← Chapters

အင်ပါယာနန်းတော်၏ နန်းတော်သခင်

Vol. 155 Ch. 2208

အင်ပါယာနန်းတော်၏ နန်းတော်သခင်

Vol. 155 Ch. 2208

ရီဖူရှင်းနှင့် သူ့လူများက စီဝေ့အင်ပါယာနန်းတော်၌ အချိန်တစ်ခုထိ အခြေချနေကြပြီး အရှင်မု တည်ခင်းပေးသော စားကောင်းသောက်ဖွယ်များနှင့် ဇိမ်ကျနေခဲ့ကြသည်။ အပြင်ဘက်လောကမှ အခြားသော အင်အားစုများသည်လည်း စီဝေ့အင်ပါယာနန်းတော်သို့ တဖွဲဖွဲရောက်လာကြသည်။

စီဝေ့အင်ပါယာနန်းတော်သည် မည်သူ့ကိုမှ မငြင်းပယ်ဘဲ ရောက်လာသမျှ လူတိုင်းကို အင်ပါယာနန်းတော်အတွင်း ဧည့်ခံပေးထားသည်။

ထို့ပြင် ထိုအင်အားစုများသဘ် စီဝေ့အင်ပါယာနန်းတော်က မည်မျှ အစွမ်းထက်သည်ကို နားလည်ကြသည့်အတွက်ကြောင့် သူတို့က အလျင်စလို မလှုပ်ရှားဘဲ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေကြပေသည်။ သူတို့သည် စီဝေ့ကြယ်အရှင်က မည်သို့သော ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုမျိုး ဖြစ်သည်ကို သိရရန် ဤကြယ်ကမ္ဘာ၏ အရှင်သခင်ကို တွေ့ချင်နေကြပေသည်။

အချိန်က တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။ ရီဖူရှင်းနှင့် အခြားလူများသည် နန်းတော်အတွင်း၌သာ ကျင့်ကြံရင်း စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေကြသည်။

အဘိုးမာက ရီဖူရှင်း ဘေးသို့ လာထိုင်ကာ မေးလိုက်သည်။ “နန်းတော်သခင်က ကျုပ်တို့ကို ဘယ်အချိန် ဆင့်ခေါ်မလဲဆိုတာ ဘယ်သူသိလဲ။”

“မကြာခင် ဖြစ်လိမ့်မယ်။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “အဘိုးမာ ဒီလိုမျိုးကို ရင်းနှီးနေတယ်လို့ မခံစားမိဘူးလား။”

“အင်း” အဘိုးမာက ခေါင်းညိတ်လိုက်သည်။ “မင်းက ကျုပ်တို့ ရွာကို ပြောနေတာလား။”

“အင်း။” ရီဖူရှင်းသည် အဘိုးမာက သူ ဆိုလိုသည်ကို နားလည်ကြောင်း သိပေသည်။ ယခု စီဝေ့ကြယ်ကမ္ဘာ၏ ချိပ်ပိတ်မှုက ပွင့်သွားခဲ့ပြီ ဖြစ်ကာ စီဝေ့နန်းတော်က ပြင်ပလောသို့ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် လေးမျက်နှာကျေးရွာ ပထမဆုံး အပြင်လောကနှင့် ဆက်သွယ်စဥ်ကကဲ့သို့ ဖြစ်ပေသည်။ လေးမျက်နှာကျေးရွာသည် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ခဲ့ပြီးနောက် ရှန်ချင်းနယ်မြေအတွင်းမှ လူတိုင်း ရွာသို့ ဝင်ခွင့်ရရှိရန် အုံဖွဲ့လာပေသည်။

အမှန်တွင် ကွာခြားချက်တစ်ခု ရှိနေ၏။ ထိုအချိန်က လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည့် အင်အားစုများမှာ ရှန်ချင်းနယ်မြေတစ်ခုတည်းမှသာ ဖြစ်သည်။ သို့သော် ယခုတွင် စီဝေ့အင်ပါယာနန်းတော်သို့ ဝင်ရောက်လိုသူများမှာ ပြင်ပလောကမှ အင်အားစုအားလုံး ဖြစ်သည့်အတွက်ကြောင့် မြင်ကွင်းက ခြားနားလှသည်။ စီဝေ့အင်ပါယာနန်းတော်က အစွမ်းထက်နေလျှင်ပင် ဤအခြေအနေကို ဂရုတစိုက် ကိုင်တွယ်ရပေလိမ့်မည်။ မဟုတ်လျှင် သူတို့က လေးမျက်နှာကျေးရွာ တစ်ချိန်က ရင်ဆိုင်ခဲ့ရသော အကျပ်အတည်းမျိုးနှင့် တူနေပေလိမ့်မည်။

“ဒါပေမယ့် ကျွန်တော်တို့ကလည်း အခု သူတို့ထဲက တစ်ယောက်ဖြစ်နေတယ်လေ။” ရီဖူရှင်းက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ သူတို့က မည်သို့မှ မလုပ်သော်လည်း ဤနေရာ၌ သူတို့၏ တည်ရှိမှုက သေချာသော သဘောထားကို ပြသနေသည်။

...

“အနည်းဆုံးတော့ ကျုပ်တို့ ဘာကိုမှ ခက်ခဲအောင် လုပ်မှာမဟုတ်ဘူးလေ။” အဘိုးမာက ပြောလိုက်သည်။

ရီဖူရှင်းက ပြုံးလိုက်ပြီး မည်သည်ကိုမှ ထပ်မပြောတော့ပေ။ သူက ဤနေရာသို့ လုယက်ဖျက်ဆီးရန် ရည်ရွယ်၍ လာခဲ့ခြင်း မဟုတ်သော်လည်း ကျင့်ကြံသူများအတွက် စွမ်းအားအရင်းအမြစ်များအပေါ် တပ်မက်တတ်သည့် ဆန္ဒများကြောင့် မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ပင် သတိမပြုမိဘဲ အခြားသူများကို ခြိမ်းခြောက်မှုများ ဖြစ်စေခဲ့သည်။ ဤအချင်းအရာအတွက် ကောင်းမွန်သော ရှင်းပြချက်မရှိဘဲ ဤနေရာ၌ရှိသော သူတို့၏ တည်ရှိမှုကပင် စီဝေ့အင်ပါယာနန်းတော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။

“တစ်နေ့မှာ ကျွန်တော်သာ စည်းမျဥ်းတွေအားလုံးကို ချမှတ်နိုင်ခဲ့ရင် ဒီလိုမျိုး ဖြစ်လိမ့်မှာ မဟုတ်ဘူး။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူသည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်လျှင် စည်းမျဥ်းများကိုလည်း ချမှတ်နိုင်ပေလိမ့်မည်။

ယခု သူက စိတ်အားထက်သန်စွာ ကျင့်ကြံနေခဲ့ပြီး သူ ကြီးမားသော စွမ်းအားတို့ကို လိုချင်နေသည်မှာ သူကိုယ်တိုင် အသက်ရှင်နိုင်ရုံသာမက ကောင်းကင်အာဏာစက်ကျောင်းတော်အတွက်ဆိုလည်း ဟုတ်ပေသည်။ သူသည် ကျင့်ကြံခြင်းပို၍ အားကောင်းလာလေ ပို၍ လွတ်လပ်လေဟု တွေးထင်ထားခဲ့သည်။ သို့သော် အမှန်၌ သူ့ကျင့်ကြံခြင်းက ပို၍ အားကောင်းလာသည့်အခါ သူ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု နည်းပါးလာသော်လည်း သူက ပိုမိုလေးလံသည့် ဝန်တို့ကို သယ်ဆောင်လာရပေသည်။

ထို့ကြောင့် သူက ကျင့်ကြံခြင်းလမ်းစဥ်ကို အဆုံးထိတိုင် ဆက်လက်လျှောက်လှမ်းရန်သာ တတ်နိုင်ပေသည်။

“အဲဒီလိုနေ့ကို မျက်မြင်တွေ့ရဖို့ ကျုပ်မှာ အခွင့်အရေး ရှိလာဖို့ပဲ မျှော်လင့်မိတယ်။” အင်ပါယာနန်က ရောက်လာကာ ပြောလိုက်သည်။ သူက ရီဖူရှင်း၏ ရည်မှန်းချက်အပေါ်၌ မြင့်မားသော မျှော်လင့်ချက်ထားရှိပုံရသည်။

စည်းမျဥ်းများကို ချမှတ်ခြင်း..။ မည်သူက လောက၏ စည်းမျဥ်းများကို ချမှတ်နိုင်သနည်း။

ကောင်းကင်ဒေသ၏ စည်းမျဥ်းများကို ဒွန်ဟောင်မဟာအင်ပါယာက ချမှတ်ထားသည်။

ရီဖူရှင်းက စည်းမျဥ်းများကို ချမှတ်ချင်လျှင် သူက အားလုံး၏ အမြင့်ဆုံးသော နေရာကို လျှောက်လှမ်းနိုင်ရပေလိမ့်မည်။

လက်ရှိ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်သည်ပင် ဤကြယ်ကမ္ဘာတစ်ခုတည်းကိုသာ အုပ်ချုပ်နိုင်သည်။ ယခု ဤကြယ်ကမ္ဘာက ပြင်ပလောကနှင့် ပိုင်းခြားထားသောကြောင့် သူ၏ စည်းမျဥ်းများက ကြီးစွာ ကန့်သတ်ခံထားရသည်။

ရီဖူရှင်းက အင်ပါယာနန်ကို ပြုံးပြရင်း တွေးလိုက်သည်။ ထိုနေ့သို့ ရောက်ရန် မည်မျှ ကြာလိမ့်ဦးမည်နည်း။

မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

…

ရက်အနည်းငယ် ထပ်မံ ကြာမြင့်ပြီးနောက် ပိုမိုများပြားသော ကျင့်ကြံခြင်းအင်အားစုများက စီဝေ့အင်ပါယာနန်းတော်တွင် စုဝေးလာကြပေသည်။ ယနေ့တွင် နန်းတော်အထက် ကောင်းကင်၌ သန့်စင်တောက်ပသော ရောင်ဝါတို့နှင့် လွှမ်းခြုံသွားပြီး အဆုံးမဲ့ စီဝေ့အင်ပါယာနန်းတော်တစ်ခုလုံး နတ်အလင်းတို့နှင့် ဖုံးလွှမ်းနေခဲ့သည်။ ၎င်းက ခမ်းနားထည်ဝါလှပုံပေါ်ပေသည်။

ရီဖူရှင်းနှင့် သူ့လူများက ကောင်းကင်သို့ မျှော်ကြည့်လိုက်ကြပြီး သူတို့ ရှိနေသည့် နန်းတော် ချဥ်းကပ်လာသော တစ်စုံတစ်ယောက်ကို မြင်လိုက်ကြရသည်။ “လူတိုင်းပဲ.. နန်းတော်သခင်က ကျင့်ကြံနေရာက ထွက်လာပါပြီ။ သူက အခု လူတိုင်းကို ဆင့်ခေါ်လိုက်ပါတယ်။ ကျေးဇူးပြုပြီး ကြွပါ။”

လူတိုင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူတို့က ကောင်းကင်သို့ တက်ကာ ထိုလူ၏ နောက်မှလိုက်ရင်း အ​ခမ်းနားဆုံး နန်းတော်သို့ ဦးတည်လိုက်ကြသည်။

သူတို့သာမကဘဲ နေရာအနှံ့မှ ထိပ်သီးကျင့်ကြံသူများစွာ လေထဲသို့ တက်လာပြီး မတူညီသော နေရာများမှ တူညီသော နေရာသို့ ဦးတည်လိုက်ကြသည်။

တခဏကြာပြီးနောက် သူတို့သည် ကောင်းကင်သို့တိုင် မြင့်မားသော ခမ်းနားထည်ဝါလှသည့် နန်းတော်တစ်ခုကို မြင်တွေ့လိုက်ရသည်။ အထက်မှ နတ်အလင်းများ တောက်ပလာပြီး ခမ်းနားထည်ဝါကာ သန့်စင်မြင့်မြတ်သော ခံစားမှုကို ပေးစွမ်းသည်။

ကျင့်ကြံသူများစွာက ကြယ်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး နန်းဆောင်၏ ရှေ့ တစ်ဖက်တစ်ချက်တွင် ရပ်နေခဲ့ပြီး ဖြစ်သည်။ သူတို့အားလုံးက အဓိကပုဂ္ဂိုလ်များ ဖြစ်ကြသည်။ တစ်ဖက်တွင် နန်းတော်ရှိပြီး တစ်ဖက်တွင် လှေကားထစ် စင်​မြင့်ရှိ၏။ ကြယ်ရောင်ဝတ်စုံများနှင့် ရန်ဟောင်များစွာက လှေကားပေါ်တွင် ရပ်နေကြပြီး လှေကားအောက်ခြေကို မျက်နှာမူထားကြသည်။

လှေကားထစ်စင်မြင့်၏ အောက်ခြေ၌ ကြီးမားသော လေဟာနယ်ရှိပြီး ဟင်းလင်းဖွင့်ထားသည်။ ထိုအခိုက်တွင် ကောင်းကင်မှ လာသော ကျင့်ကြံသူများက စောင့်ဆိုင်းရန် ဤဟင်းလင်းလေဟာနယ်အတွင်းသို့ ခေါ်ဆောင်ခံရသည်။ အင်အားစုများက အဆက်မပြတ် တဖွဲဖွဲရောက်လာကြပြီး စောင့်ဆိုင်းရင်း လှေကားထစ်စင်မြင်သို့ မော့ကြည့်နေကြသည်။

ထိပ်သီးအင်အားစုမှ လူများသည် နက်နဲသော မျက်လုံးများဖြင့် ကြည့်နေကြပြီး စီဝေ့နန်းတော်သခင်၏ ဆင့်ခေါ်ခြင်းအခမ်းအနားက အစစ်အမှန် မဟာအင်ပါယာတစ်ပါးက သူတို့ကို ဆင့်ခေါ်သကဲ့သို့ အမှန်တကယ် ထည်ဝါလှသည်ဟု တိတ်တဆိတ် တွေးနေပေသည်။

သို့သော် သူတို့က ဤအဖြစ်အပျက်တစ်ခုလုံးကို မလေးမစားနှင့် ဆက်ဆံခြင်း မရှိကြပေ။ အဆုံးမှာတော့ စီဝေ့အင်ပါယာနန်းတော်သခင်သည် ဤကြယ်ကမ္ဘာ၏ အရှင်သခင်​ဖြစ်ပြီး သူ့ကို တော်ဝင်ပုဂ္ဂိုလ်တစ်ဦးဟု ဆုံးဖြတ်နိုင်ပေသည်။

ဤလောကတွင် သူက အမြင့်မြတ်ဆုံး ဖြစ်တည်မှု ဖြစ်လေသည်။

ရီဖူရှင်း ရောက်လာသည့်အခါ အခြားအင်အားစုမှ ကျင့်ကြံသူများစွာ ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့က မြေပြင်သို့ ဆင်းသက်လာပြီး သူတို့ရှေ့၌ မည်သည့်အရာက စောင့်ဆိုင်းနေသည်ကို အကဲခတ်နေသည်။ ဤသည်မှာ တစ်ဖက်တစ်ချက်၌ အစွမ်းထက်ပုဂ္ဂိုလ်များစွာ စောင့်ကြပ်၍ အင်အားပြသခြင်းမျိုးကို မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က မြင်ဖူးသမျှထဲ၌ အစွမ်းထက်ဆုံး ဖြတ်နိုင်သလား။

ရီဖူရှင်း၏ အသိအကျွမ်းတချို့လည်း လက်ရှိတွင် ရောက်နေပြီ ဖြစ်၏။ ပိုမိုများပြားသော ထိပ်သီးအင်အားစုများ ရောက်ရှိလာသည်နှင့် ဤတစ်ကြိမ် စီဝေ့အင်ပါယာနန်းတော်၌ စုဝေးနေသော အင်အားစုများက သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်ကို မြင်တွေ့လိုက်ရပေသည်။ ကောင်းကင်ဒေသ၏ နယ်မြေဆယ့်ရှစ်ခုမှ အင်အားစုများ အားလုံးသာမက မှော်နက်စစ်တပ်နှင့် နတ္ထိဘုံမှ ထိပ်သီးအင်အားစုများလည်း ရောက်လာပေသည်။

လှေကားထစ်စင်မြင့်ထက်သို့ ကြည့်လိုက်သည်နှင့် ၎င်းအင်အားက ကြောက်မက်ဖွယ် ကောင်းလှကြောင်း သိနိုင်ပေသည်။

မူလဘုံမှ ကြောက်မက်ဖွယ် အင်အားစုများတွင် တစ်ဝက်ထက်မက ဤနေရာသို့ ရောက်နေကြသည်။

တစ်ချိန်က စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့သော ကမ္ဘာဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ချိပ်ပိတ်ခံခဲ့ရသော ကာလရှည်ကြာ အမေ့ပျောက်ခံထားရသည့် ကမ္ဘာက ယခု ချိပ်စည်းပျက်ပြယ်သွားပြီ ဖြစ်လေသည်။ ဤနေရာသို့ လာရန် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို မည်သူက တွန်းလှန်နိုင်ပါမည်နည်း။

ထိုစဥ် အလွန် တောက်ပသော အလင်းများက နန်းတော်တစ်ခွင် လင်းလက်သွားပြီး ပုံရိပ်သုံးခုက နန်းဆောင်အတွင်းမှ လျှောက်ထွက့လာခဲ့သည်။

အလယ်၌ ရှိနေသော လူက ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူက အသက်ငါးဆယ်ခန့်ရှိသည့် ဂုဏ်သရေရှိလှသော အကြီးအကဲတစ်ခု ဖြစ်ပုံပေါ်သည်။ သူ့မျက်လုံးများထဲ၌ ကြောက်မက်ဖွယ် ကြယ်ရောင်နတ်အရှိန်အဝါတို့ ရှိနေပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံက ကြယ်စင်သဏ္ဌာန်များဖြင့် စီခြယ်ထားသည်။ သူ၏ ရှည်လျားနက်မှောင်သော ဆံပင်တို့ကို နောက်ကျောဘက်၌ ချထားပေသည်။ သူ၏ အရှိန်အဝါတစ်ခုတည်းကပင် တမူထူးခြားသော အဆင့်အတန်းကို ဖော်ပြရန် လုံလောက်နေပြီဖြစ်သည်။

သူက ရှေ့သို့ လှမ်းလာသည်နှင့် တစ်ဖက်တစ်ချက်မှ ကျင့်ကြံသူများအားလုံးက အရိုအသေပြုလိုက်ကြပြီး ကျယ်လောင်စွာ နှုတ်ဆက်လိုက်ကြသည်။ “နန်းတော်သခင်ကို အရိုအသေပြုပါတယ်။”

ထို့အတူပင် လှေကားထစ်စင်မြင့်၌ ရပ်နေကြသူများကလည်း ထိုနေရာသို့ လှည့်ကာ အရိုအသေပေးလိုက်ကြသည်။ “နန်းတော်သခင်ကို အရိုအသေပေးပါတယ်။”

ထိုစီနီယာက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ပင် ဖြစ်လေသည်။

သူက လက်ထဲတွင် တောင်ဝှေးတစ်ခုကို ကိုင်ထားပြီး ၎င်းက ကြယ်စင်တောင်ဝှေးဖြစ်​လေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ လက်ထဲမှ တောင်ဝှေးက မြေပြင်သို့ ကျရောက်လာကာ ထိခတ်မိသည့် အသံစူးစူးက တိတ်ဆိတ်သော ဝန်းကျင်၌ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

မူလဘုံမှ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်လည်း လူအုပ်ကြားထဲ၌ ရှိနေခဲ့သည်။ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူက ခံစားချက်များ ရှုပ်ထွေးနေ၏။ ရှေးဟောင်းဒဏ္ဍာရီများက မှန်ကန်ပေသည်။ သူက အတိတ်တွင် ဖုံးကွယ်ထားခဲ့သော သမိုင်းကို တဖန် ဖွင့်လှစ်နိုင်ခဲ့ပေသည်။ သို့သော် အရာအားလုံးက သူခန့်မှန်းထားသည်နှင့် ကွဲပြားလှသည်။ စီဝေ့မဟာအင်ပါယာ၏ ဆက်ခံသူများက ဤနေရာ၌ အမှန်တကယ် ရှိကြပြီး သူတို့က စီဝေ့မဟာအင်ပါယာ၏ လမ်းစဥ်ကို လက်ဆင့်ကမ်း သယ်ဆောင်ထားကြကာ ၎င်းတို့ကို ဆက်ခံရန် သူ့အား မလိုအပ်ကြပေ။

စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က လှေကားထစ်စင်မြင့်၏ ရှေ့သို့တိုင် ရောက်သည်အထိ လျှောက်လာခဲ့သည်။ သူက လူသားနှင့်မတူဘဲ ကြယ်အလင်းများ စီးဆင်းနေသော တောက်ပသည့် ကြယ်များနှင့် တူသည့် မျက်လုံးတို့ဖြင့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ အောက်ဘက်ရှိ အစွမ်းထက် ကျင့်ကြံသူများကို ကြည့်ရှုစစ်ဆေးနေသည့်အခါ၌ သူ့မျက်လုံးများက အလွန် ငြိမ်သက်အေးချမ်းနေကာ အလွန် ထူးခြားအစွမ်းထက်လွန်းသော တစ်စုံတစ်ယောက်၏ အရှိန်အဝါကို သယ်ဆောင်ထားဆဲ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် အောက်ဘက်ရှိ ကျင့်ကြံသူများသည် သူတို့ကိုယ်တိုင်အနေနှင့် အစွမ်းထက်သူများဖြစ်သော်လည်း ယခုတွင် သူတို့က မမြင်နိုင်သော ဖိအားကို ခံစားနေရပေသည်။

“မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို တွေ့ကြုံဖူးတဲ့ အစွမ်းထက် တည်ရှိမှုတစ်ခုပဲ။” တစ်စုံတစ်ယောက်က တိတ်တိတ်လေး မှတ်ချက်ချလိုက်သည်။

သွမ့်ထျန်းရှုံက ရီဖူရှင်းနှင့် အခြားလူများကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ လှမ်းပြောလိုက်သည်။ “ဒီလူက နတ်ဘုရားကပ်ဘေးကို အနည်းဆုံး တစ်ဆင့် မဟုတ်ရင် နှစ်ဆင့်တော့ တွေ့ကြုံခဲ့ဖူးတယ်။”

နတ်ဘုရားကပ်ဘေးသုံးပါးနှင့် ၎င်းတို့ကို တွေ့ကြုံခံစားပြီးနောက် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။

သွမ့်ထျန်းရှုံသည် ထိုလူထံမှ အရှိန်အဝါကို ခံစားမိပြီး စီဝေ့အင်ပါယာနန်းတော်သခင်က နတ်ဘုရားကပ်ဘေး နှစ်ခုအတွင်း ရှင်သန်နိုင်ခဲ့သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ခန့်မှန်းလိုက်မိပေသည်။ အမှန်တကယ် ထိုသို့ ဖြစ်ခဲ့လျှင် တစ်ဖက်လူက သူတို့အား အလွယ်တကူ ချေမွဖျက်ဆီးပစ်လိုက်နိုင်ပေသည်။

ဤနေရာရှိ ထိပ်သီးပုဂ္ဂိုလ်ကြီးများကပင် သူ့အား ထိုမျှ ရိုသေ လေးစားနေသည်မှာ အံ့သြစရာမရှိတော့ပေ။

ထိပ်သီးအဆင့်ပုဂ္ဂိုလ်များ ဝန်းရံထားသည့် ကျယ်ပြောသော လေဟာနယ်အတွင်း အလွန် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူမှ စကားမပြောကြပေ။ လူတိုင်းသည် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် စကားပြောလာမည်ကို စောင့်ဆိုင်းနေကြသည်။ စီဝေ့ကြယ်ကမ္ဘာ၏ အရှင်သခင်ကို အပြင်ဘက်လောကမှ အဆင့်အတန်းနှင့် တိုင်းတာကြည့်လျှင် အလွန် အဆင့်မြင့်လှသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်လိမ့်မည်မှာ သေချာပေသည်။

“ဒီနေရာက လူတိုင်း စီဝေ့ကြယ်ကမ္ဘာအကြောင်း သိပြီးသားဖြစ်နိုင်တာကြောင့် ကျုပ် အထွေအထူး မိတ်ဆက်ပေးမနေတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အကြာက ဒီကမ္ဘာကို စီဝေ့မဟာအင်ပါယာက ချိပ်ပိတ်ခဲ့ပြီး ဒီနေ့  အပြင်ဘက်လောက်နဲ့ တစ်ဖန်ပြန်ဆက်သွယ်နိုင်ခဲ့တယ်။ စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်တစ်ယောက်အနေနဲ့ ကျုပ် ဒီနေ့ အားလုံးကို ကြိုဆိုပါတယ်။” စီဝေ့အင်ပါယာနန်းတော်သခင်က ပြောသည်။ သူ၏ အသံက ကျယ်လောင်ခြင်း မရှိသော်လည်း ထိုလေဟာနယ်တစ်ခွင်ကို လွှမ်းခြုံသွားကာ လူတိုင်း ရှင်းလင်းစွာ ကြားကြရပေသည်။

“ကျုပ် ဒီနေ့ ခင်ဗျားတို့ကို ဆင့်ခေါ်ပြီး ဒီနေရာမှာ စုဝေးစေတာက ခင်ဗျားတို့ အတွေးတွေကို ကြားချင်လို့ပါ။” စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က ဆက်ပြောလိုက်သည်။

“အပြင်ဘက်လောကမှာ စီဝေ့မဟာအင်ပါယာက ရှေးခေတ်အချိန်ကတည်းက နတ်ဘုရားတစ်ပါး ဖြစ်တယ အခု ကျုပ်တို့က စီဝေ့မဟာအင်ပါယာရဲ့ ကမ္ဘာမှာ ရောက်နေခဲ့ပြီဆိုတော့ ဒီမှာ မဟာအင်ပါယာ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေ ရှိလားမေးချင်ပါတယ်။ ကျုပ်တို့က ကျော်ကြားတဲ့ မဟာအင်ပါယာရဲ့ အနှစ်သာရကို ခံစားကြည့်ချင်လို့ပါ။” လူတစ်ယောက်က ကျယ်လောင်ရှင်းလင်းသော အသံနှင့် ပြောလိုက်သည်။

ဤသည်မှာ လူတိုင်း မေးချင်သော မေးခွန်းဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က ထိုလူကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ အဲဒါတွေက အင်ပါယာနန်းတော်ထဲမှာ ရှိတယ်။ ဒီနေရာက စီဝေ့မဟာအင်ပါယာ တစ်ချိန်က ကျင့်ကြံခဲ့ဖူးတဲ့ နေရာပဲ။”

***

All Chapters