ကြယ်အစုအဝေး
Vol. 156 Ch. 2212
ရီဖူရှင်းတို့အုပ်စုသည် ရှေးဟောင်းကြယ်တာရာလှေကားအတိုင်း အပေါ်သို့ တက်လာကြ၏။ အဆုံးမဲ့သော ကမ္ဘာ၌ ကြယ်အလင်းများသည် မိုးစက်များပမာ ကျဆင်းနေကြသည်။ အုန့်မှိုင်းသော ခံစားချက်ကို လူအုပ်က သတိထားမိကြ၏။ သူတို့က ထိုနေရာတွင် ရပ်နေသည့်တိုင် ကောင်းကင်၏ကြီးမြတ်မှုကို မလွန်ဆန်နိုင်သည့်အလား...။ သည်နေရာက စီဝေ့အရှင် အမှန်တကယ် ကျင့်ကြံသောနေရာဖြစ်ကြောင်း လူအုပ်က အသိအမှတ်ပြုရသည်။
ကြယ်တာရာလေဟာနယ်၏အဆုံး၌ ကြယ်အလင်းများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်မှာ တဖြေးဖြေး ပီပြင်သဲကွဲလာခဲ့သည်။ ထိုသူကား အမှန်တကယ်ပင် အရှင်စီဝေ့ဖြစ်၏။ ထိုပုံရိပ်သည် ကြယ်တာရာလောကတစ်ခုလုံးကို သူ့နောက်ကျောတွင် ထမ်းတင်ထားကာ သူ့လက်တွင် ကောင်းကင်စာလိပ်အား ဆုပ်ကိုင်ထား၏။ ကောင်းကင်စာလိပ်သည် အရပ်မျက်နှာမျိုးစုံသို့ ကြယ်အလင်းများ ထုတ်လွှတ်နေ၏။
ကြယ်အလင်းများ သွားရောက်ကျဆင်းသော နေရာများကို ကြည့်ပါလျှင် ထိုနေရာ၌ သီးသန့်ဆန်သော နဂါးငွေ့တန်းတစ်ခုကို တွေ့ရသည်။ သို့သော်လည်း ၎င်းသည် အစစ်အမှန် မဟုတ်ဘဲ အဆုံးမဲ့သော ကြယ်အလင်းများ တစ်နေရာတည်းတွင် စုဝေးသောကြောင့် ဖြစ်လာသော အရာ ဖြစ်၏။
ထိုစဉ် တန်ခိုးရှင်များသည် နဂါးငွေ့တန်းနေရာသို့ ရောက်သွား၏။ သူတို့က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိဟန်ရသည်။
“သွားကြည့်ကြမယ်...” ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စုက ချက်ချင်းပင် ဓားပုံသဏ္ဌာန် နဂါးငွေ့တန်းထံသို့ ရောက်သွား၏။ ကြယ်အလင်းများ စုဝေးသောကြောင့် ဖြစ်လာသော ဓားပုံသဏ္ဌာန် နဂါးငွေ့တန်းသည် ထိုနေရာတွင် မြောလွင့်နေ၏။ တန်ခိုးရှင် အများအပြားသည် ထိုနဂါးငွေ့တန်းရှေ့တွင် ရပ်နေကြသည်။
ရီဖူရှင်းတို့အုပ်စု ရောက်သွားသောအခါ သူတို့က နဂါးငွေ့တန်းအတွင်း၌ ဓားတစ်လက်ကို ခံစားမိကြသည်။ ထိုအရာက အတုလား အစစ်လား သူတို့ မပြောတတ်ပေ။ သို့သော်လည်း မည်သူမှ နဂါးငွေ့တန်းအတွင်းသို့ ဝင်ကာ ဓားကို ရယူရန် မကြိုးစားကြပေ။ အကြောင်းကား တစ်စုံတစ်ယောက်သည် ရီဖူရှင်းတို့အုပ်စု မတိုင်ခင် ရောက်နှင့်ပြီးသောကြောင့် ဖြစ်၏။
“အဲဒါ ဓားအသိပဲ...” ရီဖူရှင်းဘေးမှ ရီဝူချင်းက ပြောသည်။ ထိုနဂါးငွေ့တန်းမှ သူသည် ဓားအသိ၏တည်ရှိမှုကို ခံစားရသည်။
စီဝေ့အရှင်သည် ယခင်က သည်နေရာတွင် ကျင့်ကြံခဲ့သည်များလား။
သူ ထုတ်လွှတ်ခဲ့သော ဓားစွမ်းအားမှ ဤသို့သော နဂါးငွေ့တန်း ဖြစ်လာသည်လား။
ဤနဂါးငွေ့တန်းကား အလွန်ကြီးမားကာ မိုင် ထောင်ပေါင်းများစွာ ကြီးမားရှည်လျားသည်။ အဆုံးမဲ့သော ကြယ်အလင်းများသည် ၎င်းအတွင်း၌ စီးဆင်းနေကြ၏။ ထိုကြယ်အလင်းများထဲတွင် ဓားစွမ်းအားများ ပါဝင်နေသည်။
“စီဝေ့အရှင်ကလည်း ဓားပညာကို လေ့ကျင့်တာပဲလား” တစ်ယောက်က တီးတိုးပြောသည်။ ရီဖူရှင်းသည်လည်း နဂါးငွေ့တန်းမှ ဓားစွမ်းအားများကို မြင်သည်။ သူ၏မျက်လုံးများသည် နဂါးငွေ့တန်းတစ်ခုလုံးကို ဖောက်ထွင်းသွားသည့်အလား အလွန်စူးရှနေသည်။ သူ၏မျက်လုံးများထဲတွင်ကား ကြယ်အလင်းများ မရှိတော့ဘဲ ဓားများသာ ကျန်ရှိတော့သည်။
ကြယ်တာရာကောင်းကင်တွင် များစွာသော ဓားများ ပျံသန်းစီးဆင်းနေသည်ကို သူမြင်၏။ သူတို့မှာ ထာဝရတည်ရှိကာ လှပသော နဂါးငွေ့တန်းအဖြစ် ဖြစ်တည်လာခဲ့သည်။
သူ့မျက်လုံးများထဲတွင် ဓားမြစ်ရေပြင် ဖြစ်တည်လာ၏။ ၎င်းတို့သည် သူ၏မှော်မျက်လုံးနယ်ပယ်မှ တစ်ဆင့် သူ၏စိတ်အတွင်းသို့ ဝင်ရောက်သွားဟန်ရ၏။
တစ်လောကလုံးမှာ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ဟု ရီဖူရှင်း ခံစားရသည်။ ထိုနေရာတွင် ရပ်နေရင်းနှင့်ပင် နဂါးငွေ့တန်းအတွင်းမှ ကြောက်မက်ဖွယ် ဓားအသိတစ်ခု ဆင်းသက်လာ၏။ အဆုံးမဲ့သော ဓားအလင်းများသည် သူ့ထံသို့ ကျဆင်းလာခဲ့သည်။ သူတို့က အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းလာခဲ့ကာ မဟာလမ်းစဉ်၏အငွေ့အသက်များကို သယ်ဆောင်လျှက် သူ့အား ရစ်ပတ်သွားခဲ့သည်။
ဝုန်း...
ရီဖူရှင်းက သူ့မျက်လုံးများမှ နာကျင်မှုကို ခံစားရသည်။ ၎င်းတို့မှ အမှန်တကယ် သွေးများ ယိုစိမ့်လာ၏။ အလိုအလျောက် သူက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူက ခေါင်းငုံ့ကာ မျက်လုံးကို မှိတ်လိုက်သည်။
ထိုအဖြစ်က သူ့ဘေးမှ လူများကို အံ့အားသင့်စေ၏။ ဘာဖြစ်သွားသနည်း။
သူက တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ပြန်သည်လား။
တခြားအင်အားစုမှ လူအများအပြားကလည်း သူ့ကို လှမ်းကြည့်ကြသည်။ သူတို့ထဲတွင်လည်း ရီဖူရှင်းကဲ့သို့ ကြုံလိုက်ရသော လူတစ်ယောက် ရှိနေသည်။ ထူးမခြားနားသော လေသံဖြင့် တစ်ယောက်က ပြောသည် “ဒါက မဟာအင်ပါယာရဲ့ ဓားအသိ အပိုင်းအစ တစ်ခု ဖြစ်မယ်။ ဒါကို သာမန်အတိုင်း သွားပြီးတော့ မစူးစမ်းသင့်ဘူး”
ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်တွင် ယခင်ကဲ့သို့ မဟုတ်တော့ပေ။ သူက သက်ပြင်းရှိုက်ကာ အရှိန်အဝါကို ငြိမ်သက်စေလိုက်သည်။ သူ၏စိတ်နှလုံးကား တုန်ယင်နေဆဲဖြစ်သည်။ ယခင်က သူသည် မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းကို ကြည့်မိသည့်အခါလည်း ဤသို့ ဖြစ်ခဲ့၏။ သည်တစ်ကြိမ်တွင်ကား သူသည် ဂရုမထားဘဲ ကြည့်မိရာ ဓားအသိသည် သူ၏စိတ်တွင်းသို့ ဝင်ရောက်ပြီး တိုက်ခိုက်ခံခဲ့ရသည်။
သို့ဆိုလျှင် တခြားသော နဂါးငွေ့တန်းတွင်လည်း မဟာအင်ပါယာ၏စွမ်းအားများ ကျန်ရှိနေမည်လား။
ရီဖူရှင်းက နောက်လှည့်ကာ အဝေးသို့ လှမ်းကြည့်သည်။ သူ ထင်သည့်အတိုင်း ဤနေရာသည် ကျင့်ကြံခြင်း မြင့်မြတ်နေရာ ဖြစ်သည်။ သည်နေရာတွင် စီဝေ့အရှင် ချန်ထားခဲ့သော လောကဓာတ်စွမ်းအားများ ရှိနေသည်။
သို့သော်လည်း ရီဖူရှင်းကား များစွာ စိတ်ဝင်စားခြင်းတော့ မရှိချေ။ သူသည် ကွဲပြားခြားနားသော ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်ကာ လောကဓာတ်စွမ်းအားများ ကင်းမဲ့ခြင်း မရှိပေ။ မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းကို ဆင်ခြင်ကာ သူတည်ဆောက်ခဲ့သော လမ်းစဉ်ခန္ဓာမှာလည်း အလွန်သန်မာ၏။
ကောင်းကင်ထက်တွင် စီဝေ့အရှင် ဆုပ်ကိုင်ထားသော စာလိပ်က မည်သည့်အရာ ဖြစ်သနည်း။
ထိုပုံရိပ်ထဲတွင် စီဝေ့အရှင်၏စိတ်ဝိညာဉ် အပိုင်းအစ တစ်ခု အမှန်တကယ် ရှိနေပါသည်လား။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့ဘေးတွင် အားကောင်းသော ဓားစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်ကို မြင်၏။ သူက ဘေးကို ကြည့်လိုက်သည်။ ရီဝူချင်းကား ဓားစွမ်းအားများဖြင့် ရစ်ပတ်နေ၏။ ဓားအလင်းတစ်ခုသည် နဂါးငွေ့တန်းမှသည် ရီဝူချင်းဆီသို့ စီးဆင်းနေ၏။ သိသာစွာပင် ရီဝူချင်း၏စိတ်ဝိညာဉ်သည် နဂါးငွေ့တန်းထံသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် ဓားသမားဖြစ်ရာ ပုံမှန်အားဖြင့် ထိုသို့ လုပ်နိုင်သည်။
အတန်ကြာလျှင် ရီဝူချင်းသည် ဆတ်ခနဲ တုန်သွားကာ နောက်ကို လွင့်သွား၏။ သူ့နဖူးမှ သွေးများ ယိုစိမ့်လာသည်။ သူက တည်ငြိမ်အောင်လုပ်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။
ရီဖူရှင်းက ဆေးပုလင်းငယ်တစ်လုံးကို ထုတ်ကာ ရီဝူချင်းကို ပေးသည်။ ရီဝူချင်းက ဆေးတစ်လုံးကို ထုတ်ကာ စားသုံးလိုက်လျှင် ချက်ချင်းပင် အားကောင်းသော အသက်ဓာတ်သည် သူ့အား စီးဆင်းသွား၏။ မကြာခင် သူ၏အခြေအနေမှာ ပုံမှန်သို့ ရောက်လာသည်။
“မင်းက ဘယ်လို ဓားအသိမျိုးကို ခံစားမိတာလဲ” ရီဝူချင်းက ရီဖူရှင်းကို မေးသည်။
“မင်းကိုယ်တိုင်ကြည့်...” ရီဖူရှင်းက ပြောသည်။ ထို့နောက် နတ်အလင်းတစ်ခုသည် ရီဝူချင်း၏စိတ်တွင်းသို့ ဝင်လာ၏။ အတန်ကြာလျှင် ရီဝူချင်းက အံ့အားသင့်စွာ ပြောသည် “ဒီဓားအသိမှာ ပါဝင်တဲ့ စွမ်းအားက ကွဲပြားခြားနားတယ်။ ငါ မြင်ခဲ့တာနဲ့ မတူဘူး”
“ဟင်...” ရီဖူရှင်း၏အမူအရာက ထူးဆန်းသွားသည်။
“ပြန်ကြိုးစားကြည့်ကြမယ်” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ...” ရီဝူချင်းက ခေါင်းညိတ်သည်။ သူတို့က နဂါးငွေ့တန်းကို ထပ်မံ၍ ကြည့်လိုက်ကြ၏။ ရီဖူရှင်း၏မျက်လုံးများက အလွန်စူးရှနေသည်။ သူက သည်ဓားများကို အထင်သေးမိသည်များလား။
သူက အတွင်းသို့ တဖန် ဝင်ကြည့်၏။ ကြယ်တာရာအစုအဝေး၌ ဘီလီယံနှင့်ချီသော ဓားများ စီးဆင်းနေကြသည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် သူက နတ်အာရုံကို ကြယ်အစုအဝေးတစ်ခုလုံးကို ခြုံလွှမ်းလိုက်၏။ သူက ပို၍ ရှင်းလင်းစွာ မြင်လိုသည်။
သူက ဓားအသိကို ခံစားရန် မကြိုးစားတော့။ မျက်လုံးများကို မှိတ်ကာ သူက နှလုံးသားဖြင့် စတင် ခံစားသည်။
သူ၏နတ်အာရုံသည် အဆုံးမဲ့သော ကြယ်ကောင်းကင်၌ ရပ်နေ၏။ သူကား ကြယ်အစုအဝေးတစ်ခုလုံးကို အပေါ်စီးမှ ကြည့်နေခဲ့သည်။ ထိုအခိုက်တွင် သူသည် ဓားများစွာကို မြင်ရမည့်အစား ဓားတစ်လက်ကိုသာ မြင်သည်။ ကြယ်တာရာနတ်ဓားသည် အဆုံးမဲ့သော ကြယ်ကောင်းကင်ကို ဆန့်တန်းလျှက် တည်ရှိနေ၏။ ဤကား သူ မူလက ခံစားခဲ့သော အသိအမြင်နှင့် လုံးဝ ကွာခြား၏။
***