အခြေတည်အဆင့်၏ လျှို့ဝှက်အဆင့်သုံးဆင့်။
Vol. 3 Ch. 34
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မီယွင်မြို့သည် အံ့ဩဖွယ်ကောင်းသော အပြောင်းအလဲများကို တွေ့ကြုံခဲ့ရသည်။ ကျင့်ကြံသူအများအပြားသည် ငှားရမ်းခကို မတတ်နိုင်ကြဘဲ အပြင်ဘက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများဈေးတွင် နေထိုင်ရန် ပြောင်းရွှေ့သွားကြရာ အိမ်အလွတ်အများအပြား ကျန်ရစ်ခဲ့သည်။
သို့သော် နယ်ခြားကျင့်ကြံသူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာကြပြီး၊ သူတို့၏ကျင့်ကြံမှုအဆင့်များမှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိကြလေသည်။
မည်သို့ပင်ဖြစ်စေ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများသာလျှင် ဤမျှမြင့်မားသော ငှားရမ်းခများကို တတ်နိုင်ပေသည်။
ရောက်လာသူများနှင့် ထွက်ခွာသွားကြသူများက မီယွင်မြို့ကို ပိုမိုအသက်ဝင်စေခဲ့သလို၊ ပိုမို၍လည်း ရှုပ်ထွေးပွေလီလာစေသည်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် နယ်ခြားကျင့်ကြံသူများဖြစ်ကြပြီး၊ ပြင်ပတွင် ဗိုလ်ကျစိုးမိုးနေကျဖြစ်ကာ အင်မော်တယ်ရှားဂိုဏ်းကလည်း မြို့ကို အလေးအနက်ထား စီမံခန့်ခွဲခြင်းမရှိသောကြောင့်၊ ကျင့်ကြံသူများသည် မြို့ထဲတွင် မကြာခဏ တိုက်ခိုက်ကြပြီး သွေးထွက်သံယိုမှုများ ဖြစ်ပွားစေ၏။
“ယောက်ျား၊ မနေ့က လမ်းမကြီးပေါ်မှာ ချီသန့်စင်ခြင်း အဆင့်(၇)ကျင့်ကြံသူတချို့ သေသွားတယ်တဲ့။”
ကျိပင်းယွီသည် စုံစမ်းသိရှိခဲ့သောသတင်းအား ပြောပြလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။”
ကျိုးစွေ့က စူးစမ်းလိုက်သည်။
“ဆေးတစ်ပုလင်းအတွက် ပြိုင်ဆိုင်ကြတာဆိုပဲ။”
ကျိပင်းယွီက “ဒန်ဆေးစံအိမ်မှာ ပစ္စည်းတွေပြတ်လပ်ကုန်တော့ ဟွမ်းလုံဆေးလုံးက နောက်ဆုံးလက်ကျန် တစ်ပုလင်းပဲ ကျန်တယ်တဲ့။ နှစ်ဘက်စလုံးက အဲ့ဒါကို လိုချင်ကြတော့ စကားများရန်ဖြစ်ကြရာကနေ ကျင့်ကြံသူတော်တော်များများ သေကုန်ကြတယ်။ နောက်ဆုံး ကင်းလှည့်အဖွဲ့ ဖြတ်သွားမှ အဲ့ဒီတိုက်ပွဲကို ရပ်တန့်နိုင်ခဲ့တယ်တဲ့။ မဟုတ်လို့ကတော့ လူတွေ အသေအဆုံးပိုတောင်များလောက်တယ်တဲ့။”
ဘာရယ်..။
ကျိုးစွေ့ စကားပင်ပြန်မပြောနိုင် ဖြစ်သွားသည်။ ဆေးတစ်ပုလင်းအတွက် အသက်များ ပေးခဲ့ကြရသည်တဲ့လား။ ဤလူများက အလွန်ပင် စိတ်ဆတ်လွယ်ကြ၏။
အချိန်တိုအတွင်း မီယွင်မြို့သည် ၎င်း၏ယခင်ငြိမ်းချမ်းမှုအား ပြန်လည်မရရှိနိုင်မည်အား စိုးရွံ့မိတော့သည်။
“အင်း၊ အတွင်းသတင်းကတော့ အဲ့ဒီလောက် မရိုးရှင်းဘူး။ တကယ်တော့ အဲ့ဒီနှစ်ဖွဲ့က အရင်ကတည်းက ရန်ငြိုးတွေ ရှိတယ်တဲ့။ သူတို့က အဓိကကျင့်ကြံသူမိသားစုကြီး နှစ်ခုကဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ရန်ငြိုးတွေ ရှိတယ်လို့ ပြောကြတယ်။”
မုဇီယန်က “အင်မော်တယ်ရှားဂိုဏ်းက သူတို့ကို ဖိတ်ခေါ်လာခဲ့ပေမယ့် အဲ့ဒီမိသားစုနှစ်စုက သူတို့ရဲ့ရန်ငြိုးတွေက ဘေးဖယ်မထားခဲ့ကြဘူးလေ။ အဲ့ဒီတော့ တိမ်မြူခိုးတောင်တန်းရဲ့ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်အတွင်းမှာ ပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန်လာစေတော့တာပေါ့။”
“အပေါ်ယံကြည့်ရင်တော့ ဆေးတစ်ပုလင်းအတွက် တိုက်ပွဲဖြစ်ကြပုံပေါက်ပေမယ့်၊ တကယ်က ဒါက ခေါင်းစဉ်သပ်သပ်ပဲ။ မဟုတ်လည်း အခြားအရာတွေနဲ့ ပဋိပက္ခတွေ ဖြစ်ကြမှာပဲ။”
“ကျင့်ကြံသူမိသားစုတွေလား။”
ကျိုးစွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တကယ်တော့ သူလည်း ထိုအကြောင်းအရာအား တွေးမိပေသည်။ ဤတစ်ခေါက် တိမ်မြူတောင်တန်းကို ဖွင့်လှစ်ရန်အတွက်၊ အင်မော်တယ်ရှားဂိုဏ်းက အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူမိသားစု အများကြီးအား ဆင့်ခေါ်ခဲ့၏။ သို့သော် ထိုကျင့်ကြံသူမိသားစုများသည် အချင်းချင်း ပဋိပက္ခများ ရှိကြပြီး၊ ယခုအခါ တိမ်မြူခိုးတောင်တန်းကဲ့သို့ ထိုနေရာတွင် သေဆုံးသွားလျှင်တောင်မှ မည်သူ့ကိုမှ တာဝန်ခံခိုင်းနိုင်မည်မဟုတ်သော၊ မည်သည့်စည်းမျဉ်းမျှမရှိသော နေရာတစ်ခုတွင် လာရောက်ဆုံနေကြလေပြီ။ ထို့ကြောင့် သူတို့ကြားရှိ အတွင်းပိုင်းတိုက်ပွဲများက ပို၍သာ ပြင်းထန်လာပေမည်။
သို့သော် ကျွဲနှစ်ကောင်ခတ်လျှင် ကြားက မြေစာပင်များသာ အထိနာလေသည်။
ဤကျင့်ကြံသူမိသားစုများကြားက တိုက်ပွဲများသည် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများကိုလည်း သက်ရောက်မှုရှိလာပေလိမ့်မည်။
သူ ကူကယ်ရာမဲ့ ဖြစ်နေလေသည်။ ယင်းက အားနည်းသူ၏ ဝမ်းနည်းပူပန်မှု ဖြစ်၏။ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့်၊ အားကြီးသူများကြားက တိုက်ပွဲသည် သူ့အား ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်စေမည်ဖြစ်သည်။ အားကောင်းလာမှသာလျှင် အင်မော်တယ်လောကတွင် လွတ်လပ်စွာ ရှင်သန်နိုင်ပေမည်။
“ယွီအာ၊ မင်း အခြေတည်ဆေးလုံး ဝယ်ပြီးတော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ဖို့ နည်းလမ်းတစ်ခုခု မရှိဘူးလား။”
ကျိုးစွေ့က မေးလိုက်သည်။
အကယ်၍ ကျိပင်းယွီသာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပါက၊ သူမ၏အစွမ်းသည် ဆယ်ဆမက တိုးလာမည်ဖြစ်ပြီး ထိုအခါ ဤအနှောင့်အယှက်များကို စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။
အင်မော်တယ်ရှားဂိုဏ်းတွင်ပင် ဧည့်အကြီးအကဲ ဖြစ်လာနိုင်ပြီး၊ ယင်းက အာဏာအရှိန်အဝါကြီးသော ရာထူးတစ်ခုဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ကျိပင်းယွီသည်သာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လာနိုင်ပါက၊ ထိုကဲ့သို့သော မတည်ငြိမ်မှုများသည် အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။
“ယောက်ျား၊ အခြေတည်အဆင့်မှာ အဓိကအဆင့်သုံးဆင့် ရှိတယ်။”
ကျိပင်းယွီက တည်ကြည်စွာဖြင့် “ပထမအဆင့်က ချီနဲ့သွေးအဆင့်ပဲ။ ကျင့်ကြံသူတစ်ယောက်က ချီသန့်စင်ခြင်း အဆင့်(၉)ကို ရောက်တဲ့အခါမှာ သူ့ရဲ့ ချီနဲ့သွေးက ပြီးပြည့်စုံနေပြီး၊ သူ့ခန္ဓာကိုယ်က ဘာအပြစ်အနာအဆာမှ မရှိမှသာ အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနိုင်မယ်။ မဟုတ်ရင် သေချာပေါက် ကျရှုံးမှာပဲ။
လူတစ်ယောက်က အသက်ခြောက်ဆယ်ရောက်ပြီးတဲ့နောက် အခြေတည်အဆင့်အောင်မြင်မှုနှုန်းက ဘာဖြစ်လို့ သိသိသာသာ ကျဆင်းသွားတာလဲဆိုတော့၊ အသက်ခြောက်ဆယ်နောက်ပိုင်းမှာ လူ့ခန္ဓာကိုယ်ထဲက ချီနဲ့သွေးက သိသိသာသာကျဆင်းသွားလို့ပဲ။ အဲ့ဒါက အခြေတည်အဆင့်ကျရှုံးမှုကို ဖြစ်စေတယ်။”
“ဒုတိယအဆင့်ကတော့ မှော်စွမ်းအင်အဆင့်ပဲ။ ချီကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အစစ်အမှန်ချီရှိတယ်လေ။ သူတို့ ချီသန့်စင်ခြင်း အဆင့်(၉)ကိုရောက်တဲ့အခါ အစစ်အမှန်ချီကို သိပ်သည်းစေပြီးတော့ မှော်စွမ်းအင်အဖြစ် မပြောင်းလဲခင်မှာ ပြီးပြည့်စုံစေရမယ်။”
“အကယ်လို့ ကျင့်ကြံသူတစ်ယောက်က အဆင့်နိမ့်ကျင့်စဉ်တွေကို ကျင့်ကြံလို့ အစစ်အမှန်ချီရဲ့ အရည်အသွေးက နိမ့်ကျနေရင်၊ ဒါမှမဟုတ် အစစ်အမှန်ချီက လုံလောက်အောင် အားမကောင်းဘူးဆိုရင်၊ ဒါကလည်း အစစ်အမှန်ချီကို ပြီးပြည့်စုံအောင် မလုပ်နိုင်ဘဲ မှော်စွမ်းအင်အဖြစ် မပြောင်းလဲနိုင်တော့ဘူး။ အဲ့လိုနဲ့ ကျရှုံးရမှာပဲ။”
“တတိယအဆင့်ကတော့ ဝိညာဉ်အသိစိတ်ပေါ့။ သာမန်ချီကျင့်ကြံသူတွေတိုင်းမှာ ဝိညာည်အသိစိတ်ရှိပါတယ်။ ပြဿနာကတော့ ဝိညဉ်အသိစိတ်ကို အတွင်းမြင်အာရုံအတွက်ပဲ သုံးနိုင်တယ်၊ ဒါမှမဟုတ် သိုလှောင်အိတ်တွေကို ဖွင့်တာ၊ အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားတွေ ကြည့်တာ စတာတွေလောက်ပဲ သုံးနိုင်တယ်။ အပြင်ကို မထုတ်လွှတ်နိုင်ဘူး။”
“ဒါပေမဲ့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်ကို တက်လှမ်းချင်ရင်တော့၊ ရှင့်ရဲ့ဝိညာဉ်အသိစိတ်ကို အခြေတည်အဆင့် ဝိညာဉ်အသိစိတ်အဖြစ် တိုးမြှင့်နိုင်ဖို့ လိုတယ်။ အဲ့လိုမှပဲ ရှင့်ရဲ့ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး ပေပေါင်းများစွာကို လွှမ်းခြုံနိုင်မှာ ဖြစ်သလို၊ ရှင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုလည်း အံ့ဖွယ်ကောင်းအောင် တိုးတက်စေနိုင်မယ်။”
[ T.L Note - အတွင်းမြင်အာရုံဆိုတာ ကိုယ့်ခန္ဓာကိုယ်ကိုသာ သိမြင်ခံစားနိုင်ပြီး ပြင်ပဧရိယာကို အာရုံခံနိုင်စွမ်းမရှိတာကို ပြောချင်တာပါခင်ဗျာ။]
“အခြေတည်အဆင့်ကို အောင်မြင်စွာ တက်လှမ်းချင်ရင်တော့၊ အောင်မြင်နိုင်ခြေရှိဖို့အတွက် အဆင့်သုံးဆင့်လုံးကို ပြီးမြောက်အောင် လုပ်ရမယ်။ မဟုတ်လို့ကတော့ သေချာပေါက် ကျရှုံးရမှာပဲ။”
ဤနေရာတွင် သူမက ခဏရပ်လိုက်ပြီး ကျိုးစွေ့ကို တစ်ချက်ကြည့်ကာ လှပသော မျက်နှာလေးက ချက်ချင်းနီမြန်းသွားလေသည်။
“တတိယအဆင့်က အခက်ခဲဆုံးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်အသိစိတ်ရဲ့စွမ်းအားကို တိုးမြှင့်ချင်ရင် ထိပ်တန်းကျင့်စဉ်တွေ လိုတယ်။ ဒါပေမဲ့ အဲ့ဒီလို ကျင့်စဉ်တွေက အရမ်းကိုနည်းတယ်။ ထပ်တန်းဂိုဏ်းတွေမှာပဲ ရှိလောက်အောင်ထိ ရှားပါးတယ်၊ သာမန်ကျင့်ကြံသူမိသားစုတွေမှာတောင် ရှိဖို့ မဖြစ်နိုင်ဘူး။”
“ဝိညာဉ်အသိစိတ်ကို မြှင့်တင့်ပေးတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေက ပိုပြီးတန်ဖိုးရှိတယ်။ အခြေတည်အဆင့် ကျင့်ကြံသူတွေတောင် လိုချင်ကြပြီး ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယောက်ျားနဲ့ တူနှစ်ကိုယ်ကျင့်ကြံမှုကြောင့် ကျွန်မရဲ့ဝိညာဉ်အသိစိတ်က ဆက်တိုက်မြင့်တက်လာပြီးတော့ ဝိညာဉ်အသိစိတ်အဆင့်ကို ရောက်ရှိခဲ့ပြီ။ အခြေခံအသိစိတ်အဆင့်ထက် ပေပေါင်းများစွာအထိ တိုးချဲ့နိုင်ခဲ့ပြီး တတိယအဆင့်ကို ကျော်ဖြတ်ပြီးပြီလို့ သတ်မှတ်လို့ရတယ်။”
ယောက်ျားဖြစ်သူနှင့် တူနှစ်ကိုယ်ကျင့်ကြံခဲ့သည့် မြင်ကွင်းအား ပြန်လည်မြင်ယောက်လိုက်ရာ၊ သူမ၏မျက်နှာသည် ရဲပဒေါင်းခတ်သွားလေသည်။ ထိုအရာ၏ဆွဲဆောင်မှုအား သူစိမ်းများ နားလည်နိုင်မည် မဟုတ်ပေ။
“ဟုတ်တယ်။ ကျွန်မလည်း ဝိညာဉ်အသိစိတ်က အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာတယ်လို့ ခံစားရတယ်။ နောက်ထပ်တစ်နှစ်လောက်သာ ကျင့်ကြံပြီးရင် ကျွန်မလည်း အခြေတည်အဆင့် ဝိညာဉ်အသိစိတ်အဆင့်ကို ရောက်နိုင်လောက်မယ်။ အဲဒီအခါကျရင် တတိယအဆင့်ကို ကျော်ဖြတ်နိုင်မှာပဲ။”
မုဇီယန်သည်လည်း သဘောတူညီစွာ ခေါင်းညိတ်သည်။
သူမသည်လည်း အလားတူ ခံစားရပေ၏။ အထူးသဖြင့် သူမ၏ခင်ပွန်းနှင့် သဟဇာတဖြစ်သည့်အခါတိုင်း ဝိညာဉ်အသိစိတ်စွမ်းအားက အလွန်လျင်မြန်စွာ တိုးတက်လာသည်။ ဤသည်မှာ ဝိညာဉ်အသိစိတ်ကို တိုးပွားစေသော မည်သည့်စိတ်ဝိညာဉ်ပစ္စည်းကို အသုံးပြုရခြင်းထက်မဆို ပိုမိုအသုံးဝင်လှချေသည်။
“ဒါက..”
ရှားကျင်းယန်၏လှပသောမျက်ဝန်းများ ပြူးကျယ်သွားပြီး လွန်စွာ အံ့အားသင့်သွားလေသည်။ တူနှစ်ကိုယ်ကျင့်ကြံခြင်းသည် ယောက်ျားရော၊ မိန်းမရော နှစ်ဦးစလုံးအတွက် အကျိုးရှိသည်အား သူမ သိထားသော်လည်း ဤမျှလောက် အကျိုးကျေးဇူးကြီးမားလိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။
အဘယ်ကြောင့်ဆိုသော် ချီကျင့်ကြံသူများစွာ အခြေတည်အဆင့် မအောင်မြင်ရခြင်းအကြောင်းရင်းမှာ တတိယအဆင့်တွင် ကျရှုံးခဲ့သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပထမအဆင့်နှစ်ဆင့်အား ဆေးဝါးအမျိုးမျိုးဖြင့် ဖြည့်ဆည်းနိုင်သော်လည်း၊ တတိယအဆင့်မှာမူ ဖြည့်ဆည်းရန်နှင့်တိုးတက်ရန်မှာ လွန်စွာခက်ခဲလှချေသည်။
တစ်နည်းဆိုရသော်၊ သူမသာ ဤယောက်ျားနှင့် တူနှစ်ကိုယ်ကျင့်ကြံမည်ဆိုလျှင် သူမသည်လည်း အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ရှိလာမည် မဟုတ်ပါလော။
ပြဿနာသည်ကား သူမသာ ဤယောက်ျားထံ သူမကိုယ်သူမ ပုံအပ်လိုက်လျှင်၊ ထိုအကောင်စုတ် မျက်နှာဖြူကောင်အား အလှပဂေးသုံးယောက်ဖြင့် “မယားသုံးယောက်၊ မောင်းမတစ်ထောင်” ဖြစ်အောင် လမ်းစပေးသကဲ့သို့ ဖြစ်သွားစေပေမည်။
သို့သော်လည်း အခြေတည်အဆင့်နှင့် ကြီးမြတ်သောတာအိုအတွက် အနည်းငယ် စတေးရခြင်းက မဆိုးလှပေ။
သူမ၏နှလုံးသားက အပြင်းအထန်ခုန်နေသည်အား ခံစားလိုက်ရပြီး၊ မိမိအပြစ်ကင်းရန် ဆင်ခြေရှာနေသည့်အလား ဆင်ခြင်တုံတရားအား ပြင်းထန်စွာ တိုက်ခိုက်နေလေတော့သည်။