ကြက်တူရွေးလည်း မနိုင်! ၃
Vol. 71 Ch. 1063
ရှောင်ဝူကကျေနပ်သွားပုံရပြီး လက်သည်းကြားမှစတော်ဘယ်ရီကိုလွှတ်ပေးလိုက်သည်။
ရှောင်ပေါင်ကလည်း ဝမ်းသာအားရစတော်ဘယ်ရီကိုယူပြီးဆိတ်စားတော့သည်။
"စားကောင်းလား?''
ရှောင်ဝူက ရှောင်ပေါင်ကိုကြည့်လိုက်သည်။
"ကောင်းတယ်!''
ရှောင်ပေါင်က လိုက်ဖြေသည်။
ထိုမြင်ကွင်းကို အမျိုးသမီးသုံးယောက်ကစိတ်ဝင်စားနေသော်လည်း မပြောပြတတ်။
ချင်လင်တစ်ယောက်သာ တအံ့တဩကြည့်နေသည်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒီရွှေရောင်ကြက်တူရွေးကမလာချင်ဘဲ ရှောင်ဝူကြောင့်မဖြစ်မနေရောက်လာရတာ သူမှတ်မိသေးသည်။
အခုကျ စကားနားထောင်နေသလိုပါလား?
ရှောင်ဝူရဲ့စတော်ဘယ်ရီကို ဒီရွှေရောင်ကြက်တူရွေး အရသာတွေ့နေပြီ။
ဒါကြောင့် အရသာတွေ့လေ သဘောကျလေလို့ အင်တာနက်မှာပြောကြတာကိုး။
"ဥက္ကဌချင်... ဒီကြက်တူရွေးက ဘယ်တုန်းကရောက်လာတာလဲ?''
လင်းလန်ဇီကအံ့ဩသံနှင့်မေးသည်။
"အင်း.. အဲဒီရွှေရောင်ကြက်တူရွေးက ရှောင်ပေါင်တဲ့... ရှောင်ဝူက ယောက်ျားတော်ချင်တာ''
ချင်လင်ကပြုံးပြုံးနှင့်ရှင်းပြသည်။
"အဲဒါနဲ့ရရောလား?''
လင်းလန်ဇီက ကြက်တူရွေးနှစ်ကောင်ကိုတအံ့တဩကြည့်လိုက်ပြီး ကြည့်ရင်းပိုအံ့ဩသွားသည်။
ရှောင်ဝူက နာမည်ရနေပြီ။ ရေမွှေးကြော်ငြာမှစ၍ သူ့အတွက်အကောင့်သက်သက်ခွဲပေးထားသည်။ သူက အချိန်တိုအတွင်း ရှောင်ရွှယ်၊မွေးနီတို့ကိုကျော်တက်ပြီး ဝမ်ချိုင်ကိုအမီလိုက်နေပြီ။
ဘာပဲဖြစ်ဖြစ် လူစကားပြောနိုင်တဲ့ကြက်တူရွေးဖြစ်ပြီး ရှောရှောရှူရှူပြောနိုင်တဲ့အချက်က တခြားတိရစ္ဆာန်များထက်လုံးဝသာသည်။
အခု ကြက်တူရွေးကနှစ်ကောင်၊ အထီးနဲ့အမ၊ ချစ်ပြနေတာဆိုတော့? ဒီမြင်ကွင်းက ဇာတ်လမ်းဆင်လို့ရတယ်မလား?
သူမက မာတီမီဒီယာဌာနတာဝန်ခံလုပ်သက်ရင့်နေပြီဖြစ်သောကြောင့် တခဏချင်း အလုပ်အကြောင်းတွေးမိသည်။
သူတို့စတော်ဘယ်ရီစားနေစဉ် ရုံချန်းပထမဆောက်လုပ်ရေးမှစွန်းမင်က အပန်းဖြေစံအိမ်အပြင်ရောက်လာသည်။ လုံခြုံရေးကသတင်းပေးသောကြောင့် ချင်လင်ကခေါ်လာခိုင်းလိုက်သည်။
တောင်ပေါ်ကိုဖွံ့ဖြိုးအောင်လုပ်မည်ဆိုမှတော့ ပရောဂျက်ကို ရုံချန်းပထမဆီအပ်ရမည်။ ဘာပဲဖြစ်ဖြစ် စွန်းမင်နှင့်သူကဆက်ဆံရေးကောင်းပြီး စံအိမ်ပရောဂျက်အတော်များများကို ရုံချန်းပထမနှင့်လက်တွဲလုပ်ခဲ့သည်။
စွန်းမင်ကစာဖိုင်တချို့ကိုင်ပြီး ခပ်သုတ်သုတ်ဝင်လာ၏။ သူ့ကိုမြင်မြင်ချင်း အရင်နှုတ်ဆက်သည်_
"ဥက္ကဌချင် ထပ်ဆုံပြီနော်... ဥက္ကဌကျောက်နဲ့ဥက္ကဌလင်းလည်းရှိနေတာပဲ''
သူက ကျောက်မိုချင်းကိုထပ်နှုတ်ဆက်သည်။
ရုံချန်းပထမသူဌေးဖြစ်၍ အလုပ်ကိုသူကိုယ်တိုင်လုပ်စရာမလို။ သို့သော် ချင်းလင်စံအိမ်နှင့်ပတ်သက်ရင် မရ။
ဘာပဲဖြစ်ဖြစ် အပြင်မှာချင်းလင်ကုမ္ပဏီသူဌေးကိုဖားချင်သူတွေအများကြီးရှိသည်။ သို့သော် ချင်းလင်ကုမ္ပဏီသူဌေးအစစ်ကိုတောင် မသိကြပေ။
သူတို့နှင့်ကိုယ်တိုင်ကိုယ်ကျတွေ့နိုင်ပြီး မိတ်ဆွေဖြစ်ရုံနှင့်တင် လူတွေအားကျလောက်သည်။
"ဥက္ကဌစွန်း ထိုင်ပါဦး!''
ချင်လင်က ပြုံးပြုံးနှင့်ကြိုဆိုပြီး ကောင်းယောင်ယောင်အား စွန်းမင်အတွက်လက်ဖက်ရည်ဖျော်ခိုင်းသည်။
"ဥက္ကဌချင်... ကျွန်တော် တောင်ပေါ်ကအခြေအနေကိုလေ့လာဖို့လူလွှတ်ထားတယ်... ခင်ဗျားရဲ့စံအိမ်ကရှာဖွေရေးအဖွဲ့ကိုလည်းအသိပေးထားတယ်... သူတို့အမြန်ဆုံး ဒီဇိုင်းအစီအစဉ်တင်ပြလိမ့်မယ်''
စွန်းမင်ကပြောရင်းဆိုရင်း စားပွဲပေါ်စာဖိုင်တချို့တင်ကာ_
"ဒါတွေက ကေဘယ်ကား တောင်တက်လမ်း ကြမ်းခင်းလမ်းတွေအတွက်ပုံစံနဲ့အမျိုးအစားတွေ... ဒီထဲကရွေးနိုင်ပါတယ်... အချိန်ကျရင် ကျွန်တော်ဆက်သွယ်လိုက်မယ်''
"အင်း!''
ချင်လင်က စာဖိုင်များယူပြီး ကျောက်မိုချင်းနှင့်လင်းလန်ဇီအား_
"အတူတူကြည့်လိုက်ပါဦး... အထူးသဖြင့် အစ်မလင်းပေါ့... အစ်မအာရုံစိုက်ရမှာ''
ကျောက်မိုချင်းက လင်းလန်ဇီကိုရာထူးတိုးပေးချင်သည်ဟုပြောထားသည်။ သူကန့်ကွက်စရာမရှိ။
"ကောင်းပါပြီ ဥက္ကဌချင်!''
လင်းလန်ဇီ ငတုံးမဟုတ်။ သူဌေးစကားမှာအဓိပ္ပါယ်တစ်ခုခုပါသောကြောင့် သူမကောင်းကောင်းလုပ်ရမည်။
သူမလည်းစာဖိုင်များယူပြီး သေချာဖတ်ကြည့်သည်။
"ဒါရိုက်တာစွန်း.. ရှေ့လျှောက် ဒီပရောဂျက်အတွက် အစ်မလန်ဇီက ရှင့်ကိုခဏခဏအပူကပ်တော့မယ်''
ကျောက်မိုချင်းလည်းကြုံတုန်း စွန်းမင်ကိုပြောလိုက်သည်။
စွန်းမင်ကချက်ချင်းပြုံးပြီး_
"ဒါအပူကပ်တယ် ဘယ်ခေါ်မလဲ? ချင်းလင်စံအိမ်က ကျွန်တော်တို့အလုပ်ကိုဂရုစိုက်ပေးတာပါ... ကျွန်တော်တို့ ဥက္ကဌလင်းနဲ့ပူးပေါင်းလုပ်ပါမယ်''
ရှေ့လျှောက် ချင်းလင်စံအိမ်က ကိစ္စအတော်များများကိုလင်းလန်ဇီလက်ထဲအပ်တော့မည်မှန်း သူသဘောပေါက်သည်။
ချင်လင်က သူ့စိတ်ထဲမှဂိမ်းကိုတအံ့တဩကြည့်လိုက်သည်။ စိုက်ပျိုးရေးခြံပေါက်ဝတွင် ရုတ်တရက်အရိပ်တစ်ခုပေါ်လာသည်။ လူပုလေးအာနီပင်။
ဇာတ်ကွက်တာဝန်လား?
ဒါပေမဲ့ ဒီလူက သူ့အစ်ကိုအားပေါင်ရဲ့ပန်းအိမ်ကိုကူပြင်ပေးနေတာမလား? သူ့ခြံကိုဘာလာလုပ်တာလဲ?