← Chapters

ရွှေရောင် စွမ်းရည်၊ မသေမျိုး "ရှောင်ချီ"၊ နီးကပ်လာသော ကမ္ဘာသုံးထောင်သို့ ဝင်ရောက်ချိန် (အပိုင်း ၂)

Vol. 32 Ch. 441

ရွှေရောင် စွမ်းရည်၊ မသေမျိုး "ရှောင်ချီ"၊ နီးကပ်လာသော ကမ္ဘာသုံးထောင်သို့ ဝင်ရောက်ချိန် (အပိုင်း ၂)

Vol. 32 Ch. 441

တစ်ပတ်တာ အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။ ယခုတစ်ပတ်တွင် စုရှင်းသည် အရည်အသွေးမြင့် ရုပ်သေးရုပ် နှစ်ရုပ်ကို ထပ်မံဖန်တီးနိုင်ခဲ့ပြီး ၎င်းတို့ကို ဒန်ဝူ နှင့် ဒန်လျူ ဟု အမည် အသီးသီး ပေးခဲ့သည်။

ယခုအခါတွင် စုရှင်း၌ ဆေးဖော်ရန် သီးသန့် ရုပ်သေးရုပ် ၆ ရုပ်အထိ ရှိပြီဖြစ်သည်။ တခြား သက်မဲ့ ရုပ်သေးရုပ်တို့၏ အကူအညီနှင့်ဆိုလျှင် တစ်ပတ်အတွင်း ဖော်စပ်နိုင်သော ဆေးလုံးပမာဏသည် သူတစ်ဦးတည်း ဖော်စပ်နိုင်သည်ထက် မနည်းပေ။

“အခုဆိုရင် 'အဆာခံ ဆေးလုံး' လေးသောင်းကျော် စုဆောင်းမိနေပြီ။ လာမယ့်တစ်ပတ်ဆိုရင် ထူးခြားသတ္တုတွင်းရဲ့ တူးဖော်ခွင့် လက်မှတ် တစ်ခုကို ထပ်ဝယ်လို့ရပြီ။”

စုရှင်းသည် ဤအခြေအနေကို အလွန် ကျေနပ်အားရလျက် ရှိသည်။

၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စုရှင်းသည် ကျင်းချုံးရွှယ်နှင့် တွေ့ဆုံရန် အတွက် ဗီလာရှိရာသို့ ထပ်မံ သွားရောက်ခဲ့သည်။

အမြဲတစေ ပြင်ဆင်ခြယ်သထားတတ်သည့် ကျင်းချုံးရွှယ်သည် ယနေ့တွင်လည်း တောက်ပလျက် ရှိသည်။

ညစာ အတူစားပြီးနောက်တွင် စုရှင်းနှင့် ကျင်းချုံးရွှယ်တို့သည် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။ ပြီးမှ စုရှင်းသည် မခွဲချင်ခွဲချင်ဖြင့် ဝိညာဉ်စိုက်ခင်းဂူသို့ ပြန်လာခဲ့သည်။

တစ်ပတ်တာ အတွက် လိုအပ်သော ပစ္စည်းအသစ်တို့နှင့်အတူ စုရှင်း၏ သရုပ်ပြခြင်း စွမ်းအင် ပမာဏသည် ၁.၄၁၃၄၈ ဘီလီယံသို့ ရောက်ရှိလာခဲ့သည်။

သရုပ်ပြခြင်း၏ ကူးဒေါင်း ကုန်ဆုံးသည်နှင့် တပြိုင်နက် စုရှင်းက ပြတ်သားစွာပင် ပြောလိုက်သည်။

“သရုပ်ပြခြင်းကို စတင်မယ်။”

[ဒင်! ဤတစ်ကြိမ် သရုပ်ပြခြင်းသည် စွမ်းအင် ၆၉၀၀ ကုန်ကျပါမည်။ ကျန်ရှိသော စွမ်းအင်ပမာဏ - ၁.၄၁၃၄၈ ဘီလီယံ။ ကျန်ရှိသော သရုပ်ပြခြင်း အရေအတွက် - အကန့်အသတ်မရှိ။]

[သရုပ်ပြခြင်း စတင်ပါပြီ။]

[ခရမ်းရောင် စွမ်းရည်ကို မဲဖောက်ရန် စွမ်းအင် ၁၀၀,၀၀၀ ကုန်ကျမည် ဖြစ်သည်။ ရွှေရောင် စွမ်းရည်ကို မဲဖောက်ရန် စွမ်းအင် ၁ သန်း ကုန်ကျမည်။ မဲဖောက်ပါမည်လား။]

“ဒီတစ်ကြိမ် သရုပ်ပြခြင်း အတွက်တော့ 'ပေါင်းစည်းခြင်းအဆင့်' ကျင့်ကြံမှုအဆင့်အထိ မြှင့်တင်ဖို့ 'မီးလျှံတစ်သောင်း နည်းစနစ်'ကို လေ့ကျင့်လို့ ရတယ်။ ဒါမှမဟုတ်လည်း ပရမ်းပတာ မူလအစ နယ်ပယ်ကို ဖောက်ထွက်ဖို့ နည်းလမ်းရှာရမလား။ အဲ့ဒီအချိန်ကျရင် 'ကိုယ်ခန္ဓာကျင့်ကြံမှု'က ပရမ်းပတာ မူလအစ နယ်ပယ်မှာ ရှိနေပြီး 'ချီကျင့်ကြံမှု'က 'ပေါင်းစည်းခြင်းအဆင့်'မှာ ရှိနေပြီဆိုရင် အဲ့ဒီ ကျိန်စာသင့်နဂါးကို ငါ သတ်နိုင်လောက်ပြီ”

“ဒီလိုဆိုရင် အရင်ကရခဲ့တဲ့ စွမ်းရည်တွေကို ရွေးစရာ မလိုတော့ဘူး။ ရွှေရောင် စွမ်းရည်ကို မဲဖောက်ကြည့်ကြတာ‌ပေါ့”

ဤသို့ စုရှင်းက တွေးလိုက်သည်။

“ရွှေရောင် စွမ်းရည်ကို မဲဖောက်မယ်”

[ဒင်၊ ဂုဏ်ယူပါသည်။ ရွှေရောင် စွမ်းရည်- 'မသေမျိုး ရှောင်ချီ'ကို ရရှိခဲ့ပါသည်။ မဲဖောက်မှု အာမခံချက်သည် ပြန်လည်သတ်မှတ်ပြီး ဖြစ်သည်။ နောက်တစ်ကြိမ် ရွှေရောင်အရည်အသွေး ရရှိရန် အခွင့်အရေး ၁၀% ရှိသည်။]

“မျှော်လင့်ထားတဲ့ အတိုင်းပါပဲ... နေအုံး... ဟမ်”

စုရှင်းသည် ခေတ္တမျှ ကြောင်အသွားသည်။ ပြီးနောက် သူ့မျက်နှာပေါ်၌ ဝမ်းသာအားရ အမူအရာသည် ချက်ချင်း ပေါ်လာခဲ့သည်။

သူသည် ဒုတိယမြောက် ရွှေရောင် စွမ်းရည်ကို ဤမျှ လွယ်ကူစွာ ရရှိခဲ့လေပြီလော။

စုရှင်းသည် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီး၊ ဤတစ်ကြိမ်တွင် ရရှိလာသည့် စွမ်းရည်ကို အလျင်အမြန် ကြည့်လိုက်သည်။

[မသေမျိုး ရှောင်ချီ]: ရွှေရောင် စွမ်းရည်။ သင်၏ အသက်စွမ်းအားသည် 'ရှောင်ချီ' ဟူသော သက်ရှိကဲ့သို့ပင် အင်မတန် အားကောင်းသည်။ တိုက်ပွဲတစ်ခုအတွင်း ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိပြီး အသက်အန္တရာယ်ရှိသော အခြေအနေမျိုးသို့ ရောက်ရှိနေလျှင်ပင် အသက်ရှင်ရန် အခွင့်အရေး အလွန်များသည်။ ဒဏ်ရာ ပြန်လည် ကောင်းမွန်နှုန်းသည် ၃၀၀% မြင့်တက်လာမည်။ (မှတ်ချက် - ရှောင်ချီသည် အားနည်းပုံ ပေါ်သော်လည်း အားအင်ပြည့်ဝသော သက်ရှိတစ်မျိုး ဖြစ်သည်။)

ဤစွမ်းရည်၏ ဖော်ပြချက်ကို ဖတ်လိုက်ရသည်နှင့် စုရှင်း၏ မျက်လုံးများက အရောင်တောက်လာသည်။

“ဒါက တိုက်ခိုက်ရေး စွမ်းရည်ကို တိုက်ရိုက် တိုးမြှင့်ပေးတဲ့ စွမ်းရည်ပဲ။”

စုရှင်းသည် ဤစွမ်းရည်၏ ဖော်ပြချက်ကို စတင် ဆန်းစစ်နေခဲ့သည်။

ပထမဦးစွာ၊ ဒဏ်ရာ ပြန်လည် ကောင်းမွန်နှုန်း မြန်ဆန်လာခြင်းမှာ နားလည်ရလွယ်သည်။ ဒဏ်ရာပြန်လည်ကောင်းမွန်နှုန်း ၃၀၀% မြင့်တက်လာခြင်းနှင့် စုရှင်း၏ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်တွင် ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ ပေါင်းလိုက်လျှင် စုရှင်းသည် ပရမ်းပတာ မူလအစနယ်ပယ် ကျင့်ကြံသူတို့နှင့် တူညီသော ဒဏ်ရာ ပြန်လည် ကောင်းမွန်နိုင်သည့် စွမ်းရည်ကို ရရှိတော့မည် ဖြစ်သည်။

“ဒါပေမဲ့... 'အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှာ အသက်ရှင်ဖို့ အခွင့်အရေး အလွန်များပါတယ်' ဆိုတာက ဘာကိုဆိုလိုတာလဲ”

စုရှင်းသည် သူ့မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေခဲ့သည်။ သို့သော်လည်း ဤစွမ်းရည်၏ လက်တွေ့ အကျိုးသက်ရောက်မှုအပေါ်တွင်မူ မရေရာမှုများ ရှိနေတုန်းပင် ဖြစ်သည်။

ဤအကျိုးသက်ရောက်မှုကို တိုက်ပွဲအတွင်း၌သာ စမ်းသပ်ကြည့်မှ သိနိုင်လိမ့်မည်ဟု သူ ယူဆသည်။

“ဒီစွမ်းရည်နဲ့ဆိုရင်တော့ အဲ့ဒီကျိန်စာသင့်နဂါးကို သတ်ပြီး ငါ့ရဲ့အသက်ကိုလည်း သေချာပေါက် ကာကွယ်နိုင်ပြီ”

ဤသို့တွေးလိုက်ရင်း စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

[ဝိညာဉ်စိုက်ခင်းဂူထဲ၌ သင်သည် သရုပ်ပြခြင်း ပြုလုပ်နေသည်ကို သိရှိလိုက်သည်။]

[နောက်ထပ် တစ်လခွဲ ကြာပြီးနောက်တွင် သင်သည် လောထျန်း ညီလာခံသို့ ဝင်ရန်အတွက် လုံလောက်သည့် ဉာဏ်ကြီးရှင်အဆင့် အပိုဆုကြေးများကို စုဆောင်းထားပြီး ဖြစ်သည်။]

စုရှင်းသည် ဤအချက်ကို မြင်သောအခါ ခေါင်းကို အသာညိတ်ပြီး တီးတိုး ရွတ်လိုက်သည်။

“မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုမယ်...”

[ဒင်၊ သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသုံးပြုခဲ့သည်။ ကျန်ရှိသော စွမ်းအင်ပမာဏ - ၁.၄၁၀၀၈ ဘီလီယံ...]

…

မြှုပ်နှံသရုပ်ပြခြင်းသည် တကယ်တမ်း လက်တွေ့၌ စက္ကန့်အနည်းငယ်သာ ကုန်ဆုံးခဲ့ပြီး လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။

“တော်တော် ကောင်းတယ်။ သရဲအဘွားကြီးဆီကနေ 'ရုပ်သေးပညာရပ်' နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေ အများကြီး ရခဲ့တယ်။ သူ့ဆီကနေ ပုံမှန် သင်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ ရုပ်သေးပညာရပ်က အချိန်နဲ့အမျှ တိုးတက်လာမှာ သေချာတယ်။”

စုရှင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လောထျန်း ညီလာခံ၏ တန်ဖိုးရှိသော အတွေ့အကြုံများကို သူ အလဟဿ မဖြုန်းတီးလိုချေ။ ထိုအစား မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပြီး ရုပ်သေးပညာရပ်ကို လေ့လာခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်ဟု သူ ယူဆသည်။

သူ့အကြည့်များကို သရုပ်ပြခြင်း ဖန်သားပြင်စီ ပြန်ရွှေ့လိုက်သည်။

[လောထျန်းညီလာခံမှ ထွက်ခွာပြီးနောက်တွင် သင်သည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။]

[နောက်ထပ်လဝက် ကြာပြီးနောက်တွင် သင်သည် ချိန်းဆိုထားသည့်အတိုင်း လောရွှေရင်နှင့် တွေ့ဆုံခဲ့ပြီး သူမနှင့်အတူ ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။]

[သင်၏ အောင်မြင်မှုသခင် စွမ်းရည်ကြောင့် သင်သည် ဆင်းသက်ဂိုဏ်းတွင် စောင့်ရှောက်သူတစ်ဦးဖြစ်လာပြီး နောက်လိုက်ပေါင်း များစွာကိုလည်း စုဆောင်းနိုင်ခဲ့သည်။]

[ထို့နောက် သင်သည် ဉာဏ်ကြီးရှင်အဆင့် အပိုဆုကြေးများကို စုဆောင်းရန် အတွက် ဆေးဖော်သည့်အလုပ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။]

[ထိုသို့ဖြင့် တစ်နှစ်တာ အချိန်သည် ကုန်ဆုံးသွားသည်…]

[ဒုတိယနှစ်တွင် သင်သည် လောထျန်း ညီလာခံသို့ သွားရန် ပြင်ဆင်သည်။]

“မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုမယ်…”

[ဒင်၊ သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသုံးပြုခဲ့ပါသည်။ သင့်တွင် ကျန်ရှိသော စွမ်းအင်အမှတ်- ၁၄၀,၈၆၈မှတ်]

မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ပြီးနောက် စုရှင်းသည် ရုပ်သေးရုပ် ပညာကို လေ့လာရန် အချိန်ပေးခဲ့သည်။

မည်သို့ဆိုစေ တာအိုပညာရပ်ကို ပိုမို နားလည်လေလေ စုရှင်းသည် ပို၍ စွမ်းအားကြီးသော ရုပ်သေးရုပ်များကို သန့်စင်နိုင်လေလေ ဖြစ်သည်။

ထိုအချိန်၌ စုရှင်းသည် တစ်ပတ်ကို ရုပ်သေး၂ရုပ် သန့်စင်နိုင်တော့မည် မဟုတ်ပါ။ သို့သော် ထိုရုပ်သေးသည် အဆာခံဆေး အပြင် အခြားဆေးလုံးများကိုလည်း ဖော်စပ်နိုင်ပါလိမ့်မည်။

“မဆိုးပါဘူး။ သရဲအဘွားကြီးရဲ့ လမ်းညွှန်မှုကို နှစ်ကြိမ်ဆက်တိုက် ရပြီးပြီဆိုတော့ ရုပ်သေးရုပ်လမ်းစဉ်အပေါ် ငါ ပိုပြီး နားလည်လာပြီ။ တစ်ပတ်ကို ၃ရုပ်တောင် လုပ်နိုင်တော့မယ် ထင်တယ်”

စုရှင်းသည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

[လောထျန်းညီလာခံမှ ထွက်ခွာပြီးနောက် သင်သည် မည်သူမျှ သတိမပြုမိခင် ဆင်းသက်ဂိုဏ်းသို့ ပြန်လာခဲ့သည်။]

[ထို့နောက် သင်သည် ဉာဏ်ကြီးရှင်အဆင့် အပိုဆုကြေးများကို စုဆောင်းရန် အတွက် ဆေးဖော်သည့်အလုပ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။]

[တတိယနှစ်တွင် သင်သည် အားအင်တိုးစေသော ဆေးလုံးပေါင်း နှစ်သိန်းကျော်ကို ပိုင်ဆိုင်ခဲ့ပြီး၊ ဆေးဖော်သည့် ရုပ်သေးရုပ်ခြောက်ရုပ်က သင့်အတွက် အဆာခံဆေးလုံး ငါးသိန်းကျော်ကို စုဆောင်းပေးခဲ့သည်။]

[ဤဆေးလုံးများ အားလုံးကို လုရွှမ်ဝူထံသို့ အပ်ပြီးနောက် ဆင်းသက်ဂိုဏ်'သို့ ပြန်လာခဲ့သည်။]

[ဤသရုပ်ပြခြင်းတွင် သင်သည် ဆင်းသက်ဂိုဏ်းကို သစ္စာဖောက်ရန် အစီအစဉ် မရှိသေးပေ။ အဆိုပါ လျှို့ဝှက်ဆန်းကြယ်သောလူထံမှ ကမ္ဘာသုံးထောင် အတွင်းသို့ ဝင်ရောက်ခွင့် ရနိုင်မည်လားဟူသည်ကို စမ်းသပ်ကြည့်ရန်သာ ရည်ရွယ်ခဲ့သည်။]

[စတုတ္ထနှစ်တွင် သင်သည် နတ်ဘုရားအဆင့် ကျင့်စဉ်ဖြစ်သည့် မီးလျှံတစ်သောင်း နည်းစနစ်ကို စတင် ကျင့်ကြံခဲ့သည်။]

…

All Chapters