← Chapters

ငြင်းပယ်မရသော တိုက်ပွဲခေါ်သံ

Vol. 1 Ch. 6

ငြင်းပယ်မရသော တိုက်ပွဲခေါ်သံ

Vol. 1 Ch. 6

နေ့လယ်ခင်း စာသင်ချိန်များ သည်လည်း အန်လင်းအား ငိုက်မျဉ်းစေသည်သာ။ သို့ပေမဲ့လည်း မနက်ခင်းတွင် ဖြစ်ပျက်ခဲ့သည် များမှ ရရှိခဲ့သော အတွေ့အကြုံ အရ အတန်းထဲတွင် အိပ်မငိုက် ရဲတော့ချေ။

အန်လင်းအတွက် နေ့လယ်ခင်း အတန်းတွင် စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ဖြစ်ရပ်မှာ အတန်းခေါင်းဆောင် ရွေးကောက်ပွဲ ဖြစ်သည်။

ဓားအင်မော်တယ် လင်းရှောင်က ရွေးကောက်ပွဲတွင် ဦးစီးမှူးအဖြစ် ကြီးကြပ်ပေးသည်။ သူက အတော်လေး ခန့်ညားချောမောကာ ချက်ချင်းဆိုသလို အတန်းထဲရှိ မြောက်မြားစွာသော မိန်းကလေးများကို ဆွဲဆောင်လိုက်နိုင်သည်။

အတန်းခေါင်းဆောင် ရွေးကောက်ပွဲက ကိုယ်နှစ်သက်သူကို မဲပေးသည့် စနစ်ဖြင့် ရွေးချယ်ခြင်း ဖြစ်ကာ ယှဉ်ပြိုင်သူများက မဲရရှိရေး အတွက် မိန့်ခွန်း ပြောကြားပြီး မဲဆွယ် စည်းရုံးနိုင်သည်။

ရွှမ်ယွမ်ချန်၏ မဲဆွယ်မိန့်ခွန်းမှာ ရုန့်ရင်းကြမ်းတမ်းကာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်ဟု ဆိုရမည်။ သူပြောခဲ့သည်မှာ တစ်ခုတည်းသာ။

“မင်းတို့တွေ အားလုံးက ငါတို့နှစ်ရဲ့ လူသစ်တွေထဲ အကောင်းဆုံးထဲက အကောင်းဆုံးသူတွေ ဖြစ်တယ် ... အဲဒါကြောင့် ငါတို့ရဲ့ အတန်းခေါင်းဆောင်က ဒီနှစ်လူသစ်တွေထဲက အသန်မာဆုံးသူသာ ဖြစ်သင့်တယ် ... အသန်မာဆုံးသူ သာလျှင် ဒီနေရာနဲ့ ထိုက်တန်တယ် ...”

ရွှမ်ယွမ်ချန်က အတန်းဖော်များကို မြှောက်ပင့်ရုံ တင်မက သူ့ကိုသူပါ ချီးကျူး လိုက်သေးသည်က အတော်လေး အကျိုး သက်ရောက်မှု ရှိသည်ကို လက်ခံရမည် ဖြစ်သည်။

အဆုံးတွင် စုချန်းရန် ဝင်ပြိုင်ခြင်း မရှိသည့် ပြိုင်ပွဲတွင် ရွှမ်ယွမ်ချန်က အခြား ပြိုင်ပွဲဝင်များကို မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီး အတန်းခေါင်းဆောင် ဖြစ်လာခဲ့သည်။

ကျောင်းဆင်းသည်နှင့် ထိုအတန်းခေါင်းဆောင် အသစ်သည် အန်လင်း၏ နံဘေးသို့  ရောက်လာခဲ့သည်။

ဒီကောင်ကတော့ အာဏာလာပြတော့မယ် ထင်တယ်။  အန်လင်းက တုန်လှုပ်သွားသည်။

တံမြက်စည်းအသစ်ကတော့ စပြီး အမှိုက်လှည်းပါတော့မည်။ (ရွေးချယ်ခံများက ပြောင်းလဲမှုအသစ်များ စည်းကမ်းအသစ်များ ပြုလုပ်သည်ကို ဆိုလိုသည်။) ဖြစ်နိုင်သည်မှာ ရွှမ်ယွမ်ချန်က အပြောင်းအလဲများကို စတင် အကောင်အထည် ဖော်နေပါပြီ။ အန်လင်းကဲသို့ တမူထူးခြားသည့် ကျောင်းသားများနှင့် ရင်ဆိုင်ရာတွင် ရွှမ်ယွမ်ချန်က သူ့ကို အရင်ဦးစွာ ပစ်မှတ်ထားလိုက်ပုံ ရသည်။

“ဒီအတန်းက ... အမှိုက်တွေကို မကြိုဆိုဘူး ...” ရွှမ်ယွမ်ချန်က တုံးတိတိ ပြောသည်။

ငါထင်နေတဲ့အတိုင်းပဲ ...

ထိုသည်ကို ကြားလိုက်ရတော့ အန်လင်းက ဝုန်းခနဲ ဒေါသ ထွက်လာသော်လည်း ရွှမ်ယွမ်ချန်၏ နောက်ဆက်တွဲ စကားကို ကြားလိုက်ရသည့် အခါတွင်တော့ သူ့ဒေါသက ရေနဲ့ ဖျန်းလိုက်သလို ငြိမ်းသက်သွားသည်။

“အဲဒီတော့ ... ကျောင်းသား အန်လင်း ... မင်းက ကြိုးစားပြီး လေ့လာရမယ် ...”

“ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ အခက်အခဲ တစ်စုံတစ်ခု ရှိခဲ့မယ်ဆိုရင် ငါ့ဆီလာပြီး ဆွေးနွေးလို့ရတယ် ... မင်းရဲ့ အတန်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါအကောင်းဆုံး ကြိုးစားပြီး မင်းကို ကူညီပေးမယ် ...”

ရွှမ်ယွမ်ချန်က နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီးနောက် အန်လင်း၏ ပခုံးကို အားပေးသည့် အနေဖြင့် ပုတ်လိုက်ကာ ထွက်ခွာသွားသည်။

တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ရွှမ်ယွမ်ချန်၏ ပုံရိပ်ကို ကြည့်နေရင်း အန်လင်းက မှင်တက်နေရာမှ ပြန်လည် သတိဝင်လာသည်။

စဉ်းစားကြည့်ပါက သူက ဂရုစိုက်တတ်သည့် အတန်းခေါင်းဆောင်နှင့် ကြုံတွေ့ရခြင်းပေ။

***

ညဘက်တွင်တော့ အန်လင်းက ဆက်လက် ကျင့်ကြံလျက် ရှိသည်။

သူ၏ ကျင့်ကြံခြင်း အခြေခံမှာ နည်းနည်းချင်း ဖြည်းညင်းစွာ တိုးတက် လာနေကြောင်းကို ခံစားနေရသည်။

သို့ပေမဲ့လည်း သူ့မှာ ကိုးကားရန် အချက်အလက်များ မရှိသဖြင့် ကျင့်ကြံနှုန်း မြန်လာစေရန် မည်သို့ ပြုလုပ်ရမည်ကို မသိနိုင်ဘဲ ရှိနေသည်။

အား ... ငါ့ကိုယ်ပိုင် အားထုတ်မှုနဲ့ တာအိုခန္ဓာ အဆင့် ၄ ကို အမြန်ဆုံး ချိုးဖျက်နိုင်ဖို့ မျှော်လင့်ပါတယ်ကွာ။

ကျင့်ကြံခြင်းတွင် စိတ်မရှည်ခြင်း မဖြစ်သင့်ကြောင်း အန်လင်းက သိရှိထားသည်။ ပို၍ စိတ်မရှည် ဖြစ်လာသည်နှင့်အမျှ မလိုလားအပ်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်သည်။

နောက်တစ်နေ့တွင်တော့ အေးငြိမ်းစွာ ကျင့်ကြံလိုသည့် အန်လင်းသည် အကျပ်အတည်း တစ်ခုနှင့် ကြုံရပြန်သည်။

အခြားတန်းခွဲမှ ကျောင်းသား တစ်ယောက်သည် အန်လင်းအား စာတစ်စောင် ပေးပို့လားသည်။

စာအိတ်ပေါ်တွင် ‘တိုက်ပွဲခေါ်သံ’ ဟူသော ကြီးမားသည့် စာလုံးများက ရှိနေသည်။

ထိုစာလုံးများကို မြင်လိုက်ရသည့် အခါ အန်လင်း၏ နှလုံးမှာ တဒုန်းဒုန်း ခုန်လာတော့သည်။

ဒါက ဘယ်လို ဟာသမျိုးလဲဗျာ ... တိုက်ပွဲခေါ်သံ ဆိုပြီး စာပို့ရလောက်တဲ့အထိ တစ်ယောက်ကိုမှ ငါလေးက အမှား မလုပ်ထားမိဘူး မလား။

အန်လင်းက စိုးရိမ်တကြီးနှင့် စာအိတ်ဖောက်ပြီး စာကို ထုတ်ဖတ်လိုက်သည်။

“ကျင့်ကြံသူ အန်လင်းက အစစ်အမှန် နတ်ဘုရား တစ်ပါးရဲ့ ထောက်ခံစာကို ရရှိထားပြီး ထူးခြားတဲ့ ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသူလို့ ကျုပ်က ကြားသိထားတယ် ...”

“ကျုပ် ... တန်းခွဲ ၁၀၀ ရဲ့ အတန်းခေါင်းဆောင် လျှိုတပေါင် အနေနဲ့ ကျင့်ကြံသူ အန်လင်းအား ကျောင်းဆင်းလျှင် တိုက်ခိုက်ရန် ရဲရဲဝံ့ဝံ့ စိန်ခေါ်တယ် ... နေရာကတော့ စာသင်ဆောင်ရဲ့ အရှေ့ ပန်းခင်းမှာ ဖြစ်တယ် ...”

စာရဲ့ ပထမတစ်ပိုင်းက ပုံမှန်ပေမဲ့ နောက်တစ်ပိုင်းတွင်တော့ ရုတ်တရက် ဆိုသလို လေသံက ပြောင်းလဲသွားသည်။

“ဤစိန်ခေါ်ပွဲသို့ လာရောက်ရန် ပျက်ကွက်သည့် သူသည် သတ္တိ နည်းနည်းလေးတောင် မရှိသည့် သူရဲဘောကြောင်သူ သာလျှင် ဖြစ်တယ် ...”

“ကျုပ်က ကျုပ်တို့ တန်းခွဲ ၁၀၀ ကို ဤစိန်ခေါ်ပွဲ အကြောင်း သတင်းပေးပြီးသား ဖြစ်တာကြောင့် ကျောင်းသား အများအပြားက ကြည့်ရှုဖို့ ရောက်လာကြမှာ ဖြစ်တယ် ... ကျုပ်တို့ရဲ့ ချိန်းဆိုမှုကို သင့်အနေဖြင့် ပျက်ကွက်လိမ့်မည် မဟုတ်ဟု ယုံကြည်ပါတယ် ...”

“ကျောင်းဆင်းသည်နှင့် တွေ့ကြမယ် ... သို့မဟုတ် စာရင်းရှင်းကြမယ် ...”

“အရှက်မဲ့လိုက်တာ ...” အန်လင်းက အဆုံးထိ ဖတ်ပြီးသည့် နောက်တွင်တာ့ ချွေးများစို့လာသည်။

လျှိုတပေါင်ရဲ့ အကြံအစည်ကို အန်လင်းက ဘယ်လိုလုပ် မသိဘဲနှင့် နေမှာလဲ။ သူက တန်းခွဲ ၁၀၀ ၏ အတန်းခေါင်းဆောင် ဖြစ်ဖြစ်ချင်းမှာပင် တန်းခွဲ ၁ မှ ကျောင်းသားကို အနိုင်ရရှိခဲ့မည် ဆိုလျှင် ထိုမျှလောက် အထင်ကြီးစရာ ကောင်းတာ မရှိတော့ပြီ။

အန်လင်းမှလွဲပြီး တန်းခွဲ ၁ မှ အခြား ကျောင်းသားများကို ရင့်သီးစွာဖြင့် လျှိုတပေါင်က တစ်ယောက်ချင်း စိန်ခေါ်ရဲမည် မဟုတ်ပေ။

အန်လင်းကတော့ မတူ။ သူ့ကျင့်ကြံခြင်း အခြေခံမှာ အားနည်း နေသေးသည်ကြောင့် ကျောင်းသားသစ် အားလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

ထို့ကြောင့် လျှိုတပေါင်က ရည်ရွယ်ချက်ရှိရှိ အန်လင်းအား စိန်ခေါ်ခဲ့ခြင်းပင်။

ထိုနည်းလမ်းဖြင့် အန်လင်းက သူ့ဂုဏ်သတင်းကို မြှင့်တင် နိုင်သလို တစ်ချိန်တည်းမှာပင် တိုက်ပွဲကိုလည်း လွယ်လွယ်ကူကူ ထိန်းချုပ် ထားနိုင်မည် ဖြစ်သည်။

သူ့စာထဲတွင် အန်လင်းအား သန်မာပြီး အထင်ကြီးစရာ ကောင်းလွန်းသည်ဟု လွန်လွန်ကဲကဲ ချီးကျူးထားသဖြင့် အန်လင်းအား အနိုင်ရရှိခဲ့ပါက သူအား  စွမ်းအားကြီးသူ အဖြစ် ထင်မြင်လာကြမည် ဖြစ်သည်။

စက်ဆုပ်ဖွယ် အကောင်းဆုံး အချက်မှာ သူက ထိုသတင်းကို တန်းခွဲအားလုံးသို့ ဖြန့်ပြီးသား ဖြစ်နေခြင်းပေ။

လူတွေအများကြီး စုဝေးနေတာတောင် အန်လင်းက ထွက်မလာဘူး ဆိုလျှင် သိက္ခာကျစရာ ဖြစ်ရော့မည်။

သို့ပေမဲ့လည်း အန်လင်း သွားခဲ့ပါက လူအားလုံးရှေ့တွင် အနိုင်ယူခြင်း ခံရမည်ဖြစ်ကာ ထိုသည်ကလည်းပဲ သိက္ခာကျစရာပင်။

တော်တော်လေး ဒေါသထွက်ရတယ် ... နာမည်ကြီးချင်တာနဲ့ လူတွေက သောက်ဦးနှောက် မရှိတာတွေ လုပ်ကြတော့တာပဲ ...

အန်လင်းက လျှိုတပေါင်နှင့် မတွေ့ဖူးပေမဲ့လည်း သူ့ဘိုးဘေး အားလုံးကို ကျိန်ဆဲပြီး ဖြစ်သည်။

“ဘာဖြစ်တာလဲ ... ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက် နေရတာတုန်း ...” အန်လင်းမျက်နှာက ဒေါသရိပ်တွေကို မြင်လိုက်ရတော့ စုရှောင်လန်က စပ်စပ်စုစု မေးလာသည်။

“နင့်ကို မေးရဦးမယ် ... တန်းခွဲ ၁၀၀ ရဲ့ အတန်းခေါင်းဆောင် လျှိုတပေါင် ဆိုတာနဲ့ ရင်းနှီးလား ...” အန်လင်းက အလေးအနက် မေးလိုက်သည်။

“ဪ ... ရွှေရည်စိမ် အတန်းက အတန်းခေါင်းဆောင်လား ... ငါက အဲလို အမှိုက်မျိုးနဲ့ ဘယ်လိုလုပ်ပြီး သိမှာလဲ ...” စုရှောင်လန်က သူမ၏ စကားလုံးများက အန်လင်းအား အကြီးအကျယ် နာကျင်စေမှန်း သတိမပြုမိပေ။

“ဘာလို့ တန်းခွဲ ၁၀၀ ကို ရွှေရည်စိမ် အတန်းလို့ ခေါ်တာလဲ ...”

“ဒါက နာမည်တစ်ခု ပါပဲဟာ ... အဲအတန်းက ကျောင်းသားတွေ ဒီစုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော် ရောက်လာတာက ဒီလို ပါရမီရှင်တွေ တက်ရောက်ရတဲ့ ကျောင်းတော်မှာ တက်ပြီး လူမှုနယ်ပယ်မှာ ဝင်ဆံ့ပြီး သူတို့ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်နိုင်အောင်လို့ပဲ ...” (ရွှေရည်စိမ် ဆိုတဲ့ အဓိပ္ပာယ်ကို ဒီမှာ တစ်ခါတည်း ထည့်ရှင်းလိုက်တယ်နော် ...)

“ကျောင်းတော်က ကိုးပြည်ထောင် နိုင်ငံတော်မှာ ရှိတဲ့ ပါရမီရှင် အများစုအတွက် ဆိုပေမဲ့လည်း အနောက်တံခါးကနေ ဝင်လာကြတဲ့ အမှိုက်ကောင်တွေ ကတော့ ရှိနေသေးတာပဲ ...” (အနောက်တံခါး = မရိုးမသား)

"သူတို့ရဲ့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကိုက သင်ယူပြီးမြောက်တဲ့ လက်မှတ်ရပြီး အရမ်းကိုတော်တဲ့ ကျောင်းသားအဖြစ် တခြားသူတွေ ရှေ့မှာ ကြွားဖို့ အတွက်ပဲရယ် ..." စုရှောင်လန်က အထင်သေးစွာ ပြောသည်။

ထိုသည်ကို ကြားလိုက်ရတော့ အန်လင်း၏ နှလုံးသားထဲတွင် မျှော်လင့်ခြင်း မီးတောက်လေး ထွန်းလင်းလာသည်။ "အဲတော့ အဲအတန်းခေါင်းဆောင်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်လောက်မှာ ရှိလောက်မလဲ ..."

"ပြောဖို့တော့ ခက်တယ် ... ရွှေရည်စိမ် အတန်းရဲ့ ခေါင်းဆောင်ကို ကျင့်ကြံခြင်းအပေါ် မူတည်ပြီး ရွေးတာ မဟုတ်ဘူးလေ ... နောက်ခံ အင်အားတောင့်တဲ့သူကို ရွေးကြတာ များတယ် ..."

"ငါခန့်မှန်းထားသလောက် ဆိုရင်တော့ သူ့ရဲ့ ကျင့်ကြခံခြင်း အခြေခံက တာအိုခန္ဓာ အဆင့် ၂ ကနေ ၄ အတွင်းလောက်ပဲ ... ငါတို့ ကျောင်းတော်က ကျင့်ကြံနိုင်ခြင်း မရှိတဲ့ သူတွေကို လက်မခံဘူးလေ ..."

အန်လင်းက မျက်နှာရှုံ့ သွားသည်။ အဲတော့ ဒီစိန်ခေါ်ပွဲက ကျောင်းတော် တစ်ခုလုံးရဲ့ နောက်ခံကောင်းပြီး မရိုးဖြောင့်တဲ့ ကျောင်းသားနဲ့ တန်းခွဲ ၁၀၀ ရဲ့ နောက်ခံကောင်းပြီး မရိုးဖြောင့်တဲ့ ကျောင်းသားကြားက တိုက်ပွဲပေါ့ ...။

"ဘာပဲဖြစ်ဖြစ်လေ ... ဒါနဲ့နင်က ဒီအကြောင်း ဘာလုပ်ဖို့ မေးတာတုန်း ..."

လျှိုတပေါင်၏ ကျင့်ကြံခြင်း အခြေခံကို ခန့်မှန်းပြီးသည့် နောက်တွင်တော့ အန်လင်း၏ နှလုံးသား နက်နက်မှနေ တိုက်ပွဲခေါ်သံက လောင်ကျွမ်း လာတော့သည်။

"စုရှောင်လန် ... ကျောင်းဆင်းရင် မပြန်နဲ့ဦး ... တန်းခွဲ ၁၀၀ ရဲ့ အတန်းခေါင်းဆောင်ကို ငါဘယ်လို သိပ် မလဲဆိုတာ ကြည့်နေ ..."

***

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်ဆုံးတော့ အန်လင်း သူ့ကိုသူ သက်သေပြရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကျောင်း အဆောက်အဦရှေ့ ပန်းခင်းဘေးရှိ မြေကွက်လပ်တွင် လူနှစ်ယောက် မတ်တတ်ရပ် နေကြသည်။

ရာနှင့်ချီသည့် ကျောင်းသားများက ပတ်ပတ်လည်တွင် စုရုံးနေကြပြီး သူတို့အားလုံးက တန်းခွဲ အသီးသီးမှ ဖြစ်ကာ လျှိုတပေါင်၏ ကြေညာချက်ကို ကြားသိပြီးသည်နှင့် စိန်ခေါ်ပွဲ အခြေအနေကို စူးစမ်း သိရှိလိုသဖြင့် ကြည့်ရှုရန် ရောက်လာကြခြင်း ဖြစ်သည်။

တန်းခွဲ ၁ မှ ကျောင်းသားအချို့ သည်လည်း ရောက်ရှိနေကြပြီး အန်လင်းကို အားပေးဖို့ရာတော့ မဟုတ်ပေ။ သူတို့က ပျင်းရိလွန်းသည်ကြောင့် ပျော်ရအောင် လာခဲ့ခြင်းသာ။

ဤစိန်ခေါ်ပွဲ၏ အဓိက နှစ်ယောက်သည် ကျောင်းသားသစ်များထဲ နာမည်အကြီးဆုံး ကျောင်းသားသုံးယောက် ထဲမှ တစ်ယောက်ဖြစ်သည့် 'နောက်ခံကောင်းပြီး မရိုးဖြောင့်သည့် ကျောင်းသား' အန်လင်းနှင့် တန်းခွဲ ၁၀၀ ၏ အတန်းခေါင်းဆောင် လျှိုတပေါင် တို့ဖြစ်သည်။

အန်လင်းက လက်နောက်ပစ်ကာ လျှိုတပေါင်နှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

အန်လင်း၏ ချောမောသည့် ပုံရိပ်က အဖြူရောင် ဝတ်စုံနှင့် ပေါင်းစပ်လိုက်သည့် အခါ သူ့ အသွင်အပြင်ကို တင့်တယ်ပြီး တောက်ပ နေစေသည်။

"သူက အန်လင်းလား ... အာ ... ကောလာဟလ တွေလိုမျိုး သူ့ကြည့်ရတာ အားနည်းတဲ့ပုံ မပေါ်ဘူးနော် ..." မိန်းကလေး တစ်ယောက်က လျင်မြန်စွာ မှတ်ချက်ပြုသည်။

အန်လင်း၏ သွင်ပြင်ကို ကြည့်ရင်း သူမမျက်နှာက အနီရောင် သန်းလာသည်။

အမျိုးသား တစ်ယောက်ကလည်း ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသည်။ "သူ့ရဲ့ ပုံစံအရတော့ တကယ်ကို လူပျော့တစ်ယောက်နဲ့ မတူဘူး ..."

အန်လင်းနှင့် နှိုင်းယှဉ်ပါက လျှိုတပေါင်၏ သွင်ပြင်မှာ သာမန်မျှသာ ဖြစ်သည်။ သို့ပေမဲ့လည်း ယခုအချိန် တွင်တော့ သူ့ အပြုအမူများက စွမ်းအားရှိသည့် သူတစ်ယောက် အသွင် ဖြစ်နေကာ သူ့မျက်နှာ ဝဖိုင့်ဖိုင့်တွင် တည်ကြည်သည့် အမူအရာ ပေါ်နေသည်။

"အဲတော့ မင်းလာတယ်ပေါ့ ..." လျှိုတပေါင်က အေးစက်စက်ပြောသည်။

"အမ် ... ဟမ့် ... ငါလာတာပေါ့ ..." အန်လင်းက ခေါင်းညိတ်လိုက်ပြီး လေတိုက်ခတ်ခြင်း မရှိသည်မှာတောင် သူ့ဝတ်စုံ အဖြူက တလှပ်လှပ် လွင့်နေသည်။

လျှိုတပေါင်က တည်ငြိမ်စွာဖြင့် "အဲဒါဆိုရင် လူအများကြီးရဲ့ စိတ်ကို ဖမ်းစားထားတဲ့ စိန်ခေါ်ပွဲကို စလိုက်ရအောင်ကွာ ..."

"ကောင်းပြီလေ ..." အန်လင်းက အမူအရာ ပြောင်းလဲခြင်း မရှိဘဲ ပြုံးလိုက်သည်။

ထိုနည်းဖြင့် စိန်ခေါ်ပွဲကြီးက စတင်တော့သည်။

ရောက်ရှိလာသူတိုင်းသည် သူတို့၏ မှတ်ဉာဏ်ထဲ၌ ဤစိန်ခေါ်ပွဲ အကြောင်းကို ထာဝရ မှတ်မိနေတော့မည် ဖြစ်သည်။

***

All Chapters