ကြယ်တာရာကျင့်ကြံခြင်းနန်းတော်
Vol. 156 Ch. 2210
လူအုပ်ကြီးသည် စီဝေ့နန်းတော်သခင်၏နောက်မှ လိုက်ပါသွားကြကာ ရှေးဟောင်းဘုံကျောင်းသို့ ဦးတည်လိုက်ကြ၏။
အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များသည် မူလနေရာများတွင် စောင့်ဆိုင်းနေကာ ထိုလူများ နတ်ဘုရားဘုံကျောင်းသို့ လှမ်းသွားသည်ကို ကြည့်နေကြ၏။ ကျင့်ကြံသူအများအပြား ဘုံကျောင်းထဲသို့ ဝင်သွားကြသည်။ ထိုလူများထဲတွင် ကောင်းကင်ဒေသမှသာမဟုတ်ဘဲ တခြားဒေသများမှ လူများလည်း ပါဝင်သည်။ ကံကောင်းမှုကို ရှာဖွေခြင်းလုပ်ငန်းစဉ်မှာ ရိုးရှင်းသောကိစ္စတစ်ရပ် မဟုတ်ပေ။
စီဝေ့နတ်နန်းတော်သခင်ကလည်း သူတို့အား တားဆီးလိုခဲ့၏။ သူက သေချာပေါက် ကိုယ်ပိုင်စည်းတစ်ခုကို ဖန်တီးလိုသည်။ နယ်မြေကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာပြီးမှ စီဝေ့နန်းတော်က စီဝေ့မဟာအင်ပါယာ၏အမွေအနှစ်များအား အပြင်လူများ ရရှိသွားမည်ကို မလိုလားပေ။
စီဝေ့နန်းတော်သည် အပြင်ပန်းတွင် မာန်တင်းထားသော်လည်း အတွင်း၌ကား အလွန်သတိထားနေရသည်။ သူတို့က အင်အားစုအများအပြားနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလား။
သို့သော်လည်း ပြင်ပတန်ခိုးရှင်များကို စူးစမ်းရှာဖွေစေခြင်းကလည်း အဆင်ပြေပေသည်။
ရှေးဟောင်းဘုံကျောင်းရှေ့တွင် နတ်အလင်းများသည် ကျက်သရေမင်္ဂလာရှိစွာ ထွန်းလင်းနေသည်။ နန်းတော်သခင်၏နောက်မှ လိုက်ပါလာကြသော တန်ခိုးရှင်များ၏အမူအရာများမှာ အလွန်လေးနက်တည်ကြည်နေကြသည်။
နတ်နန်းတော်အတွင်းတွင် လူအများ၏ရှေ့၌ ကြယ်တာရာလောကတစ်ခု ပေါ်လာသည်။ ၎င်းတို့သည် ကွဲပြားခြားနားသော နေရာများသို့ ဆင့်ခေါ်နိုင်သော တံခါးပေါက်များအလား ထင်မှတ်ရ၏။
“ခင်ဗျားတို့အားလုံး ဝင်နိုင်ပြီ” စီဝေ့နန်းတော်သခင်က ရှေ့ကို လက်ညိုးထိုးပြကာ ပြောသည် “ဒီတံခါးတွေကို ဖြတ်ပြီးရင် ခင်ဗျားတို့က အရှင်စီဝေ့ချန်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် ကျင့်ကြံခြင်းနယ်မြေသို့ ရောက်သွားလိမ့်မယ်။ အဲဒီနေရာက စီဝေ့နန်းတော်ရဲ့ တားမြစ်နယ်မြေဖြစ်သလို မြင့်မြတ်တဲ့နယ်မြေလည်း ဖြစ်တယ်။ အဲဒီမှာ ချိပ်စည်းတွေကို စောင့်ကြပ်တဲ့ လူတွေရှိလိမ့်မယ်။ ခင်ဗျားတို့ အထဲကို ဝင်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ချိပ်စည်းဖွင့်ဖို့ ကူညီပေးလိမ့်မယ်”
“ဟုတ်ကဲ့ပါ နန်းတော်သခင်…” လူအုပ်က ခေါင်းညိတ်ကြသည်။ ထို့နောက် သူတို့က တံခါးများကို ဖြတ်သန်းကာ တခြာနယ်ပယ်တစ်ခုသို့ ဝင်သွားကြ၏။ နန်းတော်သခင်ပြောသည့်အတိုင်း သူတို့သည် ဧရာမခန်းမဆောင်ကြီးတစ်ခုထဲသို့ ဝင်ရောက်သွားကြသည်။ ခန်းမထဲတွင်ကား ဝင်္ကပါအစီအရင်တစ်ခုရှိပြီး အရှိန်အဝါကြီးမားသော တန်ခိုးရှင်နှစ်ဦး စောင့်ကြပ်နေသည်။
တန်ခိုးရှင်နှစ်ဦးက သူတို့အား လှမ်းကြည့်ကာ ချက်ချင်းပင် ဝင်္ကပါအား အသက်သွင်းလိုက်သည်။ နတ်အလင်းများသည် သူတို့အနီးတွင် စီးဆင်းလာခဲ့ကာ ကောင်းကင်မှ ကြယ်တာရာများသည် ရွေ့လျားလာကြ၏။ ဝင်္ကပါမှ အလင်းများသည် ခန်းတစ်ခုလုံးကို လွှမ်းခြုံလာ၏။ ရီဖူရှင်းနှင့် တခြားလူများက သူတို့၏ခြေထောက်ကို ငုံ့ကြည့်လိုက်ကြ၏။ ထိုအခိုက်တွင် အလင်းများသည် သူတို့အား ရစ်ပတ်သွားတော့သည်။
ချက်ချင်းပင် လူတိုင်းက လောကကြီး ချာချာလည်နေသလို ခံစားလိုက်ကြရသည်။ သူတို့သည် မရေမတွက်နိုင်သော ခန်းမများကို ဖြတ်သန်းသွားကာ ကြယ်တာရာလောကတစ်ခုသို့ ရောက်လာ၏။ သို့သော်လည်း အတွေးတစ်ချက်မျှအချိန်ခန့်တွင် ထိုဖြစ်စဉ် ရပ်တန့်သွားသည်။ ဝင်္ကပါက သူတို့အား တခြားနယ်ပယ်တစ်ခုသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သူတို့ သိနားလည်ကြ၏။
“ဒါ ဘယ်နေရာလဲ…” တန်ခိုးရှင်တချို့က တွက်ဆကြသည်။
ကျင့်ကြံသူများက သူတို့၏ပတ်ဝန်းကျင့်ကို စူးစမ်းလေ့လာကြ၏။ သူတို့အားလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။ သူတို့မှာ အမှန်တကယ်ပင် အာကာသထဲသို့ ရောက်နေကြသည်။ သူတို့၏ပတ်ဝန်းကျင်ကား ကြယ်တာရာများနှင့် အဆုံးမဲ့သော လေဟာနယ်များသာ ရှိသည်။ ကြယ်အလင်းများဖြင့် အာကာသတစ်ခုလုံးမှာ ထွန်းလင်းနေ၏။ သို့သော်လည်း သူတို့အားလုံးမှာ လေထဲတွင် ခိုင်မြဲစွာ ရပ်နေကြသည်။ ၎င်းက သူတို့သည် နံရံများမရှိသော ကြယ်တာရာဘုံကျောင်းတစ်ခုသို့ ရောက်နေသည့်အလားပင်။
ထိုနေရာတွင် အပေါ်သို့ တက်လှမ်းနိုင်သော နန်းလှေကားတစ်ခုကို တွေ့ရသည်။ ကြီးမြတ်သော ကြယ်တာရာလောက၏အလွန်၌ အလွန်တရာဝေဝါးသော ပုံရိပ်တစ်ခုအား တွေ့နိုင်သည်။ သူတို့က ကြယ်တာရာအစုအဝေးတစ်ခုအား တွေ့မြင်နေရသည့်အလား…။ ၎င်းကား စီဝေ့အရှင်ဖြစ်ပေသည်။
“ဒါက ကြယ်တာရာနတ်ဘုရားဘုံကျောင်းပဲလား…” တစ်ယောက်က ရေရွက်သည်။ ထူးဆန်းအံ့ဖွယ်ကောင်းသော ဤနေရာက သူတို့အား အိပ်မက်ထဲသို့ ရောက်နေသည့်အလား ခံစားရစေသည်။ စီဝေ့နတ်နန်းတော်သခင်က သူတို့အား လှည့်စားခဲ့ခြင်းမရှိကြောင်း ခံစားမိကြသည်။ သူက သူတို့အား အမှန်တကယ်ပင် စီဝေ့အရှင် ကျင့်ကြံသော နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
စီဝေ့အရှင်ကဲ့သို့ ဒဏ္ဌာရီလာပုဂ္ဂိုလ်မျိုးက ဤကဲ့သို့ ထူးခြားနေရာမျိုး၌သာ ကျင့်ကြံပေမည်။ သူသည် သူ၏ကိုယ်ပိုင် ကြယ်တာရာလောက၌ ကျင့်ကြံ၏။
ဟူး…
လူအုပ်က ရှေ့ကို ဆက်သွားကြသည်။ သူတို့က ဤနေရာသို့ ရောက်လာမှတော့ စီဝေ့အရှင်၏အကြွင်းအကျန်နယ်မြေအား သေချာပေါက် စူးစမ်းလေ့လာရပေမည်။ သူက မည်သို့သော ကျင့်ကြံခြင်းအရင်းအမြစ်များ ချန်ထားရစ်မည်နည်း။
ရီဖူရှင်း၏အကြည့်က တစ်နေရာသို့ ရောက်သွားသည်။ လူတစ်ယောက်ကို ကြည့်ကာ သူ၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွား၏။
တစ်ဘက်လူက ရီဖူရှင်း၏အကြည့်ကို ခံစားမိသည်။ သူကလည်း ရီဖူရှင်းကို လှမ်းကြည့်၏။ သူတို့၏မျက်လုံးများ အချင်းချင်းတွေ့လျှင် ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ လွှမ်းခြုံသွားသည်။ တစ်ဘက်လူ၏မျက်လုံးများထဲမှ နတ်အလင်းများ ထွက်ပေါ်လာကာ ရီဖူရှင်း၏စိတ်ထဲသို့ ကျူးကျော်လာ၏။
ရီဖူရှင်း၏ခန္ဓာကိုယ်မှ စွမ်းအားတချို့ ထွက်ပေါ်လာကာ ထိုနတ်အလင်းအား တားဆီးလိုက်သည်။ မမြင်ရသော ဖိအားသည် သူတို့နှစ်ဦးအကြား ဖြစ်တည်လာ၏။
အနီးအနားမှ တန်ခိုးရှင်များက ထိုမြင်ကွင်းကို သတိထားမိကြသည်။
ရီဖူရှင်း လှမ်းကြည့်လိုက်သူကား တုန်းဟွာကုန်းမြေ၏ဒုတိယနယ်မြေသခင် နန်ဟွာ ဖြစ်ပေသည်။
လေးထောင့်ကျေးရွာနှင့် ကောင်းကင်အာဏာစက်နန်းတော်မှ လူများ ထိုမြင်ကွင်းကို မြင်သည်နှင့် တစ်ဘက်လူမှာ မည်သူဖြစ်ကြောင်း ရိပ်မိလိုက်ကြ၏။ မဟုတ်လျှင် ရီဖူရှင်းက ထိုမျှ ပြင်းထန်စွာ တုန့်ပြန်မည် မဟုတ်ပေ။
တခြားတစ်ဘက်တွင် နန်ဟွာကား တုန်းဟွာကုန်းမြေမှ တန်ခိုးရှင်များနှင့်အတူ လာခြင်းဖြစ်သည်။ သူတို့ကလည်း ရီဖူရှင်းအား လှမ်းကြည့်ကာ အနည်းငယ် ထိတ်လန့်မိကြ၏။ ရီဖူရှင်း၏အပြုအမူအရ သူသည် အမှန်တကယ် နန်ဟွာကို သတ်ဖြတ်လို၏။
ထို့အပြင် ရီဖူရှင်းတို့အုပ်စုက အမှန်တကယ် ထိုသို့ စွမ်းဆောင်နိုင်လောက်သည်။
“မင်းက ရှန်ချင်းကုန်းမြေမှာ အတော်လေး နာမည်ရလာတယ်ကြားတယ်။ ဒါကြောင့်ပဲ ဒီလို အတင့်ရဲလာတာလား” နန်ဟွာက ရီဖူရှင်းအား ကြည့်သည်။ သူ၏မောက်မာသော အကြည့်တွင် အထင်အမြင်သေးဟန်များ ပါဝင်သည်။ သူသည်ကား အဆင့်ရှစ် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် ဖြစ်သည်။ တုန်းဟွာကုန်းမြေ၌လည်း ထိပ်ဆုံးသော နေရာ၌ ရပ်နေသူ ဖြစ်သည်။ ထိပ်သီးပုဂ္ဂိုလ်များမှအပ သူသည် ပြိုင်စံရှား၏။ ကောင်းကင်ဒေသတွင်ပင် သူသည် ပြိုင်ဘက် ရှာတွေ့ရန် ရှားပါးမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်၏။
မူလဘုံသို့ ခရီးမှာ သူ့အတွက် လေ့ကျင့်ခြင်းဖြစ်စဉ်တစ်ခုသာ…။ သူက တခြားအင်အားစုများမှ အတော်ဆုံးလူများနှင့်လည်း လက်ရည်စမ်းရန် အခွင့်အရေးများ ရပေမည်။ သို့သော်လည်း ယခင်က သူကိုယ်တိုင် အနိုင်ယူဖူးသော လူတစ်ဦး၊ သူ့အား သတ်ဖြတ်လိုသော ရန်သူဟောင်းနှင့် တွေ့နေရသည်။ ထိုစဉ်က ရီဖူရှင်းအား ကယ်တင်ပေးမည့်သူသာ မရှိခဲ့ပါက သူက ရီဖူရှင်းအား သေရွာသို့ ပို့ပြီး ဖြစ်ပေမည်။
ရီဖူရှင်းက တစ်ဘက်လူအား ပြန်မပြောပေ။ သူက နန်ဟွာဘေးမှ တန်ခိုးရှင်များကို တစ်ချက်ကြည့်သည်။ တုန်းဟွာနယ်မြေမှ တန်ခိုးရှင်များလည်း နင်ဟွာနှင့်အတူ ရှိနေသည်။ ထိုစဉ် မြူခိုးဝေနတ်နန်းတော်မှ ချင်းချင်းက ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည် “ရန်ဟောင်ရီ… ကုန်းမြေသခင်က ဒီကို မလာခင် နင်ဟွာကို ဂရုစိုက်ပေးဖို့ အင်အားစုတွေကို တောင်းဆိုခဲ့တယ်။ ကျွန်မတို့လည်း သဘောတူခဲ့ရတယ်။ ရန်ဟောင်ရီက နောက်တစ်ကြိမ် အခွင့်သာမှ လှုပ်ရှားလို့ အဆင်ပြေမလား”
တုန်းဟွာနယ်မြေမှ တန်ခိုးရှင်များ အတူလာကြခြင်းဖြစ်သည်။ ကုန်းမြေသခင်ကိုယ်တိုင် ရောက်လာခြင်းမရှိရာ ပုံမှန်အားဖြင့် ဒုတိယကုန်းမြေသခင်အား တခြားအင်အားစုများက ဂရုစိုက်ပေးရန် လိုသည်။ မဟုတ်လျှင် သူတို့က ကုန်းမြေသခင်အား ရှင်းပြရန် ခက်ခဲပေမည်။
နင်ဟွာဘေးတွင် ‘ပျက်စီးခြင်း’၊ နတ်မိမယ်ထိုက်ဟွာနှင့် တခြားလူများကလည်း ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ ချင်းချင်း ပြောသည်မှာ မှန်ကြောင်း ရီဖူရှင်း သိသည်။ သူသည်သာ နင်ဟွာကို တိုက်ခိုက်ပါက မဆိုင်သူများလည်း ပါဝင်ပတ်သက်ပေတော့မည်။
“တုန်းဟွာကုန်းမြေရဲ့အတော်ဆုံးတဲ့လား…” ရီဖူရှင်းက နင်ဟွာကို ကြည့်ကာ ပြုံးသည်။ သူ၏အပြုံးတွင် သရော်သော အငွေ့အသက်များ ပါဝင်၏။ နင်ဟွာက မျက်မှောင်ကြုတ်ကာ ပြောသည် “ကျုံးချန်အသတ်ခံရပြီးနောက် မင်းက ကံကောင်းပြီး လွတ်သွားသေးတယ်။ မင်းကို ဘယ်သူ ကယ်ခဲ့တာလဲ…”
တုန်းဟွာကုန်းမြေတွင် ထိုသို့သောလူတစ်ဦး အမှန်တကယ် ပုန်းဟောင်းနေမည်ဟု သူ မထင်ထားပေ။ ထိုလူက အင်ပါယာရှီနှင့် သက်ဆိုင်နိုင်သည်ဟု သူတို့က ကောက်ချက်ချခဲ့ကြ၏။ သို့သော်လည်း သူတို့တွင် သက်သေ မရှိပေ။ နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ပြီးသော တန်ခိုးရှင်အား ကုန်းမြေသခင်ကိုယ်တိုင်က မရိုအသေ မပြုလုပ်ရဲပေ။ ထို့ကြောင့် သူတို့က ထိုကိစ္စအား ဘေးချိတ်ထားခဲ့ရသည်။
“အနာဂတ်မှာ အသက်ရှင်ဖို့ ကောင်းကောင်း ဆုတောင်းထားလိုက်…” ရီဖူရှင်းက နင်ဟွာကို တစ်ချက်ကြည့်ကာ နောက်လှည့်ပြီး အပေါ်ကို တက်သွားသည်။ လက်ရှိတွင် တခြားအင်အားစုများကလည်း စီဝေ့အရှင်၏နယ်ပယ်ကို စူးစမ်းလေ့လာရန် လှုပ်ရှားနေကြပြီဖြစ်သည်။ သူတို့ အုပ်စုနှစ်ခုသာ အချိန်ဖြုန်းနေခြင်း ဖြစ်၏။
ရီဖူရှင်းသည် ကောင်းကင်ထက်ကို တက်သွားလျှင် သူ့နောက်မှလူများကလည်း လိုက်ပါကြ၏။ နင်ဟွာက ရီဖူရှင်းအား သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်။ ယခင်က သူ အလေးအနက်မထားခဲ့သူတစ်ဦးက သူ့အား ခြိမ်းခြောက်လာခြင်းကို သူ သည်းမခံနိုင်ပေ။
ရီဖူရှင်းက လေးထောင့်ကျေးရွာကို ဝင်ရောက်သွားသည့်တိုင် သူက ထိုမျှ မောက်မာနိုင်ပြီလား။
အချိန်က စကားပြောသွားပေလိမ့်မည်။
“သွားမယ်…” နင်ဟွာက တုံးတိတိပြောကာ ကောင်းကင်ထက်ကို တက်သွားသည်။ သူ၏လှုပ်ရှားမှုက အလွန်မြန်၏။ တခြားတန်ခိုးရှင်များကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။
***