← Chapters

မီယွင်မြို့၏အပြောင်းအလဲ၊ သင်နိုးလာသောအခါ နေအိမ်ကဆုံးရှုံးနှင့်နေလေပြီ။

Vol. 3 Ch. 31

မီယွင်မြို့၏အပြောင်းအလဲ၊ သင်နိုးလာသောအခါ နေအိမ်ကဆုံးရှုံးနှင့်နေလေပြီ။

Vol. 3 Ch. 31

ဘေးကပ်လျက်တွင် နေထိုင်သော ရှားကျင်းယန်သည် ဤအသံများကို သဘာဝအလျောက် ကြားရလေသည်။ သူမ၏လှပသောမျက်နှာသည် နီရဲလာကာ၊ တစ်ညလုံး လူးလွန့်ကာ အိပ်မပျော်နိုင်ဖြစ်နေလေသည်။ ဒေါသများက တနုံ့နုံ့ထွက်နေချေသည်။

“ဒီလင်နဲ့ မယားတွေကတော့ သူတို့ရဲ့လုပ်ရပ်တွေမှ အားမနာတမ်းပဲ၊ သူတို့မှာ အရှက်တရားဆိုတာ မရှိကြဘူးလား။”

ရှားကျန်းယန် ဒေါသပေါက်ကွဲနေသည်။

သူမသည် တစ်ညလုံးတရားထိုင်ကာ ဆူပွက်လာသော သွေးများကို ငြိမ်သက်စေခဲ့ရသည်။ မဟုတ်ပါက၊ သူမ၏ခံစားချက်များကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ သူတို့နှင့် သွားရောက်ပူးပေါင်းလိုစိတ် ဖြစ်လာမည်ဟု ခံစားနေရသည်။

“ဒါ အစ်မကျိအမှားမဟုတ်ဘူး၊ အဲ့ဒီလူယုတ်မှာကြောင့်ပဲ။ အရှက်မရှိ တစ်နေကုန် အိမ်ထဲမှာ အင်္ကျီမပါဘဲ လျှောက်သွားနေတာ၊ ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ သိက္ခာတရား နည်းနည်းလေးမှကို မရှိဘူး။”

ရှားကျင်းယန်သည် လက်သီးဆုပ်လိုက်ပြီး အပြစ်အားလုံး ကျိုးစွေ့ပေါ်သို့သာ ပုံချလိုက်သည်။ ဤလူယုတ်မာသာ မရှိခဲ့ပါလျှင် သူမ၏အစ်မသည် ဤအခြေအနေသို့ မည်သို့ရောက်လာမည်နည်း။

ကြွက်သားများပြည့်နေသော လက်မောင်းများနှင့် ပေါင်မုန့်ခြောက်လုံးပြူးပေါ်အောင် အင်္ကျီဗလာဖြင့် လျှောက်သွားနေသော ကျိုးစွေ့အား စဉ်းစားလိုက်မိရုံနှင့် သူမမျက်နှာ နီမြန်းလာပြီ နားရွက်များပင် ရဲတွတ်လာ‌ချေသည်။

သူမသည် ဤကဲ့သို့ပုံစံ ယောက်ျားများကို ယခင်က မြင်ဖူးသော်လည်း မည်သို့မှ ထူးထူးခြားခြား မခံစားရပေ။

သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့်၊ ကျိုးစွေ့၏ထိုပုံစံအား မြင်ပြီးနောက် ၎င်းက မခုခံနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်အား တွေ့ရှိခဲ့ရသည်။

သူမ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန် မနည်းရုန်းကန်ခဲ့ရပြီး၊ သူ၏ရင်ခွင်ထဲသို့ ခုန်ဝင်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်ခဲ့ရသည်။

ကံကောင်းစွာဖြင့် သူမတွင် ခိုင်မာသောထိန်းချုပ်နိုင်စွမ်းရှိ၏။ ဤခံစားချက်များအား ဖိနှိပ်ရုံသာတတ်နိုင်သည်။ သို့မဟုတ်ပါက သူမ၏ညီအစ်မများရှေ့တွင် အရှက်ရကာ ထာဝစဉ်မျက်နှာပျက်ရပေမည်။

“စိတ်ထိန်းစမ်း၊ ရှားကျင်းယန်။ ဒါက ယောက်ျားတစ်ယောက်သပ်သပ်ပဲ၊ ထည့်စဉ်းစားနေဖို့ မတန်ဘူး။”

“ရင်ထဲမှာ ဘယ်ယောက်ျားမှ မရှိရင်၊ ကျင့်ကြံခြင်းလမ်းစဉ်က အလိုလို နတ်ဘုရားဖြစ်လာလိမ့်မယ်။”

အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ၏မငြိမ်မသက်ဖြစ်နေသော နှလုံးအားကို ရှားကျင်းယန် ဖြည်းဖြည်းချင်း ငြိမ်သက်စေခဲ့ရသည်။

…

ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းခဲ့သော်လည်း ကျိုးစွေ့သည် လျှောက်သွားလိုစိတ်မရှိသေးဘဲ၊ ထိုအစား အိမ်တွင်းအောင်းကာ ကြိုးစားပမ်းစား ကျင့်ကြံရန် ရွေးချယ်ခဲ့၏။

မည်သို့ပင်ဖြစ်စေ သူသည် ချီသန့်စင်ခြင်းအဆင့်ရှိ ကနဦးကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး ကျင့်ကြံခြင်းလောက၏အောက်ခြေတွင်သာ ရှိနေဆဲဖြစ်သည်။ အကယ်၍ မဆင်မခြင် စွန့်စားသွားလာပါက၊ မည်သို့သေဆုံးသွားသည်အား မသိလိုက်ရဘဲ သေဆုံးသွားနိုင်သည်။

ဘုန်း…..

ထိုအချိန်တွင် ကြီးမားသော တုန်ခါမှုတစ်ခုသည် မီယွင်မြို့တစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။ မြို့တွင်နေထိုင်သော ကျင့်ကြံသူတိုင်း ဤကြီးမားသော ဝိညာဉ်စွမ်းအင်လှိုင်းအား အာရုံခံမိလေသည်။

မကြာမီပင် ကြီးမားသော သင်္ဘောပျံတစ်စင်းသည် မီယွင်မြို့အပေါ်တွင် ပျံဝဲနေသည်။ ကျင့်ကြံသူများစွာသည် သင်္ဘောပျံပေါ်မှ ဆင်းသက်လာပြီး မြို့ထဲသို့ ဖြန့်ကျက်သွားကြသည်။

သို့သော်၊ ယင်းကျင့်ကြံသူများအားလုံးသည် ဒဏ်ရာများရရှိထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများကဲ့သို့ ထင်ရကာ ရန်သွားမစသင့်‌ကြောင်း ပေါ်လွင်နေသည်။

“ဘာတွေဖြစ်နေတာလဲ။”

ဤသည်ကိုမြင်သောအခါ ကျိုးစွေ့သည် ပင်ကိုယ်အသိစိတ်ဖြင့် မသိုးမသန့်ခံစားလိုက်ရသည်။ သူသည် ဘာတွေဖြစ်ပျက်နေသည်အား သိလိုစိတ်ပြင်းပြစွာဖြင့် သတင်းအချက်အလက်များ စတင်စုဆောင်းတော့သည်။

အိမ်နီးချင်းကျန်းချန်ထံမှ အမှန်တရားအား လျင်မြန်စွာ သိရှိလိုက်ရသည်။

“ဒုက္ခတော့များပြီ၊ ဒါက အင်မော်တယ်ရှားဂိုဏ်းက သင်္ဘောပျံတစ်စင်းပဲ။ သူတို့က တိမ်မြူခိုးတောင်တန်းကို သွားတဲ့လမ်းကြောင်းတစ်ခုကို အောင်မြင်စွာဖောက်လုပ်ခဲ့ပြီး ရွှေနီသတ္တုတွင်းကို စောင့်ကြပ်နေတဲ့ အဆင့်နှစ် ယောင်သားရဲအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုတယ်။”

“ဒီကျင့်ကြံသူတချို့က အင်မော်တယ်ရှားဂိုဏ်းတပည့်တွေဖြစ်ပြီး၊ တချို့က ဂိုဏ်းက ခေါ်ဆောင်လာတဲ့ ကျင့်ကြံသူမိသားစုတွေက အဖွဲ့ဝင်တွေပဲ။”

ကျန်းချန်သည် သူရှာဖွေတွေ့ရှိခဲ့သော သတင်းအား မျှဝေရင်း လေးနက်စွာ ပြောလိုက်သည်။

“ရွှေနီသတ္တုတွင်းကို အောင်အောင်မြင်မြင် တူးဖော်နိုင်ခဲ့တာလား။ ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။ ဒီနေ့ကစပြီး မီယွင်မြို့က သူ့နဂိုငြိမ်းချမ်းတဲ့အခြေအနေကို ပြန်ရောက်သင့်ပြီလေ။ ငါတို့က ဘာလို့ ဒီလောက် ဒုက္ခရောက်နေကြတာတုံး။”

ကျိုးစွေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဒါက အဲ့ဒီလောက် မရိုးရှင်းဘူး။”

ကျန်းချန်က သက်ပြင်းချကာ ရှင်းပြသည်။ “မီယွင်မြို့ရဲ့ မြို့သခင် လုဟုန်ရန်က မြို့ကို အင်မော်တယ်ရှားဂိုဏ်းဆီ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး မီယွင်မြို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ မြို့ မဟုတ်တော့ဘူး။ အင်မော်တယ်ရှားဂိုဏ်းလက်အောက်က မြို့တစ်မြို့ဖြစ်သွားပြီ။”

ဘာရယ်…။

ကျိုးစွေ့ သိသိသာသာ အမူအရာပျက်သွားသည်။ ဤကဲ့သို့သော ကြီးမားသော အပြောင်းအလဲအား မမျှော်လင့်ထားခဲ့ပေ။ မီယွင်မြို့သခင် လုဟုန်ရန်သည် အခြေတည်အဆင့် နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဤအဆင့်မြင့်ကျင့်ကြံသူကြောင့်ပင် မီယွင်မြို့သည် နှစ်တစ်ရာကျော် တည်တံခဲ့သည်။ သို့သော် ယခုမူ သူသည် မြို့ကို အင်မော်တယ်ရှားဂိုဏ်းထံသို့ စွန့်လွှတ်နေချေသည်။ ၎င်းမှာ သူဘဝတစ်လျှောက်လုံး ကြိုးစားတည်ဆောက်ခဲ့သည် လုပ်ငန်းအား တစ်ပါးသူထံ လွှဲပြောင်းပေးခြင်းနှင့် တူညီ၏။ ၎င်းက ရူးနှမ်းလွန်းလေသည်။

လျှို့ဝှက်သဘောတူညီချက်တစ်ခုခု မုချရှိရပေမည်။ မှန်ပေသည်၊ မြို့အား အဘယ်ကြောင့် လွှဲပြောင်းပေးနေသည်အား သူဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူနှင့်လည်း မဆိုင်ပေ။

သူစိုးရိမ်သည်မှာ အင်မော်တယ်ရှားဂိုဏ်းသည် မီယွင်မြို့အား သိမ်းပိုက်ပြီးနောက် မည်သို့သော ကြီးမားသည့်အပြောင်းအလဲများ ပြုလုပ်မည်နည်းကိုပင် ဖြစ်သည်။

ဤသည်မှာ အောက်ခြေအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့ကို ပူပန်စေသာအရာဖြစ်၏။

“ဟူး…၊ မင်းပြောင်းမင်းလွှဲဖြစ်သလိုပေါ့ကွာ၊ အင်မော်တယ်ရှားဂိုဏ်းက မီယွင်မြို့ကို သိမ်းပိုက်ပြီးရင် စည်းမျဉ်းတွေက သေချာပေါက် ပြောင်းလဲသွားလိမ့်မယ်။”

ကျန်းချန်က လေးနက်စွာဖြင့် “အရင်ဆုံး ငါတို့ မီယွင်မြို့မှာ ဝယ်ယူထားတဲ့အိမ်တွေက ပျက်ပြယ်သွားလိမ့်မယ်။ ငါတို့ရဲ့ အိမ်ပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးရလိမ့်မယ်။ မီယွင်မြို့ထဲကို ဝင်ရောက်လာကြတဲ့ ကျင့်ကြံသူအားလုံးက ဒီမှာ အိမ်ငှားရုံပဲ ငှားနိုင်တော့မှာြဖစ်ပြီးတော့ လစဉ် ငှားရမ်းခအများကြီးကိုလည်း ပေးဆောင်ရလိမ့်မယ်။ မဟုတ်ရင် မြို့ကနေ ငါတို့ကို နှင်ထုတ်ခံရလိမ့်မယ်။”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့က မီယွင်မြို့မှာ အိမ်တွေဝယ်ခဲ့ပြီး သူတို့အပေါ်တစ်သက်တာ ပိုင်ဆိုင်ခွင့်ရှိတယ်လေ။ အခု အင်မော်တယ်ရှားဂိုဏ်းက စကားတစ်ခွန်းတည်းနဲ့ ငါတို့အိမ်တွေကို ခိုးယူချင်နေတာလား။”

ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။

အင်မော်တယ်ရှားဂိုဏ်းက မီယွင်မြို့ကို သိမ်းပိုက်သည်နှင့်တစ်ပြိုင်နက် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူသိသော်လည်း၊ တစ်ညတည်းဖြင့် သူ၏အိမ်ကို ဆုံးရှုံးရလိမ့်မည်ဟု ဘယ်တုံးကမှ မတွေးဖူးခဲ့ပေ။ အရာအားလုံး သိမ်းပိုက်ခံလိုက်ရချေပြီ။

“ဟ၊ ငါတို့က အားနည်းပြီး သူတို့က အားကြီးတယ်လေကွာ။ ငါတို့အိမ်တွေကို ယူသွားရင်တောင် ငါတို့ ဘာမှ မတတ်နိုင်ဘူး။ ငါတို့မှာ တွန်းလှန်နိုင်မယ့် အစွမ်းအစမှ မရှိတာ။”

အင်မော်တယ်ရှားဂိုဏ်းသည် အလွန်တန်ခိုးကြီးသောကြောင့် ကူကယ်ရာမဲ့ဖြစ်သလို ကျန်းချန်ခံစားလိုက်ရသည်။ စည်းမျဉ်းများအား သူတို့ကသာ သတ်မှတ်နိုင်ပြီး၊ အခြားကျင့်ကြံသူများမှာ နာခံဖို့ရန်မှတပါး အခြားမရှိပေ။ တွန်းလှန်ရန် မဝံ့ရဲကြပေ။

“ဒါက…”

ကျို့စွေ့၏ရင်ထဲတွင် ရေနစ်သလိုခံစားလိုက်ရ၏။ ယေဘုယျအားဖြင့် ကျင့်ကြံသူများက အိမ်များဝယ်ယူခြင်းအား ရှောင်ရှားရခြင်းအကြောင်းရင်းမှာ ယင်းတို့၌ မသေချာမရေရာမှုများစွာ ရှိသောကြောင့် ဖြစ်သည်။ အကယ်၍ အားကြီးသောအုပ်စုတစ်စု ပြိုလဲပြီးအခြားတစ်စုက ဝင်ရောက်နေရာယူပါက၊ မူလစာချုပ်များက အလိုလိုပျက်ပြယ်သွားပေမည်။ လက်ရှိအစိုးရက အတိတ်က သဘောတူညီချက်များအား အသိအမှတ်ပြုမည်မဟုတ်ပေ။

ထို့ကြောင်ပင် ကျင့်ကြံသူအများစုသည် အိမ်ငှားနေထိုင်ရန်သာ ရွေးချယ်ကြသည်။ ဤနည်းအားဖြင့် အင်အားစုများ မည်သို့ပြောင်းလဲစေကာမူ အခြေခံအားဖြင့် ထိခိုက်နစ်နာမည်မဟုတ်ဘဲ အရာအားလုံးကို ဆုံးရှုံမည်မဟုတ်ပေ။

ဆိုရလျှင် ကျိုးစွေ့၏မိဘများသည် ကံကောင်းခဲ့လေ၏။ မီယွင်မြို့တွင် အိမ်တစ်လုံးအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူခဲ့ပြီး၊ မြို့သည်လည်း အာဏာအပြောင်းအလဲမရှိဘဲ နှစ်တစ်ရာကျော် တည်ငြိမ်ခဲ့လေသည်။

သို့သော် ယခုတွင်မူ အရာအားလုံးက ပြောင်းလဲသွားချေပြီ။ မြို့သခင်လုဟုန်ရန် ဆင်းသွားကာ၊ အင်မော်တယ်ရှားဂိုဏ်းက သိမ်းပိုက်လိုက်ပြီဖြစ်ရာ စည်းမျဉ်းများပြောင်းလဲသွားလေပြီ။ ၎င်းမှာ သူ၏အိမ်ပိုင်ဆိုင်ခွင့်သည် အလိုလိုပျက်ပြယ်သွားပြီး အင်မော်တယ်ရှားဂိုဏ်းက အသိအမှတ်မပြုတာ့ဟု ဆိုလိုခြင်း ဖြစ်သည်။

“ကျုပ်တို့ အခုဘာလုပ်ကြမလဲ။”

ကျိုးစွေ့က မေးလိုက်၏။

“နှစ်နည်းပဲရှိတယ်၊ ပထမတစ်ခုက ငှားရမ်းခကို နာခံစွာပေးပြီး မီယွင်မြို့မှာ နေထိုင်ခွင့် ရယူဖို့ပဲ။ နောက်တစ်ခုကတော့ မီယွင်မြို့ကနေ ထွက်ခွာပြီး တခြားနေရာမှာ အသက်မွေးဝမ်းကျောင်း ရှာဖွေဖို့ပဲ။”

ကျန်းချန်က လက်ရှိတွင် ရွေးချယ်စရာနှစ်ခုသာ ရှိကြောင်း ပြောပြသည်။

သို့သော် လက်တွေ့တွင်တော့ ရွေးချယ်စရာက တစ်ခုတည်းသာရှိ၏။ မည်သို့ပင်ဆိုစေကာမူ၊ တခြားနေရာများတွင် ဘဝက ပိုကောင်းချင်မှကောင်းမည်ဖြစ်ကာ၊ ပို၍တောင် ဆိုးချင် ဆိုးနိုင်သေးသည်။ ပိုမိုဆိုးဝါးသော ခေါင်းပုံဖြတ်မှုဖြင့်ပင် ရင်ဆိုင်ရနိုင်လေသည်။

နှိုင်းယှဉ်ရလျှင် မီယွင်မြို့ရှိ သူတို့၏လက်ရှိအခြေအနေသည် ထိုမျှမဆိုးသေးပေ။

All Chapters