ကြက်တူရွေးလည်း မနိုင်! ၂
Vol. 71 Ch. 1062
ချင်လင်ကကောင်းချီးပေးပြီး ရုံးခန်းတံခါးပိတ်သွားလေသည်။
နောက်ရက်များ၌_
ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် ဒီဇိုင်းတင်သွင်းသူပိုများလာသည်။
မဲပေးသူများလာသောကြောင့် ချင်းလင်စံအိမ်တရားဝင်အကောင့်ပရိသတ်ကလည်း သန်း ၁၀၀ ကျော်လာပြီး လူသားအရင်းအမြစ်နှင့်ဗဟိုဘဏ်ပြီးရင် တတိယမြောက်ပရိသတ်သန်း ၁၀၀ ကျော်ရှိသောအကောင့်ဖြစ်လာသည်။
ချင်းလင်စံအိမ်တရားဝင်အကောင့်က အစိုးရနှင့်မဆိုင်သောအကောင့်များတွင် ပထမဆုံးသန်း ၁၀၀ ကျော်သောအကောင့်လည်းဖြစ်သည်။
ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်း_
ချင်လင်ကကျောက်မိုချင်းနှင့်ထိုင်နေစဉ် လင်းလန်ဇီရောက်လာပြီး_
"ဥက္ကဌချင် မိုချင်း!''
ကျောက်မိုချင်းက ချက်ချင်းလင်းလန်ဇီကိုနှုတ်ဆက်သည်_
"အစ်မလန်ဇီ ထိုင်ပါဦး... ယွီရွှေ့က စတော်ဘယ်ရီသိမ်းထားတာ... ယောင်ယောင်ဆေးနေတယ်... ပြီးရင် အတူတူစားရအောင်!''
"ကောင်းပါပြီ!''
လင်းလန်ဇီကပြုံးပြုံးနှင့်ထိုင်လိုက်ပြီး ကျောက်မိုချင်းနှင့်ချင်လင်ကိုနာမည်စာရင်းပေးကာ_
"ဥက္ကဌချင် မိုချင်း... ဒီနာမည်စာရင်းကိုတစ်ချက်ကြည့်ပါဦး... အဲဒါဒီဇိုင်းရွေးပွဲမှာပါတဲ့ စံအိမ်စီမံရေးဝန်ထမ်းတွေပဲ''
ပရိသတ်မဲပေးသောဒီဇိုင်း ၅ ခုအပြင် ကျောက်မိုချင်းကိုယ်တိုင်ရွေးမည့်ဒီဇိုင်း ၅ ခုရှိသည်။
ထို ၅ ခုက ကျောက်မိုချင်း၏အကြိုက်နှင့်သာဆိုင်သည်။
သို့ရာတွင် တင်သွင်းသောဒီဇိုင်းများ၍ အရည်အသွေးကမမှန်။ ကျောက်မိုချင်းတစ်ခုချင်းမကြည့်နိုင်ပေ။
ထို့ကြောင့် လင်းလန်ဇီက စံအိမ်ဝန်ထမ်းတချို့ကိုအရည်အသွေးကောင်းတာရွေးခိုင်းပြီးမှ ကျောက်မိုချင်းသဘောကျရာဒီဇိုင်း ၅ ခုထုတ်မည်။
အထူးသဖြင့် ချင်လင်က တောင်ကိုဖွံ့ဖြိုးအောင် တောင်ထိပ်ပေါ်ပန်းအိမ်စိုက်ပြီး နေထွက်ရှုခင်းကြည့်အစီအစဉ်လုပ်မည်ဟု စံအိမ်ကိုပြောထားသည်။
အဲဒီအချိန်ကျမှ သူကဒီဇိုင်းတချို့ရွေးထုတ်မည်။
ထို့ကြောင့် ဒီဇိုင်းရွေးရာတွင် ဘယ်သူပါမလဲကကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် ပန်းအိမ်မျိုးစေ့များကို ဒီဇိုင်းပိုင်ရှင်ဒီဇိုင်နာများကိုသာပေးမည်။
အင်တာနက်ပေါ်တွင် မျိုးစေ့တန်ဖိုးက ယွမ် ၁၀ သန်းကျော်နေပြီ။
ချင်လင်ကစာရင်းယူကြည့်ပြီး ကျောက်မိုချင်းကိုလွှဲပေးလိုက်သည်။
ကျောက်မိုချင်းသဘောကျမှတော့ သူ့စိတ်တိုင်းကျခွင့်ပြုသည်။ သူဝင်မပါတော့။
ကျောက်မိုချင်းက နာမည်စာရင်းကိုခဏကြည့်ပြီးအကြံရလာသည်။ စံအိမ်စီမံရေးနှင့်အသားကျနေပြီဖြစ်၍ ဘောပင်ထုတ်ပြီးသူမနာမည်လက်မှတ်ထိုးပေးလိုက်သည်။
တကယ်တော့ ထွေထွေထူးထူးတွေးစရာမလို။ ဘာပဲဖြစ်ဖြစ် လင်းလန်ဇီရှိ၍ ဒီလိုကိစ္စမျိုးမှာအတိမ်းအစောင်းမရှိနိုင်။
ကလေးမွေးပြီးရင် ကလေးကိစ္စဝိစ္စနှင့်သူမအာရုံများဦးမည်။ ရှေ့လျှောက် ဘဏ္ဍာရေးကိစ္စများကိုလင်းလန်ဇီကိုတာဝန်ယူခိုင်းမည်။ သူမကိုစံအိမ်အထွေထွေမန်နေဂျာအဖြစ်လည်းရာထူးတိုးပေးချင်သည်။
အမျိုးသမီးတစ်ယောက်က အဆင့်တစ်ခုရောက်သောအခါ မိသားစုနှင့်အလုပ်အကိုင်ကြားရွေးချယ်ရတတ်သည်။
သူမက တုံးတုံးအအမိန်းမမဟုတ်။ သူမယောက်ျားအလုပ်က ချင်းလင်စံအိမ်တင်မဟုတ်။ သို့ဖြစ်၍ သူမတာဝန်အတွက်အသည်းအသန်လုပ်စရာမလိုပေ။
ထို့ကြောင့် မိသားစုကိုသာရွေးချင်သည်။ သူမက ဘဏ္ဍာရေးအပိုင်းစီမံပေးရုံသာ။
အလုပ်အတွက် မိသားစုကိုလျစ်လျူရှုတတ်သောအမျိုးသမီးများရှိသည်။ နောက်ဆုံး မိသားစုဆီပြန်ရောက်သောအခါ မိသားစုပြိုကွဲနေသည်ကိုတွေ့ရတတ်သည်။
အရွယ်ရလာသည်နှင့် ဆက်ဆံရေးများအကြောင်း သူမတွေးမိသည်။ မေတ္တာစစ် ဒါမှမဟုတ် စိတ်သက်သာရစေသူက ရှားလာသည်။
ငွေရှာနိုင်သောသန်မာသူမိန်းမတချို့ရှိသည်။ ထိုသန်မာသည်ဆိုသောမိန်းမအများစုက အရွယ်ရလာသောအခါ ငယ်ရွယ်သူများနှင့်မယှဉ်နိုင်သောကြောင့် အလုပ်ထွက်ဖို့ဖိအားပေးခံရသည်။
ဒီလိုမိန်းမမျိုးက အလုပ်နဲ့အသက်မွေးဝမ်းကြောင်းမခွဲနိုင်သူများပင်။
တစ်ခါတလေ အလုပ်က အသက်မွေးဝမ်းကြောင်းမဟုတ်။
"အစ်မလန်ဇီ... ရောက်နေတာလား''
ကောင်းယောင်ယောင်က စတော်ဘယ်ရီတစ်ပန်းကန်နှင့်ထွက်လာသည်။ ပြောရင်းဆိုရင်း စတော်ဘယ်ရီပန်းကန်ကိုစားပွဲပေါ်တင်ပြီး_
"အစ်မမိုချင်း... ရပြီ စားကြည့်!''
ကျောက်မိုချင်းကခေါင်းညိမ့်ပြီး စတော်ဘယ်ရီတစ်လုံးကောက်မြည်းကြည့်သည်။ တချိန်တည်းမှာ ချင်လင်နှင့်လင်းလန်ဇီအား_
"ယောက်ျား.. အစ်မလန်ဇီ.. စားကြည့်''
ချင်လင်လည်းခေါင်းညိမ့်ပြီး စတော်ဘယ်ရီတစ်လုံးကောက်မြည်းကြည့်သည်။
ပါးစပ်ထဲရောက်ရောက်ချင်း ဒီစတော်ဘယ်ရီကသာမန်မဟုတ်ကြောင်းသိလိုက်သည်။ အရသာနှင့်စားကောင်းခြင်း +၁ ရှိသော အရည်အသွေး ၁ ပင်။
ဂိမ်းထဲကမဟုတ်ဘဲ အထူးမြေကြီးနှင့်ပျိုးထောင်ထားသောသာမန်မျိုးစေ့ဖြစ်သည်။
အခုချင်းလင်စံအိမ်မှာ အရည်အသွေး ၁ မျိုးစေ့များလာပြီး ချင်းလင်အရောင်းစင်တာကိုနေ့စဉ်ဖြည့်ဆည်းပေးနိုင်သည့်ပမာဏက သူခက်ခက်ခဲခဲသယ်ပို့ခဲ့ရသောပမာဏထက်ပိုများလာသည်။
"အစားကောင်း.. အစားကောင်း!''
အသံနှင့်အတူ ဧည့်ခန်းထဲရှောင်ဝူပျံလာပြီး စင်ပေါ်နားလိုက်သည်။
"ဘာစောင့်နေတာလဲ? လာ!''
သူကအော်လိုက်သည်။
ထို့နောက် ရှောင်ပေါင်လည်းမပျံချင်ပျံချင်နှင့် အပြင်မှပျံလာပြီး စင်ပေါ်နားလိုက်သည်။ သို့သော် ရှောင်ဝူကိုရွံ့သလိုလို ခပ်ခွာခွာနား၏။
ထို့ကြောင့် ရှောင်ဝူကစိတ်ညစ်ညစ်နှင့် ချင်လင်တို့ဆီပျံသွားပြီး စားပွဲပေါ်နားကာချီးကျူးလိုက်သည်:
"သခင်ကပိုခန့်လာတယ်... သခင်မက ပိုပိုချောလာတယ်''
ကျောက်မိုချင်း ရယ်ချလိုက်သည်။
ဒီကောင်ပါးစပ်ဟတာနဲ့ ဘာအဓိပ္ပါယ်လဲ သူမသိသည်။ သူမကချက်ချင်း စတော်ဘယ်ရီတစ်လုံးကောက်ပြီးရှောင်ဝူရှေ့ချလိုက်သည်။
ရှောင်ဝူက စတော်ဘယ်ရီကိုကြည့်ပြီးပြောပြန်သည်:
"သခင်မက ကမ္ဘာမှာအလှဆုံး.. အသိတတ်ဆုံးပဲ''
နှစ်လုံးတောင်းနေတာပေါ့။
ကျောက်မိုချင်းက အောင့်သက်သက်နှင့်ရယ်ပြီး စတော်ဘယ်ရီနောက်တစ်လုံးယူကာ ရှောင်ဝူရှေ့ချပေးလိုက်သည်။
ရှောင်ဝူက စတော်ဘယ်ရီနှစ်လုံးကိုဝမ်းသာအားရယူပြီး စင်ပေါ်ပျံသွားကာ တစ်လုံးကိုသူ့နှုတ်သီးနှင့်ထိုးဆိတ်လိုက်သည်။
"စားကောင်းတယ်.. စားကောင်းတယ်!'' ဟုလည်း ပွစိပွစိပြောသေးသည်။
ရှောင်ပေါင်ကစိတ်ဝင်စားသွားပြီး ရှောင်ဝူခြေထောက်နားမှစတော်ဘယ်ရီတစ်လုံးကိုကြည့်ကာ ချီတုံချတုံနှင့်ရှောင်ဝူနားကပ်သွားသည်။ ထို့နောက် မထင်မှတ်ဘဲ သူ့ခေါင်းနှင့်ရှောင်ဝူလည်ပင်းကိုသွားတိုးဝှေ့လိုက်သည်။