ပထမအဆင့် ဆေးဖော်ပညာရှင်အမွေအနှစ်၊ လုမိသားစု၏ ရတနာစံအိမ်။
Vol. 3 Ch. 36
“သိပ်ကောင်းတယ်။” ကျိုးစွေ့ အတော်လေး ကျေနပ်နေသည်။
ကနဦးအဆင့် မီးလုံးပညာသည် ကြီးကြီးမားမားမဟုတ်ပေ၊ ၎င်း၏အရှိန်သည် နှေးကွေးပြီး စွမ်းအားက အားနည်းကာ အများဆုံးအားဖြင့် သစ်ပင်အခေါက်ကိုသာ မီးလောင်ကျွမ်းစေနိုင်ရုံဖြစ်သည်။ သာမန်သိုင်းသမားတစ်ဦးပင်လျှင် အလွယ်တကူ ရှောင်တိမ်းနိုင်၏။
[ T.L Note - ကျင့်ကြံသူမဟုတ်ဘဲ သာမန်သေမျိုးသိုင်းသမားကို ဆိုလိုတာပါ။ ]
ကျွမ်းကျင်အဆင့် မီးလုံးပညာသည် အနည်းငယ်ပိုမြန်ပြီး အစွမ်းလည်းတိုးလာသော်လည်း ပြောလောက်အောင် ထူးခြားခြင်းမရှိချေ။ သာမန်ချီကျင့်ကြံသူတစ်ဦးက ကာကွယ်ရေးပညာဖြင့် အလွယ်တကူ ခုခံနိုင်၏။
သို့သော် ကျွမ်းကျင်ပိုင်နိုင်အဆင့် မီးလုံးပညာမှာမူ မတူတော့၊ ဤအဆင့်တွင် ၎င်းသည် ရန်သူ၏အကာအကယ်ကို ဖောက်ထွင်းနိုင်သကဲ့သို့ အရှိန်မှာလည်း နှစ်ဆပိုမြန်၏။ ချီကျင့်ကြံသူတစ်ဦးပင်လျှင် ယင်းအား ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။
အကယ်၍ မီးလုံးပညာအား အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိပါက၊ ပို၍ကြောက်မက်ဖွယ်ကောင်းပြီး အရှိန်သည် ကျည်ဆန်တစ်တောင့်နှင့် နှိုင်းယှဉ်နိုင်ကာ စွမ်းအားသည်လည်း အဆများစွာ တိုးလာသည်။ တစ်ချက်ထိရုံဖြင့် အကာအကွယ်အား ချက်ချက်းကြေမွစေကာ ရန်သူ၏ခန္ဓာကိုယ်အား ပြာကျသွားစေနိုင်သည်။
သို့သော် သာမန်ချီကျင့်ကြံသူတစ်ဦးအတွက် မီးလုံးပညာအား အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနိုင်ရန် ဆယ်စုနှစ် ငါးခု၊ခြောက်ခုစာ မရှိဘဲ မဖြစ်နိုင်ပေ။
သူသည်မူ “စာအုပ်ကူ”၏စွမ်းအားဖြင့် မီးလုံးပညာအား အချိန်တိုအတွင်း အသေးစားအောင်မြင်မှုအဆင့်သို့ မြှင့်တင်နိုင်ခဲ့လေသည်။
“အင်း၊ ဒါကမှ ကျင့်ကြံသူအစစ်အမှန်ပဲ၊ အဝေးကနေတိုက်ခိုက်နိုင်မယ့် ကျင့်စဉ်တွေကို အားကိုးရမယ်။”
“အဟတ်၊ ရန်သူနဲ့အနီးကပ်တိုက်ဖို့လား..?။ ဒါက အရူးထတာပဲလေ။”
ကျိုးစွေ့က လက်သီးဆုပ်လိုက်ပြီး စိတ်လှုပ်ရှားနေသည်။
သူ့တွင် နောက်ထပ်တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ရှိပြီဟု ခံစားလိုက်ရသည်။ ရန်သူတစ်ဦးနှင့် ကြုံတွေ့ပါက ကောင်းကောင်းကြီး သင်ခန်းစာပေးနိုင်ပြီး သူ၏မီးလုံးပညာအစွမ်းအား ခံစားသွားရစေပေမည်။
“ယောက်ျား၊ အိမ်မှာ စိတ်ဝိညာဉ်အသားတွေ မကျန်တော့ဘူး၊ စိတ်ဝိညာဉ်ဆန်လည်း သိပ်မရှိတော့ဘူး။”
ကျိပင်းယွီရောက်လာကာ၊ တစ်လကျော်ပြီးနောက် အိမ်တွင် ဆန်ကုန်သွားပြီဖြစ်ကြောင်း၊ ထပ်မံဝယ်ယူရန် လိုအပ်ကြောင်း သတိပေးလေသည်။
“ဟုတ်လား၊ ငါသွားဝယ်လိုက်မယ်။” ကျိုးစွေ့ မျက်ခုံးပင့်လိုက်သည်။
သူသည် အမှန်တကယ် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လိုသောကြောင့် ဆေးဖော်စပ်ပညာ အမွေအနှစ်တစ်ခုအားလည်း ဝယ်ယူရန် ကြံထားလေသည်။ အနာဂတ်တွင် အခြေတည်အဆင့်သို့ တက်လှမ်းလိုပါက၊ အခြားသူများ၏အခြေတည်ဆေးလုံးများကို အားကိုးမနေချင်ပေ။
အကယ်၍ အခြေတည်ဆေးလုံးများကို ကိုယ်တိုင်ဖော်စပ်နိုင်ပါက၊ အဘယ်ကြောင့် လေလံပွဲများတွင် စွန့်စားနေရမည်နည်း။
တစ်စုံတစ်ဦးသည် လေလံပွဲမှ အခြေတည်ဆေးလုံးအား ရရှိခဲ့လျှင်ပင်၊ အပြန်လမ်းတွင် အသတ်ခံရနိုင်သည်။ အခြေတည်ဆေးလုံးအား ငွေဖြင့် ဝယ်ယူနိုင်လျှင်တောင်မှ၊ ၎င်းအား စားသုံးနိုင်ရန် လုံလောက်သောအသက် ရှိ၊မရှိမှာ မသေချာပေ။
ထို့ကြောင့် ၎င်းအား ကိုယ်တိုင်ဖော်စပ်ခြင်းက ပို၍ကောင်း၏။ အောင်မြင်သွားသည့်အခါ၌ အခြားသူများသည် သူ့တွင် အခြေတည်ဆေးလုံးရှိသည်အား သိမည်မဟုတ်ဘဲ၊ တိတ်တဆိတ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်သည်။
“ဒါပေမဲ့ ယောက်ျား အပြင်မှာ အများကြီးငြိမ်သက်သွားပေမယ့်၊ လျှို့ဝှက်လှုပ်ရှားမှုတွေ ရှိနေတုန်းပဲ။ ရှင့်ကျင့်ကြံမှုက အရမ်းနိမ့်တော့ အပြင်ထွက်ရင် အရမ်းအန္တရာယ်များတယ်။ ကျွန်မပဲ သွားလိုက်မယ်။”
ကျိပင်းယွီက အရမ်းစိုးရိမ်နေလေ၏။
“ယွီအာ မေ့နေပြီလား။ ငါ ကိုယ်ပွားပညာ သင်ထားတယ်လေ။ ငါ့ကိုယ်ပွားကို အပြင်ထွက်ခိုင်းပြီး ကိုယ်အစစ်က အိမ်မှာနေလို့ရတယ်လေ။ ဘာအန္တရာယ်မှ မရှိဘူး။”
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်သည်။
“ဟုတ်သား၊ ယောက်ျားမှာ ကိုယ်ပွားပညာရှိတာ ကျွန်မ မေ့တော့မလို့၊ ကိုယ်ပွားနဲ့ အပြင်ထွက်တာဆိုရင်တော့ လုံးဝဘေးကင်းတာပေါ့။” ကျိပင်းယွီက ဤအကြံအား ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူမ၏ယောက်ျားတွင် ကိုယ်ပွားပညာတစ်ခုရှိပြီး၊ ၎င်းသည် ကိုယ်ပွားအား အသုံးပြု၍ မီယွင်မြို့တွင် လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်သည်အား သတိရလိုက်သည်။ မတော်လို့ အန္တရာယ်ကြုံရမည်ဆိုလျှင်ပင်၊ ကိုယ်ပွားသာ သေဆုံးမည်ဖြစ်ပြီး ကိုယ်အစစ်မှာမူ ဘေးကင်းလုံခြုံနေမည်ဖြစ်၏။
ကိုယ်ပွားစတင်ပေါ်ထွက်လာကတည်းက အိမ်အတွက် ဆန်ဝယ်ရန်မှာ ကျိုးစွေ့၏တာဝန်ဖြစ်ခဲ့၏။ သူတို့သည် အိမ်တွင်သာ စိတ်အေးလက်အေး ကျင့်ကြံရန်သာ လိုအပ်ပြီး၊ အပြင်ထွက်၍ စွန့်စားရန် မလိုအပ်တော့ချေ။
အချိန်တိုအတွင်းမှာပင် ကိုယ်ပွားတစ်ဦးအား ဖန်တီးလိုက်ပြီး၊ ၎င်းသည် မည်သူမျှသတိမပြုမိခင် အိမ်မှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းတွင် ထိုကိုယ်ပွားသည် “နတ်ဆိုးအသွင်ပြောင်းပညာရပ်”အား အသုံးပြု၍ မုတ်ဆိတ်မွေးအပြည့်ရှိသော ထောင်ထောင်မောင်းမောင်းယောက်ျားတစ်ဦးအဖြစ်သို့ ပြောင်းလဲလိုက်ကာ သူ၏အရှိန်အဝါသည်လည်း ပြောင်းလဲသွားလေသည်။ ဤနည်းဖြင့် ကိုယ်ပွားအား သူနှင့် မည်သူမှ ဆက်စပ်မိတော့မည် မဟုတ်ပေ။
မီယွင်မြို့ လမ်းများပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက်၊ သူသည် သတ်ဖြတ်လိုသော လေထုအား အာရုံခံမိလိုက်သည်။ ပတ်ဝန်းကျင်တွင် မရင်းနှီးသော ကျင့်ကြံသူများစွာ ပေါ်လာပြီး လမ်းသွားလမ်းလာများအား မကောင်းသောရည်ရွယ်ချက်များဖြင့် စောင့်ကြည့်နေကြပုံ ပေါ်လေသည်။
ယင်းက ဓားပြအသိုက်ထဲသို့ ရောက်သွားသည့်အလား ခံစားရစေသည်။
“သောက်ကျိုးနည်း၊ မီယွင်မြို့က တည်ငြိမ်သွားပြီဆို။”
ကျိုးစွေ့ မျက်လုံးများအား မှေးလိုက်သည်။ သူ၏အားကောင်းသော ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ မကောင်းသောရည်ရွယ်ချက်များအား သူခံစားနိုင်သည်။ ၎င်းတို့သည် ချုပ်တည်းထားသော သားရဲများအလား၊ အချိန်မရွေး အစွယ်ထုတ်ဖော်ရန် အသင့်ဖြစ်နေသည်။
သို့သော်၊ နေ့ခင်းကြောင်တောင်ဖြစ်ပြီး ကင်းလှည့်အစောင့်များ၏ခြိမ်းခြောက်မှုကြောင့် ထိုမရင်းနှီးသော ကျင့်ကြံသူများ လှုပ်ရှားရန် မဝံ့ရဲကြခြင်း ဖြစ်နိုင်၏။ လမ်းတစ်လျောက် များစွာဖြစ်ပျက်ခဲ့သော်လည်း အန္တရာယ်တစ်စုံတစ်ရာ မရှိခဲ့ချေ။
အရင်ဆုံး မီယွင်မြို့ရှိ စားသောက်ကုန်ဆိုင်နှင့် အသားဆိုင်တစ်ခုသို့ သွားရောက်ကာ၊ နှစ်ဝက်စာ စိတ်ဝိညာဉ်ဆန်နှင့်အသားများအား ကျိုးစွေ့ ဝယ်ယူလိုက်သည်။ အနည်းဆုံး နှစ်ဝက်ခန့် အပြင်ထွက်စရာမလိုအောင် စီစဉ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ လာမည့်ရက်များတွင် မီယွင်မြို့အခြေအနေက မည်မျှဆိုးရွားလာနိုင်သည်အား မည်သူမျှမသိနိုင်ပေ။
အထောက်အပံ့များအားလုံးအား ဝယ်ယူပြီးနောက်၊ ရတနာစံအိမ်သို့ သူရောက်ရှိခဲ့သည်။ ယင်းသည် မီယွင်မြို့ရှိ အကြီးဆုံးဆိုင်ဖြစ်ပြီး၊ ကုန်တိုက်တစ်ခုကဲ့သို့ မှော်အသုံးအဆောင်များ၊ ဆေးရည်များ၊ ဝိညာဉ်ဆေးပင်အမျိုးမျိုးနှင့် ကျင့်ကြံခြင်းလျှို့ဝှက်နည်းစနစ်များကို ရောင်းချ၏။
မီယွင်မြို့အား ထိန်းချုပ်သော လုမိသားစုက ရတနာစံအိမ်၏ပိုင်ရှင်များဖြစ်သည်ဟု သတင်းများထွက်ထားလေ၏။ စဉ်းစားကြည့်လျှင် ယင်းက သာမန်သာဖြစ်သည်။ မီယွင်မြို့အားထိန်းချုပ်သော မိသားစုအနေဖြင့်၊ အလိုအလျောက် အကျိုးအမြတ်များသော ဆိုင်အနည်းငယ်အား ဖွင့်လှစ်မည်ဖြစ်ပြီး ရတနာစံအိမ်သည် လုမိသားစုလုပ်ငန်းများထဲမှ တစ်ခုသာ ဖြစ်ရပေမည်။
ရတနာစံအိမ်အား သူရွေးချယ်ရသည့်အကြောင်းရင်းမှာ ၎င်းတွင် ကောင်းမွန်သော ဂုဏ်သတင်းရှိသောကြောင့် ဖြစ်သည်။ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ မည်သည့်အရှုပ်အရှင်းမှ မရှိဘဲ၊ တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် ရတနာစံအိမ်မှ ရတနာအမျိုးမျိုးအား ဝယ်ယူနိုင်ခဲ့ကြသည်။
ထို့ကြောင့် ဆေးဖော်စပ်ပညာအမွေအနှစ်တစ်ခု ဝယ်ယူရန် ကျိုးစွေ့ ဤနေရာသို့ လာခဲ့ခြင်းပင်။
“ဆရာလေး၊ ဘာအလိုရှိပါသလဲ။”
ရတနာစံအိမ်သို့ ဝင်လိုက်သည်နှင့် အနက်ရောက်ဝတ် အကြီးအကဲတစ်ဦးက ကျိုးစွေ့အား တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်ကာ လှမ်းလာလေသည်။ သူသည် လုမိသားစုအကြီးအကဲများထဲမှ တစ်ဦးဖြစ်သော လုမင်ဖြစ်ကာ၊ ဤရတနာစံအိမ်၏အရောင်းအဝယ်များအား စီမံခန့်ခွဲရန် တာဝန်ယူရလေသည်။
သူ့တွင် ထက်မြက်သောမျက်လုံးများရှိပြီး၊ ဤဖောက်သည်က ကြွယ်ဝမည်ကို ချက်ချင်းပင် သိလေ၏။
“ခင်ဗျားတို့ဆီမှာ ဆေးဖော်စပ်ပညာအမွေအနှစ်ရှိလား။”
ကျိုးစွေ့က မလိုအပ်တာ မပြောဘဲ တိုက်ရိုက်သာ မေးလိုက်သည်။
“ဆေးဖော်စပ်ပညာအမွေအနှစ်လား။”
ယင်းအားကြားသော်၊ လုမင်၏မျက်လုံးများက ပို၍ပင် အရောင်လက်လာလေသည်။
“ကျုပ်တို့ဆီမှာ ပြီးပြည့်စုံတဲ့ အဆင့်နိမ့်ဆေးဖော်ပညာရှင်တစ်ဦးရဲ့အမွေအနှစ်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ နည်းနည်းလေးမြင့်ပါတယ်။”
“အဆင့်နိမ့်ဆေးဖော်စပ်ပညာရှင်တစ်ဦးရဲ့အမွေအနှစ်လား။ အမွေအနှစ်တွေမှာ အဆင့်တွေ ကွဲသေးတာလား။”
ကျိုးစွေ့ မျက်ခုံးများပင့်လိုက်သည်။
“ဟုတ်တယ်ဗျ။ ကြည့်ရတာ မိတ်ဆွေက ဆေးဖော်ပညာရှင်အလုပ်အကိုင်နဲ့ သိပ်မရင်းနှီးဘူးထင်ရဲ့။”
ဆိုင်တာဝန်ခံလုမင်က တစ်ချက်ပြုံးလိုက်ပြီး “အဆင့်နိမ့်ဆေးဖော်စပ်ပညာရှင်တစ်ဦးရဲ့အမွေအနှစ်က ကျင့်ကြံသူတစ်ယောက်ကို ပထမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်လာအောင်ထိပဲ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒုတိယအဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ အမွေအနှစ်ကတော့ ကျင့်ကြံသူတစ်ဦးကို ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်လာအောင် လုပ်ပေးနိုင်တယ်။”
“ခက်တာက ဒီလိုတန်ဖိုးရှိတဲ့ အမွေအနှစ်မျိုးကို အင်မော်တယ်ရှားဂိုဏ်းလို ဂိုဏ်းကြီးတွေကပဲ ပိုင်ဆိုင်နိုင်ကြတယ်။ ငါတို့လို ဆိုင်မျိုးတွေမှာ ရှိမှာမဟုတ်ဘူး။ ရှိခဲ့ရင်တောင် အခြားကျင့်ကြံသူတွေက ခွင့်ပြုမှာမဟုတ်ဘူးလေ၊ အဲ့ဒီတော့ ငါတို့ ဘယ်လိုရောင်းနိုင်မှာလဲ။”
“တစ်ဖက်မှာတော့ ဒီအဆင့်နိမ့်ဆေးဖော်စပ်ပညာရှင်တစ်ဦးရဲ့အမွေအနှစ်က ပျံနှံ့နေပြီးသား ဖြစ်သလို ဆေးဖော်ပညာရှင်အများစုမှာ ရှိပြီးသားလေ။ ဒီတော့ သိပ်ပြီး မတင်းကျပ်ဘူးပေါ့။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ဈေးကတော့ မနိမ့်ဘူး၊ အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင် လိုအပ်ပါတယ်။”
သူက ကိန်းဂဏန်းတစ်ခုအား ဖော်ပြလိုက်သည်။