← Chapters

လူမဆန်လွန်း!

Vol. 71 Ch. 1051

လူမဆန်လွန်း!

Vol. 71 Ch. 1051

ဥက္ကာခဲ ၄ ခုက မလေး။ တစ်ခဲမှ ၂၀၀ ဂရမ်သာရှိသည်။

သို့ရာတွင် ထိုအထူးဥက္ကာခဲ၏အာနိသင်ကြောင့် ချင်လင်တကယ်အံ့ဩသွားသည်။

အထူးသိပ္ပံဆိုင်ရာအာနိသင်ကလည်း သူ့ကိုဇဝေဇဝါဖြစ်စေသည်။

သိပ္ပံက အလွန်ကျယ်ပြန့်သောဝေါဟာရတစ်ခုဖြစ်ပြီး အသုံးကလည်းကျယ်ပြန့်သည်။

တစ်ခါတလေ ပစ္စည်းတစ်ခုမှာ သိပ္ပံအသုံးများစွာရှိသည်။

ဥက္ကာခဲအကြောင်းသူသိပ်မသိသောကြောင့် ဒီသိပ္ပံအသုံးကိုသူမသိ။ ပြီးမှ စူးစမ်းကြည့်ရမည်။

ထို့နောက် ဥက္ကာခဲ၏အထူးအာနိသင်ကိုကြည့်လိုက်သည်။

သေချာရေကြည့်ရာ ကျန်းမာရေးအာနိသင် ၂၀ ကျော်ပါသည်။

ဘယ်ခြေဖဝါးဆေးစိမ်တဲ့နေရာမှာ ဥက္ကာခဲအထပ်လိုက်ရှိမှာလဲ? သူတို့လုပ်ငန်းကသေချာပေါက်နာမည်ကြီးလိမ့်မည်။

ဒါပေမဲ့ ဘယ်သူကရော ခြေဖဝါးကိုကျောက်တုံးနဲ့ပွတ်မလဲ?

ချင်လင်ကစဉ်းစားကြည့်သည်။ ဥက္ကာခဲကိုဂိမ်းထဲမှထုတ်ကာ ရုံးခန်းထဲပြန်ရောက်လာသည်။

သူ့လက်ထဲမှဥက္ကာခဲကိုကြည့်ပြီး ခဏတွေဝေနေ၏။ ထို့နောက် ရုံးခန်းထဲရှိဆိုဖာခုံပေါ်သွားထိုင်လိုက်သည်။ သူ့ဖိနပ်ကိုချွတ်၊ ခြေထောက်မြှောက်ကာ ဥက္ကာခဲနှင့်စပွတ်ကြည့်သည်။

"ရှူး ရှူး ရှူး''

ချင်လင် သုံးလေးကြိမ်သာတိုက်ရသေးသည်။ အသက်ရှူလို့ကောင်းသွား၏။

ဒါကြောင့်လည်း သက်သောင့်သက်သာဖြစ်ခြင်း +၂ အရည်အသွေးရှိတာကိုး။

တကယ်နေလို့ကောင်းသည်။

နောက်ပြီး ဥက္ကာခဲနှင့်ခြေဖဝါးကိုပွတ်တိုက်သောကြောင့် သူ့တကိုယ်လုံးပူနွေးပြီးသက်သောင့်သက်သာရှိလာ၏။

ဥက္ကာခဲရဲ့ကျန်းမာရေးအာနိသင်ပြလာတဲ့သဘောပင်။ ဘာပဲဖြစ်​ဖြစ် +၂ အာနိသင်လေ။

"ပစ္စည်းကောင်းပဲ!''

သက်သောင့်သက်သာရှိသောကြောင့် ချင်လင်အံ့ဩသွားသည်။

အနည်းဆုံးတော့ အပန်းဖြေလို့ကောင်းသည်။

ချင်လင်ဥက္ကာခဲပွတ်နေစဉ် လီခိုင်နှင့်ဝန်ကြီးလုစကားသံကိုကြားရသည်။

နှစ်ယောက်သား ရုံးခန်းထဲလျှောက်ဝင်လာပြီး တော်ဝင်ပညာရှင်ယွမ်ကနောက်ကလိုက်လာသည်။

ကင်ဆာအတွက်ထိရောက်သောမျိုးပြောင်းလက်ဖက်ကိုလက်တွေ့စမ်းသပ်နေသောကြောင့် ယွမ်ရှန်က လက်တွေ့စမ်းသပ်မှုတာဝန်ခံအဖြစ် ချင်းလင်စံအိမ်မှာအမြဲနေသည်။ ဝန်ကြီးလုလည်း မကြာခဏလာသည်။

ကင်ဆာပြဿနာကိုဖြေရှင်းနိုင်သောလက်တွေ့စမ်းသပ်ချက်က တရုတ်သိပ္ပံအကယ်ဒမီအတွက် ဒုံးပျံ သို့မဟုတ် နည်းဗျူဟာလက်နက်သုတေသနပရောဂျက်ထက်မလျော့ပေ။

ကင်ဆာကိုလုံးဝကုသနိုင်ရင် နောက်ထပ်နည်းပညာလက်နက်တစ်မျိုးဖြစ်လာမည်။

သူတို့သုံးယောက်ဝင်လာသောအခါ ချင်လင်ကခြေဖဝါးကိုကျောက်တုံးနှင့်တိုက်နေသည်။

ကြည့်ရတာ မြင်မကောင်း။

ဝန်ကြီးလုကချက်ချင်းအာရုံပြောင်းပြီး ပြုံးပြုံးနှင့်_

"သူဌေးချင်... ပြောစရာရှိတယ်... ဒီရက်ပိုင်း ကင်ဆာလူနာတွေရဲ့တန်ဖိုးတွေထပ်ကျသွားတယ်''

ယွမ်ရှန်ကလည်းပြုံးပြီး_

"ဒီလက်ဖက်ပင်ကို သူဌေးချင်ပျိုးထောင်နိုင်တာ တကယ်အံ့ဩစရာပဲ... စာတမ်း စမ်းသပ်ချက်တွေတက္ကသိုလ်ကိုပို့ပြီးရင် တော်ဝင်ပညာရှင်တွေကအံ့ဩပြီးစူးစမ်းကြလိမ့်မယ်''

"ဝန်ကြီးလု တော်ဝင်ပညာရှင်ယွမ် လာ ထိုင်ကြပါ... လက်ဖက်ရည်သောက်ရအောင်!''

ချင်လင်က သူတို့သုံးယောက်ကိုလက်ဖက်ရည်စားပွဲမှာထိုင်ရန်ဖိတ်လိုက်သည်။

သူကလက်ဖက်ရည်ဖျော်မည်လုပ်ပြီးမှ ဥက္ကာခဲနှင့်ခြေဖဝါးကိုအကြာကြီးတိုက်ထားတာသတိရသည်။ သူကအမြန်လက်သွားဆေးပြီး လက်ဖက်ရည်နှပ်လိုက်၏။

လက်ဖက်ရည်တစ်အိုးရသောအခါ ချင်လင်ကတစ်ခွက်စီငှဲ့ပေးလိုက်သည်။

ဝန်ကြီးလုက ချီတုံချတုံလုပ်နေပြီးမှမေးသည်_

"သူဌေးချင်... လက်ဖက်ပင်ကိုဆက်ပြီးပျိုးထောင်ဖို့အစီအစဉ်ရှိလား?''

တကယ်တော့ ဒါခေါင်းဆောင်ကသိချင်၍ သူ့ကိုပေးထားသောတာဝန်ပင်။

ဒီလက်ဖက်ကိုအောင်အောင်မြင်မြင်ပျိုးထောင်စိုက်ပျိုးနိုင်ရင် အထက်လူတွေအလေးထားတဲ့နည်းပညာလက်နက်ဖြစ်လာမှာအသေအချာပင်။

အထက်လူတွေက စိတ်ဝင်စားနေကြသည်။

ချင်လင်ကဝန်ကြီးလုကိုတစ်ချက်ကြည့်ပြီး လက်ဖက်ရည်နောက်တစ်ခွက်ငှဲ့ပေးကာ ပြုံးပြုံးနှင့်_

"ဝန်ကြီးလု... တရုတ်သိပ္ပံအကယ်ဒမီက ဒီလက်ဖက်ပျိုးထောင်ရေးသုတေသနမှာပါဖို့စိတ်ဝင်စားနေတာလား? ကျွန်တော်တို့အတူတူပျိုးထောင်ပြီး နိုင်ငံနဲ့နည်းပညာမျှဝေပါမယ်''

ဝန်ကြီးလုရော ယွမ်ရှန်ပါကြောင်သွားသည်။

သူ့စကားအဓိပ္ပါယ်ကိုနားလည်သည်။ သူတို့နည်းပညာတဝက်ကိုလှူတာနှင့်အတူတူပင်။

ဝန်ကြီးလုကပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိ။

သူဌေးချင်စကားကြောင့် ခေါင်းဆောင်ပေးတဲ့တာဝန်ကအရေးမကြီးတော့။

သူဌေးချင်က ရုတ်တရက်ဒီလိုဆုံးဖြတ်ချက်ချမယ်လို့ ခေါင်းဆောင်မထင်လောက်ဘူးမလား?

ဘယ်သူမှလည်း ထင်မှာမဟုတ်။

ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ဒီလက်ဖက်ကနေ ဘယ်လောက်အကျိုးအမြတ်ရမလဲ အားလုံးအသိပင်။ ပျိုးထောင်ပြီးရင် ကင်ဆာလူနာတွေတင်သောက်ရမှာမဟုတ်။

ကင်ဆာကုနိုင်မှန်းသိကြပြီးနောက် ကင်ဆာကာကွယ်နိုင်အောင် နေ့တိုင်းပုံမှန်သောက်ကြလိမ့်မည်။

တစ်နည်းပြောရရင် ဒီလက်ဖက်ကြောင့်ကြွယ်ဝချမ်းသာမှုက ထိပ်တန်းသူဌေးကြီးများကိုတောင်ဆွဲချနိုင်သည်ဟုပြောရမည်။

အခု သူဌေးချင်က ပိုက်ဆံတွေကိုဒီလိုလှူပစ်လိုက်သည်။ သူ့ရဲ့သဘောထားကြီးပုံ၊အမြင်ကျယ်ပုံကိုလေးစားမိသည်။

ချင်လင်ရဲ့လက်ရှိစိတ်အခြေအနေကို သူတို့နှစ်ယောက်နားမလည်ပေ။

ဒီလက်ဖက်ကအကျိုးအမြတ်ကြီးမှန်း ချင်လင်သိသည်။

ဒါပေမဲ့ သူ့လက်ထဲမှာထားရင် ရာဇဝတ်မှုကြီးဖြစ်လာမည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်၊ သန့်စင်မြက်၊ ဒါမှမဟုတ် ချင်းလင်ရေပူစမ်းဆေးမှုန့်တို့မယှဉ်နိုင်သောရာဇဝတ်မှုပင်။

ချင်းလင်အားဖြည့်လက်ဖက်ရည်၊ သန့်စင်မြက်၊ ချင်းလင်ရေပူစမ်းဆေးမှုန့်။ ဒီပစ္စည်းတွေဘယ်လောက်အာနိသင်ရှိရှိ ယေဘူယျအားဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သောရောဂါမျိုးအတွက်မဟုတ်။

ကင်ဆာက အသက်သေနိုင်သောရောဂါဖြစ်သည်။ နောက်ပြီး လက်ဖက်က ကင်ဆာအားလုံးကိုဆန့်ကျင်နိုင်သည့်အပြင် ကာလည်းကာကွယ်နိုင်သည်။

ဒီသတင်းက အချိန်တစ်ခုကြာရင် အနောက်နိုင်ငံများသို့ပြန့်သွားမည်။ အစိုးရကလည်း တားမြစ်မည်။

ဦးနှောက်ပါသူတိုင်း ကိုယ်ဘာနဲ့ရင်ဆိုင်ရမလဲသိလိမ့်မည်။

ဒီတော့ ဒီနည်းပညာကိုအစိုးရနဲ့မျှဝေလိုက်ရင် ကိုယ့်အပိုင်းကိုယ်စားရုံသာ။

ကျန်တာကို နိုင်ငံကဖြန့်ဝေလိမ့်မည်။

အခြေအနေက တစ်မျိုးဖြစ်သွားမည်။

အနောက်နိုင်ငံတွေကတစ်ခုခုလုပ်ချင်ရင်တောင် သူ့ကိုပစ်မှတ်ထားမည်မဟုတ်။

အထူးသဖြင့် ဒီနည်းပညာကိုနိုင်ငံနဲ့မျှသုံးရင် မခန့်မှန်းနိုင်သောအကျိုးအမြတ်များစွာရနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံက သူ့ကိုအကာအကွယ်ပိုပေး၊နေရာပိုပေးလာမည်။

All Chapters