← Chapters

တန်းခွဲ ၁ ၏ အားအနည်းဆုံးနှင့် တန်းခွဲ ၁၀၀ ၏ အသန်မာဆုံး

Vol. 1 Ch. 7

တန်းခွဲ ၁ ၏ အားအနည်းဆုံးနှင့် တန်းခွဲ ၁၀၀ ၏ အသန်မာဆုံး

Vol. 1 Ch. 7

အန်လင်းနှင့် လျှိုတပေါင် နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း မှာပင် စတင် တိုက်ခိုက်ကြသည်။

သူတို့ နှစ်ဦးစလုံးက လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီးနောက် အပြင်းအထန် တိုက်မိကြသည်။

တိုက်ပွဲက ချက်ချင်း ဆိုသလို အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး နှစ်ယောက်စလုံးက ပွဲစသည်မှ စပြီး အစွမ်းကုန်သုံးပြီး တိုက်ခိုက်ကြသည်။

ထန် ထန် ထန် ... ဘုန်း ဘုန်း ဘုန်း ... ဖြောင်း ဖြောင်း ဖြောင်း ... ဝှီး ဝှီး ဝှီး ...

အပြင်းအထန် တိုက်ခိုက်ပြီးသည့် နောက်တွင် နှစ်ယောက်စလုံးက အော်ဟစ်ကာ အနောက်သို့ ဆုတ်လိုက်ကြပြီး တစ်ယောက်နှင့် တစ်ယောက် အခြေအနေ တင်းမာစွာ အကဲခတ် နေကြသည်။

"မဆိုးပါဘူး ..."

"ဟီး ... မင်းလည်းပဲ မဆိုးဘူး ..."

"ဆက်တိုက်ကြတာပေါ့ ..."

"ကြာသလားလို့ ..."

ထို့နောက်တွင် သူတို့ နှစ်ဦးစလုံးက ပြေးတိုက်ကာ လုံးထွေး သတ်ပုတ်ကြပြန်သည်။

ထန် ထန် ထန် ... ဘုန်း ဘုန်း ဘုန်း ... ဖြောင်း ဖြောင်း ဖြောင်း ... ဝှီး ဝှီး ဝှီး ...

ကိုးပြည်ထောင် နိုင်ငံတော် တစ်ဝန်းမှ ပါရမီရှင် ရာပေါင်းများစွာသည် ထိုသူနှစ်ယောက်၏ လက်သီးတိုက်ပွဲကို ကြည့်ပြီး အံ့ဩလွန်းသဖြင့် ဆွံ့အနေကြပြီး အချိန် အတော်ကြာသည် အထိ တုန်လှုပ်ချောက်ချား နေကြသည်။

"ဘုရားသခင် ... ဘယ်လို အမှားမျိုးကို ကျွန်တော်မျိုးက ကျူးလွန် မိတာပါလဲ ခင်ဗျာ ... ဘာလို့များ ဒါကို ကြည့်ခဲ့မိတာတုန်း ..." ကျောင်းသားသစ် တချို့က စိတ်ပျက်စွာ အော်ဟစ် မြည်တမ်းကြသည်။

"ဒါက တကယ်ကြီး တန်းခွဲ ၁ ရဲ့ စံနှုန်းတွေလား ..."

"အဲတော့ အန်လင်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ်ကြီးပေါ့နော် ... သူက နောက်ခံကောင်းတဲ့ မရိုးမသား ကျောင်းသားဆိုတာ တကယ်ပါလား ..."

ချစ်စဖွယ် မိန်းကလေး၏ မျက်ဝန်းထဲတွင် မျက်ရည်များ အိုင်ထွန်းလာသည်။ ချောမောသည့် အန်လင်း၏ လူပြိန်းသဏ္ဌာန် လှုပ်ရှားမှုများကို သူမက မျက်မြင် တွေ့နေရပြီ ဖြစ်သည်။ သူမ၏ အိပ်မက်ကလေးမှာ အပိုင်းပိုင်း ကွဲကြေ သွားခဲ့ရလေပြီဟုပင် ခံစားနေရသည်။

စုရှောင်လန်သည်လည်း နောင်တအပြည့်နှင့် ဖြစ်သည်။ အန်လင်း တိုက်ခိုက်နေသည်ကို ကြည့်နေရင်း သူမ၏ မျက်လုံးများကို ကန်းသွားစေချင်သည့် အထိပင်။ ထို့ကြောင့် သူမက မခံစားနိုင်တော့ဘဲ တတွတ်တွတ် ပြောတော့သည်။ "နင့်ကို အားပေးဖို့ သဘောတူပြီး ဒီကိုလာလိုက်တာ ငါက ရူးတော့မလိုပဲဟေ့ ..."

ပတ်ပတ်လည်ရှိ ကြည့်ရှု နေကြသူများ၏ တုံ့ပြန်မှုများမှာလည်း ပိုပိုပြီး ဆိုးရွားလာသည်သာ။ ထိုမှတ်ချက်ကို ထုတ်မပြောမိသည် ကိုပင် စုရှောင်လန်က ဝမ်းသာနေရသည်။

သူမက နဖူးပြင်ရှိ ချွေးများကို သုတ်လိုက်ပြီးနောက် အန်လင်းကို ကြည့်လိုက်သည်။ အန်လင်းမှာတော့ ခက်ခဲသည့် တိုက်ပွဲအတွင်း ကျရောက်နေသည်။ "ငါစိတ်မကောင်းပါဘူးဟယ် ... တခြားသူတွေရှေ့ 'အန်လင်းကွ ...' ဆိုပြီး အော်ဟစ် အားပေးဖို့ ငါတကယ် သတ္တိမရှိဘူး ..." စုရှောင်လန်က တိတ်တဆိတ် ရေရွတ်နေသည်။

အန်လင်းနှင့် လျှိုတပေါင်တို့ အပြင်းအထန် တိုက်ခိုက်နေစဉ် မှာပင် စုရှောင်လန်က သူမ၏ မင်းသားလေးကို ရိပ်ခနဲ မြင်လိုက်သည်။

ရွှမ်ယွမ်ချန် ... သူက ဒီစိန်ခေါ်ပွဲကို လာကြည့်လိမ့်မယ်လို့ ဘယ်သူက ထင်မတုန်း ... စုရှောင်လန်က အလွန်အမင်း ပျော်ရွှင်နေသည်။

သူမက နှုတ်ဆက်ဖို့ တွေးမိတုန်းမှာပင် ရွှမ်ယွမ်ချန်က မျက်ခုံးများကို တွန့်ကွေးကာ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။

ရွှမ်ယွမ်ချန်၏ မျက်လုံးများသည် မှေးမှိန်ညှိုးနွမ်း နေခဲ့သည်။ ထိုသည်ကို မြင်လိုက်သဖြင့် စုရှောင်လန်က သူမခြေလှမ်းများကို ရပ်တန့်ကာ ရွှမ်ယွမ်ချန်အား သနားကရုဏာသက်စွာ ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ်လေ ... အရင်ဆုံး သူ့ဘာသာ စိတ်ငြိမ်အောင် လုပ်ပါစေ။

အန်လင်းနှင့် လျှိုတပေါင်က နောက်တစ်ကြိမ် လူချင်းခွာလိုက်ကြပြီး နှစ်ယောက်စလုံးသည် ဒဏ်ရာအသီးသီးနှင့် ဖြစ်သည်။

အန်လင်း၏ ချောမောလှသည့် မျက်နှာမှာ ဖူးရောင်နေပြီး လျှိုတပေါင်သည်တော့ ရောင်ကိုင်းနေသည့် မျက်လုံးနှစ်လုံးနှင့် ဖြစ်သည်။

"မင်းက ငါမျှော်လင့် ထားတာထက် ပိုသန်မာတာပဲ ... အံ့ဩစရာတော့လည်း မဟုတ်ပါဘူးလေ ... မင်းက ဒီနှစ် လူသစ်တွေရဲ့ နာမည်ကြီး သုံးယောက်ထဲက တစ်ယောက် ဖြစ်နေတာကိုး ..."

"ငါ့ကို တော်တော်လေး ဖိနှိပ် ထားနိုင်တာကို မင်း ဂုဏ်ယူသင့်တယ်နော် ... အခုတော့ ငါ့ရဲ့ ကြောက်ဖို့အကောင်းဆုံး အကွက်ကို ထုတ်သုံးတော့မယ် ..."

လျှိုတပေါင်က အထိုက်အလျောက် ထိုးကြိတ် ခံရပြီးသည့် နောက်တွင်တော့ သူ့မျက်နှာက ဒေါသတကြီး ဖြစ်လာခဲ့ပြီး အန်လင်းအား ကြည့်ကာ အော်ဟစ်လိုက်သည်။

ပွဲကြည့်သူများ၏ ဆွေးနွေး ဝေဖန်ချက်များ မှာလည်း ထိုသည်ကို ကြားလိုက်ရသည့် အခါ တဖြည်းဖြည်း တိုးတိတ်သွားသည်။ လျှိုတပေါင်၏ ကြောက်ဖို့ အကောင်းဆုံး တိုက်ကွက် ဆိုသည်ကို သူတို့က မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

အန်လင်း၏ နှလုံးသားထဲမှနေ စိုးရိမ် ထိတ်လန့်သည့် ခံစားချက်က မြင့်တက်လာသည်။ လျှိုတပေါင်က သူ့အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး ထိုသို့ ပြောလာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

"အင်မော်တယ် မန္တန် __ စုပ်ယူခြင်းလက်ဖဝါး ..." လျှိုတပေါင်က ထိုသို့ အော်လိုက်သည်နှင့် သူ့လက်နှစ်ဖက်မှနေ အဖြူရောင် အလင်းများက ထွက်လာကြသည်။

အန်လင်းက ရုတ်တရက် ဆိုသလို စုပ်အားတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်း ဆိုသလိုပင် လျှိုတပေါင်ဆီသို့ ပျံသန်းသွားသည်။

"ဒါက အင်မော်တယ် မန္တန် တစ်ခုပဲ ..." အန်လင်းက ကောက်ချက်ချလိုက်ကာ သူ့မျက်နှာသည် ကြောက်ရွံ့မှုတို့ဖြင့် ဖြူဖျော့နေသည်။

ထိုသည်က အင်မော်တယ် မန္တန်တစ်ခု၏ စွမ်းအားကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်တာကြောင့် ဂုဏ်ယူမှုတို့က သူ့နှလုံးသားထဲမှနေ မြင့်တက် လာနေသည်။

ကျင့်ကြံသူတွေ အကြားက တိုက်ပွဲဆိုတာ ဒီလိုပဲ ဖြစ်သင့်တယ်လေ။

လျှိုတပေါင်က သူ့လက်များကို အသုံးမပြု နိုင်သည့် အချက်ကို အသာစီးယူကာ အန်လင်းက လျှိုတပေါင်နှင့် နီးလာသည်နှင့် မျက်နှာကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။

ခွပ်

လျှိုတပေါင်က လုံးလုံးလျားလျား မပြင်ဆင်ထားရသည့် အတွက် အန်လင်း လက်သီးနှင့် သူ့မျက်နှာ မိတ်ဆက်လိုက်သည့် အချိန်မှာ သွားတစ်ချောင်း ကျွတ်ထွက်ပြီး မိုးပေါ် ပျံတက်သွားသည်။

လျှိုတပေါင်က မြေပြင်ပေါ်သို့ လဲကျပြီးနောက် သွေးတစ်လုတ် အန်လိုက်သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် အကြည့်များနှင့် ဖြစ်သည်။

"ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ တုံ့ပြန်ချက်လဲကွာ ... မျှော်လင့်ထားတဲ့ အတိုင်း မင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းတဲ့ ပြိုင်ဘက် တစ်ယောက်ပဲ ..."

"ဒါပေမဲ့လည်း မင်းက ပိုသန်မာလေ ငါက ပိုစိတ် လှုပ်ရှားလေပဲကွ ... အဲဒါမှ တကယ့် တိုက်ပွဲလို့ ခေါ်လို့ရမှာ ..."

ထိုသို့ မောက်မာစွာ မှတ်ချက်ပြုပြီးနောက် လျှိုတပေါင်က အန်လင်းနှင့် နောက်တစ်ဖန် နပန်းလုံး ကြပြန်သည်။

ထန် ထန် ထန် ... ဘုန်း ဘုန်း ဘုန်း ... ဖြောင်း ဖြောင်း ဖြောင်း ... ဝှီး ဝှီး ဝှီး ...

ပွဲကြည့်သူများ မှာလည်း အံ့ဩလွန်းသဖြင့် ဆွံ့အနေကြပြီး ချောက်ချားဖို့ ကောင်းလောက်အောင် တိတ်ဆိတ် နေကြသည်။

***

"ငါတကယ်ကို ပြေးပြီးတော့ အဲနှစ်ကောင်ကို သမချင်တော့တာပဲ ..." ကျောင်းသားသစ် တစ်ယောက်က အမူအရာ ကင်းမဲ့စွာ ပြောသည်။

"ငါလည်း ပါမယ်ဟေ့ ... ငါ့ကိုငါ ထိန်းမရတော့ဘူး ..." အခြားကျောင်းသား တစ်ယောက်က ထိုစကားကို သံယောင်လိုက်ပြီး ခါးတွင် ချိတ်ဆွဲထားသည့် ဓားကိုပင် ထုတ်လိုက်သေးသည်။

"ငါတကယ်ကို ရူးတော့မယ် ... သူတို့တိုက်ပွဲကို ကြည့်ဖို့အတွက် ဦးရာလူ စနစ်နဲ့ ပေးတဲ့ ကျောင်းကန်တင်းက စတော်ဘယ်ရီတွေကို လက်လွှတ်ခဲ့ရတာ ... နင်တို့တွေ သွားမယ်ဆိုရင် ငါလည်းလိုက်မယ် ..." မိန်းကလေး တစ်ယောက်က သူမရဲ့ ဓားမြှောင်များကို ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်ရင်း ပြောသည်။

"ငါလည်းပါမယ် ..."

"နောက်တစ်ယောက် ..."

"ထပ်ပေါင်းလိုက်ပါဦး ..."

ထိုသို့ဖြင့် ကျောင်းသားသစ် ရာပေါင်းများစွာသည် လူသတ်လိုစိတ် အပြည့်ဖြင့် သူတို့၏ လက်နက်များကို ဆွဲကိုင်လိုက်ကြသည်။

စုရှောင်လန်က စိတ်ပျက်မှု အတိုင်းသားဖြင့် ပြုံးလိုက်ပြီးနောက် အနောက်သို့ ဆုတ်လိုက်သည်။ သူမ စိတ်ထဲတွင်တော့ အန်လင်းအတွက် တိတ်တဆိတ် ဆုတောင်း ပေးနေမိသည်။ အန်လင်းရေ ... နင်သေအောင် အရိုက်မခံနဲ့နော် ... နင်ခြေကျိုးလက်ကျိုး ဖြစ်မလာရင်ပဲ လုံလောက်ပါပြီဟယ် ...

အန်လင်းနှင့် လျှိုတပေါင်တို့သည် ပြင်းထန်သည့် တိုက်ပွဲအတွင်း ကျရောက်နေဆဲ ဖြစ်ကာ အန္တရာယ် အငွေ့အသက်များကို လုံးဝ သတိမပြု မိကြသေးပေ။

“စိတ်အေးအေးထား ကိုယ့်လူတို့ ... ငါသူတို့ကို သွားတိုင်ထားတယ် ...” ဒေါသအပြည့်ဖြင့် ရွံရှာနေသော ကျောင်းသားက ပြောသည်။

သူက ရယ်စရာ ပြောနေခြင်းသာဟု အခြားသူ အားလုံးက ထင်လိုက်ကြပြီး သူ့အား လျစ်လျူရှုကာ  သူတို့ တိုက်ကွက်များ ပြင်လိုက်သည်။

များမကြာမီတွင် ဓားပျံများ ထိပ်ဖျားတွင် ရပ်နေသည့် အပြာရောင် ဝတ်စုံနှင့် ကျောင်းသားသုံးယောက်သည် ကောင်းကင်ပေါ်မှ ဆင်းလာကာ အန်လင်းနှင့် လျှိုတပေါင်တို့၏ တိုက်ခိုက်ရေး ကွင်းပြင်တွင် ခြေချလိုက်သည်။

ကောင်းကင်ဓား တစ်လက်က လုံးထွေးနေသည့် ထိုနှစ်ယောက် နံဘေး စိုက်လာခဲ့ပြီး ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားများနှင့် လေပြင်းများ တိုက်ခတ်လာသည်။ ထိုလေပြင်းများက လုံးထွေး သတ်ပုတ်နေသည့် အန်လင်းနှင့် လျှိုတပေါင် နှစ်ယောက်ကို တစ်ယောက်စီ လူချင်း ခွဲထုတ်လိုက်သည်။ (ကောင်းကင်ဓားက လှပပြီး နဂါးငွေ့တန်းပုံရိပ် ထင်ဟပ်နေသော ဓားဖြစ်သည်။ ဓားတွင် ကြယ်ဖြူများ ဝန်းရံထားသည် ဟု သိရသည်။ ref: Google)

ထိုနှစ်ယောက်မှာ အကြိတ်အနယ် တိုက်ခိုက်နေစဉ် ဝင်စွက်ဖက် ခံရသဖြင့် အံ့အားသင့်ပြီး ရုတ်တရက် ဆိုသလို ရပ်တန့်သွားကြသည်။

ထိုအချိန်တွင် အပြာရောင် လက်မောင်းတံဆိပ်နှင့် တာဝန်ခံ အမျိုးသား တစ်ယောက်သည် အန်လင်းနှင့် လျှိုတပေါင်အား ရင်ဆိုင်လိုက်သည်။ “ငါတို့က ကျောင်းတော်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကပဲ ... မင်းတို့နှစ်ယောက်က ခွင့်မတောင်းဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ရန်ဖြစ်နေကြတယ် ... ပြီးတော့ အခြေအနေတွေက အရမ်းကို ဆိုးရွား ညံ့ဖျင်းလွန်းတယ် ...”

“စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေအရ မင်းတို့နှစ်ယောက်က အခုဖမ်းဆီးခြင်း ခံရပြီ ဖြစ်တာကြောင့် ကျောင်းတော် ထိန်းသိမ်းရေး အဆောင်မှာ သုံးရက် ထိန်းသိမ်းခြင်း ခံရမှာ ဖြစ်တယ် ...”

အန်လင်း၏ အမူအရာမှာ ဒယိမ်းဒယိုင် ဖြစ်လာပြီး လျှိုတပေါင်ကို မသေချာ မရေရာစွာ ကြည့်လိုက်သည်။

ဘာတွေ ဖြစ်နေတာတုန်း ... ငါတို့နှစ်ယောက်ကြားက တိုက်ပွဲက ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်တဲ့လား။

လျှိုတပေါင်က အန်လင်းကို လျစ်လျူရှုလိုက်ပြီးနောက် သူရဲကောင်း တစ်ယောက်ကဲ့သို့ သေဆုံးမည့်ဟန် ပြုလိုက်သည်။ “တန်းခွဲ ၁၀၀ ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် လုံးဝနောင်တ မရဘူး ...” ကျယ်လောင်စွာ ရယ်မောပြီးနောက် “စိတ်မကောင်း ဖြစ်မိတာက ငါတို့ နှစ်ယောက်ထဲက အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်ခြင်း မရှိတာကိုပဲ ...” လျှိုတပေါင်က အန်လင်းကို နောင်တရသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

သောက်ရေးထဲမှ ... ငါက ကစားခံလိုက်ရတာပဲ။ အန်လင်းက စိတ်ထဲမှနေ အော်ဟစ်လိုက်ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ကျောင်းတော်တွင် ထိုကဲ့သို့သော မူဝါဒမျိုး ရှိနေသည်ကို သိလိုက်ရသည်။

သူက ကျောင်းတော်သို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သုံးရက် ထိန်းသိမ်းခြင်း ခံရဦးမည် ဖြစ်သည်။

ဘာလို့လဲ ... ဘာလို့ ဒီလိုမျိုး အဆုံးသတ်ရတာလဲ။

အန်လင်းနှင့် လျှိုတပေါင်တို့က ငြင်းပယ်ခြင်း မပြုဘဲ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ၏ လက်ထိတ်ခတ် ခေါ်ဆောင်သွားခြင်း ခံရသည်။

သူတို့ ထွက်ခွာသွားချိန် မှာတော့ ရာနှင့်ချီသည့် ကျောင်းသားများသည့် အနောက်မှနေ လက်ခုပ်ဩဘာ ပေးရင်း ကျန်နေခဲ့ကြသည်။

လက်ခုပ် ဩဘာသံများမှာ အတော်လေး နွေးထွေးလွန်းပြီး အချိန် အတော်ကြာသည် အထိ ရပ်တန့်သွားခြင်း မရှိပေ။ အချို့လူများဆိုလျှင် မျက်ရည်များပင် ကျနေသေးသည်။

“မင်း အဲဒီ လက်ခုပ်သံတွေကို ကြားလား ... ငါတို့က ဒီတိုက်ပွဲကနေ ကိုယ့်ကိုယ်ကိုယ် သက်သေ ထူခဲ့ကြတာကွ ...” လျှိုတပေါင်က အန်လင်းအား ပြောသည်။

တိုက်ပွဲ၏ ရည်ရွယ်ချက်က လျှိုတပေါင်၏ မျက်လုံးထဲတွင် အထင်းသား ဖြစ်နေပြီး အန်လင်းအား နူးညံ့သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်နှာ အမူအရာမှာတော့ သူရဲကောင်း တစ်ယောက်၏ ဟန်ပန်အပြည့်ပင်။

အန်လင်း၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်လာပြီးနောက် နောက်ဆုံးတွင်တော့ နားလည် သဘောပေါက်သွားပြီ ဖြစ်သည်။ “မင်းပြောတာ မှန်တယ် ... သုံးရက်လောက် ထိန်းသိမ်းခံပြီးတော့ သူတို့ရဲ့ အသိအမှတ် ပြုမှုနဲ့ လဲလှယ်ရတာက တကယ်ကို တန်လွန်းတယ် ...”

ရာပေါင်းများစွာသော ကျောင်းသားများသည် စိတ်ထိခိုက်စွာဖြင့် သက်ပြင်းချ လိုက်ကြသည်။ သူတို့က ပြိုင်ဘက်ကင်း တိုက်ပွဲတစ်ပွဲကို မျက်မြင်တွေ့ကြုံ ခဲ့ကြရပြီးတော့ ထိုပြိုင်ပွဲသည် သူတို့ဘဝ တစ်လျှောက် ဖျက်မရသည့် ပုံရိပ်အဖြစ် အရောင်အသွေး စုံလင်စွာ တည်ရှိနေတော့မည်။

“ကျေးဇူးပါ ဘုရားသခင် ... စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ရောက်လာပေလို့သာပေါ့ ... မဟုတ်ရင် ငါက ဒေါသထွက်လွန်းလို့ အသေ ရိုက်မိတော့မှာ ...”

“သူတို့က ကြောက်ဖို့ ကောင်းလွန်းတဲ့ တိုက်ပွဲကို အောင်အောင်မြင်မြင် ရပ်တန့် နိုင်ခဲ့တာပဲ ...”

“ကျောင်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်း ကတော့ အရမ်းကို မြင့်လွန်းတယ်ဟေ့ ...”

သနားစရာ ကောင်းသည့် နှစ်ယောက်မှာတော့ ထိုနွေးထွေးလှသည့် လက်ခုပ်ဩဘာသံသည် ရာနှင့်ချီသော ကျောင်းသားများမှ အချိန်ကိုက် ဆိုသလို ရောက်ရှိလာခဲ့သည့် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့အား ချီးကျူးထောပနာ ပြုခြင်းဆိုသည်ကို မသိရှာကြပေ။

***

All Chapters