ဆေးဖော်စပ်ပညာရှင်အမွေအနှစ်၊ ကျင့်ကြံခြင်းလောက၏ ပညာရပ်ကြီးလေးမျိုး။
Vol. 3 Ch. 35
“ဒါဆို ပြောချင်တာက မင်း အခြေတည်အဆင့်ကို အခုထိမတက်လှမ်းနိုင်သေးတဲ့အကြောင်းရင်းက ပထမအတားအဆီးနှစ်ခုကို မကျော်ဖြတ်နိုင်သေးလို့ပေါ့။” ကျိုးစွေ့က မေးစေ့ကိုပွတ်လိုက်ရင်း သူ၏လက်တွဲဖော်ပြောသမျှအား နားလည်သွားသည်။
“ဟုတ်တယ်။”
ကျိပင်းယွီက ခေါင်းညိတ်လိုက်ပြီး “ကျွန်မက ချီသန့်စင်ခြင်း အဆင့်(၉) ဆိုပေမယ့်၊ ဒီနယ်ပယ်ကို တိုးမြှင့်ခဲ့တာ တစ်နှစ်၊ နှစ်နှစ်ပဲ ရှိသေးတယ်။ ဒီနယ်ပယ်ရဲ့ အထွတ်အထိပ်ကိုရောက်ဖို့ အကွာအဝေးတစ်ခု လိုနေသေးတယ်။
အခုမှ အသက်သုံးဆယ်ကျော်ဆိုတော့ အတော်လေးငယ်သေးတယ်၊ ကျွန်မရဲ့ ချီနဲ့သွေးက ကောင်းကောင်းသန်စွမ်းနေတုံးပဲ။ ဒါပေမဲ့ ကျင့်ကြံချိန်တိုသေးတော့ ကျွန်မကိုယ်ထဲက အစစ်အမှန်ချီက သူ့ရဲ့အထွတ်အထိပ်ကို မရောက်သေးဘူး။ အခြေတည်အဆင့်ကို ကြိုးစားတက်လှမ်းနိုင်ဖို့ အနည်းဆုံး နောက်တစ်နှစ်၊ နှစ်နှစ်လောက် လိုအပ်အုံးမယ်။”
“နှစ်နှစ်လား။ ဒါဆို အခုကတည်းက အခြေတည်ဆေးလုံးအကြောင်းကို စဉ်းစားထားလို့ရပြီဆိုတဲ့ သဘောလား။” ကျိုးစွေ့က မေးလိုက်သည်။
“ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ အခြေတည်ဆေးလုံးအရေအတွက်က ရှားပါးပြီး၊ ဒါတွေအားလုံးကို အဲ့ဒီဂိုဏ်းကြီးတွေက ထိန်းချုပ်ထားကြတယ်။ ကျွန်မ အရင်က မီယွင်မြို့လေလံပွဲကို သွားဖူးတယ်၊ ဒါပေမဲ့ ရောင်းချမယ့် အခြေတည်ဆေးလုံးတွေ မရှိခဲ့ဘူး။”
ကျိပင်းယွီသည်လည်း ကူကယ်ရာမဲ့ ဖြစ်နေလေသည်။
အဘယ်ကြောင့်ဆိုသော်၊ ဂိုဏ်းကြီးများသည် အခြေတည်ဆေးလုံးများကို လက်ဝါးကြီးအုပ်ထားသောကြောင့်၊ အခြေတည်ဆေးလုံးကို လိုချင်သည့် မည်သည့်တစ်ကိုယ်တော်ကျင့်ကြံသူမဆို ဂိုဏ်းများ၏ မတရားသောတောင်းဆိုချက်များအား လက်ခံကာ ၎င်းတို့အတွက် အလုပ်လုပ်ပေးရမည်ဖြစ်သည်။
မဟုတ်ပါက အခြေတည်ဆေးလုံး တစ်လုံး၊ နှစ်လုံး ထွက်ပေါ်လာမည့် လေလံပွဲတစ်ခုကို စောင့်ဆိုင်းရမည်သာ ဖြစ်သည်။
ထို့ကြောင့် လေလံပွဲတစ်ခုတွင် အခြေတည်ဆေးလုံး ထွက်ပေါ်လာတိုင်း၊ ၎င်းသည် ကျင့်ကြံသူမိသားစုများအား အရူးအမူးဖြစ်စေသည်။ လေလံပွဲတစ်ခုစီတိုင်းသည် အမြဲတစေ အလွန်ကြီးမြှင့်သော ဈေးနှုန်းများဖြင့် အဆုံးသတ်လေ့ရှိပြီး၊ ယင်းက တစ်ကိုယ်တော်ကျင့်ကြံသူများ လုံးဝမတတ်နိုင်သောအရာဖြစ်သည်။
“ဒီလိုဆိုရင်၊ ဘာလို့ ကိုယ့်ဘာသာ အခြေတည်ဆေးလုံး မဖော်စပ်ရတာလဲ။”
ကျိုးစွေ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူများကို အားကိုးရခြင်းထက် ကိုယ့်ကိုယ်ကို အားကိုးရခြင်းက အမြဲပင် ပို၍ကောင်း၏။ ထိုဂိုဏ်းများက မည်သည့်အချိန် အခြေတည်ဆေးလုံးအား ထုတ်ပေးမည်အား မည်သူသိနိုင်မည်နည်း။ သူ၏သေခြင်းရှင်ခြင်းအား တစ်ပါးသူများအား ထိန်းချုပ်ခွင့် မပေးနိုင်ပေ။
အခြားသူများက အခြေတည်ဆေးလုံး ဖော်စပ်ပေးသည်ကို စောင့်ဆိုင်းနေမည့်အစား ကိုယ်တိုင်ဖော်စပ်လိုက်ခြင်းက ပိုကောင်းသည်မဟုတ်လော။
“ယောက်ျား၊ ဆေးလုံးဖော်စပ်တာက ရှင်ထင်သလောက်မလွယ်ဘူး။”
မုဇီယန်က အကူအညီမဲ့စွာဖြင့် “ဆေးဖော်စပ်ပညာ၊ လက်နက်ဖန်တီးမှုပညာ၊ အစီအရင်ပညာ၊ အဆောင်ပညာ။ ဒါတွေက ကျင့်ကြံခြင်းလောကမှာ ကြီးမြတ်တဲ့ ပညာရပ်ကြီးလေးခုပဲ။ ဒီထဲမှာ ဆေးဖော်စပ်ပညာက ပထမနေရာမှာရှိတယ်။ ဒါက တန်ဖိုးအရှိဆုံးဖြစ်လို့တင်မကဘဲ၊ စိန်ခေါ်မှုအရှိဆုံးဖြစ်လို့လည်း ပါတယ်။
အင်း၊ ခက်ခဲမှုအရဆိုရင်တော့ အစီအရင်ပညာက အမြင့်ဆုံးနေရာမှာရှိတယ်။ ဒါပေမဲ့ အစီအရင်ပညာမှာ အရင်းအမြစ်အများကြီး မလိုအပ်ဘူး၊ တစ်စုံတစ်ယောက်မှာ လုံလောက်တဲ့နားလည်နိုင်စွမ်းရှိရင် သင်ယူနိုင်တယ်။
ဒါပေမဲ့ ဆေးဖော်စပ်ပညာကတော့ မတူဘူး။ ထိပ်တန်းဆေးဖော်စပ်ပညာရှင်တစ်ယောက်ကို မွေးထုတ်ဖို့အတွက် ဝိညာဉ်ဆေးပင် အများအပြား သုံးဖို့လိုတယ်။ ခက်တာက တစ်ကိုယ်တော်ကျင့်ကြံသူတွေမှာ ဝိညာဉ်ဆေးပင်တွေဝယ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်များများ ဘယ်ကရမှာလဲ။ ဝိညာဉ်ဆေးပင်တစ်သုတ်က ဆေးဖော်စပ်ပညာရှင်တစ်ယောက်ကို ဒေဝါလီခံသွားစေဖို့ လုံလောက်တယ်။ ဂိုဏ်းကြီးတစ်ခုမဟုတ်ရင်၊ ဆေးဖော်စပ်ပညာရှင်တစ်ယောက်ကို မွေးထုတ်နိုင်မှာမဟုတ်ဘူး။
ပြီးတော့ အခြေတည်ဆေးလုံးကို ဖော်စပ်ချင်ရင် အနည်းဆုံး ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် လိုအပ်တယ်။ ပထမအဆင့် ဆေးဖော်စပ်ပညာရှင်က အရည်အချင်းမမီဘူး။ ဒီတော့ အခြေတည်ဆေးလုံးက အရမ်းရှားပါးပြီး အရေအတွက်လည်း နည်းတာပေါ့။”
ဆေးဖော်စပ်ပညာရှင်တစ်ယောက်ဖြစ်ရန် စိတ်ကူးပင်မယဉ်နိုင်လောက်အောင် အလွန်ခက်ခဲကြောင်း ရှင်းပြလိုက်သည်။ ဆေးဖော်စပ်ပညာရှင်တိုင်းကို ငွေအများအပြား ရင်းနှီးမြုပ်နှံမှုဖြင့် မွေးထုတ်ခဲ့ရပြီး၊ ၎င်းတို့သည် လမ်းလျှောက်နေသော ဝိညာဉ်ကျောက်ကြောတစ်ခုဟုပင် ဆိုနိုင်ပေသည်။
“ကိစ္စမရှိဘူး၊ အခု ငါတို့မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိနေပြီ၊ ဒီတိုင်းထားလည်း ဘာမှအသုံးမဝင်ဘူး။ ဝိညာဉ်ဆေးပင်တွေဝယ်ပြီး ဆေးလုံးဖော်စပ်ဖို့ သုံးတာပိုကောင်းတယ်။”
ကျိုးစွေ့က လက်သီးလက်မောင်းတန်းလိုက်သည်။ အကယ်၍ သူ၏အရည်အချင်းကိုသာ အားကိုးပါက၊ ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်ရန် အိပ်မက်မမက်ရဲပေ။
သို့သော် “စာအုပ်ကူ”၏ အစွမ်းနှင့်ဆိုလျှင်မူ အခြေအနေမတူညီတော့။ ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ အမွေအနှစ်များ၊ ဆေးဖော်ပညာလျှို့ဝှက်ကျမ်းများ ဝါးမျိုနိုင်သရွေ့၊ ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးဖြစ်လာနိုင်ရန် ပြဿနာမဟုတ်ပေ။
ထိုအခါတွင် သူသည် အခြေတည်ဆေးလုံးများအတွက် လေလံပွဲများတက်ရန် လိုအပ်တော့မည်မဟုတ်ဘဲ၊ မိမိကိုယ်တိုင် အခြေတည်ဆေးလုံးများ ဖော်စပ်နိုင်ပေမည်။ အခြားသူများထံမှ အကူအညီတောင်းရန် မလိုအပ်တော့ပေ။
“အင်း၊ ရှင့်ရဲ့စွမ်းရည်ကို ကျွန်မယုံတယ် ယောက်ျား။ ရှင်သေချာပေါက် ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်လာမှာပါ။”
ကျိပင်ယွီသည် ကျိုးစွေ့အား ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်လိုက်ပြီး၊ မည်သည့်အရာမဆို သူမ၏ခင်ပွန်း အောင်မြင်မည်ဟု ယုံကြည်နေလေသည်။
“ငါ့အစ်မတော့ ရူးနေပြီပဲ။”
ရှားကျင်းယန်က နှုတ်ခမ်းတွန့်လိုက်သည်။ သူမ၏အစ်မသည် အချစ်ရူး ရူးနေပြီး ပြောသမျှတိုင်းအား ယုံကြည်နေပေသည်။
သို့သော် တစ်နည်းနည်းဖြင့်၊ သူမစိတ်ထဲတွင်လည်း သူမရှေ့မှထိုယောက်ျားသည် အရာရာအား အောင်မြင်နိုင်သည်ဟု ယုံကြည်မိနေလေ၏။
…
တစ်လတာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မီယွင်မြို့က တဖြည်းဖြည်း ငြိမ်သက်လာ၏။ မည်သိုပင်ဖြစ်စေ၊ မီယွင်မြို့သည် ယခုအခါ အင်မော်တယ်ရှားဂိုဏ်း၏ပိုက်နက်ဖြစ်ကာ၊ မြို့အား ပရမ်းပတာ ဆက်လက်ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ ၎င်းသည် မည်သူ့အတွက်မျှ အကျိုးမရှိပေ။
ထို့ကြောင့် ကင်းလှည့်အဖွဲ့သည် ပရမ်းပတာဖြစ်မှုများအား အင်အားသုံးနှိမ်နင်းခဲ့ပြီး၊ မနာခံသူအားလုံးအား ဖမ်းဆီးကာ အကျဉ်းချခဲ့သည်။ နောက်ခံမရှိသူများအား ကွပ်မျက်ခဲ့လေသည်။
ထိုသို့ ပြင်းပြင်းထန်ထန် နှိမ်နင်းပြီးနောက်၊ မြို့ထဲတွင် လူနည်းစုကသာ ဒုက္ခပေးရဲတော့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများစွာ စိတ်သက်သာရာရသွားကြကာ၊ အပြင်ထွက်ရဲလာကြ၏။ တဖြည်းဖြည်းနှင့် လမ်းများသည် မူလစည်ကားမှုအချို့အား ပြန်လည်ရရှိလာတော့၏။
တူနှစ်ကိုယ်ကျင့်ကြံရာတွင် မိမိကိုယ်ကိုပင် မေ့လျော့သွားလောက်အောင်၊ တစ်နေ့လျှင် ခုနှစ်ကြိမ်ခန့် လက်တွဲဖော်နှစ်ဦးနှင့် တစ်လကြာ စိတ်နှစ်၍ကျင့်ကြံပြီးနောက်၊ ကျိုးစွေ့၏ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၅) (တိုးတက်မှု ၂၅%)၊ သက်တမ်း - ၁၉ (၁၂၀နှစ်) ]
[ ပင်ကိုယ်ပါရမီ - အဌမအဆင့်စိတ်ဝိညာဉ်အမြစ် (၆၅%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၄.၅%) ]
[ အဆောင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၅၅%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်အဆင့် (၃၅%) ]
[ မီးလုံးပညာ - အသေးစားအောင်မြင်မှုအဆင့် (၁၅%)၊ လေဓားသွားပညာ - ကနဦးအဆင့်၊ ရွှေအလင်းပညာ - ကနဦးအဆင့်၊ ရေခဲနှင်းပညာ - ကနဦးအဆင့်၊ နွေလေမိုးပညာ - ကနဦးအဆင့်၊… ]
အချက်အလက်ပြမျက်နှာပြင်အား ကြည့်ကာ၊ ကျိုးစွေ့ ကျေနပ်နေသည်။ ဤနှုန်းအတိုင်းသာ ဆက်လက်လုပ်ဆောင်ပါက၊ ချီသန့်စင်ခြင်း အဆင့်(၆)သို့ ချိုးဖြတ်တက်လှမ်းရန် သူ တစ်နှစ်ပြည့်အောင်ပင် အချိန်ယူရမည်မဟုတ်ပေ။
ဝန်ခံရလျှင် ဤကဲ့သို့သော တိုးတက်မှုနှုန်းက ထူးခြားလှသည်။ သာမန်ကျင့်ကြံသူတစ်ဦးသည် ကိုယ်ပိုင်အားထုတ်မှုကို အားကိုးခြင်းဖြင့် ချီသန့်စင်ခြင်း အဆင့်(၆)သို့ ချိုးဖြတ်နိုင်ရန် လေးငါးနှစ် သို့မဟုတ် ဆယ်စုနှစ်တစ်ခုပင် အချိန်ယူရပေမည်။
သူ၏လျင်မြန်သော တိုးတက်မှုသည် လက်တွဲဖော်များနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းကြောင့်သာမက၊ နေ့စဉ် ဝိညာဉ်အရက်သောက်သုံးခြင်းကြောင့်လည်း ဖြစ်၏။
ဝိညာဉ်အရက်မှ ပံ့ပိုးပေးသော ဝိညာဉ်စွမ်းအင်သည် သူ၏ကျင့်ကြံမှုအား အရှိန်အဟုန်ဖြင့် တိုးတက်စေခဲ့၏။
မှန်ပေသည်။ အတိုးတက်ဆုံးသော ပညာရပ်သည် မီးလုံးပညာ ဖြစ်သည်။ စိတ်နှစ်၍ကျင့်ကြံမှာကြောင့် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေလေပြီ။ ၎င်း၏စွမ်းအားသည် ယခင်ထက် အနည်းဆုံး နှစ်ဆတိုးတက်ခဲ့လေပြီ။
ဘုန်း..!
အတွေးတစ်ချက်ဖြင့် သူ့ကိုယ်အတွင်းရှိ အစစ်အမှန်ချီအား လည်ပတ်လိုက်ပြီး၊ အလွန်အမင်း ဖိသိပ်ထားသော အနီရောင်မီးလုံးတစ်လုံးအား လျှပ်တစ်ပြတ်ထုတ်ဖော်ကာ အဝေးသို့ ပစ်လွှတ်လိုက်သည်။
ချက်ချင်းပင်၊ ခြံဝင်းအတွင်းရှိ ကြီးမားသော ကျောက်တုံးတစ်တုံးသည် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး မြေပြင်၌ တုန်လှုပ်ဖွယ်ကောင်းသော တွင်းနက်တစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင်လေထုက ပြင်းထန်သောအပူရှိန်ဖြင့် လောင်ကျွမ်းနေ၏။
ထိုတိုက်ကွက်၏စွမ်းအားသည် ချီသန့်စင်ခြင်း အဆင့်(၆)ရှိ ကျင့်ကြံသူတစ်ဦး၏ အားကုန်သုံး တိုက်ခိုက်မှုတစ်ခုနီးပါး ရှိပြီး၊ ချီသန့်စင်ခြင်း အဆင့်(၇)ကျင့်ကြံသူတစ်ဦးအား အပြင်းအထန် ထိခိုက်စေနိုင်၏။ ယင်းက လွန်စွာ ကြောက်မက်ဖွယ်ကောင်းလေသည်။
ဤကဲ့သိုသော မီးလုံးဒါဇင်ပေါင်းများစွာအား တစ်ကြိမ်တည်းဖြင့် သူပစ်လွှတ်နိုင်ပြီး၊ ၎င်းက အမြောက်များ ပစ်သကဲ့သို့ ဖြစ်၏။
သာမန် ချီသန့်စင်ခြင်း အဆင့်(၅)ကျင့်ကြံသူတစ်ဦးသည် မီးလုံးပညာအား လေးငါးကြိမ်သာ အသုံးပြုနိုင်သည်။ ထို့နောက် အစစ်အမှန်ချီသည် လုံးဝကုန်ဆုံးသွားပေလိမ့်မည်။
သို့သော် ကျိုးစွေ့မှာ မတူညီပေ။ ကူနတ်ဘုရားကျမ်းအား ကျင့်ကြံပြီးနောက်၊ သူ့အတွင်းရှိ ကူကောင်တစ်ကောင်ချင်းစီသည် ဒန်တျန် ချီပင်လယ်တစ်ခုနှင့် ညီမျှလေရာ ကူငါးကောင်သည် ဒန်တျန် ချီပင်လယ်ငါးခုနှင့် ညီမျှလေသည်။
ထို့ကြောင့် သူ့အတွင်းရှိ အစစ်အမှန်ချီသည် အဆင့်တူကျင့်ကြံသူများထက် ခြောက်ဆပိုမိုအားကောင်းလေသည်။
အဆင့်တူကျင့်ကြံသူများသာ သူနှင့်တိုက်ခိုက်မည်ဆိုလျှင်၊ မီးလုံးပညာဖြင့် တစ်ချက်တည်းအသတ်ခံရကာ ပြာဖြစ်သွားပေမည်။
[ T.L Note - ရှေ့အခန်းတွေမှာ ဆေးဆရာ၊ဆေးဖော်ဆရာလို့ သုံးခဲ့မိပါတယ်။ ဆေးကုသပေးတဲ့ သမားတော်နဲ့ ရောနိုင်ခြေရှိလို့ အခုကနေစပြီး “ဆေးဖော်စပ်ပညာရှင်”လို့ ပြောင်းလဲသုံးသွားပါ့မယ်ခင်ဗျာ။ ]