စိတ်ရှုပ်ထွေးနေတဲ့ လီကျစ်ရွှမ်း
Vol. 7 Ch. 92
နောက်တစ်နေ့ နံနက်စောစော။
လမ်းဘေးတွင် မနက်စာဆိုင်များ ဖွင့်လှစ်ထားပြီး ပူပူနွေးနွေး မနက်စာအငွေ့များ သင်းပျံ့နေသလို စောစောစီးစီး အသံသာသာဖြင့် ငှက်ကလေးတွေကလည်း ပြေးလွှားပျံသန်းနေကြသည်။
ချင်းယန်သည် ထုံးစံအတိုင်း ချိုမြိန်သော တို့ဟူးပူတင်း ပန်းကန်လုံးနှင့် ဝက်သားပေါင်မုန့်ကို ဝယ်ပြီး ရှောင်ပိုင်ကို ပုခုံးပေါ် ထမ်းသယ်သွားကာ စာကြည့်တိုက်သို့ ရောက်လာခဲ့သည်။
စာကြည့်တိုက်ထဲမှာလည်း ထုံးစံအတိုင်း အလုပ်လုပ်သည်။ စာအုပ်တွေ ရွှေ့တာ၊ လျှော့တာ၊ အိပ်တာ စသဖြင့် အလုပ်တာဝန်တွေကတော့ အဆက်မပြတ် စီးဆင်းနေ၏။
ရှဟဲ သူ့အနားမှာ စကားလာမပြောတာကြောင့် မှုန်ကုပ်နေတဲ့ အလုပ်ဘဝက ပိုပျင်းစရာ ကောင်းလာသည်။ ရှောင်ပိုင်သည် ယမန်နေ့က သူသောက်ခဲ့သော ဆေးကို စုပ်ယူနေပုံပါပဲ။ ချင်းယန် ပုခုံးပေါ်သို့ လဲကျကာ အိပ်ပျော်သွားခဲ့သည်။
"ဟူး..."
ဒါကိုစဉ်းစားရင်း ချင်းယန် လေးလေးနက်နက် သက်ပြင်းချလိုက်၏။
နေ့လယ် ဝန်ထမ်း ကော်ဖီဆိုင်ကို တစ်ယောက်တည်းသွား၊ နေ့လယ်စာ မှာကြားပြီးနောက် တစ်ယောက်တည်းစားပြီး စာကြည့်တိုက်အပြင်သို့ ထွက်ကာ လေကောင်းလေသန့် ရှူဖို့ ဧရိယာလေး တစ်ခုကို ရှာဖွေခဲ့သည်။
မွန်းတည့်အချိန် ရောက်တဲ့အခါ နေရောင်ခြည်က တိုင်များထက် မြင့်နေပြီး မဏ္ဍပ်အပြင်ဘက်ရှိ လေထုသည်လည်း အငွေ့ပျံနေသည့်အလား တွန့်လိမ်နေသည်။ ပူနွေးခြောက်သွေ့သော လေပြည်လေးက ညင်သာစွာ ဖြတ်ကျော်သွား၏။
အပြင်မှာ ပြန့်ကျဲနေတဲ့ စားပွဲနဲ့ ကုလားထိုင်တွေက တိတ်ဆိတ်ပြီး လစ်ဟနေတဲ့ လေထုကို ပေါ်လွင်စေလေသည်။
ချင်းယန်သည် ထိုင်ခုံအလွတ်တစ်ခုကို ရှာတွေ့ကာ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။ ထို့နောက် ရှောင်ပိုင် လည်ပင်းကို ပွတ်သပ်ရင်း သူမကို ဘေးချထားသည်။ တစ်ဖက်က ထမင်းဗူးကိုထုတ်ကာ သူ့တူချောင်းများကို ထုတ်ကာ အတွင်းမှ နုတ်နုတ်စင်းထားသော ဝက်သားနှင့် ငရုတ်သီးစိမ်းတို့ကို ထိုးဖွနေလိုက်သည်။
ထို့နောက် ခေါင်းငုံ့ပြီး သတင်းကို ခဏလောက် ကြည့်လိုက်သည်။ အချက်အလက် အများစုကတော့ သူနဲ့ မသက်ဆိုင်ပါ။ ရုတ်တရက် သူ့နောက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မင်းဘာစားနေတာလဲ... ချင်းလူပျိုကြီး မွှေးနေတာပဲ"
"ဟမ်?"
ချင်းယန်လည်း ထိုအသံကြောင့် အံ့အားသင့်သွားကာ ချာကနဲ လှည့်ကြည့်လိုက်သည်။
ရှဟဲသည် ကြီးကျယ်ခမ်းနားသော ရဲမော်တော်ဆိုင်ကယ်ကို ဖြုတ်ချလာ၏။ သူသည် ယူနီဖောင်းကို ၀တ်ဆင်ထားပြီး သူ၏ လုံခြုံရေး ကိရိယာ အမျိုးမျိုးကို ခါးတွင် ချည်နှောင်ထားကာ ကြယ်သိုင်းရဲစခန်း တံဆိပ်ကတောင် နေရောင်ကို ဆန့်ကျင်လျက် ရင်ဘတ်တွင် တလတ်လတ် တောက်နေသည်။
အဝတ်အစားသည် လူကို အသွင်အသစ် ဖြစ်စေတယ် ဆိုတာက ချဲ့ကားတာတော့ မဟုတ်ချေ။ ချင်းယန်တောင် သူ့ကို မမှတ်မိသလောက် ဖြစ်သွား၏။
"မင်းကဘာလို့ဒီကို ရောက်နေတာလဲ ကောင်လေး...ကြယ်သိုင်းရဲစခန်း ရဲဌာနထဲ မ၀င်ဘူးလား အပြင်ထွက်ဖို့ အချိန်ရှိသေးတယ်ပေါ့?"
ချင်းယန်သည် သူ့နောက်မှ ဆိုင်ကယ်ကို စိုက်ကြည့်ကာ ငြူစူသော အရိပ်အယောင်ပင် ပြလိုက်သည်။ ဒီရဲဆိုင်ကယ်က တကယ်ကို အထင်ကြီးစရာ ကောင်းနေသည်လေ။
"ငါ ဒီအနီးနားမှာ ကင်းလှည့်နေတုန်း မင်းကိုတွေ့ဖို့ ခဏ ဝင်လာလိုက်တာ.."
ရှဟဲသည် ၎င်း၏ဆိုင်ကယ်ဦးထုပ်ကို ချွတ်ကာ ချိတ်ဆွဲထားပြီး နေ့လည်စာဘူးနဲ့အတူ ချင်းယန်ဆီသို့ လျှောက်သွားခဲ့သည်။
"ငါရောက်ရောက်ချင်း ဒီပျင်းစရာကောင်းတဲ့ နေ့လယ်စာကို တစ်ယောက်တည်း စားနေရတာကို တွေ့ရမယ်လို့တောင် မမျှော်လင့်ထားဘူး..."
သူသည် ချင်းယန်ဆီသို့ လျှောက်သွားကာ ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်သည်။ သက်ပြင်းလေးချလျက် ထိုင်ချလိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
"ဘယ်လိုလဲ ငါ့အနားမှာမရှိရင် ပျင်းစရာကြီးမလား?"
"မဆိုးပါဘူး... ငါ့ဘေးမှာ ရှောင်ပိုင် ရှိတယ်!"
ချင်းယန်သည် မုန်ညင်းစိမ်းတစ်ခြမ်းကို ယူ၍ ပါးစပ်ထဲထည့်ရင်း အောက်ကို ငုံ့ကြည့်လိုက်သည်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ သူနည်းနည်း ပျော်သွား၏။ ရှဟဲဟာ ဖျော်ဖြေပေးနေသလိုမျိုး စကားစမြည်ပြောရင်း စားသောက်ရတာက သိပ်ပျင်းစရာ မကောင်းတော့ချေ။
"လောင်ချင်း.... မင်းကို ရဲဌာနက ဝန်ထမ်းတွေအတွက် ပေးထားတဲ့ အစားအသောက်တွေ ပြပါရစေ တကယ်အရသာရှိတယ်ကွ!"
ရှဟဲသည် နေ့လည်စာပုံး၏အဖုံးကို ရုတ်သိမ်းလိုက်ပြီး အတွင်းမှ အစားအစာများကို စိတ်လှုပ်ရှားစွာ ပြသလိုက်သည်။
ချင်းယန်လည်း တစ်ချက် ချောင်းကြည့်လိုက်သည်။ ကြက်ခြေထောက်ကင်၊ ဝက်သားအသားပြုတ်၊ ဟင်းသီးဟင်းရွက် ရောစပ်ထားသော... လတ်ဆတ်သော ဟင်းပွဲများ၊ မွှေးကြိုင်သော ဟင်းလျာများက ခံတွင်းမြိန်စေ၏။
"ဘယ်လိုလဲ? တော်တော်ကောင်းတယ်မလား..."
ရှဟဲ သူ့တူတွေကို ထုတ်ရင်း အပြုံးနဲ့ မေးလိုက်သည်။
"ဒါနဲ့ ဒီကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ ခန့်မှန်းကြည့်စမ်း!"
"နှစ်ဆယ်လား?"
"ဝေးလွန်းတယ်... ဆယ်ယွမ်အောက်ပဲ.."
ရှဟဲ သူ့လက်ညှိုးကို ခါယမ်းလိုက်ပြီး။
"ကြယ်သိုင်း ရဲဌာနကို လူတွေဘာလို့ အလုပ်ဝင်ဖို့ အလုအယက် လုပ်နေကြတာလဲ ငါနားလည်သွားပြီ... အစားအသောက်က မတူဘူးကွ!ကော်ဖီဆိုင်ရဲ့ စားသောက်စရိတ်က တကယ့်ကို အံ့မခန်းပဲ။ အကျိုးကျေးဇူးတွေကလည်း အံ့မခန်းပဲ... နေ့တိုင်း ကြက်ခြေထောက်အကြီးကြီး စားရတာ ငြီးငွေ့နေပြီ ဆိုရင်တောင် အာဟာရအတွက် စိတ်မပူရတော့ဘူး"
သူကပြောရင်း ထမင်းဗူးကို စားပွဲအလယ်သို့ တွန်းပို့လိုက်သည်။
"လောင်ချင်းရာ စိုက်ကြည့်မနေစမ်းပါနဲ့... မင်းလိုချင်တာကိုပဲ ယူလိုက်!"
"ဒါဆို ငါ မယဉ်ကျေးတော့ဘူး"
ချင်းယန်း ပြုံးပြီး ထမင်းဗူးထဲက ကြက်ခြေထောက်ကင်ကို တိုက်ရိုက်ယူကာ သူ့ပါးစပ်ထဲ ထည့်လိုက်တော့၏။ အပြင်မှာ ကြွပ်ကြွပ်လေးနဲ့ အတွင်းထဲမှာ နူးညံ့ပြီး မွှေးနေကာ တစ်ကိုက် စားလိုက်တာနဲ့ကို လန်းဆန်းစေလေသည်။
စားသောက်ရင်းနဲ့ ကြယ်သိုင်းရဲစခန်း အကြောင်း ပြောကြသည်။
"မင်းမသိသေးတာ ငါ ပြောပြရဦးမယ်... မကြာသေးမီက မြို့ပြင်မှာ နောက်ထပ် ဆက်တိုက် လူသတ်မှု ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးတယ်... အဲဒါကို ဖြေရှင်းလိုက်တော့ လူသတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းက မယုံနိုင်လောက်အောင်ကို မိုက်မဲနေတာပဲ!"
ရှဟဲ သူ့ကုလားထိုင်ကို မှီပြီး "ယုံ..." တိုးတိုးလေးပြောနေစဥ် သူ့စကားမဆုံးသေး ရုတ်တရက် သူတို့နောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ခွင့်လွှတ်ပါ... ရှင်တို့နှစ်ယောက်ထဲက ချင်းယန်က ဘယ်သူလဲ မေးလို့ရမလား?"
ရှဟဲ၏ မကျေနပ်ချက်များ ရုတ်တရက် ရပ်သွားသည်။ သူ လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူကို တစ်ချက် မော့ကြည့်၏။
လီကျစ်ရွှမ်းပင်။
ယခုအခါ သူမသည် စကတ်တိုကို ဝတ်ဆင်ထားပြီး ရှည်လျားသော ခြေတံရှည်နှင့် သွယ်လျသော ရုပ်ပုံလွှာကို ပေါ်လွင်နေပါသည်။ သူမ၏ အေးစက်သော ရောင်ဝါနှင့်အတူ သူမသည် သူစိမ်းများကို ခပ်ခွာခွာ နေစေကော ရောင်ဝါကိုလည်း ဖော်ထုတ်ထားခဲ့သည်။
ရှဟဲမှာ သူမကို တွေ့လိုက်ရသောကြောင့် ပါးစပ်အဟောင်းသားဖြင့် အံ့သြသွားသည်။ သူက ချင်းယန်ရဲ့ ပုခုံးကို လှမ်းဆွဲပြီး။
"လောင်ချင်း မစားတော့နဲ့ မင်းကို ရှာနေတာထင်တယ်..."
လီကျစ်ရွှမ်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါင်းလှည့်ကာ စားနေဆဲဖြစ်သော ချင်းယန်ကို ကြည့်လိုက်သည်။ သူမအရင်က မေးထားပြီးသားပါ။ စာကြည့်တိုက်ထဲမှာ ချင်း မျိုးရိုးနဲ့ လူတစ်ယောက်ပဲ ရှိပါသည်။ သူမ မမှားဘူးဆိုတာ ရှင်းပါ၏။
ဒါပေမယ့် ဒီလူက သူမအကြောင်းကို ယခင်က လာမေးဖူးသူ မဟုတ်ပါလား
ဆရာနဲ့ ဒီလူကြားမှာ တစ်ခုခု ပတ်သက်နေတာလား?
ထူးဆန်းတယ်။
လီကျစ်ရွှမ်း အတွေးထဲတွင် မျက်မှောင်ကြုတ်ကာ တိတ်တဆိတ် ကြယ်စွမ်းအင် စုံစမ်းစစ်ဆေးခြင်းကို လွှတ်လိုက်ပြီး ချင်းယန်၏ ရောင်ဝါကို အာရုံခံလိုက်သည်။
ငြိမ်သက်ပြီး နူးညံ့သိမ်မွေ့သည်။
ကြယ်တန်ခိုး၏ အရိပ်အယောင် အနည်းငယ်မျှသာ ရှိကာ သူက ဒီအဆင့်မှာ ကြယ်စစ်သည် တစ်ယောက်တောင် မဟုတ်နေခဲ့။ သူသည် ကိုယ်ခံပညာနယ်ပယ်ထဲသို့ပင် မဝင်ရသေးသော သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။
"ဆရာက ဘာလို့ သူ့ကိုရှာခိုင်းတာလဲ"
ဒီလိုတွေးနေစဥ် ချင်းယန်၏ အသွင်အပြင်ကို ခံယူရင်း လှပသော မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
အင်း.. သူ တော်တော်ချောတယ်။ ဒါပေမယ့် ချောမောတာက အသက်မွေးဝမ်းကြောင်း မပြုနိုင်ဘူးလေ။
ထို့အပြင် သူမက ရုပ်ရည်ကို စွဲလမ်းတတ်သူ မဟုတ်ပေ။
တစ်ချိန်တည်းမှာပဲ စားနေတဲ့ ချင်းယန် သူ့ထမင်းပုံးကို ချလိုက်ပြီး သူမကို ငေးကြည့်နေတာကို တွေ့လိုက်ရသည်။ သူတို့ မျက်လုံးချင်းဆုံပြီး ထပ်တူထပ်မျှ အံ့သြသွားကြ၏။
"ငါက ချင်းယန်ပါ... ဘာဖြစ်လို့လဲ"
သူမ မီတာတစ်ရာအတွင်း လှမ်းဝင်လာကတည်းက သူအ တည်ရှိနေခြင်းကို သူ သတိထားမိခဲ့ပြီးသားပါ။ ပထမတော့ သူမ ဖြတ်သွားလိမ့်မယ်လို့ ထင်ခဲ့တာပင်။ သို့သော် သူမ၏ တည်ရှိမှုသည် သူတို့၏ ဦးတည်ရာဆီသို့ ရှင်းရှင်းလင်းလင်း ရွေ့လျားနေပြီး သူ့ကို လာရှာနေ၏။
ဒါပေမယ့် ပြဿနာက ဒီတပည့်ငတုံးက နေ့လယ်စာ မစားဘူးလား။
သူမဒီမှာဘာလာလုပ်တာလဲ။
ချင်းယန်သည် လီကျစ်ရွှမ်း၏ တုံ့ပြန်မှုကို စောင့်မျှော်ရင်း ပဟေဌိဖြစ်နေခဲ့သည်။ လေထုကပါ ရုတ်တရတ် အဆင်မပြေ ဖြစ်လာသည်။
သို့သော် ထိုအချိန်တွင် သူ့ဘေးတွင်ထိုင်နေသော ရှောင်ပိုင်က မျက်လုံးတစ်ဖက်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး ခေါင်းကို လက်နှင့်အုပ်လိုက်သည်။ သူမတစ်ကိုယ်လုံး တုန်ခါနေပြီး သားမွေးတွေ လှုပ်နေအောင်ပါ တဟုန်ထိုး ရယ်မောနေ၏။
တကယ့်ကို အံ့သြစရာပဲ။
ဟားဟား ဒီလူဆိုးက အံ့ဩသွားလောက်ပြီ။
နင်ဒီလို အဆုံးသတ်ရမယ်လို့ ငါ မမျှော်လင့်ထားဘူး။
ခဏလောက်တော့ အခန်းက တိတ်ဆိတ်သွားပြီး လီကျစ်ရွှမ်းကို မျက်လုံးသုံးစုံက စိုက်ကြည့်ရင်း သူမရဲ့ တုံ့ပြန်မှုကို စောင့်နေခဲ့ကြသည်။
“….”
လီကျစ်ရွှမ်း တုံ့ဆိုင်းသွားသည်။ လူအိုလီဆီက နှစ်ပေါင်းများစွာ လေ့လာပြီးနောက် သူမသည် လူမှုကျင့်ဝတ်နှင့် ပတ်သက်သော ကျင့်ဝတ်များနှင့် မရင်းနှီးဘဲ မနေပါ။
ထို့အပြင် ရှဟဲသည် ၎င်း၏ ကြယ်ရဲဝတ်စုံနှင့် အနီးနားတွင် ကြည့်နေသည်မှာ အလွန်ပင် မျက်စိကျစရာ ဖြစ်နေသည်။ သူမ ဆရာ့ရဲ့ လျှို့ဝှက်ချက်များကို ထုတ်ဖော်မိသွားနိုင်သည်။
ဒါကိုတွေးပြီး လီကျစ်ရွှမ်း ရှေ့ကို အနည်းငယ် ငုံ့လိုက်သည်။
"စိတ်အနှောင့်အယှက် ဖြစ်စေမိရင် တောင်းပန်ပါတယ်"
ထို့နောက် သူမ လူနှစ်ယောက်ကို ထားခဲ့လိုက်သည်။
"ဟင်?"
ရှဟဲမှာ သူမ၏ ဆုတ်ခွာမှုကို အံ့သြစွာ ကြည့်နေခဲ့သည်။ ထို့နောက် ခေါင်းကုတ်ကာ ချင်းယန်ကို ထိတ်လန့်စွာ ပြန်ကြည့်လိုက်သည်။
"လောင်ချင်း... အမှန်အတိုင်းပြောစမ်း ငါထွက်သွားပြီးတော့ မင်းဘာလုပ်လိုက်တာလဲ?... မင်း တကယ်ကြီး ဒီမိန်းကလေး လီကျစ်ရွှမ်း မင်းကို လိုက်ရှာအောင်ပါ လုပ်လိုက်တယ်ပေါ့?"