လုမိသားစုကျင့်ကြံသူများအား တန်ပြန်သတ်ဖြတ်ခြင်း၊ အိပ်မက်ထဲဝင်၍ ဝိညာဉ်ရှာဖွေခြင်း။
Vol. 3 Ch. 38
ထိုအချိန်တွင် ရတနာစံအိမ်မှ ထွက်ခွာသွားသော ကျိုးစွေ့သည် ရတနာစံအိမ်အတွင်းမှ သူ့အပေါ်ကျရောက်လာသည့် မကောင်းသောရည်ရွယ်ချက်များဖြင့် အကြည့်များအား ချက်ချင်းအာရုံခံမိလိုက်သည်။
“လာနောက်နေတာလား။ ရတနာစံအိမ်က မီယွင်မြို့တစ်လျှောက်လုံးမှာ ဂုဏ်သိက္ခာအရှိဆုံးဆိုင်ဆို။ လူသတ်ပြီးလုယက်ခံရတာမျိုး မရှိဖူးဘူးဆို၊ အခု ဘာတွေဖြစ်နေတာတုံး။”
“အင်း တကယ်တော့ ရှိကောင်းရှိနိုင်တယ်။ လုယက်ခံရသူတွေက သေဆုံးကုန်ကြလို့ပဲဖြစ်ရမယ်။”
“သေပြီးသားလူက အမှန်တရားကို ဘယ်ဖော်ထုတ်နိုင်တော့မလဲ။”
“သောက်ချီး ရတနာစံအိမ်၊ သူတို့ကိုယ်သူတို့ မီယွင်မြို့ရဲ့ အရှင်သခင်တွေလို့ ခေါ်ရဲကြသေးတယ်။ မြို့သခင်ဖြစ်ပြီး လူသတ်၊လုယက်တာတွေ လုပ်နေတုန်းလား။ အရှက်မရှိလိုက်တာ။”
ကျိုးစွေ့က လက်သီးဆုပ်လိုက်သည်။
ဤသို့သော ဖြစ်ရပ်အတွက် သူသည် အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်ထားသော်လည်း၊ ဤလောကအတွက် ဝမ်းနည်းမှုအား ခံစားနေရဆဲဖြစ်သည်။ ဤလောကသည် လူကောင်းများ ကင်းမဲ့နေသည်မဟုတ်သော်လည်း အလွန်ပင် နည်းပါးလှပေသည်။
လူကောင်းများစွာ ရှိခဲ့လျှင်ပင်၊ အများစုမှာ ရှင်သန်ရန် အခွင့်အလမ်းများစွာမရှိဘဲ အသတ်ခံခဲ့ရပြီးသာ ဖြစ်ပေမည်။
ယခင်က သူ၏သတိထားမှုသည် တကယ်ကို မှန်ကန်ခဲ့လေသည်။ လုံလောက်တဲ့အစွမ်းမရှိဘဲ ဝိညာဉ်ကျောက်တုံးများစွာ ပိုင်ဆိုင်ကြောင်း ဖော်ပြခြင်းသည် တကယ်ပင် ကိုယ်သေတွင်းကိုယ်တူခြင်း ဖြစ်၏။
ယခုတွင်ပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းအား ဖော်ပြလိုက်ရုံမျှဖြင့် ရန်သူများအား ဆွဲဆောင်ခဲ့မိလေပြီ။ မီယွင်မြို့၏ ယခင်အရှင်သခင်များဖြစ်သော လုမိသားစုက သူ့အား ပစ်မှတ်ထားလိုက်ကြချေပြီ။
သို့သော် ယခုချိန်၌ သူ့တွင် ထိတ်လန့်နေသည့် အရိပ်အယောင်များ မရှိချေ။ သူသည် ယခင်ကလို မဟုတ်တော့၊ ချီသန့်စင်ခြင်း အဆင့်(၅)သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူ၏ကျင့်ကြံမှုသည် သိသိသာသာ ခုန်ပေါက်တိုးတက်သွားပြီဖြစ်သည်။ အထူးသဖြင့် သူ၏ “အိပ်မက်ဝိညာဉ်ကူ”သည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှသော အဆင့်တစ် ထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
သာမန်ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးက “အိပ်မက်ဝိညာဉ်ကူ”၏စွမ်းအားကို မည်သို့ ခုခံနိုင်မည်နည်း။ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ခုခံရန်မလွယ်ကူပေ။ ချီသန့်စင်ခြင်းအဆင့်ရှိ ထိုကျင့်ကြံသူများအတွက် ၎င်းမှာ တစ်ဆင့်ပိုမြင့်သောနယ်ပယ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသကဲ့သို့ ဖြစ်ပေသည်။
ပို၍အရေးကြီးသည်မှာ ဤသည်မှာ သူ၏ကိုယ်ပွားတစ်ဦးသာဖြစ်သည်။ ကျရှုံးခဲ့လျှင်တောင်မှ ကိုယ်ပွားတစ်ဦး ဆုံးရှုံးလိုက်ရခြင်းသာ ဖြစ်ပြီး၊ ပင်မခန္ဓာကိုယ်ကို ထိခိုက်စေမည်မဟုတ်ပေ။
“ဟမ့်၊ ငါ့ကိုသတ်ချင်တယ်ဆိုမှတော့ မင်းတို့လည်း အသတ်ခံရဖို့ ပြင်ထားပေတော့။”
ကျိုးစွေ့၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းတစ်ချက် လက်သွားသော်လည်း၊ နောက်မှလိုက်ပါလာသော လုမိသားစုကျင့်ကြံသူများအား သတိမထားမိသကဲ့သို့သာ ဟန်ဆောင်ထားလေသည်။
သူသည် လှည့်ပတ်သွားနေလိုက်ပြီးနောက် မီယွင်မြို့ရှိ လူပြတ်သော လမ်းကြားတစ်ခုဆီသို့ သွားလိုက်သည်။
နောက်မှလိုက်ပါလာသော လုမိသားစုကျင့်ကြံသူများ ဝမ်းသာသွားကြသည်။
“ဘာလဲဟ။ ဒီကောင်လေး ဒီလိုလျောက်ပတ်သွားနေတာ ဘယ်ကိုသွားချင်နေတာတုံး။”
“ဒီကောင်လေး မြို့ထဲက ထွက်သွားမယ်လို့ ငါထင်ထားတာ။ မြို့ပြင်ကျမှ ရှင်းပစ်ဖို့ ငါစီစဉ်ထားတာ ဒီကောင်လေး မြို့ထဲမှာပဲ ဆက်နေမယ်လို့ ထင်မထားမိဘူး။”
“ဒီကောင်လေးက မြို့ထဲမှာ ပိုလုံခြုံမယ်လို့ ထင်ထားပုံပဲ၊ ဒါပေမဲ့ ဒါက ငါတို့လုမိသားစုရဲ့ ပိုင်နက်ဆိုတာ သိပုံမရဘူး။”
“ဟဟ၊ ဒီတစ်ကိုယ်တော်ကျင့်ကြံသူမှာ သေချာပေါက် ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိရမယ်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အမွေအနှစ်ကို ရထားတာတောင် ဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဗြုန်းစားကြီး ထုတ်သုံးနိုင်မှာလဲ။”
“လျှို့ဝှက်ချက် ရှိ၊မရှိက ငါတို့ သူ့ကိုဖမ်းပြီး ကောင်းကောင်းနှိပ်စက်လိုက်ရုံပဲပေါ့။ ဘာမှခန့်မှန်းနေစရာမလိုဘူးလေ။”
“သိပ်ကောင်းတယ်။ သူက ဒီလို လူပြတ်တဲ့နေရာကို လာရလောက်အောင်ကို တုံးလွန်းတယ်။ အနီးနားမှာလည်း ဘယ်သူမှမရှိဘူး အခုချက်ချင်း သူ့ကိုဖမ်းဖို့ တိုက်ခိုက်တာ အကောင်းဆုံးပဲ။ သူ့မှာ ဘာတွေဖုံးကွယ်ထားလဲဆိုတာ ငါမြင်ချင်နေပြီ။”
လုမိသားစု၏ ချီသန့်စင်ခြင်း အဆင့်(၇)သုံးဦးနှင့် အဆင့်(၈)တစ်ဦးတို့၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။ စကားတစ်ခွန်းပင် မဆိုတော့ဘဲ ကျိုးစွေ့အား တိုက်ခိုက်ရန် သူတို့၏တိုက်ကွက်များအား တုံ့ဆိုင်းခြင်းမရှိ ထုတ်ဖော်လိုက်ကြသည်။
ဘန်း…။
ရုတ်တရက် လျှို့ဝှက်စိတ်ဝိညာဉ်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ မီတာတစ်ရာပတ်လည်သို့ ပျံ့နှံ့သွားကာ ဧရိယာတစ်ခုလုံးအား အပြည့်အဝဖုံးအုပ်သွားသည်။
ဘာရယ်…။
လုမိသားစုကျင့်ကြံသူလေးဦး ကြက်သေသေသွားသည်။ ချုပ်နှောင်ခြင်းစွမ်းရည်ရှိသော ပုံရိပ်ယောင်တစ်ခုအောက်တွင် ပိတ်မိသွားကာ သူတို့၏ခန္ဓာကိုယ်များမလှုပ်ရှားနိုင်တော့သည်အား အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
ပြဿနာမှာ သူတို့ ဘယ်အချိန်တွင် ပစ်မှတ်ထားခံခဲ့ရသည်ကို လုံးဝမသိရှိခဲ့ခြင်းပင်ဖြစ်သည်။
သူတို့တစ်ဦးချင်းစီသည် နှလုံးသားထဲမှ အတောင့်တဆုံးအရာများအား အိပ်မက်မက်နေသကဲ့သို့ အရူးများသဖွယ် ပါးစပ်ဟောင်းလောင်းဖြင့် ကြက်သေသေနေကြလေသည်။
ဤသည်မှာ “အိပ်မက်ဝိညာဉ်ကူ”၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်သော “အိပ်မက်ကျူးကျော်ခြင်း” ဖြစ်သည်။
ထိုအစွမ်းအား အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက်၊ သတ်မှတ်ဧရိယာအတွင်းရှိ ရန်သူများအား အိပ်မက်ကမ္ဘာတစ်ခုထဲသို့ တိတ်တဆိတ် ဆွဲသွင်းနိုင်သည်။
“အဆင့်တစ် ထိပ်တန်းအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’ရဲ့ စွမ်းအားက တကယ်ကို ကြမ်းတာပဲ။”
ထိုအခိုက်အတန့်တွင် ကိုယ်ပွားကျိုးစွေ့၏အသံက လုမိသားစုကျင့်ကြံသူများ ရှေ့တွင် ထွက်ပေါ်လာသည်။ သူသည် “အိပ်မက်ဝိညာဉ်ကူ”၏စွမ်းအားကို အံ့ဩနေသည်။ သာမန်ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများအတွက် တကယ်ကို ကြံ့ကြံ့ခံနိုင်ရန် ခက်ပေသည်။
ဝိညာဉ်ကာကွယ်ရေးမှော်ပစ္စည်းမရှိသော ကျင့်ကြံသူများသည် တစ်ချက်တည်းသောတိုက်ခိုက်မှုဖြင့်ပင် ခုခံနိုင်ခြင်းမရှိ သေဆုံးလုနီးပါး ဖြစ်ရပေမည်။
အတွေးတစ်ချက်မျှဖြင့် လုမိသားစုကျင့်ကြံသူများသည် မည်သို့မျှ မခုံခံနိုင်ဘဲ အိပ်မက်တစ်ခုထဲသို့ ချက်ချင်းဆွဲသွင်းခံခဲ့ရသည်။
“သေစမ်း။”
ကျိုးစွေ့သည် ဤလုမိသားစုကျင့်ကြံသူများနှင့် စကားပြောဆိုရန် စိတ်မဝင်စားချေ။ ညင်သာသော ထိတွေ့မှုတစ်ခုဖြင့် အစစ်အမှန်ချီသည် ကျင့်ကြံသူလေးဦး၏ နဖူးများကို ထိုးဖောက်သွားပြီး သွေးများပန်းထွက်နေသည့်အပေါက်များဖြစ်အောင် ဖန်တီးလိုက်၏။
“ဒါက..။”
“ဘယ်…ဘယ်တုန်းက ငါတို့ကို သတိပြုမိသွားတာလဲ။”
“မဖြစ်နိုင်ဘူး၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အားကောင်းနိုင်မှာလဲ။”
“ဒါက အတုအယောင်ပဲ…ဟုတ်တယ်မလား…။ ငါတို့က သေပြီလား…သူ ဘယ်တုန်းက လှုပ်ရှားလိုက်တာလဲ။”
ပြင်းထန်သောနာကျင်မှုက လုမိသားစုကျင့်ကြံသူလေးဦးအား အိပ်မက်ကမ္ဘာမှ နိုးထစေခဲ့သည်။ သူတို့ရှေ့တွင် ပေါ်လာသော ကျိုးစွေ့အား မြင်လိုက်ရပြီး မျက်လုံးသူငယ်အိမ်များ ကျုံ့သွားကာ အလွန်အမင်း ထိတ်လန့်မှုများ ထင်ဟပ်နေလေသည်။
သူတို့ မည်သို့ဖော်ထုတ်ခံလိုက်ရသည်ကိုပင် မသိရှိခဲ့ပေ။
ဤအချိန်မှာသာ သူတို့ရှေ့ရှိ အရေးအပါပုံပေါက်သော ဤကျင့်ကြံသူသည် ကျားကိုစားရန် ဝက်အယောင်ဆောင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြ၏။
သို့သော် နောင်တရရန် အလွန်ပင် နောက်ကျခဲ့ချေပြီ။
ဘုန်းခနဲအသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားကြပြီး သူတို့၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်နေပြီး သေသည့်တိုင်အောင် မမှိတ်နိုင်ခဲ့ကြပေ။
“ဝိညာဉ်ရှာဖွေခြင်း။”
တုံ့ဆိုင်းမနေဘဲ ကျိုးစွေ့က “အိပ်မက်ဝိညာဉ်ကူ”၏ ဒုတိယစွမ်းရည်ဖြစ်သော ‘ဝိညာဉ်ရှာဖွေခြင်း’အား အသုံးပြုလိုက်သည်။
ထိုစွမ်းရည်သည် မိစ္ဆာလမ်းစဉ်း၏ ‘ဝိညာဉ်ရှာဖွေခြင်းပညာရပ်’ ထက်ပင် ပိုမိုရက်စက်၏။ မိစ္ဆာလမ်းစဉ်၏’ဝိညာဉ်ရှာဖွေခြင်းပညာရပ်’သည် မှတ်ဉာဏ်၏တစ်စိတ်တစ်ပိုင်းကိုသာ ရယူနိုင်ပြီး၊ မှတ်ဉာဏ်အများစုက ပျောက်ဆုံးနေမည်ဖြစ်ရာ၊ တစ်ခါတစ်ရံတွင် လိုချင်သော သတင်းအချက်အလက်အား မရရှိနိုင်ပေ။
သို့သော် “အိပ်မက်ဝိညာဉ်ကူ”၏ ‘ဝိညာဉ်ရှာဖွေခြင်း’စွမ်းရည်သည် ရန်သူထံမှ ပြည့်စုံသော ဝိညာဉ်မှတ်ဉာဏ်အား ထုတ်ယူနိုင်ပြီး အနည်းငယ်မျှပင် ကျန်ရစ်ခဲ့မည်မဟုတ်ပေ။
ဝူးရှ်…။
ချက်ချင်းပင် ကြီးမားသောမှတ်ဉာဏ်တစ်ခုက “အိပ်မက်ဝိညာဉ်ကူ”၏ကိုယ်ထဲသို့ စီးဝင်သွားပြီး ၎င်းက ချေဖျက်စုပ်ယူလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် သန့်စင်သောဝိညာဉ်စွမ်းအင်ကို “အိပ်မက်ဝိညဉ်ကူ”က မျိုချလိုက်ပြီး၊ ၎င်း၏ဆင့်ကဲတိုးတက်မှုအား တိုးတက်စေမည့် အတွင်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။
၎င်းသည် ကြီးထွားလာရန်အတွက် ပိုင်ရှင်ဖြစ်သူအပေါ် မှီခိုခြင်းအပြင်၊ မိမိကိုယ်တိုင် ကြီးထွားမှုကို မြှင့်တင်ရန် အခြားသတ္တဝါများ၏ဝိညာဉ်များကို ဝါးမျိုနိုင်လေ၏။
“ဒီလိုကိုး။ တကယ်ပဲ လုမိသားစုကျင့်ကြံသူတွေပဲ။ ဂုဏ်သိက္ခာကြီးမားတဲ့ လုမိသားစုက လုယက်ကျင့်ကြံသူတွေလိုမျိုး အောက်တန်းကျသွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။”
“ပြီးတော့ မကြာသေးခင်က မီယွင်မြို့ရှုပ်ထွေးမှုတွေက တကယ်တော့ လုမိသားစုနဲ့ ပတ်သက်နေပြီး၊ သူတို့က နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေတောင် ဖြစ်နိုင်သေးတယ်။”
“အင်း၊ ဘယ်ကျင့်ကြံသူမိသားစုကမှ လူကောင်းတွေမဟုတ်ဘူးပဲ။”
တစ်ခဏအတွင်းမှာပင် လုမိသားစုကျင့်ကြံသူများထံမှ ရယူထားသော မှတ်ဉာဏ်များဖြင့် အခြေအနေအပြည့်အစုံအား ကျိုးစွေ့ နားလည်သွားသည်။
ကြိုးကိုင်နေသူမှာ ရတနာစံအိမ်တာဝန်ခံ လုမင်ဖြစ်၏။
သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေသော ဘိုးဘေးအိုကြီးဖြင့် လက်ရှိမကောင်းသောအခြေအနေများကြောင့် လုမိသားစုသည် ပျက်သုဉ်းလုနီးပါးဖြစ်နေလေသည်။ သူတို့သည် လျှို့ဝှက်လုယက်သူများ ဖြစ်လာကြပြီး၊ ငွေအများအပြားရှာရန် တစ်ကိုယ်တော်ကျင့်ကြံသူများအား လုယက်သတ်ဖြတ်ကြခြင်း ဖြစ်သည်။
သူသည် ပစ်မှတ်ထားခံရသူများထဲမှ တစ်ယောက်ဖြစ်သွားခြင်းသာ ဖြစ်၏။