ခိုကိုးရာမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် မြို့ပြင်ဈေး။
Vol. 3 Ch. 33
တစ်ခဏအကြာ။
အင်မော်တယ်ရှားဂိုဏ်း၏ အရာရှိဖန်ကျီသည် အိမ်တိုင်းမှ ကျင့်ကြံသူများ ထွက်လာသည်ကို မြင်သောအခါ အတော်လေးကျေနပ်သွားသည်။
“တကယ်လို့ ခင်ဗျားတို့ လက်ရှိအိမ်တွေမှာ ဆက်လက်နေထိုင်ချင်ရင်၊ အိမ်ရာအခွင့်အရေးရရှိဖို့အတွက် မီယွင်မြို့အုပ်ချုပ်ရေးခန်းမကို သွားရောက်စာရင်းသွင်းပြီး ငှားရမ်းခ ပေးဆောင်ကြပါ။”
“အင်း၊ အကယ်လို့ ခင်ဗျားတို့မှာ ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေ မရှိဘူးဆိုရင်၊ ကျုပ်တို့အင်မော်တယ်ရှားဂိုဏ်းအတွက် မိုင်းလုပ်သားတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအခါကျရင် ခင်ဗျားတို့ မီယွင်မြို့မှာ အခမဲ့နေထိုင်နိုင်မယ့်အပြင်၊ လစဉ် အလယ်အလတ်ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် လစာရအုံးမှာပါ။”
“မိုင်းလုပ်သားမလုပ်ချင်ဘူးဆိုလည်း ကျုပ်တို့ရဲ့ အင်မော်တယ်ရှားဂိုဏ်းမှာ ဝိညာဉ်စိုက်ခင်းတွေ ရှိပြီး တောင်သူအများအပြား လိုနေပါတယ်။ ခင်ဗျားတို့ ကျုပ်တို့နဲ့ ပူးပေါင်းနိုင်တယ်။ ဒါပေမဲ့ လစာကတော့ တစ်လကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ဆယ်တုံးသာဖြစ်ပြီး နည်းနည်းတော့ နည်းပါတယ်။”
သူက အင်မော်တယ်ရှားဂိုဏ်း၏ လက်ရှိအလုပ်အကိုင်အခြေအနေအား အကျဉ်းချုံးပြောကြားလိုက်သည်။
စကားပြောပြီးနောက် အရာရှိသည် ကင်းလှည့်အစောင့်အဖွဲ့နှင့်အတူ နောက်လမ်းကြားတစ်ခုဆီသို့ ဆက်လက်ထွက်ခွာသွားလေသည်။
ထိုလူများ ထွက်ခွာသွားပြီးမှသာ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ အသံထွက်ရဲကြတော့သည်။
“ရက်စက်လွန်းတယ်၊ တစ်လကို အလယ်အလတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးတဲ့၊ ဒါငါတို့ဝယ်ထားတဲ့ပိုင်ဆိုင်မှုလေ။ ဘာအကြောင်းပြချက်မှမရှိဘဲ ပြန်သိမ်းမယ်လို့ အလွယ်လေးပြောလိုက်တာက တကယ့်ကို ဗိုလ်ကျလွန်းတယ်။” ကျန်းချန်က လက်သီးများတင်းနေအောင်ဆုပ်ကာ လုံးဝမကျေမနပ်ဖြစ်နေလေသည်။
ပိုင်ဆိုင်မှုများကို သိမ်းဆည်းခံရခြင်းသည် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ ဆုံးရှုံးရသည်နှင့် ညီမျှပြီး၊ မည်သူမျှ ထိုသို့သော ဆုံးရှုံးမှုအား ခံနိုင်မည်မဟုတ်ပေ။
သို့သော် အင်မော်တယ်ရှားဂိုဏ်းအား လက်တွေ့တွင် သူ အာမခံနိုင်ပေ။
“အတိအကျပဲ၊ ဒီလောက်ကြီးတဲ့ဂိုဏ်းကြီးဖြစ်ပြီး ငါတို့လို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ လာပြိုင်နေတာ လုံးဝကိုအရှက်မရှိဘူး။”
“ဟင်း..။ ငါကြားတာတော့ တိမ်မြူခိုးတောင်တန်းထဲက သတ္တုကြောတွေကို အပိုင်စီးနိုင်ဖို့အတွက် အင်မော်တယ်ရှားဂိုဏ်းက ဆုံးရှုံးမှုအကြီးအကျယ်ကြုံခဲ့ရတယ်။ အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်တောင် ဆုံးရှုံးခဲ့ရတယ်ဆိုပဲ။ ဒါကြောင့်၊ ဒီဆုံးရှုံးမှုကို ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေဆီကနေ ပြန်ဖာထေးချင်နေကြတာ။”
“အားနည်းသူက အားကြီးသူကို မယှဉ်နိုင်ဘူး၊ ငါတို့ တကယ်ပဲ အင်မော်တယ်ရှားဂိုဏ်းနဲ့ သေတဲ့အထိဆန့်ကျင့်သွားသင့်လား။ ငှားရမ်းခက ဈေးနှစ်ဆတောင်တက်သွားပြီ။ ငါတို့မတတ်နိုင်ဘူး။”
“ဟုတ်တယ်၊ တကယ်လို့ ငှားရမ်းခကို ပေးရမယ်ဆိုရင်၊ ငါတို့မှာ ဘာမှကျန်တော့မှာမဟုတ်တော့ဘူး။ ကျင့်ကြံဖို့ အရင်းအမြစ်တွေကို ဘယ်ကနေရှာရတော့မလဲ။”
“ငါတို့ မိုင်းလုပ်သားတွေအဖြစ် လုပ်လိုက်ကြရင်ကော..? အစားအသောက်နဲ့နေစရာအပြင် လစာပါရမယ်။ အလုပ်အခြေအနေက တော်တော်ကောင်းပုံပဲ။”
“ချီးကိုကောင်းပါ့လား။ ဒါတွေအားလုံးက အင်မော်တယ်ရှားဂိုဏ်းရဲ့ အစီအစဉ်ပဲ။ အိမ်ဈေးနှုန်းတွေ တမင်မြှင့်ပြီး ငါတို့ကို သတ္တုတူးခိုင်းမလို့ပဲ။”
“သိပ်မှန်တယ်။ သတ္တုတူးတာက အလုပ်ကောင်းဆိုရင် အင်မော်တယ်ရှားဂိုဏ်းတပည့်တွေ တန်းစီနေမှာပေါ့။ ငါတို့အလှည့်ကျနေအုံးမယ် အားချီးချီး။”
“ရွှေနီသတ္တုကြောဝန်းကျင်မှာ အကြာကြီးနေမိရင်၊ ငါ့တို့ခန္ဓာကိုယ်ကို ရွှေနီစွမ်းအင်တိုက်စားတာကို ခံရလိမ့်မယ်။ ငါတို့ရဲ့ မရီဒန်တွေနဲ့ အတွင်းအင်္ဂါတွေကို ပျက်စီးစေပြီးတော့၊ အခြေတည်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်မရှိတော့အောင် လုပ်လိုက်လိမ့်မယ်။”
“ဒီကောက်ကျစ်တဲ့ အင်မော်တယ်ရှားဂိုဏ်းက ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို အသုံးချခံပစ္စည်းတွေလို ပေါ်တင်သဘောထားနေတာပဲကွ။”
စုဝေးနေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် လက်သီးများတင်းနေအောင် ဆုပ်လိုက်ကြသည်။
သူတို့သည် ငတုံးများမဟုတ်လေရာ၊ အင်မော်တယ်ရှားဂိုဏ်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းစွာမြင်နိုင်ကြသည်။ ၎င်းမှာ သူတို့အား ဖိအားပေး၍ အင်မော်တယ်ရှားဂိုဏ်းအတွက်၊ သတ္တုတွင်းများအား ရိတ်သိမ်းပေးမည့် အသုံးချခံမိုင်းလုပ်သားများအဖြစ် အသုံးချလိုခြင်း ဖြစ်လေသည်။
သူတို့၏ပင်ကိုယ်ပါရမီများက ထူးခြားခြင်းမရှိကြသော်လည်း၊ တစ်ဦးစီတိုင်းသည် အင်မော်တယ်လမ်းစဉ်အား ခြေချနိုင်ရန် အခြေတည်အဆင့် အိပ်မက်အား မက်နေကြသူများ ဖြစ်ကြသည်။
ဤသည်မှာ တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံး၏ ရည်မှန်းချက်ဖြစ်လေ၏။ ယခုတွင်မူ ဤလက်ကျန် မျှော်လင့်ချက်လေးကိုပင် အင်မော်တယ်ရှားဂိုဏ်းက ရိုက်ချိုးချင်နေလေပြီ။
“ဒီတိုင်းသာဆို ဘယ်လိုလုပ်မလဲ။ ငါတို့ မီယွင်မြို့ကနေ ထွက်သွားလို့မဖြစ်ဘူစ။”
“အဟတ်၊ ရိုးရိုးသားသားပြောရရင် ငါထွက်မသွားဘူး။ ဒီမြို့ကလွဲရင် တခြား တစ်ကိုယ်တော်ကျင့်ကြံသူမြို့တွေက အတူတူနဲ့အနူနူပဲ။”
“အမှန်ပဲ။ ပြောရရင် မီယွင်မြို့က အဆင်ပြေနေတုန်းပဲ။ အနည်းဆုံးတော့ စားစရာ၊သောက်စရာနဲ့ ပေါများတဲ့ အရင်းအမြစ်တွေ ရှိတယ်။ တခြားနေရာတွေမှာဆိုရင် ရှင်သန်ဖို့ ပိုခက်လိမ့်မယ်။”
“ဒီလိုဆိုရင် ငါတို့မြို့ပြင်ကို ပြောင်းတာ ပိုကောင်းမယ်။ ငါကြားထားတာ တစ်ကိုယ်တော်ကျင့်ကြံသူ အများကြီးက မဟာမိတ်ဖွဲ့ပြီး မြို့ပြင်မှာ ဈေးတစ်ခုတည်ဖို့ ကြံနေကြတယ်တဲ့။ ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ အတူတကွ စည်းလုံးနေသရွေ့ တိမ်မြူခိုးတောင်တန်းမှာလည်း ကောင်းကောင်းရှင်သန်နိုင်တယ်။ ပြီးတော့ အပြင်ဘက်က ငှားရမ်းခက အများကြီးသက်သာပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ လိုတယ်။”
“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးလား။ ဒါက အလကားနေရတာနဲ့ တူတူလောက်ပဲလေ။ ဒီလိုနေရာမျိုးရှိနေမှတော့ အရူးပဲ မီယွင်မြို့ထဲ နေဖို့ရွေးမှာပေါ့။”
“ဒီလိုတော့ ဘယ်ပြောရမလဲကွာ။ အပြင်ကဈေးနဲ့ မီယွင်မြို့ကို ဘယ်ယှဉ်လို့ရမှာလဲ။ အနည်းဆုံးတော့ မြို့မှာ ကာကွယ်ပေးမယ့် အစောင့်တွေရှိတယ်။ လုယက်သူတွေ မြို့ထဲမှာ မဆင်မခြင်မလုပ်ရဲဘူးလေ။ လုံခြုံရေး အာမခံချက်ရှိတယ်လေကွာ။”
“အေးလေ၊ အပြင်မှာ ဘာစည်းမျဉ်းမှမရှိဘူး။ လုယက်သူတွေ အချိန်မရွေးလှုပ်ရှားနိုင်တယ်။ မင်း ဘယ်လိုသေလို့သေမှန်းမသိတောင် ဖြစ်သွားအုံးမယ်။”
“အေး၊ မြို့ထဲမှာနေတာ ပိုလုံခြုံမှန်း မသိတဲ့သူရှိမလားဟ။ ပြဿနာက မင်းတတ်နိုင်လို့လား။ တစ်လကို အလယ်အလတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကွ။ ကိုင်း၊ အဲ့ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးနဲ့ဆို ငါ့ကျင့်ကြံမှုကို တိုးမြှင့်ဖို့ ဆေးလုံးတွေပဲ ဝယ်ပစ်မှာပေါ့ဟ။”
“ဟုတ်တယ်။ မီယွင်မြို့က ကြီးချင်ကြီးလိမ့်မယ်။ ငါတို့အတွက်တော့ နေရာမရှိတော့ဘူး။”
“အခုမီယွင်မြို့က အရင်ကလို တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့မြို့ မဟုတ်တော့ဘူး၊ ရေမြောင်းထဲဆင်းနေဖို့တောင် မတတ်နိုင်တော့ဘူး။”
တစ်ကိုယ်တော်ကျင့်ကြံသူများသည် အခြေအနေအား အလေးအနက်ဆွေးနွေးနေကြကာ ကူကယ်ရာမဲ့သည်ဟု ခံစားနေကြရတော့သည်။
အချို့ နွမ်းပါးသော ကျင့်ကြံသူများသည် အထုပ်အပိုးများ စတင်ပြင်ဆင်ကြပြီး၊ မြို့ပြင်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများဈေးတွင် နေထိုင်ရန် ပြင်ဆင်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ အပြင်ဘက်ရှိ ဈေးနှုန်းများက အတော်လေးသက်သာကာ၊ မြို့ရှိ့ဈေးနှုန်းသည် လွန်စွာမြင့်မားလွန်းလေသည်။
ဤအချိန်တွင် အချို့သော ရင်းနှီးသည့် အိမ်နီးချင်းကျင့်ကြံသူများ အထုပ်အပိုးများ စတင်ပြင်ဆင်ကာ၊ တစ်ယောက်ပြီးတစ်ယောက် မီယွင်မြို့မှ ထွက်ခွာသွားသည်အား ကျိုးစွေ့ တွေ့မြင်နေရလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် လုံလောက်သော ဝိညာဉ်ကျောက်တုံးများ မပိုင်ဆိုင်ကြသောကြောင့် မြင့်မားသော ငှားရမ်းခကို မပေးဆောင်နိုင်ကြပေ။ သူတို့သည် မြို့ပြင်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများဈေးတွင်သာ နေထိုင်နိုင်လေသည်။
မည်သို့ပင်ဖြစ်စေ၊ ကျင့်ကြံသူအများစုသည် တစ်နေ့လုပ်၊တစ်နေ့စားများဖြစ်ပြီး ရှာဖွေရရှိသော ဝိညာဉ်ကျောက်တုံးများအား ကျင့်ကြံမှုတိုးမြှင့်နိုင်ရန် ဆေးလုံးများ ဝယ်ယူရာတွင် အသုံးပြုလေ့ရှိပေသည်။
သို့သော် ကျိုးစွေ့မှာမူ တူညီသော ဆိုးရွားသည့်အခြေအနေတွင်မရှိပေ။ သူ့တွင် ဝိညာဉ်ကျောက်တုံးများစွာ ရှိ၏။ ထို့ကြောင့် မီယွင်မြို့အုပ်ချုပ်ရေးခန်းမသို့ သွားရောက်ပြီး၊ အလယ်အလတ်ဝိညာဉ်ကျောက်တုံးဆယ့်နှစ်တုံး ကုန်ကျစရိတ်ဖြင့် နှစ်ဝက်စာ ငှားရမ်းခ ပေးဆောင်ခဲ့လေသည်။
“မအေပေး အင်မော်တယ်ရှားဂိုဏ်း၊ သိပ်မကြာခင် မင်းတို့ ပြန်ပေးဆပ်စေရမယ်။”
လက်သီးကျစ်ကျစ်ပါဆုပ်၍ ကျိုးစွေ့အံ့ကြိတ်လိုက်သည်။ အိမ်အား မတရားလုယက်ခံရပြီး မြင့်မားသောငှားရမ်းခအား ဆက်လက်ပေးဆောင်ရလျှင် မည်သူမဆို ထိုသို့သော ဒေါသအား သည်းခံထားနိုင်မည်မဟုတ်ပေ။
အနာဂတ်တွင် အိမ်တစ်လုံး ဝယ်ယူမိပါက သူသည် အမှန်တကယ် ငတုံးတစ်ကောင်ဖြစ်ပေမည်။ ဤလောကတွင် အိမ်ပိုင်ဆိုင်ခွင့်သည် အာမခံချက်မရှိပေ။
သူသည် မဆင်မခြင်ပြုမူတတ်သူမဟုတ်သဖြင့်၊ အင်မော်တယ်ရှားဂိုဏ်းအား ကမူးကရူး ရင်ဆိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးဖြစ်၏။
သို့သော် ဤမတရားမှုအား ကောင်းစွာမှတ်သားထားပေမည်။
မြင့်မားသောကျင့်ကြံမှုကို ရရှိသည်နှင့်တစ်ပြိုင်နက်၊ အကြွေးပြန်တောင်းရမည့်တစ်နေ့ ရှိလာပေလိမ့်မည်။
ယခုအတွက်မူ၊ ယာယီသည်းခံရုံသာ သူတတ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၅)တွင်သာ ရှိနေသေးပြီး၊ ဘောင်မဝင်သေးချေ။
“ဦးလေးကျန်း၊ ခင်ဗျား ဘယ်သွားဖို့စီစဉ်ထားလဲ။”
အိမ်သို့ပြန်ရောက်သော် ကျိုးစွေ့သည် အိမ်နီးချင်းကျန်းချန်က ခရီးဆောင်အိတ်များ ထုပ်ပိုးနေသည်အား သတိပြုမိလိုက်သည်။
“ဟင်း..။ ငါ မိုင်းတွင်းလုပ်သားအဖြစ် လုပ်ဖို့ စီစဉ်ထားတယ်။ မကြာခင် သွားရတော့မယ်ထင်တယ်။”
ကျန်းချန်က အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“မိုင်းတွင်းလုပ်သား?။”
ကျိုးစွေ့ အံ့အားသင့်သွားသည်။ “ဦးလေးကျန်း၊ ခင်ဗျားက ဆေးဖော်ဆရာ မဟုတ်ဘူးလား။ မိုင်းတွင်းလုပ်သားအဖြစ် လုပ်ဖို့ မလိုသင့်ဘူးလေဗျာ။ ပြီးတော့ ရွှေနီသတ္တုတွင်းမှာ ရေရှည်နေထိုင်ရင် ခင်းဗျား ဒီဘဝမှာ အခြေတည်အဆင့်ရောက်ဖို့ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားနိုင်တယ်။”
ကျန်းချန်က ဤလမ်းကြောင်းအား ရွေးချယ်လိမ့်မည်ဟု သူဘယ်တုံးကမှ မမျှော်လင့်ခဲ့ပေ။
“ငါ့မှာ ရွေးချယ်စရာမရှိဘူး။ ငါက ပထမအဆင့် ဆေးဖော်ဆရာဆိုပေမဲ့ ပထမအဆင့် အလယ်အလတ်အဆင့်ပဲရှိတယ်။ အများဆုံး သာမန်ဆေးလုံးတွေကိုပဲ ဖော်စပ်နိုင်တယ်။ ငါ့မိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကို ဒီဆေးဖော်ပညာပေါ်မှာ ကုန်ဆုံးခဲ့ပြီးနေပြီ၊ ဒီငှားရမ်းခကို ဘယ်လိုမှ မတတ်နိုင်တော့ဘူး။”
ကျန်းချန်က စိတ်ပျက်လက်ပျက်ဖြင့် “ပြီးတော့ အပြင်ဘက်က တစ်ကိုယ်တော်ကျင့်ကြံသူများဈေးက အရမ်းအန္တရာယ်များတယ်။ ငါလိုဆေးဖော်ဆရာက အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူများဈေးကို သွားရင် သေချာပေါက် လွယ်လွယ်ကူကူ ပစ်မှတ်ထားခံရမှာပဲ။”
“ရွေးချယ်စရာတွေကို ချိန်ဆပြီးတဲ့နောက်၊ အင်မော်တယ်ရှားဂိုဏ်းကို မိုင်းတွင်းလုပ်သားအဖြစ် ပူးပေါင်းလိုက်တာ ငါ့အတွက်ပိုကောင်းမယ်။ဒီနည်းနဲ့ဆို မီယွင်မြို့မှာ အခမဲ့နေထိုင်နိုင်ပြီး အတော်လေးများတဲ့ လစာကိုလည်း ရရှိနိုင်မယ်။”
“အင်းပေါ့လေ၊ ရွှေနီစွမ်းအင် ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်မဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိမှာပေါ့။ ဒါပေမဲ့ လုယက်သူတွေရဲ့ အသတ်ခံရတာထက်တော့ ပိုကောင်းနေတုန်းပဲ။ ဒါ့အပြင် ဒီဘေးထွက်ဆိုးကျိုးက နည်းလမ်း မရှိတာတော့ မဟုတ်ဘူး။ ဝိညာဉ်ကျောက်တုံးတွေ ပိုလိုအပ်တာပဲ ရှိတယ်။”
“တကယ်တော့ ငါတစ်ယောက်တည်း ဒီရွေးချယ်မှုကို လုပ်ခဲ့တာမဟုတ်ဘူး။ ငါတို့အိမ်နီးချင်းအများကြီးလည်း မိုင်းတွင်းလုပ်သား ဖြစ်လာဖို့ ရွေးချယ်ပြီး အင်မော်တယ်ရှားဂိုဏ်းနဲ့ သူတို့အတွက် သတ္တုတူးဖို့ စာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ ဒါက တော်တော်လေးကောင်းတဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်တယ်လေ။”
သက်ပြင်းချလိုက်ပြီး သူ၏ကံကြမ္မာကို လက်ခံလိုက်လေသည်။ ၎င်းသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ရခြင်း၏ အားကိုးရာမဲ့ခြင်း ဖြစ်လေ၏။
သူသည်လည်း အင်မော်တယ်ရှားဂိုဏ်း၏ ခေါင်းပုံဖြတ်ခြင်းကို မခံလိုသော်လည်း၊ လက်တွေ့အခြေအနေက သူ့အား ဘေးကျပ်နံကျပ်ဖြစ်နေစေသည်။