← Chapters

ကသောင်းကနင်းဖြစ်နေသော လုမိသားစု၊ လက်တုံ့ပြန်ရန် မဝံ့ရဲခြင်း။

Vol. 3 Ch. 39

ကသောင်းကနင်းဖြစ်နေသော လုမိသားစု၊ လက်တုံ့ပြန်ရန် မဝံ့ရဲခြင်း။

Vol. 3 Ch. 39

လုမိသားစုကျင့်ကြံသူအနည်းငယ်၏ မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက် ကျိုးစွေ့က လေအေးတစ်ချက် ရှိုက်လိုက်လေသည်။

ဤလောကသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး၊ လူအချင်းချင်း အနိုင်ကျင့်သတ်ဖြတ်ကြသော ရက်စက်ကြမ်းကြုတ်သည့် လောကဖြစ်ကြောင်း ရှေးဦးစွာကတည်းက သိထားနှင့်ပြီးဖြစ်သော်လည်း၊ မီယွင်မြို့၏အုပ်စိုးသူဖြစ်သော လုမိသားစုသည် ဤမျှရက်စက်လိမ့်မည်ဟု ဘယ်တုံးကမှ သူမထင်ထားချေ။

အကယ်၍ သူသာ အလွန့်အလွန် သတိထားခြင်းမရှိခဲ့ပါက လုမိသားစု တမင်တကာဖန်တီးထားသော အရှုပ်အထွေးများထဲတွင် အသတ်ခံရနိုင်ခြေရှိသည်။

“အိမ်ပြန်ရောက်တာနဲ့ တံခါးပိတ်ကျင့်ကြံပြီး ငါ့ရဲ့ကျင့်ကြံမှုကို မြှင့်တင်ရမယ်” ဆုံးဖြတ်ချက်ချလိုက်သည်။

“ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို မရောက်မချင်း အိမ်ပြင်မထွက်တော့ဘူး။”

ကျိုးစွေက လက်သီးဆုပ်လိုက်သည်။ တစ်စုံတစ်ရာက သူ့အား တွန်းအားပေးနေလေသည်။

လုမိသားစုက လုံးဝကို သွေးရူးသွေးတန်းဖြစ်နေသည်မှာ သံသယဖြစ်စရာမရှိပေ။ အကယ်၍ မိသားစုဘိုးဘေးသာ ကျဆုံးသွားပါက မိသားစုတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည်။

အတိတ်တွင် ထင်ရှားသော လုမိသားစုဖြစ်သည်နှင့်အညီ၊ ဘိုးဘေးသေဆုံးသည်နှင့် ကြုံတွေ့လာရမည့် ကြေကွဲစရာအဖြစ်အပျက်များကလည်း လျော့နည်းမည်မဟုတ်ပေ။

လုမိသားစုက အင်မော်တယ်ရှားဂိုဏ်း၏အကာအကွယ်အား ရှာဖွေခဲ့လျှင်ပင်၊ ရှင်သန်ကျန်ရစ်မည့်အရေအတွက်က အလွန်နည်းပါးနေဦးမည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားဂိုဏ်းသည် ဒုက္ခသည်စခန်းမဟုတ်ပေ။ သူတို့သည် လုမိသားစုဝင်တိုင်းအား ကာကွယ်ပေးနိုင်မည်မဟုတ်ဘဲ၊ တန်ဖိုးရှိသူများကိုသာ ကာကွယ်ပေးမည်ဖြစ်သည်။ သို့သော် လုမိသားစုသည် အလွန်ကြီးမားပြီး၊ နှစ်နှစ်ရာကာလအတွင်း လူဦးရေ တစ်သောင်းကျော်အထိ ရှိနေလေ၏။

တိုက်ရိုက်မျိုးဆက်များမှလွဲ၍ အခြားသူများအား သေခွင့်ပြုနိုင်မည်မှာ သေချာ၏။

ဤအချက်အား သူတောင် သဘောပေါက်လျှင် လုမိသားစုမှ လူများသည်လည်း ၎င်းအား သေချာပေါက် သိရှိကြပေမည်။

ထို့ကြောင့် မိသားစုဘိုးဘေး မသေဆုံးမီ၊ ထိုလုမိသားစုဝင်များသည် တတ်နိုင်သမျှ များများစားစား ယူဆောင်ကြမည်မှာ သေချာသည်။ လုံလောက်စွာရရှိသည်နှင့် မီယွင်မြို့မှ ချက်ချင်းထွက်ပြေးကာ အခြားနေရာများတွင် အမည်ပြောင်း၍ အခြေချကြပေလိမ့်မည်။

“ကံကောင်းစွာနဲ့ ဒီသိုလှောင်အိတ်တွေမှာ လုမိသားစုက ချန်ထားခဲ့တဲ့ အမှတ်အသားတွေ မရှိဘူး။”

ကျိုးစွေ့သည် “အိပ်မက်ဝိညာဉ်ကူ”အား အသုံးပြု၍ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ လုမိသားစုကျင့်ကြံသူလေးဦး ပိုင်ဆိုင်သော သိုလှောင်အိတ်များတွင် လုမိသားစုမှ ချန်ထားခဲ့သော အမှတ်အသားများမရှိသည်ကို ခွဲခြားသိမြင်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ၊ သူ၏ဝိညာဉ်အာရုံသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦနှင့် တန်းတူဖြစ်ရာ သူ့ထံမှ ဘာမှဖုံးကွယ်နိုင်မည်မဟုတ်ပေ။ သာမန်ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ချန်ထားခဲ့သော မည်သည့်အရာကိုမဆို သူ ချက်ချင်းသိရှိနိုင်သည်။

ထို့အပြင် လုမိသားစုသည် မျိုးဆက်‌ထောင်ပေါင်းများစွာရှိသော အခြေတည်အဆင့် မိသားစုတစ်ခုသာလျှင် ဖြစ်၏။ အရေးကြီးသော မိသားစုဝင်အနည်းငယ်မှလွဲ၍ ကျန်သူများတွင် အထူးကာကွယ်ရေးအစီအမံများ ရှိမည်မဟုတ်ပေ။

ရတနာစံအိမ်မှ သူဝယ်ယူခဲ့သော အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြား၊ ဆေးလုံးဖော်စပ်နည်းများ၊ဆေးမီးဖိုများကိုပင် ဝိညာဉ်အာရုံဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့တွင်လည်း အထူးအမှတ်အသားများ မရှိခဲ့ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် သတိရှိတာ ပိုကောင်းတယ်။”

“ဒီလောကက ကျင့်ကြံသူတွေမှာ ထူးဆန်းတဲ့ နည်းစနစ်တွေ အများကြီးပဲ။ ဘယ်အချိန် အငိုက်မိမလဲဆိုတာ မသိနိုင်ဘူး။”

“အရင်ဆုံး ဒီရတနာတွေကို ငါ့ကိုယ်ပွားနဲ့ မြို့ပြင်ကို ထုတ်ထားလိုက်မယ်။ အချိန်အတိုင်းတာတစ်ခုအထိ ဘာပြဿနာမှ မရှိမှ ပြန်လာခိုင်းမယ်။”

ကျိုးစွေ့က လက်တစ်ချက် ဝှေ့လိုက်ပြီး မီးလုံးပညာကို ထုတ်ဖော်လိုက်ကာ လုမိသားစုကျင့်ကြံသူလေးဦး၏အလောင်းများအား ချက်ချင်းမီးရှို့ပြာချလိုက်သည်။ ထို့နောက် မြို့စွန့်သို့ ပျံသန်းသွားလိုက်သည်။

သူသည် ကိုယ်ပွားတစ်ဦးသာဖြစ်၍ လုမိသားစုက ရှာတွေ့သွားလျှင်ပင် သူ၏ကိုယ်ပွားကိုသာ ဖျက်ဆီးနိုင်မည်ဖြစ်၏။ မြို့ပြင်ထွက်၍ ကျပန်းနေရာတစ်ခုခုတွင် ပုန်းအောင်းနေသရွေ့ မည်သူမျှ သူ့အား ရှာဖွေနိုင်မည်မဟုတ်ဟု သူယုံကြည်ပေသည်။

ဤနည်းဖြင့် သူ၏ပင်မခန္ဓာကိုယ်ကိုလည်း ပါဝင်ပတ်သက်စေခြင်းရှိမည် မဟုတ်တော့ပေ။

သို့သော် မသွားမီတွင် စိတ်ဝိညာဉ်အသားများနှင့် ဆန်များ သိုလှောင်ထားသော သိုလှောင်အိတ်အား ပင်မခန္ဓာကိုယ်ဆီသို့ ပြန်ယူသွားနိုင်ရန် နောက်ကိုယ်ပွားတစ်ဦးထံသို့ လွှဲပြောင်းပေးခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤထောက်ပံ့ရေးပစ္စည်းများက လုမိသားစုနှင့် ဘာမှမဆိုင်ပေ။ ၎င်းတို့တွင် လျှို့ဝှက်နည်းစနစ်များ ပါဝင်နိုင်ခြေမရှိရာ ပင်မခန္ဓာကိုယ်ဆီသို့ ပြန်ယူသွားရန်မှာ လုံးဝဘေးကင်းပေ၏။

အမှန်အားဖြင့် ကျိုးစွေ့သည် လက်ရှိတွင် ကိုယ်ပွားငါးဦးအထိ ကျင့်ကြံနိုင်၏။

ကိုယ်ပွားတစ်ဦးသည် စောင့်ကြည့်ရေးတာဝန်ယူပြီး၊ တစ်ဦးသည် ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန် တာဝန်ယူကာ၊ တစ်ဦးသည် တန်ပြန်ရေးအတွက် တာဝန်ယူထားပြီး နှစ်ဦးက အသင့်အနေအထားတွင် ရှိလေသည်။

…

နာရီအနည်းငယ်ကြာပြီးနောက်။

ရတနာစံအိမ်အတွင်းရှိ လုမင်တစ်ယောက် အလွန်ပင်ရုပ်ဆိုးနေလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏မျက်နှာမှာ ပိုမိုအရုပ်ဆိုးလာ၏။

ယခုအခါ သူ၏မျက်နှာသည် မီးသွေးခဲကဲ့သို့ပင် မဲနက်နေကာ လုံးဝထိတ်လန့်နေသည်။

“သူတို့ ဒီအချိန်ထိ ပြန်မလာသေးဘူးဆိုတော့ သေများကုန်ပြီလား။”

ဆိုင်တာဝန်ခံလုမင်က လက်သီးဆုပ်လိုက်သည်။ သာမန်အခြေအနေတွင် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးဦးက ချီသန့်စင်ခြင်းအဆင့်(၅)ရှိ ကျင့်ကြံသူတစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ခြင်းက အလွယ်တကူသာ ဖြစ်သင့်ပေသည်။ ထိုမျှ အချိန်များစွာ မကြာသင့်ပေ။

သို့သော် ယခုတွင် နာရီပေါင်းများစွာ ကုန်လွန်သွားသော်လည်း သူ၏လက်အောက်ငယ်သားများ ပြန်လာသည့်အရိပ်အယောင်ကိုပင် မမြင်ရချေ။

သူ၏လူများ သေဆုံးသွားကြသည်မှာ သံသယဖြစ်စရာမလိုတော့ပေ။

“ကြည့်ရတာ အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူကို လျှော့တွက်လိုက်မိပုံပဲ။ အဲ့ဒီခွေးကောင်က ချီသန့်စင်ခြင်း အဆင့်(၅)ကျင့်ကြံသူ လုံးဝမဖြစ်နိုင်ဘူး။ သေချာပေါက် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်၊ ဒါမှမဟုတ် ချီသန့်စင်ခြင်း အဆင့်(၉)က အထင်ကရကျင့်ကြံသူတစ်ဦးတောင် ဖြစ်နိုင်တယ်။” ဆိုင်တာဝန်ခံလုမင်က အသက်ပြင်းပြင်းရှုလိုက်ပြီး၊ ဤတစ်ကြိမ်တွင် သူအတွက်မှားသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးဦးအား ဆုံးရှုံးသွားစေခဲ့လေပြီ။ ဆုံးရှုံးမှုက ကြီးမားလှ၏။

လက်ရှိ မတည်မငြိမ်ဖြစ်နေသော လုမိသားစုအတွက် ယင်းက ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်လေ၏။

ယင်းအား သဘောပေါက်လိုက်သည်နှင့် ဤကိစ္စသည် သူတစ်ဦးတည်းဖြင့် ဖြေရှင်းရန် လွန်စွာကြီးလေးလွန်းသည်အား သူနားလည်လိုက်သည်။

အကယ်၍ လုမိသားစုအကြီးအကဲများ ဤကိစ္စအား သိရှိသွားပါက သူ့အား သေချာပေါက် သေဒဏ်ချမှတ်ကြပေလိမ့်မည်။

ထို့ကြောင့် လုမိသားစုထံသို့ အမြန်ပင် သွားရောက်ကာ လုမိသားစု အကြီးဆုံးအကြီးအကဲကို ရှာဖွေကာ အခြေအနေအား သူအသိပေးလိုက်သည်။

ယင်းအား ကြားသိလိုက်ရသောအခါ၊ ဖြောင်းခနဲအသံနှင့်အတူ လုမိသားစု အကြီးဆုံးအကြီးအကဲက လုမင်၏မျက်နှာအား ဖြတ်ရိုက်လိုက်ရာ ကြမ်းပြင်ပေါ်သို့ လဲကျသွား‌သည်။ သူ့မျက်နှာပေါ်တွင် ထင်ရှားသော အနီရောင် လက်ငါးချောင်းရာပေါ်နေသကဲ့သို့ သွားများသည်ပင် ထွက်ကျလုနီးပါး ဖြစ်သွားလေသည်။

“မင်း ငတုံးကောင်၊ ငါမင်းကို မပြောထားဘူးလား။ အခုက ငါတို့ လုမိသားစုအတွက် မတည်မငြိမ်ဖြစ်နေတဲ့အချိန်လို့။ လက်ရှောင်သင့်တာကို ရှောင်ရမယ်။ ဒါကို မင်းက ဓားပြတိုက်ဖို့ လုပ်ပြီး မိသားစုက ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးယောက်ကိုတောင် အသတ်ခံရအောင် လုပ်လိုက်သေးတယ်။”

လုမိသားစု၏ အကြီးဆုံးအကြီးအကဲက ဒေါသတကြီးဖြစ်နေလေသည်။

“တောင်းပန်ပါတယ် အကြီးအကဲ ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး။ လုမိသားစုက မတည်ငြိမ်တဲ့အခြေအနေမှာ ရှိနေပြီး ဝိညာဉ်ကျောက်တုံးတွေ အရမ်းပြတ်လတ်နေပြီ။ စီးပွားရေးလုပ်ရုံနဲ့ ဘယ်လောက်များများ ရှာနိုင်မှာမလို့လဲ။”

“ကျွန်တော် ဓားပြတိုက်တဲ့ အကြောင်းရင်းကလည်း လုမိသားစုအတွက်ပါ။ နောက်ထပ်အခြေတည်ဆေးလုံးတစ်လုံး ဝယ်ယူနိုင်ပြီး လုမိသားစုက နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး မွေးထုတ်ပေးနိုင်ဖို့ ဝိညာဉ်ကျောက်တုံးတွေ ပိုရှာချင်ခဲ့တာပါ။”

ဆိုင်တာဝန်ခံလုမင်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူ့ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ မိသားစုအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုရင်း ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။

“မင်း…မင်း..။”

ထိုစကားအား ကြားသောအခါ လုမိသားစု အကြီးဆုံးအကြီးအကဲ၏လက်သည် ဒေါသကြောင့် တုန်ရီနေသော်လည်း၊ အဆုံးသတ်တွင် သက်ပြင်းချကာ သနားကြင်နာမှုအား ပြသလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက အမှန်အတိုင်း ပြောနေကြောင်း သူသိသောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ၊ ယခုအချိန်တွင် ဓားပြအဖြစ်ပြုမူနေကြသည်မှာ သူတစ်ဦးတည်းမဟုတ်ဘဲ လုမိသားစုဝင်များစွာလည်း အတူတူပင် ဖြစ်လေသည်။

လုမင် ကျရှုံးခဲ့၍သာ အပြစ်တင်ခံရခြင်းဖြစ်ပြီး အောင်မြင်ခဲ့ပါက မည်သူမျှ ဘာမှပြောမည်မဟုတ်ချေ။

“အကြီးအကဲ သူတို့အတွက် ကျွန်တော်တို့ လက်စားချေရမယ်။ သူတို့က ငါတို့လုမိသားစုဝင်တွေပဲ၊ အခုတော့ အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူရဲ့ အသတ်ခံလိုက်ရပြီ။ ဒါက ကျွန်တော်တို့လုမိသားစုကို မျက်နှာဖြတ်ရိုက်လိုက်တာပဲ။ အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူကို သေစေချင်တယ်။”

“ပြီးတော့ ကျွန်တော် အဲ့ဒီ အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားကို ပြုပြင်ခဲ့ပြီး ထူးခြားတဲ့ အနံ့တစ်ခု ချန်ထားခဲ့တယ်။ ကျုပ်တို့ အနံ့ခံပိုးကောင်တွေကို သုံးသရွေ့ ကျုပ်တို့ခြေရာခံနိုင်ပြီး၊ အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူရဲ့ အားနည်းချက်ကို ရှာနိုင်မှာပါ။”

ဆိုင်တာဝန်ခံလုမင်၏မျက်လုံးများထဲတွင် မုန်းတီးမှုများပြည့်နှက်နေပြီး သူ၏လက်စားချေလိုစိတ်အား ဟိန်းဟောက်ပြောကြားလိုက်သည်။

“တော်လောက်ပြီ။ ဒီကိစ္စကို ထားလိုက်တော့။ အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူကို လိုက်မရှာနဲ့တော့။”

လုမိသားစု အကြီးဆုံးအကြီးအကဲက လက်ကို ယမ်းလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ဆိုင်တာဝန်ခံလုမင် တုန်လှုပ်သွားသည်။ သူသည် လုမိသားစုက လူသတ်သမားကို လိုက်လံရှာဖွေခြင်းအား စွန့်လွှတ်လိုက်မည်ဟု ဘယ်တုံးကမှ မထင်ထားခဲ့ပေ။ ဤသည်မှာ လွှမ်းမိုးဗိုလ်ကျသော လုမိသားစု၏ စရိုက်လက္ခဏာနှင့် မကိုက်ညီချေ။

“အရူး၊ မင်းအခုထိ နားမလည်သေးဘူးလား။ အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူက ငါတို့လုမိသားစုက ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်တယ်ဆိုရင်၊ သူ့ရဲ့ကျင့်ကြံမှုအဆင့်က အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၉)မှာ ရှိရမယ်။ ငါတို့လုမိသားစုက ချီသန့်စင်ခြင်း အဆင့်(၉) တော်တော်များများကို မလွှတ်မချင်း၊ သူ့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ပြောရရင် အဲ့ဒီလူရဲ့ ပြန်သတ်တာကိုတောင် ခံရနိုင်သေးတယ်။”

လုမိသားစု အကြီးဆုံးအကြီးအကဲ၏ အမူအရာက လွန်စွာလေးနက်နေလေသည်။

All Chapters