← Chapters

တစ်ခုတွေ့တယ်? ကံကောင်း​သူချန်တပေ! ၂

Vol. 71 Ch. 1059

တစ်ခုတွေ့တယ်? ကံကောင်း​သူချန်တပေ! ၂

Vol. 71 Ch. 1059

အခု ကျောက်မိုချင်းကပန်းအိမ်ကိုစိတ်အားထက်သန်နေသောကြောင့် အားလပ်တိုင်းအချိန်ပေးလုပ်နေသည်။

ဘေးတွင် ကြက်တူရွေးရှောင်ဝူက အပျော်လိုက်ပါသည်။

"ယောက်ျား... လင်းဟန်ဒီဇိုင်းက အရမ်းကောင်းတာပဲ''

ကျောက်မိုချင်းက ချင်လင်ကိုမြင်ပြီးနှုတ်ဆက်သည်_

"သူ့ကိုစတူဒီယိုဖွင့်ပေးချင်လိုက်တာ''

"မင်းကြိုက်တယ်ဆိုကောင်းတာပေါ့''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။ သူ မငြင်း။

လုပ်နိုင်စွမ်းရှိရင် စိတ်တိုင်းကျလုပ်နိုင်သည်။

ကျောက်မိုချင်းကလည်း လင်းဟန်ကိုမြေတောင်မြှောက်ပေးသည်။

လုပ်ရည်ကိုင်ရည်ရှိသူများက တစ်ခါတလေ သူတို့သဘောကျသလို သူများကိုလမ်းကြောင်းပေးတတ်သည်။

လင်းဟန်အဖို့တော့ သေချာပေါက်ကောင်းတဲ့ကိစ္စပင်။

ချင်လင်ကထပ်ပြုံးလိုက်ပြီး_

"ဒါနဲ့ စကားမစပ်... မိုချင်း.. ကိုယ်မုန့်ဖိုးနည်းနည်းရထားတယ်... ဘယ်လိုသုံးရမလဲမသိလို့... မင်းစဉ်းစားပေး''

ကျောက်မိုချင်းက ပါးစပ်အဟောင်းသားနှင့်ချင်လင်ကိုကြည့်ပြီး_

"ပိုက်ဆံမသုံးတတ်ဘူး? ကျွန်မကိုဖြုန်းစေချင်ရင် ပြောသာပြော... ရှင့်မှာဘယ်လောက်ရှိလဲ?''

"ကိုယ့်ဘာသာကြည့်!''

ချင်လင်ကပြုံးပြီး စာပြလိုက်သည်။

ကျောက်မိုချင်းကစာဖတ်ပြီး ကြောင်သွားသည်။ အတော်ကြာမှ ချင်လင်အား_

"ဒါ ရှင်ပြောတဲ့မုန့်ဖိုးလား?''

သူမဘယ်လိုဖြစ်သွားလဲ မပြောတတ်။

ဒီလောက်မုန့်ဖိုးအများကြီး ဘယ်သူ့မှာရှိလို့လဲ?

"အင်း... နောက်ကျ မင်းကိုမုန့်ဖိုးပေးမှာ''

ချင်လင်ကအတည်ပြောလိုက်သည်။

ကျောက်မိုချင်းကနားထောင်ရင်း ရင်အခုန်မြန်လာသည်။ ဘယ်မိန်းမက ရင်မခုန်ဘဲနေမလဲ?

ထိုအချိန်တွင် ပတ်ဝန်းကျင်အငွေ့အသက်ကနည်းနည်းလေးလံလာ၍ ကြက်တူရွေးရှောင်ဝူကရုတ်တရက်ဝင်ပြောသည်_

"သခင် သခင်.. ကတိ.. ကတိပေးထားတယ်နော်!''

သူက ခန့်ချောရွှေရောင်ကြက်တူရွေးကိုရချင်နေပြီ။

"မင်းကိုမမေ့ပါဘူးကွ... ဘာတွေလော?''

ချင်လင်ကစိတ်ရှုပ်ရှုပ်နှင့်ပြောလိုက်သည်။ ကိုယ့်မိန်းမကိုယ်ကျီစားနေတာ၊ ဒီကောင်ကဝင်ရှုပ်။ ပြဿနာလာရှာနေတာမလား?

ကြက်တူရွေးရှောင်ဝူကဆက်ပြောမည်အပြုတွင် ဧည့်ခန်းထဲတွင် ဝန်ကြီးလုရယ်သံကြားရပြီး_

"သူဌေးချင်... သတင်းကောင်း.. သတင်းကောင်း... မင်းပြောတဲ့တောင်ပေါ်မှာ ဥက္ကာခဲထပ်တွေ့တယ်''

"တကယ်ကံကောင်းတာ''

တော်ဝင်ပညာရှင်လီက စိတ်လှုပ်ရှားသံနှင့်_

"ဒီဥက္ကာခဲက မင်းတွေ့တဲ့ဟာထက်လေးတယ်''

"ဒီလောက်မြန်မြန် တွေ့ပြီလား?''

ချင်လင်အံ့ဩသွားသည်။

ရှောင်ဝူကို တောင်ပေါ်မှာဥက္ကာခဲပစ်ခိုင်းတာမလား?

ဒီအချိန်လောက်ဆို ဝန်ကြီးလုတို့တောင်နားရောက်ခါစပဲရှိဦးမည်။ ဘယ်လိုလုပ်ပြီး ဥက္ကာခဲကိုတန်းရှာတွေ့တာလဲ?

ပြဿနာရှိနေပြီ။

ထိုအချိန်တွင် ကြက်တူရွေးရှောင်ဝူက သူ့အကြောင်းပေါ်တော့မည်မှန်းသိ၍ တောင်ပံတဖျတ်ဖျတ်ထခတ်ပြီး ဧည့်ခန်းအပြင်ပျံသွားကာ နှုတ်ဆက်စကားပြောခဲ့လိုက်သေးသည်:

"သခင်... ခွေးနဲ့ မြေခွေးနဲ့ သွားကစားတော့မယ်''

ထို့ကြောင့် ကြက်တူရွေးအပါးခိုတာဖြစ်မည်ဟု ချင်လင်တန်းသဘောပေါက်လိုက်သည်။

သို့ရာတွင် ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်လီကသံသယမရှိသောကြောင့် ကြက်တူရွေးကပြောစရာလိုသည်မထင်။

ဝန်ကြီးလုက ချင်လင်ကိုသတင်းကောင်းပြောပြပြီး အခန်းထဲပြန်လာသည်။

ဥက္ကာခဲထပ်တွေ့တာ ပေါ့သေးသေးကိစ္စမဟုတ်၍ အရင်ဆုံးအစီရင်ခံရမည်။

ကျောက်မိုချင်းက အလောတကြီးထွက်သွားသောဝန်ကြီးလုကိုကြည့်ရင်း စပ်စုသည်_

"ယောက်ျား... ဥက္ကာခဲကဘာလဲ? ဝန်ကြီးလုက ဘာလို့ဒီလောက်လောနေတာလဲ?''

ဝန်ကြီးလုအနေအထားကို သူမသိသည်။ သူလိုခေါင်းဆောင်တွေက ပစ္စည်းရတိုင်းမပျော်တတ်သလို သူတို့ကိုယ်ရေးကိုယ်တာကြောင့်လည်းဝမ်းမနည်းတတ်။ အနည်းဆုံးတော့ ပုံမှန်အတိုင်းဆို မျက်နှာမှာအရယ်အပြုံးမရှိတတ်ပေ။

ချင်လင်လည်း ကျောက်မိုချင်းအား ဥက္ကာခဲအကြောင်းအကျဉ်းချုပ်ရှင်းပြပြီး_

"အဲဒီနေ့က ကိုယ်နဲ့ချန်တပေ တောင်ပေါ်အသီးသွားခူးရင်း ဥက္ကာခဲတွေ့လို့ယူလာတာ... တစ်ဂရမ်ကို သန်း ၂၀၀ ဆိုတော့ စုစုပေါင်း ၄၃ ဘီလီယံပေါ့... မုန့်ဖိုးက အဲလိုရတာပဲ... ဝန်ကြီးလုတို့ ဒီလောက်မြန်မြန်နဲ့ ဥက္ကာခဲထပ်တွေ့မယ်လို့မထင်မိဘူး''

"ဘယ်လို?''

ကျောက်မိုချင်းက နားထောင်ရင်းကြောင်သွားသည်။

စိတ်ကူးယဉ်ဆန်လိုက်တာ။

သူမယောက်ျားက ကျောက်တုံးတစ်တုံးကောက်ရပြီး ၄၃ ဘီလီယံနဲ့ရောင်းသတဲ့။ အဲဒီ ၄၃ ဘီလီယံကို မုန့်ဖိုးတောင်ပေးချင်နေသေး။

ဒါ မိုးပေါ်ကရွှေထုပ်ကျတာမလား?

ကျောက်မိုချင်းက ရုတ်တရက်တစ်ခုခုတွေးမိပြီး_

"ယောက်ျား... ချန်တပေက ရှင်နဲ့အသီးလိုက်ခူးတာ... ရှင်က ၄၃ ဘီလီယံနဲ့ရောင်းလိုက်တယ်ဆိုတော့ ချန်တပေကိုဆုမပေးသင့်ဘူးလား?''

“အန်!”

ချင်လင်ကြောင်သွားသည်။

သူလုံးဝမတွေးမိ။

ဘာပဲဖြစ်ဖြစ် ချန်တပေနဲ့အသီးခူးရင်းတွေ့တယ်ဆိုတာ လျှောက်ပြောနေတာကိုး။

ဒီလိုပြောထားမှတော့ ဝန်ကြီးလု၊တော်ဝင်ပညာရှင်လီနဲ့ကျောက်မိုချင်းတို့မျက်စိထဲမှာ ဒီလိုပဲမြင်မည်။

ဒီလုပ်ကြံဇာတ်ထဲမှာ ဥက္ကာခဲကောက်ရတာက သူ၊ ချန်တပေနဲ့ဘာမှမဆိုင်ဘူးဆိုပေမဲ့ အသီးခူးဖို့အဖော်လိုက်ပေးတယ်မလား?

ဒီလောက်ငွေအများကြီးရတာ သူဌေးတစ်ယောက်အနေနဲ့ ချန်တပေကိုဆုချသင့်သည်။

"ချန်တပေကိုဘယ်လောက်ပေးသင့်လဲ?''

ချင်လင်က ကျောက်မိုချင်းကိုမေးသည်။

သူ့အလိမ်မပေါ်အောင်၊သူများလက်သင့်ခံနိုင်အောင် ချန်တပေကိုပေးရတော့မည်။ အဲဒါထက် ဒီလူတောက်လျှောက်တောက်တိုမယ်ရလုပ်ပေးတာကိုသဘောကျသောကြောင့် ဆုပေးသလိုသဘောထားလိုက်မည်။

"ဆုက အရမ်းနည်းလို့မရဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ၄၃ ဘီလီယံကျော်ရထားတာ... ဒါပေမဲ့ များလွန်းရင်လည်း သံသယအဝင်ခံရမယ်... ဥက္ကာခဲကိစ္စကလျှို့ဝှက်ထားရမယ်လေ... ပြီးတော့ ပေးတာများလွန်းရင် ချန်တပေအတွက်မကောင်းဘူး''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

အမှန်ပင်။ သာမန်လူတွေရုတ်တရက်ချမ်းသာလာရင် ဒုက္ခရောက်တတ်သည်။

ကျောက်မိုချင်းကခဏတွေးကြည့်ပြီး_

"သူ့ကိုအိမ်နဲ့ကားပေးလိုက်... အဲဒါတိုက်ရိုက်ဝင်နိုင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေ... ပိုက်ဆံပေးလိုက်ရင် ပိုက်ဆံချေးမယ့်ဆွေမျိုးမိတ်ဆွေတွေကို မျက်နှာပူရဦးမယ်''

"ကောင်းပြီ... မင်းစကားနားထောင်မယ်''

ချင်လင်ကပြုံးပြုံးနှင့်ပြောလိုက်သည်။

အိမ်နဲ့ကား။ ချန်တပေတော့ပွပြီ။

"ဟုတ်ပြီ... အရင်ဆုံး အိမ်နဲ့ကားရှာဖို့ဘဏ္ဍာရေးဌာနကိုပြောလိုက်မယ်... အားလုံးစီစဉ်ပြီးတာနဲ့ သူ့ကိုပေးလိုက်မယ်''

ကျောက်မိုချင်းကပြုံးပြီးပြောလိုက်သည်။

……

ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်လီကအခန်းထဲသွားပြီး လျှို့ဝှက်နံပါတ်နှင့်ခေါင်းဆောင်ကိုဆက်ပြန်သည်။

မကြာမီ ဖုန်းဝင်သွားပြီး ခေါင်းဆောင်အသံထွက်လာသည်_

"ဝန်ကြီးလု.. ခေါ်လှချည်လား... ဘာဖြစ်လို့လဲ?''

ဝန်ကြီးလုကအမြန်အစီရင်ခံသည်_

"ခေါင်းဆောင် ဘာမှမဖြစ်ပါဘူး... သတင်းကောင်းပါ... သူဌေးချင်ပြောတဲ့တောင်ပေါ်ကိုသွားရှာတာ ရုံချန်းမှာကျဖူးတဲ့ဥက္ကာခဲကိုတွေ့ခဲ့တယ်... အဲဒီတောင်ပေါ်ကျတာဖြစ်မယ်''

"အဲဒါကြောင့် ခေါင်းဆောင်ထန်တို့ရောက်တာနဲ့ တောင်ပေါ်ဥက္ကာခဲသွားရှာတာ... တောင်နားရောက်ရောက်ချင်း ဥက္ကာခဲတွေ့မယ်လို့မထင်မိဘူး... သူဌေးချင်ကောက်ရတဲ့ဟာထက်ပိုကြီးတယ်''

ခေါင်းဆောင်ကနားထောင်ရင်း အသံတိတ်သွားသည်။

ဒီလောက်အံ့ဩစရာကောင်းတာရှိလား?

ဒီကံကောင်းပုံက…

ချင်းလင်အပန်းဖြေစံအိမ်မှာ ဥက္ကာခဲနှစ်ခဲဖြစ်သွား၍ အထက်လူများစိတ်လောလာသည်။ နှစ်ရက်အတွင်း အထူးအစောင့်အကြပ်ယာဉ်က ချင်းလင်အပန်းဖြေစံအိမ်ရောက်လာ၏။

ဝန်ကြီးလုက ဥက္ကာခဲနှစ်ခဲယူပြီး အစောင့်အကြပ်ယာဉ်နှင့်ပြန်သွားသည်။

တောင်ပေါ်ကဥက္ကာခဲရှာဖွေရေးကို တော်ဝင်ပညာရှင်လီနှင့်ခေါင်းဆောင်ထန်ဆီအပ်ခဲ့သည်။

…

ချင်းလင်စံအိမ်တွင် ချန်တပေက လုံခြုံရေးမန်နေဂျာလုပ်နေသည်။ သူ့လုပ်နိုင်စွမ်း သူကောင်းကောင်းသိသည်။ အရင်ကသာမန်လုံခြုံရေးအစောင့်လေးသာဖြစ်ပြီး မန်နေဂျာမလုပ်ခဲ့ဖူး။

သူဌေးကြောင့်သာ လုံခြုံရေးမန်နေဂျာဖြစ်လာသောကြောင့် ဘယ်လိုအာဏာခွဲပေးရမလဲသူသိသည်။ ခေါင်းဆောင်ဟုန်ကသာမန်လူမဟုတ်မှန်းသိပြီးနောက် အပန်းဖြေစံအိမ်ကိစ္စများတွင် သူဝင်ပါခြင်းမရှိတော့။ လုပ်ပိုင်ခွင့်အားလုံး လုံခြုံရေးခေါင်းဆောင်မာဟုန်ကိုလွှဲထားသည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်အပန်းဖြေစံအိမ်တွင် လုပ်ရည်ကိုင်ရည်ရှိသောစစ်သားဟောင်းများကိုသေချာရွေးပြီး ခေါင်းဆောင်များခန့်ထားသည်။

နောက်ပြီး သူ့အနားကပ်လာသော အခွင့်အရေးသမား၊ဖော်လံဖားများကို ရာထူးတိုးမပေး။ ဒီလူတွေက သူ့လိုလုပ်ရည်ကိုင်ရည်မရှိသူများပင်။

ဒီလိုလူမျိုးကိုဘယ်လိုလုပ်ရာထူးတိုးပေးမှာလဲ?

သို့ဖြစ်၍ အဖွဲ့ခေါင်းဆောင်အားလုံးက လုပ်နိုင်စွမ်းရှိသူများဖြစ်ကြသည်။ ထိုခေါင်းဆောင်များကို သူ့အာဏာအကုန်ပေးထား၏။ သူကအဖွဲ့ခေါင်းဆောင်များကိုစီမံပေးရုံသာ။

တခြားကိစ္စများကိုလည်း ခေါင်းဆောင်များကကိုင်တွယ်ကြသောကြောင့် သူစိတ်ရှုပ်စရာနည်းသွားသည်။ အဓိကက ခေါင်းဆောင်ဟုန်နှင့်အဆင်ပြေဖို့သာလိုသည်။

ဒီလိုနှင့် သူ့သူဌေးအတွက်အချိန်မရွေး တောက်တိုမယ်ရလုပ်ပေးနိုင်သည်။

လုံခြုံရေးဌာနအစည်းအဝေးခန်းထဲတွင် ချန်တပေက အဖွဲ့ခေါင်းဆောင်တချို့နှင့်အစည်းအဝေးလုပ်နေသည်။ အဓိကရည်ရွယ်ချက်က လုံခြုံရေးအခြေအနေကိုမေးမြန်းဖို့ပင်။ အာဏာခွဲပေးထားသော်လည်း သူ့အနေအထားသူပြရဦးမည်။

အစည်းအဝေးလုပ်နေစဉ် သူဌေးကတော်က ချန်တပေကိုဖုန်းဆက်လာသည်။

သူကမဆိုင်းမတွဖုန်းအမြန်ကိုင်လိုက်ရာ သူဌေးကတော်အသံကြားရသည်_

"မန်နေဂျာချန်... ဘဏ္ဍာရေးဌာနကိုလာပါဦး''

ချန်တပေ ဇဝေဇဝါဖြစ်သွားသည်။ ဘဏ္ဍာရေးဌာနကိုဘာကြောင့်ခေါ်မှန်းမသိသော်လည်း ဖုန်းချပြီးနောက် အမြန်ပြေးသွားလိုက်သည်။

ကျောက်မိုချင်းက ချန်တပေကိုမြင်လျှင် စာအုပ်နှစ်အုပ်ထုတ်ပေးသည်။ အနီတစ်အုပ်၊ အပြာတစ်အုပ်ပင်။

ချန်တပေက ကြောင်တောင်တောင်နှင့်စာအုပ်နှစ်အုပ်ယူလိုက်သည်။ တစ်အုပ်က စတုရန်းမီတာ ၁၂၀ ပတ်လည်အိမ်ဖြစ်ပြီး နောက်တစ်အုပ်က E300 ကားတစ်စီးဖြစ်သည်။

"သူဌေးကတော်.. ဒါက?''

ချန်တပေက အံ့ဩသံနှင့်မေးသည်။

"မန်နေဂျာချန်... အဲဒါရှင့်အတွက်ဆုပါ!''

ကျောက်မိုချင်းကပြောသည်။

“ဘယ်လို?”

ချန်တပေကြောင်သွားသည်။

All Chapters