လုပ်ဖော်ကိုင်ဖက်အသစ်
Vol. 7 Ch. 93
"၃ရက်လောက် မတွေ့ရတာနဲ့ မင်းမျက်လုံးအသစ်နဲ့ ရောက်လာတာလား!"
ရှဟဲကတော့ ချင်းယန်ကို မယုံနိုင်ဘူးဟူသည့် အမူအရာဖြင့် အပေါ်အောက် ငုံ့ကြည့်နေသည်။
"ငါတို့ မတွေ့တာ ရက်ပိုင်းပဲရှိသေးတယ် မင်း လီကျစ်ရွှမ်းကို ထိုးစစ်ဆင်နေပြီလား အောင်မြင်သွားပြီလား!"
"ဘာတွေ ပြောနေတာလဲ? တစ်ယောက်ယောက် ကြားသွားရင် မကောင်းဘူး..."
ချင်းယန် သူ့လက်ကို ဝှေ့ယမ်းပြီး ထိုမေးခွန်းကို ရှောင်ဖယ်လိုက်သည်။
"...ဒါက ရဲစစ်ဆေးရေးမှူး တစ်ယောက်အနေနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ကွ"
သူပြောပြီးတာနဲ့ ယခုပင် ပြုံးနေခဲ့သော ရှဟဲတစ်ယောက် ရုတ်တရက် အမူအရာ ပြောင်းသွားသည်။ သူက တစ်စုံတစ်ခုကို သတိရသွားပြီး ပါးစပ်ကို အုပ်ဖို့ လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး နောက်ထပ် ထိုစကားမျိုး မပြောဝံ့တော့ပေ။
သိရမည်မှာ လီကျစ်ရွှမ်းသည် မွေးရာပါနယ်ပယ်ထဲ ဝင်ရောက်တော့မည် ဖြစ်ပြီး သူမ အနာဂတ်က အကန့်အသတ်မရှိပေ။
သူမကဲ့သို့ ပင်ကိုယ်စွမ်းရည်ကို အမျိုးမျိုးသော အင်အားစုများက ရှာဖွေနေခဲ့တာ ကြာပါပြီ။ ကြယ်သိုင်းရဲစခန်း ရဲဌာနချုပ်၏ ခေါင်းဆောင်မှုမှာပင် သူမအတွက် အလွန်အရေးပါပြီး ၎င်းတို့၏ အရည်အချင်းစာရင်းတွင် သူမကို ထည့်သွင်းထားပြီးသား ဖြစ်သည်။
ပြီးတော့ သူက အသစ်ခေါ်ယူထားတဲ့ အငယ်တန်းအရာရှိတစ်ဦးပင်။ ဒီအဖြစ်အပျက်ဟာ လီကျစ်ရွှမ်းအပေါ် ဆိုးရွားတဲ့ အထင်အမြင်တွေ ထင်မြင်စေခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ...။
ရဲဌာန၏ အရည်အချင်းပြည့်မီသော စုဆောင်းရေးအစီအစဉ်ကို ပျက်ပြားစေပါက သူ အလုပ်ပြုတ်သွားမလား။ အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်စရာကြီး ဖြစ်သည်။
"ငါ ဘာမှ မပြောဘူးနော် လောင်ချင်း"
ဒါကိုတွေးပြီးနောက် ရှဟဲ သူ့ကိုယ်သူ ပေါ့ပေါ့ပါးပါး ပါးရိုက်လိုက်ကာ ကြောက်စိတ်နဲ့ ဟိုကြည့်ဒီကြည့် လှည့်ပတ်ကြည့်လိုက်သည်။
"ကောင်းပြီ ငါလည်း ဘာမှ မကြားဘူး"
ချင်းယန် စားပွဲပေါ်မှ ထမင်းဘူးကို ရှင်းထုတ်ရန် ထရပ်ကာ ခေါင်းခါယမ်းရင်း ရယ်မောလိုက်သည်။
"အချိန်နီးနေပြီနော်.. မင်းလည်း ကင်းလှည့်သင့်တယ်... ငါလည်း အလုပ်သွားရဦးမယ်..."
"ကောင်းပြီ"
ရှဟဲ မတ်တပ်ထရပ်ပြီး ထမင်းဘူးကို ခေါက်ကာ ရဲဆိုင်ကယ်ဆီသို့ လျှောက်သွားလိုက်သည်။
"မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုဖုန်းခေါ်ဖို့ သတိရလိုက်နော် လောင်ချင်း"
"နားလည်ပြီ!"
ချင်းယန် ခေါင်းညိတ်ပြပြီး ရှဟဲ ထွက်သွားတာကို ရပ်ကြည့်နေခဲ့သည်။ ထို့နောက် လီကျစ်ရွှမ်း ထွက်သွားသော လမ်းကြောင်းကို တစ်ချက် ပြန်ကြည့်လိုက်ပြီး စိတ်ရှုပ်သွား၏။
ထူးဆန်းတယ်။
ဒီနေ့ ဒီကောင်မလေး ဘာဖြစ်နေတာလဲ။
ရုတ်တရက် ဘာလို့ ငါ့ကို လာရှာတာလဲ
ဒီအချိန်မှာ ရှောင်ပိုင်ဟာ သူ့ဘေးက ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသေးသည်။ သူမ၏ ပန်းနုရောင် လျှာကလေးက တွဲလောင်းကျနေပြီး သူမ၏ ပျော့ပျောင်းသော ဗိုက်သားသည် အပေါ်သို့ စောင်းကာ ငြိမ်သက်စွာ အိပ်ချင်ယောင်ဆောင်နေသည်။
ဘာမှမဖြစ်ခဲ့သလိုပင်။
ခဏအကြာ၌ ချင်းယန်သည် ယခင်အဖြစ်အပျက်များကို ပြန်သတိရသော်လည်း သူ့တွင် သဲလွန်စမရှိသဖြင့် ယခုကိစ္စကို ဘေးဖယ်ထားလိုက်ရသည်။ သဲလွန်စတစ်ခုကို တွေ့မှ အမှန်တရားကို ဆက်ရှာဖွေရမည်။
ဒါ့အပြင် လီကျစ်ရွှမ်းရဲ့ မိုက်မဲတဲ့ အကျင့်စရိုက်ကို အပြစ်တင်ရမည်။ သူမဟာ အပြင်ပန်းမှာ အေးစက်ပေမယ့် အတွင်းပိုင်းမှာတော့ နုံအလေသည်။
ချင်းယန် နောက်ဆုံးတွင် စိတ်သက်သာရာရသွားကာ အချိန်ကိုစစ်ဆေးရန် ဖုန်း ထုတ်လိုက်သည်။ အလုပ်မတက်ခင် ငါးမိနစ် ရှိသေးသည်။
"စောနေသေးတယ်... တာအိုအစီအရင် ရှင်းလင်းချက်ကို ဆက်ပြီး ပိုင်းခြားကြည့်ရအောင်"
ရှောင်ပိုင်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားပြီး ဖုန်းမှာ နှိုးစက်ပေး၍ ကုလားထိုင်ပေါ်ကို မှီထားလိုက်သည်။ ပြီးတာနဲ့ သူ့အသိစိတ်က ကိုယ်ခံပညာနယ်ပယ်ထဲ နစ်မြုပ်သွားခဲ့သည်။
သူ့စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အသွင်သဏ္ဍာန်များက အလွှာလိုက် အလွှာလိုက် ထွက်ပေါ်လာပြီး အဂ္ဂိရတ်ပညာ၏ တေးသွားများက နားထဲတွင် ပြည့်နှက်နေသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးခေတ် တာအို တေးသီချင်းများကလည်း အဆုံးမရှိ တည်ရှိနေသလိုပင်။
ချင်းယန်သည် နွေးထွေးသော နေရောင်ခြည်ကို ခံစားရင်း ရွှင်မြူးသော တေးသွားနှင့်အတူ သူ၏ အသိပညာက အဆက်မပြတ် တိုးမြင့်လာတာကြောင့် သူ့မျက်နှာမှာ ကျေနပ်မှု အပြည့်နဲ့ ပြုံးနေသည်။
မြေပြင်ပေါ်မှာ ထိုင်နေရင်း တစ်နေ့ကို မိုင် ၈၀၀၀၀ ခရီးနှင်ပစ်သလိုမျိုး ဗဟုသုတများစွာကို စုပ်ယူခဲ့သည်။ ချင်းယန်သည် တရားအားထုတ်နေသော ရဟန်းအိုကြီးကဲ့သို့ပင် လုံးလုံးလျားလျား ငြိမ်သက်နေလေသည်။
"အင်း... သစ်သားနိယာမ အပိုင်းအစကို နားမလည်နိုင်သေးတာ နှမြောစရာပဲ"
ချင်းယန် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ ဒါပေမယ့် သူလုပ်နိုင်တာ ဘာမှမရှိပါ။ သစ်သားနိယာမ အပိုင်းအစက ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ လေးနက်လွန်းသည်။
ပြင်ပကမ္ဘာထဲကိုသာ ရောက်လာခဲ့ရင်တော့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမှာ သေချာသလောက်ပင်။ သစ်သားနိယာမ အပိုင်းအစကို အခုထုတ်လိုက်ရင် စာကြည့်တိုက်ထဲက ပန်းတွေအားလုံး ပွင့်လာမယ်၊ နွေဦးရာသီမှာ ဥယျာဉ်ကြီး ဖြစ်လာကာ ကြွေပြားတွေကြားက အက်ကွဲကြောင်းတွေမှာလည်း မြက်တွေပေါက်လာမည်။
မြင်ကွင်းကတော့ အတော်လေး လှနေလိမ့်မည်။
စာကြည့်တိုက်ပိုင်ရှင်က ဒါကိုမြင်တဲ့အခါ ဒေါသအမျက်ထွက်မှာပဲ ကြောက်ရသည်။
"အဲဒါ မကောင်းဘူး"
တွေးရင်း ချင်းယန်က ခေါင်းခါလိုက်ပြီး စားပွဲပေါ်ရှိ ဖုန်းတုန်ခါသံကို ကြည့်လိုက်သည်။
နေ့လယ်စာ စားချိန် ကုန်သွားပါပြီ။
………………….
နေ့ခင်းအချိန်၌။
ချင်းယန်သည် တံခါးဝတွင်ရပ်ကာ ဝန်ထမ်းအပြောင်းအရွှေ့အမိန့်ကို ကိုင်ထားသည်။ တာဝန်ခံ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ့ရာထူးနေရာသို့ သွားတော့မည်ဖြစ်သည်။
"လာ... ချင်းယန် ငါနဲ့လိုက်ခဲ့"
တာဝန်ခံက ခေါင်းငုံ့ကာ အချိန်မှတ်သားသည့် ကဒ်ပေါ်ရှိ တစ်နေရာကို အမှတ်ခြစ်လိုက်သည်။
"ရှဟဲနေရာမှာ လစ်လပ်နေတဲ့ ရာထူး ပြည့်သွားပြီ... လူသစ်က အတွေ့အကြုံမရှိလို့ မင်းရဲ့ လမ်းညွှန်မှု လိုအပ်တယ်"
"ကောင်းပါပြီ"
ချင်းယန် အနည်းငယ် ခေါင်းညိတ်ပြပြီး တာဝန်ခံနောက် လိုက်သွားကာ စိတ်သက်သာရာရသွားခဲ့သည်။ ရက်အနည်းငယ် ကြာပြီးပြီ ဆိုတော့ မန်နေဂျာလည်း လူသစ်ရှာပြီးလောက်ပြီ။
ဒါပေမယ့် လစာက နှစ်ဆရမှာမို့ အရှုံးလုံးဝ မရှိပါ။
နှစ်ယောက်သား စင်္ကြံအောက်သို့ လျှောက်သွားကာ စာကြည့်တိုက်အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဌာနရုံးသို့ မကြာမီ ရောက်ရှိလာခဲ့သည်။ ရုံးခန်းထဲမှာ လူငယ်လေးတစ်ယောက် ထိုင်နေပြီး ခပ်ရှက်ရှက်နဲ့ ခေါင်းငုံ့ကာ ဘောင်းဘီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူသည် ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ချောမောသော အသွင်အပြင်ရှိသည်။
"အင်တာဗျူး အောင်သွားတဲ့ လီချင်းတဲ့..."
ထို့နောက် တာဝန်ခံက ချင်းယန်ထံသို့ လှည့်ကာ မိတ်ဆက်ပေးသည်။
"ဒါက မင်းကို ခေါ်သွားပေးမယ့်သူ ချင်းယန်!"
လီချင်းလည်း ထိုင်ခုံမှ အမြန်ထကာ နှုတ်ဆက်လေသည်။
"မင်္ဂလာပါ အစ်ကိုချင်း"
"အဆင်ပြေပါတယ် ငါ့ကို ချင်းယန်လို့ပဲ ခေါ်ပါ... ငါတို့က အခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာပဲ"
ချင်းယန် အားမနာဖို့ သူ့လက်ကို ဝှေ့ယမ်းပြရင်း ကြည့်လိုက်စဥ် လီချင်းမှာ ရုတ်တရက် တစ်ခုခုလွဲနေပြီဆိုတာ သတိပြုမိလိုက်၏။ လီချင်းသည် အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထားပြီး သူ့ထံမှ ထွက်လာသည့် ကြယ်စွမ်းအား အရိပ်အယောင်က အနည်းငယ်မျှပင် မရှိပါ။ သူသည် သာမန်လူတစ်ယောက်လို၊ သူ့မျက်နှာက သပ်သပ်ရပ်ရပ်ဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်နေသည်။
'ဟမ်? ဝှက်ထားတဲ့ ရတနာတစ်ခု ရှိတာလား? မင်းငါ့ကို လာလှည့်စားချင်နေတာလား'
ချင်းယန် အံ့သြသွားသည်။ လီချင်း နှင့်စကားပြောရင်း ပြုံးဟန်ဆောင်သော်လည်း လျှို့ဝှက်စွာ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
နောက်အခိုက်အတန့်တွင် သိမ်မွေ့သော ဝိညာဉ်စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်တွင် တိတ်တဆိတ် ငြိမ်ဝပ်စွာ တည်ရှိလာ၏။ မကြာခင်မှာပဲ လီချင်းရဲ့ခွန်အားအစစ်က ချင်းယန် စိတ်ထဲတွင် ပေါ်လာသည်။
သူ၏ ကြယ်စွမ်းအင်များက စုစည်းနေပြီး ကောင်းကင်နှင့် လူသားအကြား ဆက်သွယ်မှု၏ လက္ခဏာများကို ပြသနေပြီဖြစ်သည်။ ၎င်းက နောက်ဖွားနယ်ပယ် အဆင့်၉ပင်။
'စိတ်ဝင်စားဖို့ကောင်းသား...'
ချင်းယန် အံ့သြသွားသည်။ ဒီလူရဲ့ ခွန်အားဟာ လီကျစ်ရွှမ်းရဲ့ ပြိုင်ဘက်ဖြစ်ပြီး သူ့ရဲ့ အနာဂတ် အလားအလာဟာလည်း အကန့်အသတ်မရှိပါပဲ။ ထိုအချိန်တွင်ပင် သူ့အနားရှိ တာဝန်ခံက စကားစမြည်ပြောရင်း ဘောလ်ပင်ကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။
"လာ လီချင်း... ဒီအလုပ်သမား သဘောတူစာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ... နောက်ပိုင်း ချင်းယန်နဲ့ အတူတွဲလုပ်ရမယ်"
"ကောင်းပါပြီ"
လီချင်းက ညင်သာစွာ ခေါင်းညိတ်ပြပြီး စားပွဲဆီသို့ အမြန်လျှောက်သွားပြီး ညွှန်ကြားထားသည့်အတိုင်း သူ့နာမည်ကို ရေးထိုးလိုက်သည်။ သူ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး အလုပ်စလုပ်ရန် အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ဒါကိုမြင်တော့ တာဝန်ခံက ပြုံးပြီး :"အလုပ်ကြိုးစားပါ... ငါတို့အလုပ်က အရမ်းခက်တယ်... မင်းသေချာ နားလည်ထားမှဖြစ်မှာ"
"ကျေးဇူးတင်ပါတယ် တာဝန်ခံ သေချာပေါက် အလုပ်ကြိုးစားပါ့မယ်။"
ချင်းယန် ဘေးမှကြည့်ကာ စူးစမ်းလိုစိတ်များအား တဟုန်ထိုး ခံစားလိုက်ရသည်။ ဒီလူက စာကြည့်တိုက်ကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲလို့ တွေးနေတုန်း စနစ်ဆီက ရုတ်တရက် အသံထွက်လာ၏။
"တင်း! အစီအရင်ဂိုဏ်းဆရာ လီချင်းဟဲ ပေါ်လာပါပြီ... host အစီအရင်ထဲ မ၀င်မိအောင် အမြန်ပြေးပါ...."