အခန်း (၁၉၄)
Vol. 14 Ch. 194
ရွှမ်ဝူအိမ်တော်အတွက် သူတို့ထန်မိသားစုသည် အကြီးမားဆုံးသော ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရ၏။ ကျင်းချန်ကျွန်း တစ်ခုလုံးကို အလျှော့ပေးပြီး ပင်လယ်ဓားပြ ချောင်ထျန်းဝေဆီသို့ လွှဲပေးခဲ့ရ၏။ သို့ပေမည့် ဘာတစ်ခုမှ ထူးခြားမလာခဲ့ချေ။ မဟုတ်ပါက သူသည် ကျင်းချန်ကျွန်းကို လွှဲပေးလိမ့်မည်မဟုတ်ချေ။
ဤကဲ့သို့ ကြီးမားသည့် စွန့်လွှတ်စတေးမှုကို ပြုလုပ်ခဲ့သည်ဆိုသော်လည်း တစ်ဖက် ကျင်းမိသားစုကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။ ကျင်းမိသားစုသည် လုံလုံခြုံခြုံနှင့် ကောင်းကောင်းမွန်မွန် ရှိလို့နေခဲ့၏။ သူတို့ကသာလျှင် လူပေါင်းများစွာတို့၏ ရယ်ပွဲဖွဲ့စရာ ဖြစ်လာခဲ့၏။
“မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး” ကျင်းဟိုင်မြို့စားကြီး ထန်လွင်က အော်ဟစ်လိုက်၏။ ပြီးနောက် သူသည် အန်ထုတ်လိုက်မိ၏။ အန်ထွက်လာသည်မှာ ဝိုင်များမဟုတ်ချေ။ သွေးများသာ ဖြစ်သည်။
............
ကျန်းမိသားစုအိမ်တော်
ကျန်းချုံးသည် အားလုံးတို့၏ မြင်ကွင်းဆီမှ ပျောက်ကွယ်သွားခဲ့သည်မှာ အချိန်တော်ကြာမြင့်ခဲ့ပြီဖြစ်၏။ သူသည် ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးမည့် အဓိကလူဖြစ်၏။ သူသည် ဘုရင်မင်းမြတ်၏ ဓားပင်ဖြစ်၏။ သို့ပေမည့် လအနည်းငယ်အတွင်း သူသည် မည်သည့်အသံမှ မထွက်ခဲ့ချေ။
အားလုံးသောသူတို့ ကျင်းမိသားစုကို အကြွေးတောင်းရန် ပြင်ဆင်နေသည့်အချိန်တွင် သူ တစ်လုံးတစ်ပါဒမှ ဝင်ရောက်ကာ မပြောခဲ့ချေ။ ထို့အတူ ဘုရင်မင်းမြတ်ဆီသို့လည်း တောင်းဆိုလွှာ၊ ထုချေလွှာ၊ မည်သည့်စာတစ်စောင်ကိုမှ တင်သွင်းခဲ့ခြင်းမရှိချေ။
အားလုံးသောသူတို့သည် ကျင်းမိသားစု ဝမ်ကျားကျွန်းကို လက်လွှဲပေးရန် အတင်းဖိအားပေးလျက် ရှိနေစဉ်မှာလည်း သူသည် မည်သည့်စကားကိုမှ ဝင်ရောက်ကာ မပြောခဲ့ချေ။ သူ ခရိုင်အုပ်ချုပ်ရေးမှူး တစ်ယောက်သည် အဘယ်ကြောင့် ကိုယ်ပျောက်သလို နေထိုင်နေရသနည်း။ သူ မည်သည့်နေရာတွင်ရှိသည်ကို မည်သူကမှ မသိရှိချေ။ အချိန်တော်ကြာသည်အထိ ထိုက်ချူးစီရင်စုတွင် ပေါ်ပေါက်လာခြင်းမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်လအနည်းငယ်တည်းက သူသည် မှတ်တမ်းမှတ်ရာများကို ပြန်လည်ကာ ကြည့်ရှုစစ်ဆေးပြီး ရုတ်တရက် နေမကောင်းဖြစ်သောကြောင့် လအနည်းငယ် အနားယူမည်ဟု ခွင့်တိုင်ထားခဲ့သောကြောင့်ပင်။ ဘုရင်မင်းမြတ်ကလည်း ထိုအရာနှင့်ပတ်သက်၍ သဘောတူညီထား၏။ ထို့ကြောင့် ကျန်းချုံးသည် ငြိမ်ငြိမ်သက်သက်ဖြင့် အိမ်တော်ထဲ၌ သီးသန့် အနားယူနေခြင်းပင်။
အားလုံး၏ အထင်အရဆိုလျှင် သူ ကျန်းချုံးသည် ရွှဲ့ပြည်နယ်၏ နိုင်ငံရေးစင်မြင့်ထက်မှ ပြုတ်ကျသွားခဲ့ပြီ ဖြစ်၏။ ကျန်းချုံးသည် ဤကဲ့သို့ပင် ပျောက်ကွယ်သွားလိမ့်မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြ၏။ ကျင်းချန်ကျွန်းတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီးနောက် သူ ပြန်လည် ရုန်းကန်၊ ရှင်သန်လာနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ‘ကျုပ်တို့ ခင်ဗျားကို မလိုတော့ဘူး ကျန်းချုံး’ ဟု အားလုံးသော သူတို့က ပြောဆိုနေနိုင်၏။
တကယ်ပင် ထန်လွမ်သည် ရုတ်တရက်ဆိုသလိုပဲ လှုပ်ရှားခဲ့၏။ တိုက်ရိုက်ဆိုသလိုပဲ ကျင်းချန်ကျွန်းကို ပင်လယ်ဓားပြ ချောင်ထျန်းဝေလက်ထဲသို့ ပေးအပ်ခဲ့၏။ မည်မျှ သတ္တိကောင်းပြီး မည်မျှ ထက်မြက်လိုက် သနည်း။ ကျင်းမိသားစုကို အဆုံးစွန်ထိ ရောက်ရှိသွားစေရန်အတွက် ဖိအားပေးခဲ့ခြင်းဖြစ်သည်။
သူ ... ကျန်းချုံးသည် တည်နေရာတွင် မတ်မတ်ရပ်ကာ နေထိုင်ခဲ့ပြီး မည်သည့်နေရာမှာမှ ပါဝင်ခဲ့ခြင်းမရှိခဲ့ချေ။
ကျင်းမိသားစု ဖျက်ဆီးခံရမည့် အခြေအနေမျိုးတွင် ဉာဏ်ကောင်းလှပါသည်ဆိုသော ချီယွီပင်လျှင် ရုတ်တရက် ဝင်ရောက်ကာ ပါဝင်ခဲ့၏။ ပြီးနောက် ချီယွီသည် သူ့ဆီသို့ လာရောက်ကာ တွေ့ဆုံခဲ့၏။
သူမသည် ကျန်းချုံးကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ဦးလေးကျန်း… ကျွန်မတို့ ရှုံးနိမ့်ခဲ့ပြီ။ ရှမ့်လန်က ရွှေဒင်္ဂါး ခုနစ်သိန်းကျော်ကို ထုတ်ပေးခဲ့ပြီ။ အင်း.. တိတိကျကျပြောရမယ်ဆိုရင် ရွှေဒင်္ဂါးရှစ်သိန်းပဲ။ ရွှမ်ဝူအိမ်တော်က ဝမ်ကျားကျွန်းကို အားလုံးရဲ့ လက်ကနေကယ်တင်နိုင်ခဲ့ပြီ။ ရွှမ်ဝူအိမ်တော်ရဲ့ မြေဧကတစ်သောင်းကျော်တို့လည်း ဘေးကင်းသွားခဲ့ပြီ”
ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ကျန်းချုံးသည် ရုတ်တရက် အိပ်ရာပေါ်မှ ထထိုင်လိုက်၏။ ပြီးနောက် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဒါ တကယ်.. တကယ်ဟုတ်ရဲ့လား။ မဖြစ်နိုင်ဘူး။ ဒါ လုံးဝမဖြစ်နိုင်ဘူး”
ပြီးသည့်နောက် သူသည် နဖူးကို အုပ်ကိုင်ကာဖြင့် ခေါင်းတစ်ခုလုံး မူးနောက်နောက် ခံစားနေမိသည်။ “ရွှေဒင်္ဂါး ခုနစ်သိန်း။ တစ်လကျော်အတွင်းမှာပဲ ရှမ့်လန် ဒါကို ဘယ်လိုထုတ်ပေးလိုက်တာလဲ။ ဒီကြားထဲမှာ ဘာတွေများ တိတိကျကျ ဖြစ်ပွားခဲ့တာလဲ”
ချီယွီက ပြောလိုက်၏။ “ဘာကြောင့်လဲတော့ မသိဘူး။ အင်း.. ရှမ့်လန် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိဘူး”
ကျန်းချုံးသည် အနည်းငယ် တုန်ယင်သွားခဲ့၏။ “ရှမ့်လန်က ဒီလောက် အားကောင်းလိမ့်မယ်လို့ ငါ မထင်မှတ်ခဲ့ဘူး။ ငါ့ရဲ့ ခင်မင်ရတဲ့ တူမတော်လေး။ အားနာပါတယ်။ အခု ရွှမ်ဝူအိမ်တော်ရဲ့ မြေဧက တစ်သောင်းကျော်ကို မင်း မရတော့ဘူးပေါ့။ ဘာပဲပြောပြော မင်းအဖေကို ငါ တောင်းပန်ချင်ပါသေးတယ်”
ချီယွီသည် အလောတကြီးဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။ “မဝင့်ရဲပါဘူး။ ချက်ချင်း အိမ်ကိုပြန်ဖို့တော့ လိုအပ်တယ်။ အဖေ့ကို သွားပြီးတော့ သတင်းပို့ရအုံးမယ်။ ဦးလေးကျန်း..သေသေချာချာ အနားယူပါအုံး”
ကျန်းချုံးက ပြောလိုက်၏။ “အင်း.. မင်းအဖေကို တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ငါကပြောတယ်လို့ ဆက်ဆက် ပြောပေးအုံးနော်။ ကျန်းချုံးရဲ့ မပြည့်စုံမှုကြောင့်ပါပဲ”
“မဝင့်ရဲပါဘူး။ ချီယွီ သွားလိုက်ပါအုံးမယ်”
ကျန်းချုံးက ပြောလိုက်သည်။ “ကျန်းကျင်း.. မိန်းကလေးချီကို လိုက်ပို့လိုက်”
............
ချီယွီကို လိုက်ပါပို့ဆောင်ပြီးသည့်နောက် ကျန်းကျင်းသည် သူ၏အခန်းဆီသို့ ပြန်လာခဲ့၏။ ထိုအချိန်မှာတော့ သူသည် စိတ်ထဲတွင်ရှိနေသည့် တုန်လှုပ်မှုများကို မည်သို့မှ မဖုံးကွယ်နိုင်ခဲ့ချေ။ “အဖေ… ရှမ့်လန် တကယ်တမ်း လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ရွှေဒင်္ဂါး ၈ သိန်းကိုတောင် ထုတ်ပေးနိုင်တယ်နော်။ တကယ့်ကို တုန်လှုပ်စရာပဲ။ သူဘယ်လိုများ လုပ်လိုက်တာလဲ”
ကျန်းချုံးသည် အိပ်ရာမှ အသာထထိုင်လိုက်၏။ သူသည် နာမကျန်းဖြစ်သည့်ပုံ မပေါ်တော့ချေ။ အနည်းငယ် အံ့အားသင့်နေဟန် ပေါ်လာ၏။
“အင်း.. သူ ဘယ်လိုရွှေဒင်္ဂါး ၈ သိန်းကို ထုတ်ယူခဲ့တယ်ဆိုတာ ကိစ္စမရှိဘူး။ အဓိက သော့ချက်အားဖြင့် ရှမ့်လန်က ကျင်းချန်ကျွန်းတိုက်ပွဲမှာတည်းက စီစဉ်ပြီးသားဖြစ်လိမ့်မယ်။ သူ့လက်ထဲမှာ အရာအားလုံးက ဆော့ကစားခံနေရတဲ့ပုံစံမျိုး ဖြစ်နေပြီ။ ရှေ့ကို တစ်လှမ်းလှမ်းပြီးတဲ့အချိန်မှာ ရှေ့ကို ခြေသုံးလှမ်းလောက် ကြိုစီစဉ်ပြီးသားဖြစ်မယ်။
အံ့အားသင့်စရာပဲ။ အံ့အားသင့်စရာပဲ။ ဒီရှမ့်လန်က တကယ့်အကောင်းဆုံး စစ်တုရင်ကစားသမားတစ်ယောက် ဖြစ်လိမ့်မယ်။ ဒီလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်တွေ့ရတာ ငါ့ဘဝမှာ ပျော်ရွှင်စရာကောင်းတဲ့ အရာတစ်ခုပဲ။ ပြီးတော့ ရှမ့်လန်က လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေလိမ့်မယ်။
ဝမ်ကျားကျွန်းက လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေလိမ့်မယ်။ ငါထင်တာသာ မမှားဘူးဆိုရင် ချောင်ရှောင်း မကြာခင် သေတော့မယ်။ သူ ဆိုးဆိုးရွားရွား သေလိမ့်မယ်။ ဒီချောင်ရှောင်းက လူမဆန်ဘူး။ ရွှမ်ဝူအိမ်တော်ကို အထပ်ထပ် ဒုက္ခပေးခဲ့တယ်။ ရှမ့်လန်က ကျိန်းသေပေါက် အငြိုးအတေးကြီးမားစွာနဲ့ လက်စားချေမှာ သေချာတယ်။ ရှမ့်လန်အနေနဲ့ ဒီတိရစ္ဆာန်ကို အခုချိန်အထိ အသက်ရှင်ရက်လွှတ်ပေးထားတာ လွယ်ကူမှာ မဟုတ်ဘူး။ မနည်းစိတ်ထိန်းထားရမှာ သေချာတယ်။
အခု အချိန်ရောက်လာပြီ။ ချောင်ရှောင်း ... ဒီကောင်ကတော့ ကျိန်းသေပေါက် အသတ်ဖြတ်ခံရတော့မယ့် အချိန် ရောက်လာပြီ။ ရှမ့်လန်ရဲ့ဉာဏ်ပညာက နတ်ဆိုးတစ်ကောင်နီးပါးထိ ရောက်လာပြီ။ နေအုံး.. ရှမ့်လန်ရဲ့ အခြေအနေက အစပဲရှိသေးတယ်။ သူက လူပေါင်းများစွာကို ကျုံးသွင်းဖို့အတွက် ကြီးမားတဲ့ ပိုက်ကွန်ကြီး တစ်ခုကို ဖန်တီးထားတာပဲ။
လူဘယ်လောက်များများက သူ့ရဲ့ပိုက်ကွန်အောက်ထဲမှာ နစ်မြုပ်ပြီး ဖမ်းဆီးခံရမလဲဆိုတာ ငါမသိဘူး။ မိသားစုတွေ ဘယ်လောက် ဖျက်ဆီးခံရမလဲ။ အဲဒီအချိန် လူဘယ်လောက်များများ သေကြမလဲ။ လူတစ်သောင်းလောက် သေဆုံးမယ်ဆိုရင်တောင် နည်းနေလိမ့်မယ်။ ငါ စစ်စည်၊ စစ်မောင်းတွေရဲ့အသံတွေတောင် ကြားနေရပြီ။ ကောင်းကင်တစ်ခုလုံး သွေးတွေနဲ့ ပြည့်တော့မယ်။
ချောင်ထျန်းဝေရဲ့စစ်တပ်ကြီးတစ်ခုလုံး ဖျက်ဆီးခံရတာကို ကြိုမြင်နေရပြီ။ အင်း ..... ထန်မိသားစုလည်း ဖျက်ဆီးခံရတော့မယ်။ ကျန်းကျင်း.. မင်း အဆင်သင့်ပြင်ထားတော့။ တိုက်ပွဲက စတော့မယ်။ တကယ့်ကို ကြီးမားတဲ့တိုက်ပွဲကြီးပဲ။ နေရာအနှံ့မှာ အလောင်းတွေ ပြန့်ကျဲပြီးတော့ သွေးကလည်း မြစ်လို စီးဆင်းလိမ့်မယ်”
ကျန်းကျင်းက ပြောလိုက်သည်၊ “အဖေ..... ရှမ့်လန်ရဲ့ အစီအစဉ်တွေ အကုန်လုံးကို သိနေတာပဲလေ။ သူ့ကို ထုတ်ဖော်ပြီးတော့ ဘာလို့ မတားဆီးရတာလဲ”
ကျန်းချုံးက ပြောလိုက်၏။ “ငါဘာလို့ တားဆီးရမှာလဲ။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ငါ သူနဲ့အတူ ပူးပေါင်းပြီးတော့ တစ်ခါတည်း တော်ဝင်မိသားစု တော်တော်များများကို သုတ်သင်ပစ်လို့ ရတယ်လေ။ ဒီအတော အတွင်းမှာ အစိုးရသစ် မူဝါဒအတွက် ရှုပ်နေတဲ့ အရှုပ်အထွေးတွေ အကုန်လုံးကို ရှင်းပစ်လိုက်ပြီးတော့ မထင်မှတ် ထားလောက်တဲ့ ကောင်းချီးတစ်ခုကို ဖန်တီးနိုင်တယ်။
တကယ်လို့ သူ ချောင်ထျန်းဝေရဲ့ သီးသန့်စစ်တပ်ကြီး တစ်ခုလုံးကို သုတ်သင်ပစ်လိုက်မယ်ဆိုရင်ရော။ ဒါဆိုရင် ကျင်းဟိုင်မြို့စားအိမ်တော် တစ်ခုလုံးကို သုတ်သင်ပစ်တော့မှာ မဟုတ်လား။ ရှမ့်လန်ရဲ့ ပိုက်ကွန်က ပင်လယ်ဘုရင်နဲ့ ထန်လွမ်တို့ကိုပဲ မြှုပ်နှံမှာ။ အင်း.. ဒါပေမယ့် ငါ့ရဲ့ ပိုက်ကွန်ကတော့ အကုန်လုံးကို မြုပ်ပစ်မှာ”
ကျန်းချုံးက ဆက်ပြောလိုက်သည်။ “ကောင်းပြီ ဒါဆိုရင် ငါမင်းကို ပြောပြမယ်။ ရှစ်ချင်းချင်းက မသေသေးဘူး”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ကျန်းကျင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူသည် ရုတ်တရက် ထကာ မေးမြန်းလိုက်၏။ “ဘယ်ရောက်သွားတာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ချွင်းဟွာက ချင်းချင်း ချောင်ယောင်းအာ ဘေးနားကို ရောက်နေပြီး ချောင်ယောင်းအာရဲ့ အနီးကပ်ဆုံး လူတစ်ယောက် ဖြစ်နေဆိုတဲ့ သတင်းစကား ပေးပို့ခဲ့တယ်။ ငါသာ မမှားဘူးဆိုရင် သူ ရှမ့်လန်နဲ့ ပူးပေါင်းသွားခဲ့တာပဲ ဖြစ်မယ်”
ကျန်းကျင်းက ပြောလိုက်၏။ “ဘယ်လိုဖြစ်မှာလဲ။ အဲဒီညက ကျုပ် သေသေချာချာ သူ့ကို မီးရှို့ပြီး သတ်ပစ်ခဲ့တာပါ”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း.. လူတွေ စေလွှတ်ပြီး ရှစ်ကလန်ရဲ့ အပျက်အစီးပုံတွေကြားထဲ ရှာခိုင်းခဲ့တယ်။ ရှစ်ချင်းချင်းရဲ့ ပန်းထိုးဆောင်အောက်မှာ လျှို့ဝှက်ခန်း တစ်ခုရှိတယ်။ အထဲမှာလည်း ရေပုံးတွေ တော်တော်များများ ရှိတယ်။ လျှို့ဝှက်ခန်းထဲဝင်နေတာကြောင့် မီးတွင်းထဲကနေ လွတ်သွားတာပဲ ဖြစ်မယ်”
ကျန်းကျင်းက ပြောလိုက်၏။ “ဒါဆိုရင် အခု သူမကို သတ်ဖို့အတွက် နည်းလမ်းတစ်ခု စဉ်းစားရတော့မှာပေါ့”
ကျန်းချုံးက ပြောလိုက်သည်။ “သူက အခု ချောင်ယောင်းအာရဲ့ ဘေးနားကို ရောက်နေပြီ။ မင်း ဘယ်လို သွားသတ်မှာလဲ။ မင်း ချောင်ယောင်းအာကို အနိုင်ယူနိုင်စွမ်း ရှိလို့လား။ ကျုံးချူးကဲ့၊ လီချင်းချိုး၊ ရန်နန်းဖေး တို့ကို သွားပြီးတော့ သတ်ခိုင်းမလို့လား”
ကျန်းကျင်းက ပြောလိုက်၏။ “ရှမ့်လန်က ကျိန်းသေပေါက် ချောင်ယောင်းအာရဲ့ အနားမှာ ရှစ်ချင်းချင်း ရှိနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဖန်တီးထားတာပဲ ဖြစ်ရမယ်။ ကျုပ်တို့ ဒီကိစ္စကို ဖျက်ဆီးရမယ်။ သူတို့ကို အောင်မြင်စေလို့ မဖြစ်ဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “မဟုတ်ဘူး ... သူတို့ကို အောင်မြင်အောင် လုပ်ခိုင်းရမယ်။ မဟုတ်ရင် ချောင်ယောင်းအာက နုရှောင့်မြို့ကို စောင့်ရှောက်နေတယ်ဆိုတော့ အဲမြို့ကို ဘယ်သူယူနိုင်တော့မှာလဲ”
………….
ရွှမ်ဝူအိမ်တော်သည် ရွှေဒင်္ဂါး ရှစ်သိန်းကို ပြန်လည် ပေးအပ်ပြီး ဖြစ်၏။ များပြားလွန်းသည့် မကောင်းသည့် အကြောင်းအရာများနှင့် လူပေါင်းများစွာတို့၏ အတင်းအဖျင်း ပြောဆိုမှုအားလုံးတို့သည် ပျောက်ကွယ်သွားခဲ့၏။ တစ်လောကလုံးတွင် ရှိနေသည့် တော်ဝင်မျိုးနွယ်အားလုံးတို့သည် ဆွံ့အသွားခဲ့ကြ၏။ မည်ကဲ့သို့ တုံ့ပြန်ရမှန်းပင် မသိကြပေ။
နန်းမြို့တော်ဆီမှလည်း မည်သည့် တုံ့ပြန်မှုမျိုးမှ မရခဲ့ချေ။ ရှမ့်လန်၏ ပညာပေးခြင်းကို ခံရသောကြောင့် ဘာတစ်ခုမှ မလှုပ်နိုင်၊ မရှားနိုင်နှင့် ဒုက္ခရောက်လျက် ရှိနေသည့်အထဲတွင် ဘုရင်မင်းမြတ်၏ အစိုးရဝန်ထမ်း အချို့ပင် ပါဝင်လျက်ရှိနေ၏။ သူတို့သည် ရှမ့်လန်ကို အပြစ်ပေးနိုင်ရန်အတွက် အချို့သော လျှောက်တင်လွှာများကိုပင် ဘုရင်မင်းမြတ်ဆီသို့ ပေးပို့ထားခဲ့ကြ၏။ သို့ပေမည့် သူတို့၏ လျှောက်တင်လွှာ များသည် လက်ရှိ အခြေအနေမှာတော့ အမှိုက်တောင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။
တိတ်ဆိတ်ပြီးသည့် နောက်မှာတော့ အားလုံးသော သူတို့၏ အထင်အမြင်က ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ လူပေါင်း များစွာတို့သည် ဤကိစ္စကို ပြောဆိုလျက် ရှိနေ၏။ လူပေါင်းများစွာတို့သည် ရွှေဒင်္ဂါးရှစ်သိန်း ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည့်အကြောင်းကို ပြောဆိုလျက် ရှိနေ၏။ ဤမြင်ကွင်းသည် တကယ့်ကို ဆန်းကြယ်လွန်းလှပြီး အံ့အားသင့်စရာ ကောင်းသည့် မြင်ကွင်းမျိုးဖြစ်မှာ သေချာ၏။ ရွှေမုန်တိုင်း ... ရွှေမုန်တိုင်း တိုက်ခတ်ခြင်းပင် ဖြစ်၏။
ရှမ့်လန်၏ ဂုဏ်သိက္ခာသည်လည်း တမဟုတ်ချင်း တိုးတက်သွားခဲ့၏။ အတိတ်တုန်းက သူသည် မည်ကဲ့သို့ လိမ်ညာလှည့်စားကာဖြင့် သက်တောင့်သက်သာ နေထိုင်ရမည်ကိုသာ သိသော သမက်တော် တစ်ယောက် ဖြစ်၏။ လက်ရှိ အချိန်တွင်မှာတော့ သူသည် မှော်ပညာဖြင့် ပြောင်းလဲခြင်းကို ခံလိုက်ရသည့် တကယ့် နတ်သား ကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ လောကတွင် ရှိနေသည့် လူငယ်ပေါင်းများစွာတို့၏ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့၏။ ကျောက်တုံးမှ ရွှေတုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ အံ့အားသင့်စရာ ကောင်းလွန်းသည် မဟုတ်ပါလား။
ယခင် ရွှမ်ဝူအိမ်တော်၏ သမက် ဖြစ်လာစဉ်က သူသည် လူပေါင်းများစွာတို့၏ အထင်သေး ရှုတ်ချခြင်းကို ခံခဲ့ရ၏။ ယခု သူသည် လူပေါင်း တစ်သောင်းကျော်တို့၏ အထင်ကြီး အားကိုးမှုကို ခံရသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ လဝက်ကျော်အတွင်း ရွှေဒင်္ဂါးခုနစ်သိန်းမှ ရှစ်သိန်း နီးပါးကို ရှာဖွေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည် မဟုတ်ပါလား။
ပြီးနောက် လူပေါင်းများစွာတို့သည် ရွှမ်ဝူအိမ်တော် အနေနှင့် ရွှေဒင်္ဂါး ခုနစ်သိန်း၊ ရှစ်သိန်းကို လဝက်ကျော် အတွင်း မည်ကဲ့သို့ ရှာဖွေခဲ့သည် ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ စတင် ဆွေးနွေးလာခဲ့ကြ၏။ ဤအရာမှာ ခက်ခဲလွန်းလှ၏။ လောကကြီးထဲတွင် ဤမျှ ပိုက်ဆံများများ ရှာနိုင်သည့် စီးပွားရေး လုပ်ငန်းဟူ၍ မရှိချေ။
ရှစ်ကွမ်းယွမ်သည် ထျန်းလန်စီရင်စု တစ်ခုလုံး၏ ပိုးထည် စီးပွားရေးလုပ်ငန်းကို မောင်ပိုင်စီးခဲ့၏။ ၎င်း၏ တစ်နှစ်စာ အသားတင် အမြတ်ငွေသည် ရွှေဒင်္ဂါး တစ်သောင်းလောက်သာလျှင် ရှိ၏။
ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်ထဲတွင် လူဦးရေ တစ်သိန်းကျော် ရှိပြီး မိုင်းတွင်းများ၊ ဆားလုပ်ငန်းများ တည်ရှိနေ၏။ ထို့ကြောင့် တစ်နှစ်အတွင်း ရွှေဒင်္ဂါး ရွှေဒင်္ဂါး တစ်သိန်းနီးပါးလောက်ကိုသာလျှင် ရှာဖွေနိုင်စွမ်း ရှိ၏။ တစ်လအတွင်း ရွှေဒင်္ဂါး ခုနစ်သိန်း ရှစ်သိန်းလောက်ကို မည်ကဲ့သို့ ရှာဖွေမည်နည်း။ ကောင်းကင်ပေါ်တို့မှ ရွှေဒင်္ဂါးများက ကျဆင်းလာခြင်း ဖြစ်လေသည်လား။
တစ်စုံတစ်ယောက်သည် အံ့အားသင့်စွာနှင့် ပြောလိုက်သည်။ “ကောင်းကင်ပေါ်က ရွှေဒင်္ဂါးတွေ ကျလာတာ မဟုတ်နိုင်ဘူး။ မြေကြီးထဲက ရွှေဒင်္ဂါးတွေပဲ ဖြစ်ရမယ်”
အဓိပ္ပာယ်ကို နားလည်သည်လား။ ရွှမ်ဝူအိမ်တော်သည် အလောတကြီးဖြင့် ရွှေဒင်္ဂါး ခုနစ်သိန်းကျော်ကို ပေးအပ်ခဲ့၏။ ထို့အပြင် ရွှေများသည် အသစ်ဖြစ်လို့ နေခဲ့၏။ ရွှေဒင်္ဂါးများသည် ယခုမှ ဖန်တီးပြုလုပ်ထားသည့် ရွှေဒင်္ဂါးများ ဖြစ်ပြီး အပေါ်တွင် စာသားနှင့် တစ်ခြား မည်သည့်အရာကိုမှ ရိုက်နှိပ်ဖို့ အချိန် မရှိခဲ့ချေ။ ပြောရမည်ဆိုလျှင် ထိုအထဲတွင် ရွှေတုံး အနည်းငယ်ပင် ပါဝင်လျက် ရှိ၏။ မြေကြီးထဲမှ တူးထုတ်ထားသည့် ရွှေ အကြမ်းထည်တုံးများပင် ဖြစ်၏။
ဤအရာက ဘာကို သက်သေပြနေသနည်း။ မြေကြီးအောက်ဆီမှ တူးထုတ်ထားသည့် ရွှေများသာလျှင် ဖြစ်ပေလိမ့်မည်။ ရွှမ်ဝူအိမ်တော်သည် ရွှေတွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းသာ ဖြစ်မည်။
ဤရွှေတွင်းသည် ဝမ်ကျားကျွန်းဆီမှ ဖြစ်ရပေလိမ့်မည်။ တကယ့်ကို အဆင့်မြင့်လွန်းသည့် ရွှေတွင်းတစ်ခု ဖြစ်ရပေမည်။ ထိုအရာသည် ရွှေမှုန်များသာမက ရွှေတုံးများပါ ထွက်ရှိသည့် ရှားပါးတွင်းမျိုးပင် ဖြစ်ရပေလိမ့်မည်။ ထိုရွှေတုံးများသည် တစ်ခါတည်း ထုတ်ယူကာ သုံးစွဲနိုင်သည့် အဆင့်အတန်းမျိုးပင်။
လူတို့၏ အထင်အမြင်သည် မုန်တိုင်းကဲ့သို့ပင် အားလုံးသော သူတို့၏ ဆီသို့ ပျံ့နှံ့သွားခဲ့၏။
လူပေါင်းများစွာတို့သည် ဝမ်ကျားကျွန်း၌ တည်ရှိနေနိုင်ကောင်း တည်ရှိနေနိုင်သည့် ရွှေတွင်းအကြောင်းကို ပြောဆိုလျက် ရှိနေ၏။ ရွှေသည် လူတို့၏ စိတ်ကို လှုပ်ရှားစေ၏။ လောကကြီးထဲတွင် ရွှေတွင်းထက် ပိုမိုကာ မြန်ဆန်စွာဖြင့် ပိုက်ဆံရှာနိုင်သည့်အရာ မည်သည့်အရာ ရှိမည်နည်း။ မရှိနိုင်ပေ။
ရွှမ်ဝူအိမ်တော်သည် တစ်ခါတည်း ရွှေဒင်္ဂါး ခုနစ်သိန်း ၊ ရှစ်သိန်းလောက်ကို ပြန်ပေးနိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကျင်းမိသားစုသည် ကျင်းချန်ကျွန်း ကို လက်လွှတ်ပေးခဲ့ပြီး ဝမ်ကျားကျွန်းကို ထိမ်းသိမ်းခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ထို့ကြောင့် လူပေါင်းများစွာတို့သည် ဝမ်ကျားကျွန်း ဆီသို့ သွားရောက်ရန် ပြင်ဆင်လျက် ရှိနေ၏။
သို့သော်ငြား မည်သူမှ အနားသို့မကပ်ရဲချေ။ အဘယ့်ကြောင့်ဆိုသော် ဝမ်ကျားကျွန်း ရေပိုင်နက် အနီးအနား တစ်ခုလုံးကို ရွှမ်ဝူအိမ်တော်က တားဆီး ကာကွယ်ထားခဲ့သောကြောင့်ပင်။ အနီးနားသို့ ကပ်လာသည့် လူတိုင်းသည် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
...........
အချိန်အတော်ကြာ ဟိတ်ဟန်ထုတ် ဝံ့ကြွားစွာ နေထိုင်ခဲ့ပြီးသည့်နောက် ရွှမ်ဝူအိမ်တော်သည် အလုပ်အလွန် များသည့် အခိုက်အတန့်ကို ဖြတ်သန်းနေရ၏။ ယင်ယွမ်အဖွဲ့အစည်းမှလူများ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ရွှမ်ဝူသည် နေမကောင်းဖြစ်ချင်ယောင်ဆောင်ခြင်းကို ရပ်တန့်လိုက်သည်။ ချက်ချင်းပဲ စိတ်သစ်ကိုယ်သစ် အားအင်တက်ကြွစွာဖြင့် လူတိုင်း၏ ရှေ့ဆီသို့ ပေါ်လာခဲ့၏။
သူ၏စိတ်သည် တကယ့်ကို ကောင်းမွန်သည့် အခြေအနေတွင် တည်ရှိနေခဲ့၏။ သို့ပေမည့် သူသည် ခန္ဓာကိုယ် အလေးချိန်အတော်တော် ကျသွားခဲ့၏။ မြို့စားကြီးသည် အလွန်အမင်း ပျော်ရွှင်လျက် ရှိနေသည်။ သွားရ၊ လာရ ၊ နေရ ၊ ထိုင်ရ ယခင်ကထက် ပိုမိုကာ ပေါ့ပါးသွားသည် မဟုတ်ပါလား။
မြို့စားကတော်ကပင်လျှင် ကိုယ်အလေးချိန်လျော့ကျစေရန် ရှမ့်လန်ဆီမှ ဆေးကို ယူ၍သောက်သုံးချင်သည်။
ချက်ချင်းပင် ရှမ့်လန်သည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သော အမူအရာကို ပြသကာ ပြောလိုက်၏။ “အမေ... တကယ်ပဲ ဝိတ်ချချင်သေးတာလား။ ကောင်းကင်ဘုံ ... ဒီလောကမှာ အမေ့ထက် ပိုလှတဲ့ ခန္ဓာကိုယ် ရှိသေးလို့လား။ တစ်လက်မ တိုးရင် ဝပြီး၊ တစ်လက်မ လျော့ရင် ပိန်သွားမယ်။ ကောင်းကင်ဘုံက လက်မတိုင်းကို သေချာ တိုင်းထွာပြီး ထွင်းထုထားသလိုဖြစ်နေတဲ့ ဒီလိုခန္ဓာကိုယ်ကိုတောင် ဝိတ်ချအုံးမယ်ဆိုရင် လောကရဲ့ စံသတ်မှတ်ချက်တွေ ပျက်ကုန်မှာပေါ့”
ရုတ်တရက် ယောက္ခမကြီးသည် ပျော်ရွှင်သွားခဲ့၏။ ဝိတ်ချမည့် အကြောင်းကို မည်သို့သော အခါမှ ထပ်ကာ မပြောတော့ချေ။
ပြီးနောက် သူတို့နှစ်ယောက်သည် အလှအပနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆက်လက်ကာ ပြောဆိုခဲ့၏။ မျက်ကွင်းညိုလျှင် လိမ်းရသည့် ဆေးများအကြောင်း၊ ထို့အပြင် မျက်နှာကပ်ခွာများ အကြောင်း ရှမ့်လန်ကိုယ်တိုင် တီထွင်ထားသည့် အလှအပ ပစ္စည်းများအကြောင်းကို ပြောဆိုနေခြင်း ဖြစ်၏။ ၎င်းတို့သည် ပျော်ပျော်ရွှင်ရွှင် ပြောဆိုလျက် ရှိ၏။
နောက်ဆုံးမှာတော့ ရွှမ်ဝူသည် မည်သို့မှ မနေနိုင်ဘဲ ချောင်းဟမ့်ကာ စကားစဖြတ်လိုက်ရသည်။ “သောက်ကျိုးနည်း …. လမ်းကြောင်းက လွဲနေပြီ။ စကားလမ်းကြောင်းက လွဲနေပြီ”