ဗိုလ်ကျသော အင်မော်တယ်ရှားဂိုဏ်း၊ ခေါင်းပုံဖြတ်ခံရသော တစ်ကိုယ်တော်ကျင့်ကြံသူများ။
Vol. 3 Ch. 32
သတင်းများကြားသိရပြီးနောက် စိုးရိမ်တကြီးဖြင့် ကျိုးစွေ့ အိမ်သို့ပြန်ခဲ့တော့သည်။
ထိုအချိန်တွင် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း သတင်းအချက်အလက်များ စုံစမ်းပြီး ပြန်ရောက်လာကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများဖြစ်ကြရာ သူတို့ ရောက်ရှိနိုင်သော အသိုင်းအဝိုင်းက ပိုမိုကြီးမားလေသည်။
“ယောက်ျား၊ ကိစ္စတွေက အတော်လေး ရှုပ်ထွေးနေတာတော့ အမှန်ပဲ။ မီယွင်မြို့က အပြီးတိုင်လက်လွှဲခံလိုက်ရသလို၊ အင်မော်တယ်ရှားဂိုဏ်းကလည်း ဒီမှာလာအခြေစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မူလမြို့သခင် လုဟုန်ရန်က သက်တမ်းကုန်ခါနီးနေပြီ။ မျိုးဆက်တွေအတွက် အင်မော်တယ်ရှားဂိုဏ်းနဲ့ ပူးပေါင်းပြီး ဧည့်အကြီးအကဲတစ်ယောက် ဖြစ်လာဖို့ကလွဲရင် ရွေးချယ်စရာမရှိတော့ဘူး။” ကျိပင်းယွီက စုံးစမ်းသိရှိခဲ့ရသော သတင်းအား ပြောပြလေသည်။
လုဟုန်ရန် အဘယ်ကြောင့် ဤသို့ပြုလုပ်ရသည်ကို ကျိုးစွေ့ ချက်ချင်းနားလည်သွားသည်။ အခြေခံအားဖြင့် ရွှေအမြုတေအဆင့်ကိုလည်း မျှော်လင့်ချက်မရှိသလို၊ သူ၏သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။ ပြဿနာမှာ သူသေဆုံးပြီးနောက် လုမိသားစုသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည့် စွမ်းရည်ရှိမည်မဟုတ်ဘဲ၊ အနီးဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို မုချခံရမည်ဖြစ်ပြီး၊ ဝံပုလွေများဝိုင်းဆွဲသကဲ့သို့ တစ်စဆီ ဝိုင်းဝန်းစားသုံးခြင်းအား ခံရမည်ဖြစ်သည်။
အကယ်၍ လုမိသားစုကို ထိန်းသိမ်းထားလိုပါက ကြီးမားသော ကျောထောက်နောက်ခံတစ်ခုကို ရှာဖွေရပေမည်။
မိုင်တစ်သောင်းပတ်လည်အတွင်း အင်မော်တယ်ရှားဂိုဏ်းထက် ပိုတန်ခိုးထက်သူဟူ၍ မရှိပေ။ ထို့အပြင် အင်မော်တယ်ရှားဂိုဏ်းသည်လည်း တိမ်မြူခိုးတောင်တန်းအား ဖွံ့ဖြိုးတိုးတက်စေလိုပြီး အတွင်းရှိ ရွှေနီသတ္တုကြောများနှင့် ဝိညာဉ်ကျောက်တုံးကြောများကို တူးဖော်လိုသည်။ ထိုကြောင့် အလိုလိုပင် မီယွင်မြို့က အရေးပါဆုံးသော အခြေစိုက်နေရာ ဖြစ်လာလေသည်။
နှစ်ဦးနှစ်ဖက်ပူးပေါင်းခြင်းက အပြည့်စုံဆုံး အခြေအနေဖြစ်လေသည်။
ယင်းက လုဟုန်ရန် အဘယ်ကြောင့် မီယွင်မြို့အား လက်လျော့လိုက်ရသနည်းဟူသော အဖြေပင်ဖြစ်သည်။
“ဒီတော့ အင်မော်တယ်ရှားဂိုဏ်းက မြို့ထဲက ပိုင်ဆိုင်ခွင့်အားလုံးကို ပြန်သိမ်းယူမဲ့ သဘောလား။”
ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။
“အမှန်ပဲ။”
ကျိပင်းယွီက ခေါင်းညိတ်လိုက်သည်။ “အင်မော်တယ်ရှားဂိုဏ်းက အရင်ကပိုင်ဆိုင်ခွင့်တွေကို အသိအမှတ်မပြုဘူး။ အိမ်ဖြစ်ဖြစ်၊ဆိုင်ဖြစ်ဖြစ် အရာအားလုံးက အင်မော်တယ်ရှားဂိုဏ်းကို ငှားရမ်းခပေးဆောင်ရမယ်။”
“ဒါ့အပြင့်၊ ဒီတစ်ခါ အင်မော်တယ်ရှားဂိုဏ်းက ငှားရမ်းခကို သိသိသာသာ တိုးမြှင့်မယ်လို့ ကြားတယ်။ ငါတို့အခုနေထိုင်တဲ့ အိမ်မျိုးဆိုရင်၊ တစ်လကို အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ရာ ပေးဆောင်ရလိမ့်မယ်။”
ဘာရယ်…။
ထိုစကားအားကြားလိုက်ရသည်နှင့် ကျိုးစွေ့အမူအရာပြောင်းသွားသည်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ရာဆိုသည်မှာ ဓားပြတိုက်နေခြင်းသာ ဖြစ်၏။ သာမန်ကျင့်ကြံသူများသည် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး များစွာ မရှာနိုင်ပေ။
မြို့ထဲတွင် အမှန်တကယ် ငှားရမ်းနေထိုင်ပါက၊ ယင်းသည် ကြီးဒေါ်နွားအား အလကားကျောင်းပေးရသကဲ့သို့ မိမိအတွက် မည်သည့်အကျိုးအမြတ်မှမကျန်ဘဲ အင်မော်တယ်ရှားဂိုဏ်းအား သပ်သပ်လုပ်ကျွေးနေသလိုသာ ဖြစ်ပေမည်။
“ငှားရမ်းခက ဘာလို့ ဒီလောက်တောင် မတန်တဆဖြစ်နေရတာလဲ။ အင်မော်တယ်ရှားဂိုဏ်းက တကယ်ပဲ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို မောင်းထုတ်ချင်နေတာလား။”
ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“မဟုတ်ဘူး၊ အင်မော်တယ်ရှားဂိုဏ်းက အဲ့ဒီလောက် မမိုက်မဲဘူး။ တကယ်တမ်း သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေကို အင်မော်တယ်ရှားဂိုဏ်းအတွက် သတ္တုတူးခိုင်းချင်နေတာ။”
ကျိပင်းယွီက ရှင်းပြသည်။ “အင်မော်တယ်ရှားဂိုဏ်းက ရွှေနီသတ္တုကြောဆီကို လမ်းဖွင့်ခဲ့ပေမယ့်၊ ရွှေနီသတ္တုကြောကို တူးဖော်ဖို့က လူအင်အားအများကြီး လိုနေတုန်းပဲ။
ပြဿနာက ရွှေနီသတ္တုကြောထဲမှာ အချိန်ကြာကြာ နေရင်၊ ကျင့်ကြံသူတွေက ရွှေနီစွမ်းအင်ရဲ့ တိုက်စားခြင်းကို ခံရလိမ့်မယ်။ အဲ့ဒီအခါကျရင် အခြေတည်အဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘဲ သူတို့ရဲ့သက်တမ်းလည်း ဆုံးရှုံးရလိမ့်မယ်။ အင်မော်တယ်ရှားဂိုဏ်းတပည့်တွေက ဒီလိုကိစ္စမျိုးကို ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမဲ့ သတ္တုမတူးလို့ကလည်း မဖြစ်ပြန်ဘူးလေ၊ ဒါကြောင့် အင်မော်တယ်ရှားဂိုဏ်းက ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ပစ်မှတ်ထားပြီး ရွှေနီသတ္တုကြောထဲမှာ သတ္တုတူးပေးဖို့ ကြံနေကြတာ။ ပြီးတော့ လစဉ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာ လစာပေးပြီး၊ တစ်ချိန်တည်းမှာပဲ သတ္တုတူးသမားတိုင်းက ဘာငှားရမ်းခမှ ပေးစရာမလိုဘဲ မြို့ထဲမှာ အခမဲ့နေထိုင်နိုင်တယ်။”
“အင်မော်တယ်ရှားဂိုဏ်းက တကယ့်ကို ရက်စက်တာပဲ၊ ဒါပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေအားလုံး ကြောက်လန့်ပြီး ထွက်ပြေးသွားမှာ မကြောက်ဘူးလား။”
ကျိုးစွေ့က လက်သီးဆုပ်လိုက်ပြီး သူ့မျက်ဝန်းများက လေးနက်သွားသည်။
ယင်းက မြင့်မားသောငှားရမ်းခများကို အသုံးချကာ တစ်ကိုယ်တော်ကျင့်ကြံသူများအား သတ္တုတွင်းများတူးဖော်ရာတွင် ကူညီစေရန် အတင်းအကျပ်ဖိအားပေးသော အင်မော်တယ်ရှားဂိုဏ်း၏အကြံအစည်ဖြစ်လေသည်။
သတ္တုမိုင်းမတူးချင်ပါက မီယွင်မြို့မှ ထွက်ခွာပြီး အခြားနေရာများသို့ သွားရုံသာရှိသည်။
“သေချာပေါက် သူတို့ဘယ်ကြောက်မှာလဲ။ လောကကြီးမှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေက ရိုက်သတ်လို့တောင် မကုန်ဘူးလေ။”
ကျိပင်းယွီက ခေါင်းခါလိုက်ရင်း “တခြားနေရာက တစ်ကိုယ်တော်ကျင့်ကြံသူတွေက မီယွင်မြို့အကြောင်းကြားပြီး၊ အလုအယက်လာနေကြတယ်လို့တောင် ကြားတယ်။ အင်မော်တယ်ရှားဂိုဏ်းကတောင် သူတို့ မြန်မြန်ရောက်အောင် ကူညီဖို့ သင်္ဘောပျံတွေကို အခမဲ့လွှတ်ပေးခဲ့တယ်တဲ့။ မီယွင်မြို့ကို ရောက်လာတဲ့ ပထမဆုံးကျင့်ကြံသူအသုတ်မှာတောင် အနည်းဆုံး သောင်းချီရှိပြီး၊ နောက်ထပ်လည်း တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဆက်တိုက်လာနေဦးမှာပဲ။”
“ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေ ထွက်သွားတောင် အင်မော်တယ်ရှားဂိုဏ်းက လုံးဝဂရုစိုက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုတာ ပေါင်းပင်လိုအရမ်းပေါတော့၊ ငကန်းသွားရင် ငဆွေလာမှာပဲ။”
“ဒါက…”
ကျိုးစွေ့၏နှုတ်ခမ်းထောင့်စွန်း တွန့်သွားသည်။ ပြောစရာစကားလုံးပျောက်ဆုံးသွားလေသည်။ အင်မော်တယ်ရှားဂိုဏ်း ဤမျှယုံကြည်မှုရှိသည်မှာ မထူးဆန်းတော့။ သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူများကို မည်မျှပင် ခေါင်းပုံဖြတ်စေကာမူ၊ တစ်ကိုယ်တော်ကျင့်ကြံသူများ ပြဿနာရှာမည်အား ကြောက်စရာမလိုပေ။ အကြောင်းရင်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူများက အလွန်များပြားသောကြောင့် ဖြစ်သည်။
ကြက်သွန်မြိတ်များအား တစ်ပင်ပြီးတစ်ပင် ရိတ်သိမ်းသကဲ့သို့ ဤကမ္ဘာတွင် လူ့အသက်က တန်ဖိုးမရှိပေ။ ဤလောက၏ ရက်စက်ကြမ်းကြုတ်မှုကို သူသည်လည်း ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်။
“ယောက်ျား၊ ငါတို့အခု ဘာလုပ်ကြမလဲ။” မုဇီယန်က မနေနိုင်ဘဲ မေးလိုက်သည်။
“သူများလက်အောက်မှာဆိုမှတော့ ခေါင်းငုံ့ပြီး ဝိညာဉ်ကျောက်တုံးတွေ ပေးရမှာပဲ။ ငါတို့ မီယွင်မြို့ကနေ ထွက်သွားလို့ မဖြစ်ဘူး။” ကျိုးစွေ့ လက်သီးတင်းတင်းဆုပ်လိုက်သည်။
ဝန်ခံရလျှင်၊ အခြားနေရာများသည် မီယွင်မြို့ထက် ပိုမကောင်းသကဲ့သို့ မီယွင်မြို့လောက်လည်း အရင်းအမြစ်များ မပေါများချေ။
ထို့အပြင် မြို့ထဲတွင်နေထိုင်သောဘဝသည် အနည်းဆုံးအားဖြင့် မြို့ပြင်တွင်နေထိုင်သောဘဝထက် များစွာပိုကောင်းသည်။ အခြားတစ်ကိုယ်တော်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို စိုးရိမ်စရာမလိုဘဲ၊ လုံခြုံရေးအတွက် အတိုင်းအတာတစ်ခုအထိ အာမခံချက် ရှိလေသည်။
လစဉ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးနှစ်ရာဟူသော ဈေးနှုန်းသည် အမှန်ပင် ဈေးကြီးသော်လည်း လက်ရှိအခြေအနေတွင် သူ့အတွက် ဘာမျှမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အရက်ရောင်းချခြင်းဖြင့် လွန်ခဲ့သော ခြောက်လအတွင်း၊ ပျမ်းမျအားဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်းခန့် ရှာဖွေနိုင်ခဲ့ပြီး ဖြစ်ရာ၊ ယင်းက အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်ထောင့်နှစ်ရာနှင့် ညီမျှသည်။ သူ၏လစဉ်ဝင်ငွေသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သောင်းခန့် ရှိပေသည်။
မည်သို့ပင်ဖြစ်စေ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာသည် အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ညီမျှ၏။ ထို့ကြောင့် သူသည် ဤကဲ့သို့သော အနည်းငယ်မျှသော ငှားရမ်းခအား ပေးဆောင်နိုင်သေးသည်။
“အင်း၊ မီယွင်မြို့မှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ပိုများလာရင် ငါတို့ရဲ့ ဝိညာဉ်အရက်လုပ်ငန်းကို ပိုတိုးချဲ့နိုင်ပြီး၊ အဲ့ဒီအခါကျရင် ဝိညာဉ်ကျောက်တုံးတွေ ပိုရှာနိုင်မှာပဲ။”
ကျိပင်းယွီသည်လည်း ဤအချက်အား သဘောတူသည်။ မီယွင်မြို့ရှိ ငှားရမ်းခသည် တကယ်ကို မတန်တဆဖြစ်သော်လည်း၊ လက်ရှိ သူတို့အနေဖြင့် အေးအေးဆေးဆေး တတ်နိုင်သေးသည်။
ထို့အပြင်၊ တစ်ကိုယ်တော်ကျင့်ကြံသူအများအပြား စုဝေးလာခြင်းသည် များပြားသော ကျင့်ကြံမှုအရင်းအမြစ်များနှင့် ဝိညာဉ်ကျောက်တုံးအများအပြားကိုလည်း ဆောင်းကြဉ်းပေးမည် ဖြစ်သည်။
ဤရှုထောင့်မှကြည့်လျှင်၊ အရာအားလုံးက အဆိုးဘက်ကချည်းတော့ မဟုတ်ပေ။
….
နောက်တစ်နေ့မနက်။
ကျိုးစွေ့နိုးလာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှ ရုတ်တရက် ကျယ်လောက်သောအသံတစ်ခု ထွက်ပေါ်လာပြီး လမ်းကြိုလမ်းကြားတစ်လျှောက် ပျံ့နှံ့သွားသည်ကို ကြားလိုက်ရ၏။
“ငါက အင်မော်တယ်ရှားဂိုဏ်းရဲ့ အရာရှိ ဖန်ကျီပဲ။”
“ဒီနေ့ကစပြီး၊ မီယွင်မြို့က ပိုင်ရှင်ပြောင်းသွားပြီ။ ဒီမြို့ကို ငါတို့အင်မော်တယ်ရှားဂိုဏ်းက အပိုင်သိမ်းလိုက်ပြီ။”
“မင်းတို့ အရင်က လုမိသားစုနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအားလံဒးက အကျုံးမဝင်တော့ဘူး၊ အသစ်ပြန်ချုပ်ဆိုရမယ်။”
“မင်းတို့ အရင်က အိမ်ငှားခဲ့သည်ဖြစ်စေ၊ ဝယ်ခဲ့သည်ဖြစ်စေ၊ အခု မင်းတို့မပိုင်တော့ဘူး။”
“အိမ်တွေထဲမှာ နေထိုင်နေကြတဲ့ ကျင့်ကြံသူအားလုံး စာရင်းသွင်းဖို့နဲ့ ငှားရမ်းခပေးဆောင်ဖို့ ထွက်လာကြပါ။ အိမ်တစ်လုံးစီက လစဉ် အလယ်အလတ်ဝိညာဉ်ကျောက်တုံးနှစ်တုံး ပေးဆောင်ရမယ်။”
“ဒီနေ့ စာရင်းမသွင်းရင် မနက်ဖြန် အိမ်ထဲကနေ နှင်ထုတ်ခံရလိမ့်မယ်။ ငါ့ကို ကြိုမပြောဘူးလို့ အပြစ်မတင်နဲ့။”
ဝုန်း….။
သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်၊ လမ်းပေါ်ရှိ ခြံတံခါးများအားလုံးပွင့်သွားကြပြီး၊ မကျေနပ်သော မျက်နှာအမူအရာများဖြင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ကျိုးစွေ့သည်လည်း အိမ်ထဲမှ ထွက်လာပြီး အင်မော်တယ်ရှားဂိုဏ်း၏ အဝတ်အစားများဝတ်ဆင်ထားသော သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးအား ချက်ချင်ဆိုသလို တွေ့လိုက်ရသည်။ ထိုသူမှာ အရာရှိ ဖန်ကျီဖြစ်ပြီး၊ ချီသန့်စင်ခြင်း အဆင့်(၈)ရှိ ကျင့်ကြံသူတစ်ဦးဖြစ်လေသည်။
ထို့အပြင် သူ၏ဘေးတွင် ကင်းလှည့်ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ရပ်နေပြီး၊ အားလုံးသည် အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၇)တွင် ရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ အကယ်၍ သင်သည် မီယွင်မြို့တွင် ကင်းလှည့်တစ်ဦးဖြစ်လိုပါက၊ အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၇)ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။ ကျင့်ကြံမှုအဆင့် အလွန်နိမ့်ကျနေပါက၊ သင်သည် အခြေအနေကို ထိန်းချုပ်နိင်မည်မဟုတ်ဘဲ အခြားတစ်ကိုယ်တော်ကျင့်ကြံသူများ၏ ကြောက်ရွံ့ခြင်းကို ခံရမည်မဟုတ်ပေ။
ဤကင်းလှည့်အဖွဲသည် ရှိနေသော တစ်ကိုယ်တော်ကျင့်ကြံသူများအား ပါးစပ်ပိတ်သွားစေရန် လုံလောက်လေ၏။