မဟာအင်ပါယာ၏နောက်ဆုံးသော စာကြွင်း
Vol. 156 Ch. 2211
ရီဖူရှင်းတို့အုပ်စု ရှေ့ကို တက်လာကြသည်။ ကျယ်ပြောသော ကြယ်တာရာလောက၌ သူတို့မှာ အိပ်မက်ထဲ လမ်းလျှောက်နေသည့်အလား ထင်မှတ်ရသည်။ ပုံရိပ်ယောင်လောကနှင့် တကယ့်လက်တွေ့ကိုပင် သူတို့ ခွဲခြားရန် ခက်ခဲသည်။
ကနဦးထွက်သွားသော တန်ခိုးရှင်များမှာ ကိုယ်စီ ရှာဖွေတွေ့ရှိမှုများ ရှိကြဟန်ရသည်။ သူတို့မှာ လူစုခွဲကာ ကွဲပြားခြားနားသော နေရာများသို့ ထွက်သွားကြသည်။
“ဒီမှာ ဝိညာဉ်လက်နက်တွေ ရှိပုံပဲ” သောကျောက်က ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်းကလည်း ထိုအချက်ကို သတိထားမိသည်။ ကြယ်တာရာကောင်းကင်၌ ဝိညာဉ်လက်နက်များသည် မျောလွင့်နေကြ၏။
“အဲဒါတွေက စီဝေ့အရှင် သုံးခဲ့တဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်။ စီဝေ့အရှင်ရဲ့အဆင့်နဲ့ဆိုရင် သူသုံးခဲ့တဲ့ ဘယ်ပစ္စည်းမဆို မဟာအင်ပါယာရဲ့အငွေ့အသက်တွေ ကပ်ငြိနေနိုင်တယ်” ဂူတုံးလျှိုက ဘေးမှ ပြောသည်။
သူတို့က မရပ်တန့်ဘဲ ရှေ့ကို ဆက်သွားကြသည်။ ကောင်းကင်ထက်တွင် ကြယ်အလင်းတချို့ မြောလွင့်နေသည်ကို သူတို့မြင်၏။ သူတို့က ထိုအလင်းများသို့ ချဉ်းကပ်သွားလျှင် ထိုအလင်းများမှာ ပိုမို၍ ကြည်လင်ပြတ်သားလာသည်။
“ဒါတွေက စာလုံးတွေပဲ…” တစ်ယောက်က ပြောသည်။
လူအများအပြားက လေဟာနယ်ထဲတွင် မြောလွင့်နေသော စာလုံးများကို မြင်ကြ၏။
ထိုစာလုံးများမှာ ကြယ်အလင်းများမှ ဖြစ်လာခြင်းပင်။ ၎င်းတို့သည် လေဟာနယ်ထဲ၌ ဦးတည်ချက်မဲ့စွာ သွားလာနေကြ၏။
လူအများအပြားကလည်း ထိုစာလုံးများကို သတိထားမိကြကာ စိတ်လှုပ်ရှားမိကြ၏။ ဤသည်က မဟာအင်ပါယာ ချန်ထားခဲ့သော စာလုံးများလား…။
သူ ရေးသားထားခဲ့သော စာလုံးများသည် ဤကြယ်တာရာလောက၌ ထာဝရ တည်ရှိနေခဲ့သည်လား။
“ဒါက မဟာအင်ပါယာရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ စာကြွင်းတွေလား…” တစ်ယောက်က စိတ်လှုပ်ရှားစွာ ရေရွက်သည်။ ၎င်းက မဟာအင်ပါယာ၏နောက်ဆုံး စကား ဖြစ်နိုင်ပေသည်။
အဆုံးသတ်၌ ရီဖူရှင်းတို့အုပ်စုကလည်း စာလုံးများကို စုစည်းကာ အဓိပ္ပာယ် ဖော်နိုင်ခဲ့ကြသည်။ အကြောင်းအရာကို သူတို့ နားလည်နိုင်ကြ၏။
စာလုံးများအားလုံးကို ပေါင်းလိုက်ပါက စာပုဒ်တစ်ခု ဖြစ်လာသည်။
“ကောင်းကင်လမ်းစဉ်တိုက်ပွဲမှာ သက်ရှိတိုင်းက ကဒ်ဘေးကို ဖြတ်ကျော်ရလိမ့်မယ်။ ကျုပ်လည်း တိုက်ပွဲမှာ ပါဝင်ရတော့မယ်။ ကျုပ် ပြန်လာနိုင်မလား မသေချာဘူး။ ဒါကြောင့် ကျုပ်က စီဝေ့ကောင်းကင်ကို ကိုယ်တိုင် ချိတ်ပိတ်ခဲ့တယ်။ ကျုပ် သေဆုံးသွားခဲ့ရင်တောင်မှ ကျုပ် စိတ်ဆန္ဒက စီဝေ့နန်းတော်ကို ပျက်စီးခြင်းက ကာကွယ်ပေးလိမ့်မယ်”
ထိုစာလုံးများသည် ကောင်းကင်ထက်တွင် မြောလွင့်နေခြင်းဖြစ်သည်။ သူတို့အားလုံး အံ့အားသင့်ကြရသည်။ စီဝေ့အရှင်သည် သူ၏အဆုံးသတ်ကို သွားရောက်တွေ့ဆုံခဲ့သည်လား။
ကောင်းကင်လမ်းစဉ်တိုက်ပွဲဆိုသည်မှာ မည်သို့သော တိုက်ပွဲဖြစ်သနည်း။
စီဝေ့အရှင်က မည်သူတို့နှင့် တိုက်ခိုက်ခဲ့သနည်း။
ကောင်းကင်နှင့် တိုက်ခိုက်ခြင်းလား…။ နတ်ဘုရားများနှင့် တိုက်ခိုက်ခြင်းလား…။
ကောင်းကင်လမ်းစဉ် ပြိုကွဲခြင်းနောက်ကွယ်၌ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်း။ ၎င်းက နတ်ဘုရားတို့၏ တိုက်ပွဲလား…။ ၎င်းကပင် နတ်ဘုရားတို့၏ပျက်စီးခြင်း ဖြစ်လေမလား။ ရှေးခေတ်က မည်သို့သော အဖြစ်အပျက်များ တည်ရှိခဲ့သနည်း။
ထိုစစ်ပွဲကြီးပြီးကတည်းက ကောင်းကင်လမ်းစဉ် ပြိုကွဲကာ နတ်ဘုရားတို့ဆိုသည်မှာလည်း အတိတ်တွင်သာ ကျန်ရစ်ခဲ့တော့သည်။
ရီဖူရှင်းက မဟာအင်ပါယာရှန်ကျားကို အမှတ်ရသည်။ သည်လောက၌ မူလက လမ်းစဉ်ဟူသည် မရှိ၊ သူသည် မဟာလမ်းစဉ်ကို အယုံအကြည်မရှိခဲ့။
မဟာအင်ပါယာရှန်ကျားသည် ရုပ်ခန္ဓာအားဖြင့် ပြိုင်ဘက်ကင်းသည်။ သို့တိုင်အောင် သူသည် တိုက်ပွဲ၌ ကျဆုံးခဲ့၏။ စီဝေ့အရှင်သည် စီဝေ့ကောင်းကင်ကို အုပ်စိုးသည်။ သို့သော်လည်း သူသည် တိုက်ပွဲသို့ မသွားမှီကပင် သေဆုံးနိုင်ကြောင်း သိထားခဲ့သည်။ မည်သို့သော တိုက်ပွဲကို သူ ပါဝင်ခဲ့သနည်း။
အတိတ်မှာ သမိုင်းတစိတ်တစ်ပိုင်းသည် တိမ်မြုတ်နေဟန်ရသည်။ ရှေးခေတ်က လက်ကျန် နတ်ဘုရားအနည်းငယ်သည်သာ ထိုအကြောင်းအရာများကို သိရှိပေလိမ့်မည်။
သို့သော်လည်း စီဝေ့အရှင်သည် သူ၏စိတ်ဆန္ဒအား ချန်ရစ်ကာ စီဝေ့ကောင်းကင်အား ကဒ်ဘေး၌ ပျက်စီးခြင်းမှ ကာကွယ်ပေးခဲ့၏။ ထိုသို့သော ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာက လေးစားဖွယ်ကောင်းလှသည်။
ယနေ့ ရောက်လာသော တန်ခိုးရှင်များအားလုံးမှာ ခိုင်မာသော နောက်ခံများ ရှိကြသည်။ သူတို့က ထိုအကြောင်းအရာများကို အနည်းနှင့်အများ သိရှိကြရာ ပို၍ စိတ်ဝင်စားကြ၏။ သူတို့က ရှေးခေတ်နှင့်ပတ်သက်၍ စူးစမ်းလိုစိတ်ကြီးမားကာ ဖြစ်ပျက်ခဲ့သည်များအား အလွန်သိချင်ကြသည်။ ကောင်းကင်လမ်းစဉ်က အဘယ်ကြောင့် ပြိုကွဲခဲ့သနည်း။
“ဟမ်…”
တန်ခိုးရှင်အများအပြားက ထိုစာလုံးများဆီသို့ ပြေးသွားသည်ကို ရီဖူရှင်းတို့ မြင်သည်။ သူတို့က စိတ်ဝင်စားသွားကြ၏။ ထိုတန်ခိုးရှင်များ ဘာလုပ်နေကြသနည်း။
“အဲဒီမှာ စုတ်တံတစ်ချောင်း ရှိတယ်” ချန်ယိ၏မျက်လုံးများမှ နတ်အလင်းများ ထွက်ပေါ်လာကာ ထိုနေရာအား ကြည့်လျှက် ပြောသည်။ စာလုံးများ မြောလွင့်နေသော နေရာတွင် စုတ်တံတစ်ချောင်း ရှိနေ၏။
ထိုစဉ်က စီဝေ့အရှင်သည် ထိုစုတ်တံဖြင့် စာလုံးများကို လေဟာနယ်၌ ရေးထွင်းခဲ့ဟန်ရသည်။ ဤသို့ဆိုလျှင် ထိုစုတ်တံမှာ ထူးခြားရပေမည်။
တန်ခိုးရှင်များ ကောင်းကင်ထက်ကို တက်သွားကြသည်။ သူတို့က ထိုစာလုံးများကို မြင်ရသော်လည်း အမှန်တကယ်အားဖြင့် အကွာအဝေးမှာ ကြီးမားလှသည်။ စာလုံးများသည် ကောင်းကင်၏အလွန်မြင့်သောနေရာ၌ တည်ရှိနေ၏။
“ကျုပ်တို့လည်း သွားကြည့်ရအောင်…” ရီဖူရှင်းဘေးမှ တစ်ယောက်က ပြောသည်။ သူတို့အုပ်စုက ကောင်းကင်ထက်ကို တက်သွားကာ ထိုနေရာသို့ ရောက်သွားလျှင် ထိုနေရာ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရ၏။ သူတို့က စုတ်တံအတွက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
“ကျုပ်တို့ သွားလုကြမလား…” ဖန်းဟွမ်က ရီဖူရှင်းကို မေးသည်။ သူတို့အုပ်စုတွင် ရီဖူရှင်းက အဓိက ဖြစ်သည်။
“မသွားဘူး…” ရီဖူရှင်းက ငြင်းသည် “အဲဒါက ထင်သလောက် မရိုးရှင်းဘူး”
“ဘယ်လိုလဲ…” ဖန်းဟွမ်က မေးသည်။
“တကယ်လို့ စုတ်တံသာ နတ်ဝိဉာဏ်လက်နက်ဆိုရင် ဘာလို့ ဒီမှာ ထားမှာလဲ” ရီဖူရှင်းမပြောခင် ဖန်းကိုင့်က ပြောသည်။ သူတို့အနီးမှ လူများက ထိုစုတ်တံအား လှမ်းကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်လာသည်။
သူတို့ကား သည်နေရာသို့ ဖိတ်ခေါ်ခံရသော ဧည့်သည်များသာ ဖြစ်သည်။
နတ်ဝိညာဉ်လက်နက်ကိုသာ ယူဆောင်သွားနိုင်ပါက ဤနေရာတွင် ဆက်လက်ရှိနေစရာ မလိုပေ။ စီဝေ့နန်းတော်က ယူဆောင်ပြီးဖြစ်ရမည်။ ထိုစုတ်တံအား တမင် ရည်ရွယ်ချက်ရှိရှိ ပြဿနာဖြစ်စေရန် ထားရှိထားခြင်း ဖြစ်နိုင်၏။
တိုက်ခိုက်နေသူများမှာ ထိုအချက်ကို ရိပ်မိသည့်တိုင် နတ်ဝိညာဉ်လက်နက်၏ ဖမ်းစားမှုက အားကောင်းလွန်းရာ ထောင်ချောက်ဆိုလျှင်ပင် သူတို့ ခုန်ဆင်းရန် ဝန်မလေးပေ။
“အပြင်လောကက အင်အားစုတွေကို ပဋိပက္ခဖြစ်စေတဲ့နည်းနဲ့မှ စီဝေ့နန်းတော်အနေနဲ့ ဖိအားတွေကို လျှော့ချနိုင်လိမ့်မယ်” ဖန်းကိုင့်က ပြောသည်။ သို့ဆိုလျှင် သူတို့ မရောက်မှီကပင် ထောင်ချောက်များ ခင်းကျင်းထားပြီး ဖြစ်ပေမည်။
ရီဖူရှင်းက အဆုံးမဲ့သော ကြယ်ကောင်းကင်ကို ကြည့်ကာ တီးတိုးပြောသည် “အရင်က အရှင်စီဝေ့က ဒီမှာ ကျင့်ကြံခဲ့တယ်။ တစ်စုံတစ်ယောက်က ဒီလောက် ကျယ်တဲ့ကောင်းကင်ကို ဘယ်လို အာရုံခံနိုင်တာလဲ”
အကယ်၍ အရှင်စီဝေ့၏အမွေအနှစ်သည် ဤနေရာတွင် တည်ရှိနေပါက သူတို့က မည်သို့သော နည်းလမ်းဖြင့် ရယူရမည်နည်း။
နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် စီဝေ့နန်းတော်သည် ကြိမ်ဖန်များစွာ ကြိုးစားပြီးဖြစ်ရပေမည်။ သို့တိုင်အောင် သူတို့လည်း အောင်မြင်ဟန် မတူ။
“စီဝေ့နန်းတော်က ကျုပ်တို့ကို လှည့်စားနေတာလား။ သူတို့က ကျုပ်တို့က လက်ညိုးထိုးပြရုံပဲရှိတာ။ သူတို့ ပြတဲ့နေရာမှာ ဘာမှ မရှိဘူးဆိုရင်ရော” သွမ့်ချုံ့က မေးသည်။ သူက စီဝေ့နန်းတော်ကို သံသယဝင်သည်။
တခဏမျှ တွေးတောပြီးနောက် ဖန်းကိုင့်က ပြောသည် “သူတို့က အဲလောက်ထိတော့ မလုပ်လောက်ဘူး။ အနည်းဆုံးတော့ ဒီနေရာက စီဝေ့အရှင် ကျင့်ကြံတဲ့နေရာပဲ။ မဟုတ်ရင် သူတို့လည်း အလိမ်ပေါ်တဲ့အခါ အကြီးအကျယ် အထိနာလိမ့်မယ်” သွမ့်ချင့်က ပြောသည်။
“ဒီ ကြယ်တာရာကောင်းကင်က ဘယ်လောက်မြင့်လဲ ကျုပ် သိချင်တယ်။ အပေါ်ကို ဆက်တက်ရအောင်” ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စုက အပေါ်ကို ဆက်လက်တက်ကာ စီဝေ့အရှင်၏အမွေအနှစ်ကို ဆက်လက်စူးစမ်း ရှာဖွေကြသည်။
***