← Chapters

ငွေပုံအောရသော အသက်မွေးဝမ်းကျောင်း၊ လုမိသားစု၏လောဘ။

Vol. 3 Ch. 37

ငွေပုံအောရသော အသက်မွေးဝမ်းကျောင်း၊ လုမိသားစု၏လောဘ။

Vol. 3 Ch. 37

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်လား။”

ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။

ဝန်ခံရလျှင် ပျံ့နှံ့နေပြီးသော အမွေအနှစ်တစ်ခုအနေဖြင့် အတော်ပင် ဈေးကြီးနေပြီဖြစ်သည်။ သာမန်အားဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင်မှ လေးထောင်ခန့်ဖြင့် ဝယ်ယူနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ကျင့်ကြံသူတိုင်းက ဆေးဖော်စပ်ပညာရှင်ဖြစ်လာနိုင်သည် မဟုတ်သောကြောင့် တစ်ခါတစ်ရံ ရောင်း၍ပင် မထွက်တတ်ပေ။

သို့သော် သူ့တွင် ဆေးဖော်စပ်ပညာရှင်အမွေအနှစ်အား ရရှိရန် အခြားနည်းလမ်းမရှိပေ။ ဈေးနှုန်းက မတန်တဆဖြစ်လျှင်ပင် လက်ခံရုံသာတတ်နိုင်သည်။

ဆိုင်တာဝန်ခံ လုမင်က ကျိုးစွေ့၏တုံ့ဆိုင်းမှုအား သတိပြုမိကာ “ဒီအမွေအနှစ်က ဈေးကြီးတယ်လို့ ခင်ဗျားထင်ရင်ထင်မယ်။ ဒါပေမဲ့ ကျုပ်တို့ ရတနာစံအိမ်က ဒီဆေးဖော်ပညာရှင်ရဲ့အမွေအနှစ်ကတော့ သေချာပေါက် အပြည့်စုံဆုံးဖြစ်လို့ ပေးရတာနဲ့ တန်ရပါစေမယ်။ တခြားနေရာတွေမှာ သွားဝယ်ရင် ဈေးတော့ သက်သာကောင်းသက်သာနိုင်ပေမယ့် ချို့ယွင်းချက်တွေ အများကြီးရှိလိမ့်မယ်။”

“အိုး၊ ဒီလိုမျိုးရှိသေးတာလား။ တစ်ချက်လောက်ပြကြည့်ပါဦး၊ တကယ်မှန်တယ်ဆိုရင်တော့ ကျုပ်ဝယ်မယ်။”

ကျိုးစွေ့က မျက်ခုံးပင့်လိုက်သည်။

“စိတ်မပူပါနဲ့ မိတ်ဆွေ၊ ကျုပ်တို့ရတနာစံအိမ်က မီယွင်မြို့မှာ နာမည်ရှိပြီးသားပါ။ ကျင့်ကြံသူအချင်းချင်းကို ဘယ်တော့မှ မလှည့်စားပါဘူး။”

ဆိုင်တာဝန်ခံ လုမင်က ရင်ဘတ်ကိုပုတ်၍ အာမခံလိုက်ပြီး သူ့လူများအား ကျောက်စိမ်းပြားတစ်ချပ် ယူဆောင်လာရန် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

၎င်းအား ယူလိုက်ပြီး ကျိုးစွေ့က ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ အကြောင်းအရာတစ်စိတ်တစ်ပိုင်းကိုသာ မြင်နိုင်ပြီး၊ အများစုမှာ ကန့်သတ်ချက်များဖြင့် ဖုံးကွယ်ထားသည်အား တွေ့ရလေသည်။ ယင်းက ရတနာစံအိမ်၏ နည်းလမ်းဖြစ်ကာ၊ အခြားကျင့်ကြံသူများက ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာအား အလကားရယူမသွားနိုင်ရန် ကာကွယ်ထားခြင်းပင် ဖြစ်သည်။ ဤနည်းဖြင့် ရတနာစံအိမ်သည် ကြီးမားသောဆုံးရှုံးမှုအား ခံစားရတော့မည် မဟုတ်ပေ။

သို့သော် တစ်ဘက်လူပြောသည်အတိုင်း ဤဆေးဖော်စပ်ပညာရှင်အမွေအနှစ်သည် အလွန်ပြီးပြည့်စုံသည်မှာ အမှန်ပင်ဖြစ်၏။ ဆေးဖော်စပ်ပညာရှင်အမွေအနှစ်များနှင့် သူမရင်းနှီးသောလည်း ၎င်းကိုတော့ သူသိလေသည်။

“ကြည့်ရတာ ခင်ဗျား ကျုပ်ကို မလှည့်စားခဲ့ဘူးပဲ၊ ဒီလိုဆိုမှတော့ ဒီပထမအဆင့် ဆေးဖော်စပ်ပညာရှင်ရဲ့အမွေအနှစ်ကို ယူမယ်။”

ကျိုးစွေ့က တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။

“ဟားဟား၊ ရောင်းရင်းက စကားပြော တယ်ပြတ်သကိုး။ မှန်းရသလောက် ရောင်းရင်းက ဆေးဖော်စပ်ပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ကို လာရှာတယ်ဆိုတော့ ဆေးဖော်စပ်ပညာရှင်လမ်းကြောင်းကို လျှောက်မလို့ ထင်ပါရဲ့။”

“ဒီလိုဆိုရင်တော့ မိတ်ဆွေဆေးဖော်စပ်ဖို့ မှော်အသုံးအဆောင်ဖြစ်တဲ့ ဆေးမီးဖို သေချာပေါက် လိုအပ်ပါလိမ့်မယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင်ပဲ ရှိပါတယ်။”

“ဆေးမီးဖိုအပြင်၊ ဒီဆိုင်မှာ ဈေးနှုန်းချိုသာတဲ့ ဆေးဖော်စပ်နည်းတွေ အများကြီးရှိတယ်၊ ရောင်းရင်းကို ရောင်းချပေးလို့ ရပါတယ်”

“ရောင်းရင်း လေ့လာချင်တယ်ဆိုရင် ကျုပ်တို့ဆိုင်ကနေ ဆေးရည်တချို့ကိုလည်း ဝယ်ယူလို့ရပါသေးတယ်။”

ဆိုင်တာဝန်ခံ လုမင်က ပြုံးကာ ပြောလိုက်သည်။

သောက်ကျိုးနည်း။

ထိုစကားများကို ကြားသော် ကျိုးစွေ့၏မျက်နှာက စိမ်းဖန်သွားကာ၊ အဘယ်ကြောင့် မီယွင်မြို့တစ်ခုလုံးတွင် ဆေးဖော်စပ်ပညာရှင် ဤမျှနည်းပါသည်အား နားလည်သွားလေသည်။ လက်တစ်ဆုပ်စာမျှသာ ဟု သူမပြောရဲသော်လည်း သေချာပေါက် အလွန်ရှားပေလိမ့်မည်။

စလုံးရေမျှ မစရသေးခင်ပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းပေါင်းများစွာ သုံးစွဲနေရပြီ ဖြစ်သည်။ သူသာ ကြွယ်ဝသော ကျင့်ကြံသူတစ်ဦးမဟုတ်ခဲ့ပါက ဆေးဖော်စပ်ပညာရှင်တစ်ဦး၏လမ်းကြောင်းအား မည်သို့ လျှောက်လှမ်းနိုင်မည်နည်း။

သာမန်ကျင့်ကြံသူများဆိုလျှင် မစရသေးခင်မှာပင် ဒေဝါလီခံသွားရပေမည်။

ဆေးဖော်စပ်ပညာ၊ လက်နက်ဖန်တီးခြင်းပညာ၊ အဆောင်ပညာနှင့် အစီအရင်ပညာ ဟူသော အင်မော်တယ်ကျင့်ကြံခြင်းလောက၏ ပညာရပ်ကြီးလေးပါးတွင် ဆေးဖော်ပညာရပ်က ထိပ်ဆုံးနေရာတွင် ရှိနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤသည်မှာ ငွေပုံအောရသော အလုပ်အကိုင်စစ်စစ်ဖြစ်ကာ သောက်ကျိုးနည်းအောင်ပင် တရားလွန်သည်။ သို့သော် ဤလမ်းအား ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့် အံကြိတ်၍သာ ဆက်လျှောက်ရပေမည်။

ထို့ကြောင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁၂၀၀၀)အား သုံးစွဲကာ ပထမအဆင့် အဆင့်နိမ့် မှော်အသုံးအဆောင်ဖြစ်သော ဆေးမီးဖို၊ ပထမအဆင့် ဆေးဖော်စပ်ပညာရှင်၏အ‌မွေအနှစ်၊ ဆေးရည်ငါးမျိုးနှင့် သာမန်ဆေးလုံးဖော်စပ်နည်း ဒါဇင်ပေါင်းများစွာအား ကျိုးစွေ့ ဝယ်ယူလိုက်လေသည်။

ကံကောင်းစွာဖြင့် ဝိညာဉ်အရက်ရောင်းချခြင်းဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာ ရရှိထား၍သာ တော်သေးသည်။ မဟုတ်ပါက ဤအရာများအား သူ တတ်နိုင်မည်မဟုတ်ပေ။

ထိုအရာများအား ဝယ်ယူပြီးနောက် စကားတစ်ခွန်းမျှမဆိုတော့ဘဲ ကျိုးစွေ့သည် ရတနာစံအိမ်မှ ခပ်သွက်သွက် ထွက်ခွာသွားတော့သည်။

…

သို့သော် ကျိုးစွေ့၏အပြုအမူများအား ရတနာစံအိမ်မှ လူများက သတိပြုမိလေသည်။

“ဆိုင်ရှင်၊ ဒီကောင်လေးက ပထမအဆင့် ဆေးဖော်စပ်ပညာရှင်ရဲ့အမွေအနှစ်ကို ဝယ်ဖို့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် သုံးခဲ့တာလား။ ဘယ်လိုလုပ် ဒီလောက် ချမ်းသာနိုင်ရတာလဲ။” လုမိသားစုမှ တပည့်တစ်ဦးက အံ့အားသင့်နေသည်။

အဘယ်ကြောင့်ဆိုသော် လုမိသားစုတွင်ပင်၊ သူသည် တစ်နှစ်လျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းမျှသာ ရရှိလေသည်။ မည်သို့ပင်ဖြစ်စေ၊ လုမိသားစုတွင် ကြီးမားသော စီးပွားရေးလုပ်ငန်းများရှိသော်လည်း မျိုးဆက်များစွာရှိသောကြောင့် အဆုံးသတ်ခွဲဝေကြလျှင် များများစားစား မကျန်တော့ချေ။ သူ့အတွက် ကျိုးစွေ့သည် အဆပေါင်းများစွာ သူ့ထက် ကြွယ်ဝသည့် သူဌေးတစ်ဦးဖြစ်လေသည်။

“ငါမမှားဘူးဆိုရင် ဒီကောင်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးပဲ ဖြစ်ရမယ်။ အခွင့်အရေးတစ်ခုကြောင့် ချမ်းသာသွားလို့ ဒီလောက် ကြွယ်ဝနေတာပဲ။”

ဆိုင်တာဝန်ခံ လုမင်၏မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

“တစ်ကိုယ်တော်ကျင့်ကြံသူလား။ ဆိုင်ရှင် ခင်ဗျား ဘယ်လိုလုပ်သိတာတုံး။” လုမိသားစုမှ တပည့်က နားမလည်နိုင်စွာ မေးလိုက်သည်။

“တုံးလိုက်တာကွာ။ သူသာ တကယ် ဂိုဏ်းတွေရဲ့တပည့်၊ ဒါမှမဟုတ် မိသားစုကြီးတွေရဲ့မျိုးဆက်ဆိုရင် ပထမအဆင့် ဆေးဖော်စပ်ပညာရှင်အမွေအနှစ်ကို ဘယ်လိုလုပ်မရှိဘဲနေမလဲ။ သူတို့က ဒီလိုမျိုးအတွက် ဝိညာဉ်ကျောက်တုံး သုံးဖို့လိုနေမလားကွ။”

“အမွေအနှစ်မရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကပဲ အမွေဆက်ခံတဲ့အသိပညာကို ဝယ်ယူဖို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး သုံးရတာကွ။”

ဆိုင်တာဝန်က ဒေါသတကြီး ပြောလိုက်သည်။

“ဒီလိုကိုး။ ဒါဆိုရင် အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူကို လုယက်သတ်ဖြတ်ပြီး ကျုပ်တို့ ငွေအများကြီးရှာနိုင်မှာမဟုတ်ဘူးလား။”

ထိုစကားအားကြားပြီးနောက် လုမိသားစုတပည့်များ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

“အဲ့ဒီကောင်လေးရဲ့ ပုံစံကို ကြည့်ရင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင်က အကုန်မဟုတ်လောက်ဘူး။ အများကြီး ရှိနေနိုင်သေးတယ်။ လုယက်မှုအောင်မြင်ရင် ငါတို့တော့သေချာပေါက် ထောပြီပဲ။”

“ဒါတင်မကလောက်ဘူး။ ဒီကောင်က အရမ်းချမ်းသာတယ်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အမွေအနှစ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို ရထားတာဖြစ်နိုင်တယ်။ ငါတို့သာ ဒီကောင့်ကို သတ်နိုင်ရင် အကျိုးအမြတ်က ထင်ထားတာထက် ပိုများလိမ့်မယ်။”

“ဟားဟား၊ တစ်ကိုယ်တော်ကျင့်ကြံသူလေး ဖြစ်ပြီး တကယ်ပဲ ဒီလောက်များတဲ့ ပိုင်ဆိုင်မှုတွေရှိနေတယ်။ ဒါက သေလမ်းရှာတာပဲ။”

“သူ့ရဲ့ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၅)မှာပဲ ရှိသေးတယ် စကားထဲ ထည့်ပြောနေဖို့တောင် မတန်ဘူး။”

“အခုချက်ချင်း မင်း ချီသန့်စင်ခြင်း အဆင့်(၇)နဲ့ အဆင့်(၈)တချို့ကို စုလိုက်။ ဒီကောင်လေး တစ်ယောက်တည်းဖြစ်သွားတာနဲ့ ငါတို့ လုပ်ငန်းစမယ်။ ဒီတစ်ခေါက် ဝိညာဉ်ကျောက်တုံးတွေကော၊ ပစ္စည်းတွေကော အားလုံးကို ငါလိုချင်တယ်။”

ဆိုင်တာဝန်ခံ လုမင်က သူ၏လက်သီးအား ဆုပ်လိုက်သည်။

ဝန်ခံရလျှင် သူသည် လူသတ်ပြီး ရတနာလုယက်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် လုမိသားစုတွင် မကြာသေးမီက မတည်ငြိမ်မှုများရှိခဲ့လေ၏။ လုမိသားစု ဘိုးဘေးဖြစ်သူ လုဟုန်ရန်သည် သေဆုံးလုနီးပါးဖြစ်နေပြီး၊ လုမိသားစု၏အသက်များကို ကယ်တင်နိုင်ရန် များပြားလှသော လုမိသားစုပိုင်ဆိုင်မှုအများစုအား အင်မော်တယ်ရှားဂိုဏ်းသို့ လွှဲပြောင်းပေးရမည် ဖြစ်၏။

ယခုအချိန်အထိ လုမိသားစုတွင် အခြေတည်အဆင့် ကျင့်ကြံသူအသစ်တစ်ဦး မွေးမထုတ်နိုင်သေးချေ။ လုမိသားစုသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအား မွေးထုတ်နိုင်ရန်အတွက် အခြေတည်ဆေးလုံးများ ဝယ်ယူရာတွင် ငွေအမြောက်အများ သုံးစွဲခဲ့ရသည်။

နှမြောစရာကောင်းသည်မှာ လုမိသားစု၏ ထိုမျိုးဆက်သည် လုံးဝပင် သုံးစားမရချေ။ အခြေတည်ဆေးလုံးနှင့်ပင်၊ သူတို့သည် တက်လှမ်းရန် ကျရှုံးခဲ့ကြပြီး၊ လုမိသားစုအား ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေကာ မိသားစုတစ်ခုလုံးအား ဆင်းရဲဒုက္ခရောက်စေခဲ့၏။

ဤအတိုင်းသာ ဆက်သွားပါက လုမိသားသည် လုံးဝပျက်စီးသွားရပေလိမ့်မည်။ ထို့ကြောင့် မိသားစုအတွက် သူတို့သည် ငွေစုဆောင်းရန် နည်းလမ်းအမျိုးမျိုး စဉ်းစားရန်လိုအပ်ပြီး အခြေတည်ဆေးလုံးများ ထပ်မံဝယ်ယူဖို့လိုပေသည်။

မကြာသေးမီက မီယွင်မြို့တွင် လုယက်ကျင့်ကြံသူများစွာနှင့် လူသတ်မှုများစွာ ရှိနေရခြင်းမှာ လုမိသားစုသည်လည်း ၎င်းတို့ထဲတွင် ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။

မိသားစုအား ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လုမိသားစုသည် ဖြစ်နိုင်သမျှအရာရာအား လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

“ကောင်းပါပြီ။”

လုမိသားစုမှတပည့်က အလွန် စိတ်လှုပ်ရှားနေသည်။ ဤလုယက်မှုသာ အောင်မြင်ပါက၊ သူသည် အကျိုးအမြတ်၏ ဝေစုတစ်စုကို ရရှိနိုင်မည်ဖြစ်ပြီး ယင်းက အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် ရရှိမည်ဖြစ်သည်။ ဤမျှများများရရှိနိုင်ရန် သူ့အတွက် တစ်နှစ်ကြာအလုပ်လုပ်ရပေမည်။ ယခုတွင်မူ လုယက်မှုတစ်ကြိမ်တည်းဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ယင်းက နေ့ချင်းညချင်း သူဌေးဖြစ်သကဲ့သို့ပင်။

ဝှစ်….ဝှစ်…။

ချက်ချင်းပင် ချီသန့်စင်ခြင်း အဆင့်(၇)ရှိ လုမိသားစုကျင့်ကြံသူသုံးဦးနှင့် အဆင့်(၈)တစ်ဦးတို့ ထွက်ခွာသွားကြသည်။ ကျိုးစွေ့၏အရှိန်အဝါနောက်သို့ လိုက်ကာ တည်နေရာရှာဖွေပြီး ဤတစ်ကိုယ်တော်ကျင့်ကြံသူ၏ ပိုင်ဆိုင်မှုအားလုံးအား လုယက်ရန် ကြိုးစားကြတော့လေသည်။

All Chapters