဖြစ်သောကြောင့် အဘယ်သို့ ထိခိုက်ဒဏ်ရာ ရနိုင်မည်နည်း။ သူတို့သည် မလှုပ်မယှက် ရပ်နေကြပြီး ဤရွှေမိုးကြီးကို အဆုံးတိုင် ခံယူနေကြသည်။
တစ်မိနစ်ခန့် ကြာမြင့်ပြီးနောက်...
ဤရွှေမိုးသည်းကြီးအောက်တွင် ခိုင်ခံ့ပါသည်ဆိုသော စားပွဲကြီးမှာ ရွှေများ၏အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျသွားသည်။ တည်နေရာရှိ အကြွေးရှင်အချို့သည် ပေါင်အောက်ပိုင်းအထိ ရွှေဒင်္ဂါးများ၊ ရွှေတုံးရွှေခဲများ၏ မြှုပ်နှံခြင်း ခံလိုက်ရ၏။ ဤမရေမတွက်နိုင်သောရွှေဒင်္ဂါးများသည် ရွှေတောင်ကြီးတစ်လုံးအဖြစ် လုံးဝ ပုံသွားခဲ့၏။
ရွှေဒင်္ဂါးအားလုံး ကျဆင်းပြီးနောက် ပရိသတ်များသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ယခုအချိန်အထိပင် လူတိုင်းသည် မျက်မှောက်မှ အဖြစ်အပျက်အားလုံးကို မယုံကြည်နိုင်ကြသေးပေ။ အမှန်ပင် အိပ်မက်ဆန်လွန်း လှသည်။ ကြောက်မက်ဖွယ်ကောင်းလွန်း၏။ အစစ်အမှန်နှင့် လုံးဝမတူပေ။
ရွှေဒင်္ဂါးရှစ်သိန်း ဆိုသည်မှာ ထျန်းနန်စီရင်စု၏ အခွန်နှစ်နှစ်စာရှိပြီး တစ်လမပြည့်မီအချိန်အတွင်း ရှမ့်လန်သည် ထိုမျှများပြားသော ငွေကြေးပမာဏကို အမှန်တကယ် ထုတ်ယူနိုင်ခဲ့သည်။ ဤသည်မှာ ဖြစ်နိုင်ပါမည်လား။ အိမ်မက် မက်နေသကဲ့သို့ပင်။
နေမင်းသည် အနောက်မှ ထွက်၍ ပင်လယ်ရေသည် ပြောင်းပြန်စီးလျှင်ပင် ရှမ့်လန်သည် ဤသို့ မပြုလုပ်နိုင်ပေ။ သို့ပေမည့် မျက်စိရှေ့မှ ဤအဖြစ်အပျက်အားလုံးမှာမူ ရှင်းလင်းစွာ ဖြစ်ပျက်နေသည်။
သူ... သူသည် နတ်ဘုရားတစ်ပါးပေလား။ အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသဖြင့် ပရိသတ်ထဲမှ မည်သူမျှ အသံတစ်ချက် မထွက်နိုင်ကြပေ။ အာရုံကြောအားလုံးပင် အနည်းငယ် ထုံကျင်သွားပြီး မျက်စိရှေ့မှ အဖြစ်မှန်ကို လက်ခံနိုင်ရန် အချိန်အနည်းငယ် လိုအပ်နေသည်။
“အ...” ရုတ်တရက် ကျင်းမူကုန်းထံမှ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာ၏။ အကြောင်းမှာ သူ၏ ခြေမပေါ်သို့ ရွှေတုံးတစ်တုံး ကျလာသောကြောင့်ပင်။ သို့ပေမည့် ချက်ချင်းပဲ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပြန်အုပ်လိုက်သည်။ ယောက်ဖ အလွန်ခက်ခဲစွာ ပြင်ဆင်ထားသော ဇာတ်လမ်းကြီးသည် သူ၏ သေးငယ်သော အမှားတစ်ခုကြောင့် ပျက်စီးသွားပါက သူ သေသွားနိုင်၏။ ယောက်ဖက သူ့ကို ဘာမှမလုပ်လျှင်တောင် သူကတော့ ကြောက်ရွံ့ နေမိ၏။
.............
ထိုအချိန်မှာတော့ ရှမ့်လန်၌ ခံစားချက်တစ်ခုသာ ရှိသည်။ ကျေနပ်ခြင်း … အလွန့်အလွန် ကျေနပ်ခြင်းပင်။
အဖြစ်အပျက်များက သူ၏ အမွေးအမျှင်တိုင်းကိုပင် ထောင်မတ်သွားစေသည်။ ရှမ့်လန်၏ အမြင်၌ ငွေသည် အမှိုက်သဖွယ်ပင်။
သူသည် ရှိနေသူအားလုံး၏ မျက်လုံးများကို ငြင်သာစွာ ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ရှူထင်းယွီ၊ ရွှယ်ဖန်၊ ဝူယွမ်ဟွာ၊ ချောင်ရှောင်း... ဒီရွှေပုံက ရွှေဒင်္ဂါးပြား ရှစ်သိန်းထက် ကျိန်းသေ ပိုလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် ရွေးယူပြီး သွားကြတော့”
ထိုလူအချို့၏ မျက်နှာများမှာ ဖြူဖျော့နေဆဲဖြစ်ပြီး ရွှေပုံထဲတွင် မလှုပ်မယှက် ရပ်နေကြဆဲပင်။
ရှမ့်လန်က မထီမဲ့မြင် ပြောလိုက်၏။ “ခင်ဗျားတို့တွေက ဟိုမှာပုန်း ဒီမှာပုန်းနဲ့ ရွှမ်ဝူမြို့စားအိမ်တော်ကို အရပ် ရှစ်မျက်နှာကနေ ဝိုင်းရံတိုက်ခိုက်ရတာကို ကြိုက်ကြတယ်။ ပြီးတော့ မဟုတ်မမှန် သတင်းစကားတွေ လွှင့်ပြီး လူထုထင်မြင်ချက်ကို လှည့်စားကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါက အောက်တန်းကျတဲ့ လှည့်ကွက်တွေ၊ ကျုပ်အတွက် ကလေးကစားစရာတွေပဲ။ ရွှေဒင်္ဂါး ခုနစ်သိန်း မဟုတ်လား။ ရွှေဒင်္ဂါး ခုနစ်သိန်းလောက်နဲ့ ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်ကို ရူးသွပ်သွားအောင် လုပ်တယ်။ တကယ်ကို ရယ်စရာအကောင်းဆုံးပဲ။ ခင်ဗျားတို့ရဲ့ အမြင်က ဒီလောက်ပဲလား”
‘ရွှေဒင်္ဂါး ခုနစ်သိန်းလောက်နဲ့တဲ့လား။ ဒါ ဘယ်လောက်များတဲ့ ပမာဏလဲဆိုတာ မင်းသိလား။ ဒီငွေနဲ့ ဘယ်လောက်များတဲ့ အရာတွေ လုပ်လို့ရလဲဆိုတာ မင်းသိလား’
ယခင် ရွှမ်ဝူမြို့စားကြီးသည် ရွှေဒင်္ဂါးပြား တစ်သန်းဖြင့် စစ်သည်တော် ၃၀၀၀ ကို ငှားရမ်းပြီး မြေပိုင်နက်ထဲမှ စစ်သည် ၅၀၀၀ ကို စုဆောင်းခဲ့သည့်အပြင် စစ်သင်္ဘော ရာပေါင်းများစွာပါသော ရေတပ်တစ်ခုလုံးကို ငှားရမ်းခဲ့၏။ ထိုမျှအထိ လုပ်နိုင်သည့် ငွေပမာဏဖြစ်သည်။
သို့ပေမည့် ရှမ့်လန်သည် ယခု ရွှေဒင်္ဂါးရှစ်သိန်းဖြင့် သူတို့၏ မျက်နှာများကို ပေါက်ခွဲလိုက်ရာ ဤစကားကို ပြောဖို့ ထိုက်တန်သည်။ ရှူထင်းယွီနှင့် အခြားသူများသည် ချေပစကားတစ်ခွန်းမျှ မဆိုနိုင်ကြတော့ပေ။
ရှမ့်လန်သည် မထီမဲ့မြင် ပြောလိုက်၏။ “ရှက်စရာ၊ ရှက်စရာပဲ။ ခင်ဗျားတို့ရဲ့လူတွေ ကျုပ်ကို နေ့တိုင်း ဘယ်လိုတွေ သတင်းလွှင့်ပြီး တိုက်ခိုက်နေကြတာလဲ။ ကျုပ်က ဖြုန်းတီးတတ်တယ်တယ်၊ အဝတ်အစားတစ်စုံကို ရွှေဒင်္ဂါး ၃၀၀ သုံးတယ် ဟုတ်လား။ မဟုတ်တာတွေ မပြောနဲ့။ ကျုပ်အဝတ်အစားက ရွှေဒင်္ဂါး ၅၀၀ တန်တယ်။ ခင်ဗျာတို့က ၃၀၀ တန်လို့ ပြောရဲတယ်။ ကျုပ်ရဲ့ နေထိုင်မှုအဆင့်အတန်းကို အထင်သေးနေတာလား”
ကျုပ်ကို ထမင်းတစ်ခါစားရင် ငါးအကောင်တစ်ရာစားတယ်လို့လည်း တိုက်ခိုက်ကြသေးတယ်။ အဓိပ္ပာယ် မရှိဘူး။ ရှက်စရာကောင်းလိုက်တာ။ ကျုပ်က အရေအတွက်များများစားတာ မဟုတ်ဘူး။ အရည်အသွေးရှိတဲ့ အစားအစာကို နည်းနည်းပဲ စားတာ။ ကျုပ်စားတဲ့ ကာဗီးယားငါးရဲ့ တန်ကြေးက ရွှေဒင်္ဂါး တစ်ရာလောက်တန်တယ်။ ခင်ဗျားတို့ရဲ့ အမြင်တွေက တိမ်လွန်းတယ်။ ရွှေဒင်္ဂါး ခုနစ်သိန်းလောက်နဲ့ ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်ကို သေအောင် ချောင်ပိတ်ပြီး တွန်းပို့ချင်တယ်ပေါ့”
“ထွီ”
“ကျုပ် ရှမ့်လန်က အရမ်းချမ်းသာတယ်။ ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်က ပိုက်ဆံ ရှိတယ်။ ခုနစ်သိန်း၊ ရှစ်သိန်းထားလိုက်အုံး၊ တစ်သန်း၊ နှစ်သန်းတောင် ကျုပ် ထုတ်နိုင်တယ်။ အကြွေးရှင်တွေအားလုံး .. ခင်ဗျားတို့ ပိုက်ဆံတွေနဲ့အတူ ငရဲပြည်ကို အမြန်သွားနှင့်ကြတော့”