တခြားအခြေတည်အဆင့်မိသားစုတွေ ငါးစာချနေတာသေချာတယ်။
Vol. 3 Ch. 40
ဤစကားကိုကြားသောအခါ ဆိုင်တာဝန်ခံလုမင် ချက်ချင်းအသံတိတ်သွားသည်။ ဖြစ်ရပ်များက အမှန်တကယ်ပင် ဤအတိုင်းဖြစ်လေ၏။ ထိုတစ်ကိုယ်တော်ကျင့်ကြံသူ၏စွမ်းအားကို သုံးသပ်ရလျှင် ၎င်းအား သတ်ဖြတ်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။
ထို့အပြင် ဤလျှို့ဝှက်ဆန်းကြယ်သော တစ်ကိုယ်တောာ်ကျင့်ကြံသူတွင် မည်သို့သောနည်းလမ်းများ ရှိမည်အား မည်သူသိနိုင်မည်နည်း။ သတိမထားပါက လုမိသားစု၏ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများအား ပို၍ပင် ဆုံးရှုံးရဖွယ်ရှိလေသည်။ ယင်းက လုမိသားစုအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။
“အရေးကြီးဆုံးအချက်က ဒီလူက တခြားမိသားစုတွေက မဟုတ်ဘဲ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဆိုတာကို မင်းဘယ်လိုလုပ် သေချာပြောနိုင်မှာလဲ။”
“မင်းက အပြင်မှာ ငါးစာချပြီး တစ်ကိုယ်တော်ကျင့်ကြံသူတွေကို သတ်ဖြတ်နေတယ်။ အေး အဲ့ဒီလိုပဲ တခြားသူတွေကလည်း ငါးစာချပြီးတော့ ငါတို့လုမိသားစုကျင့်ကြံသူတွေကို သတ်ဖို့ ကြံစည်နေတာကိုကျ မင်းမသိနိုင်ဘူး။”
“မင်းကိုတောင် လှည့်စားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်က သေချာပေါက် ဘယ်ရိုးရှင်းနေပါ့မလဲကွာ၊ မဟုတ်ဘူးလား။”
လုမိသားစုအကြီးအကဲက အရေးအကြီးဆုံးအချက်အား ထောက်ပြရင်း လှောင်ရယ်လိုက်သည်။
“ဒါက…။”
ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသည် အမှန်တကယ် တစ်ကိုယ်တော်ကျင့်ကြံသူဟုတ်မဟုတ် အတည်မပြုနိုင်သောကြောင့်၊ ဆိုတာဝန်ခံလုမင်သည် ခေါင်းမှခြေအဆုံး ရေအေးတစ်ပုံးလောင်းချခံလိုက်ရသကဲ့သို့ ကျောရိုးထဲတွင် အေးစိမ့်သွားလေသည်။
အကယ်၍ ၎င်းသည် အခြားမိသားစုတစ်ခုမှဖြစ်ပြီး လုမိသားစုအား သတ်ဖြတ်ရန် ငါးစာချနေခြင်းဆိုလျှင်၊ သူတို့ ဘာလုပ်သင့်မည်နည်း။
ဤကိစ္စအား သူ ဂရုတစိုက်စဉ်းစားရန် တကယ်ကို လိုအပ်ပေသည်။
“အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူက မီယွင်မြို့ကနေ ထွက်သွားပြီလား။”
လုမိသားစုအကြီးအကဲက မေးလိုက်၏။
“ဟုတ်ကဲ့၊ သူ မီယွင်မြို့ကနေ တကယ်ပဲ ထွက်သွားပါပြီ။”
ဆိုင်တာဝန်ခံလုမင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်နေပြီ၊ ဒီတစ်ကိုယ်တော်ကျင့်ကြံသူက ငါတို့လုမိသားစုကျင့်ကြံသူတွေကို မြို့ပြင်ကို မျှားပြီး လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်တဲ့ငါးစာဆိုတာ ကျိန်းသေသွားပြီ။ သူတို့သာ ငါတို့ရဲ့ ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူတွေကို လုပ်ကြံနိုင်ရင်၊ ငါတို့လုမိသားစုမှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် မွေးထုတ်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ဟင်း…၊ ဒီအခြေတည်အဆင့်မိသားစုတွေက တကယ့်ကို အကြံပက်စက်တာပဲ။”
လုမိသားစုအကြီးအကဲက တီးတိုးကောက်ချက်ချလိုက်သည်။
လုမိသားစုသည် နှစ်ပေါင်းများစွာ မည်မျှရက်စက်ကြမ်းကြုတ်ခဲ့သည်အား သူသိသလို၊ အခြေတည်အဆင့်မိသားစုမည်မျှအား ရန်ပြုခဲ့သည်ကိုလည်း သိထားပေသည်။
ယခုအခါ လုမိသားစု၏ဆုတ်ယုတ်လာသော အခြေအနေအား စောင့်ကြည့်နေကြပြီး ထိုအခြေတည်အဆင့်မိသားစုများက သူတို့၏ကံဆိုးမှုအား ကျားချောင်းချောင်းနေကြလေပြီ။
“ဒီကျင့်ကြံသူမိသားစုတွေက ဒီလောက်တောင် ရက်စက်ကြတာလား။”
ဆိုင်တာဝန်ခံလုမင်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဟမ့်..၊ သူတို့က မင်းစိတ်ကူးနိုင်တာထက်တောင် ပိုရက်စက်သေးတယ်။ ငါ့အထင် အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူက ငါးစာအနေနဲ့ ငါတို့လုမိသားစုရဲ့ ဘိုးဘေးကိုတောင် မျှားခေါ်ချင်နေတာပဲ။”
လုမိသားစုအကြီးအကဲ၏မျက်ဝန်းများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“စဉ်းစားကြည့်စမ်းကွာ။ ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူတွေတောင် မနိုင်လို့ ငါတို့ရဲ့ ချီသန့်စင်ခြင်း အဆင့်(၉)အကြီးအကဲတော်တော်များများကို ဆုံးရှုံးရပြီဆိုရင်…ဟမ့်၊ ငါတို့လုမိသားစုဘိုးဘေးပဲ လှုပ်ရှားရတော့မှာမဟုတ်ဘူးလား။”
“ခက်တာက ဘိုးဘေးလှုပ်ရှားလို့ မီယွင်မြို့ကနေ ထွက်သွားတာနဲ့ အဲ့တာက ရန်သူ့ထောက်ချောက်ထဲ တည့်တည့်တိုးသလိုဖြစ်ပြီပဲ။ အဲ့ဒီအခြေတည်အဆင့်မိသားစုတွေက ငါတို့လုမိသားစုဘိုးဘေးကို တိုက်ခိုက်ဖို့ ကြံစည်နေကြတာ။ ဘိုးဘေးကို မသတ်နိုင်ရင်တောင်၊ အသက်ဓာတ်ကို အတော်လေး ထိခိုက်စေမှာပဲ။”
“ဘိုးဘေးသာ အတတ်နိုင်ဆုံး ဆွဲဆန့်ထားရင် နောက်ထပ်နှစ်အနည်းငယ် အသက်ရှင်နိုင်ပေမယ့်၊ သူတစ်ခေါက်လှုပ်ရှားပြီး အသက်ဓာတ်လျော့ကျသွားလို့ကတော့ လပိုင်းတောင် ခံနိုင်မှာမဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် ငါတို့လုမိသားစု အဆုံးသတ်သွားမှာမဟုတ်ဘူးလား။ အဟတ်…။”
“အမှန်ပဲ။”
ဆိုင်တာဝန်ခံလုမင် ချွေးများ ရွှဲရွှဲစိုသွားသည်။ အကယ်၍ လုမိသားစုဘိုးဘေး သေဆုံးသွားပါက၊ သူအပါအဝင် ကျန်လုမိသားစုကျင့်ကြံသူများအားလုံး အခြားအခြေတည်အဆင့်မိသားစုများ၏ သုတ်သင်ခြင်းကို ခံရနိုင်ပေသည်။
မျိုးနွယ်ဝင်အနည်းစုမှလွဲ၍ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သာမန်တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ နောက်ကွယ်တွင် ဤမျှကြီးမားသော အကြံအစည်နှင့်လှည့်ကွက်များ ရှိနေလိမ့်မည်ဟု ဘယ်တုံးကမှ သူမထင်ထားမိပေ။
ခြေတစ်လှမ်းမှားလိုက်ရုံဖြင့် လုမိသားစု၏ ပျက်စီးခြင်းသို့ ဦးတည်သွားနိုင်သည်။ ထိုပရိယာယ်သည် မည်မျှပင် ရက်စက်လိုက်သနည်း။
“ဟုတ်တာပေါ့၊ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးတယ်။ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံသူက တကယ်ပဲ အမွေအနှစ်တစ်ခုကို မတော်တဆရပြီး၊ အတော်အတန်ကြီးမားတဲ့ တိုက်ခိုက်ရေးစွမ်းအားရှိလို့ လုမိသားစုကျင့်ကြံသူတွေကို သတ်ဖြတ်သွားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သေးတယ်။”
“ခက်တာက၊ လက်ရှိလုမိသားစုက မတည်မငြိမ်တဲ့အနေအထားနဲ့ ပျက်စီးလုနီးပါဖြစ်နေတော့ ငါတို့ အရဲစွန့်လို့မဖြစ်ဘူး။”
“ငါတို့ လောင်းကြေးရှုံးရင် အကုန်ကိစ္စပြတ်သွားမယ်။ ငါတို့ နိုင်ရင်တောင်မှ အကျိုးအမြတ်သိပ်မရှိဘူး၊ ဒါက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်နိုင်ရုံပဲ။”
လုမိသားစုအကြီးအကဲက တီးတိုးပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ အကြီးအကဲ။”
ဆိုင်တာဝန်ခံလုမင်က ခေါင်းညိတ်လိုက်သည်။ သူသည် ငတုံးတစ်ယောက်မဟုတ်ရာ အကြီးအကဲ ဘာကိုဆိုလိုသည်အား အတိအကျ သဘောပေါက်၏။
လက်ရှိလုမိသားစုလည်း အလွန်အားနည်းနေပြီး အခြေတည်အဆင့်ကျင့်ကြံသူ အသစ်တစ်ဦးမမွေးထုတ်နိုင်သရွေ့ အချိန်မရွေး ပြိုလဲသွားနိုင်သည်။
ပြိုင်ဘက်သည် အမှန်တကယ် နောက်ကွယ်တွင် မည်သည့်လှည့်ကွက်မျှမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင် လုမိသားစုအနေဖြင့် လှုပ်ရှားမှုမပြုနိုင်ပေ။
လက်ရှိ လုမိသားစုအတွက် အရေးကြီးဆုံးအရာမှာ အခြေတည်အဆင့် ကျင့်ကြံသူအသစ်တစ်ဦးအား မွေးထုတ်နိုင်ရန်သာဖြစ်၏။ ထိုအရာမှလွဲ၍ အခြားမည်သည့်အရာတွင်မျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။
သူတို့သည် မီယွင်မြို့အတွင်း၌သာ ပုန်းအောင်းနေနိုင်သည်။
မီယွင်မြို့၏ ဒုတိယအဆင့် အစီအရင်ကို အားကိုးခြင်းဖြင့် အခြားအခြေတည်အဆင့် မိသားစုများသည်လည်း မဆင်မခြင်ပြုမူရဲမည်မဟုတ်ချေ။
ယခုအချိန်တွင် လုမိသားစုသည် အခွံထဲတွင် ခေါင်းဝှက်ထားသော လိပ်တစ်ကောင်ကဲ့သို့သာ ပြုမူရပေမည်။
မှန်ပေသည်၊ လုမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူအသစ်တစ်ဦး ပေါ်ထွန်းလာပါက အခြေအနေများ လုံးဝကွဲပြားသွားပေလိမ့်မည်။ ထိုအချိန်ကျမှသာ ရန်ငြိုးများအား အဟောင်းနှင့်အသစ်ပေါင်း၍ ဖြေရှင်းရပေမည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ ကုန်ဆုံးသွား၏။
လုမိသားစုမှ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူအချို့ သေဆုံးသွားပြီး နောက်ကွယ်မှ ကြိုးကိုင်မည့်သူ မရှိတော့သဖြင့်၊ မီယွင်မြို့တစ်ခုလုံးသည် ယခင်ငြိမ်းချမ်းမှုအား ပြန်လည်ရရှိလာပုံပေါ်ကာ သတ်ဖြတ်မှုများလည်း ရှားပါးလာလေသည်။
မီယွင်မြို့သည် တစ်ကိုယ်တော်ကျင့်ကြံသူအများအပြား မြို့ထဲသို့ အလုံးအရင်းဝင်ရောက်လာခြင်းဖြင့် ယခင်စည်ပင်မှုအား တဖြည်းဖြည်းပြန်လည်ရရှိလာလေသည်။
ယင်းအချိန်တွင် ကျိုးစွေ့သည် အိမ်တွင်းအောင်းကာ အပြင်းအထန် ကျင့်ကြံနေပြီး၊ သူ၏ကိုယ်ပွားမှာမူ မြို့ပြင်ရှိ ဂူတစ်ခုတွင် ပုန်းအောင်းနေဆဲဖြစ်ကာ ကိုယ်ယောက်ဖျောက်ထားချေသည်။
၎င်းမှာ ကိုယ်ပွားဖြစ်သောကြောင့် အခြေခံအားဖြင့် “ကိုယ်ပွားကူ”၏ သားလောင်းကူအခွဲ အင်းဆက်တစ်ကောင်သာဖြစ်ရာ၊ အစာစားရန်နှင့် ကုန်ကုန်ပြောရလျှင် အသက်ရှုရန် လေပင်မလိုအပ်ချေ။
ပင်မခန္ဓာကိုယ် အသက်ရှင်နေသရွေ့ ကိုယ်ပွားသည်လည်း ရှင်သန်နေမည်သာဖြစ်သည်။
ထို့ကြောင့် ကိုယ်ပွားသည် သက်မဲ့အရာဝတ္တုတစ်ခုအလား မလှုပ်မရှား ဂူထဲတွင် ပုန်းအောင်းနေခဲ့လေသည်။
“ထူးဆန်းတယ်၊ လုမိသားစုက ဘာမှမလှုပ်ရှားပုံပဲ။ ငါ့ကိုယ်ပွားကို ရှာဖို့ တစ်ယောက်မှ မလွှတ်ဘူး။ လုမိသားစုက ဘာမှမလှုပ်ရှားတော့တာ ဖြစ်လောက်မလား။” ကျိုးစွေ့က မေးစေ့အား ပွတ်သပ်လိုက်သည်။
အစက သူသည် သူ၏ကိုယ်ပွား သေဆုံးရမည်ဟု ကြိုတွေးထားလေသည်။ မည်သို့ပင်ဖြစ်စေ လုမိသားစု၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရာတွင် လွတ်မြောက်နိုင်စရာ နေရာမရှိပေ။
သို့သော် တစ်လလုံး မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ သူ စောင့်ဆိုင်းနေခဲ့သော်လည်း၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူအနည်းငယ် သေဆုံးခြင်းသည် လုမိသားစုအတွက် ဘာမှအဓိပ္ပါယ်မရှိသည့်အလား လက်စားချေရန် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။
အလိုရှိစာရင်းကိုပင် မထုတ်ပြန်ခဲ့ဘဲ ဘာမှမဖြစ်ခဲ့သလိုသာ ရှိနေလေ၏။
“မဟုတ်သေးဘူး၊ ဒီလိုကောက်ချက်ချလို့မဖြစ်သေးဘူး။ လုမိသားစုက ငါ့ပင်မခန္ဓာကိုယ်ပေါ်လာတာကိုစောင့်ပြီး တစ်ခါတည်း ဖမ်းဖို့ ငါးစာချထားတာ ဖြစ်နိုင်တယ်။ သတိထားတာ ပိုကောင်းတယ်။”
“သုံးလ၊ အနည်းဆုံး နောက်ထပ်သုံးလစောင့်ကြည့်လို့မှ လုမိသားစုက တုံ့ပြန်မှုမရှိသေးဘူးဆိုရင်တော့ ဘာမှစိုးရိမ်စရာမရှိတော့ဘူး။”
ကျိုးစွေ့၏မျက်လုံးများ တောက်လာသည်။
အသေးငယ်ဆုံးသောအန္တရာယ်ဖြစ်လျှင်ပင် သူ အရဲမစွန့်လိုပေ။ မိမိဘာသာ ငြိမ်းချမ်းစွာ ကျင့်ကြံနေပြီး အင်မော်တယ်အဖြစ်သို့ ရရှိနိုင်နေပါက အဘယ်ကြောင့် စွန့်စားနေရမည်နည်း။
မည်သို့ပင်ဖြစ်စေ ရတနာက ဤနေရာတွင်သာရှိပြီး ထွက်ပြေးသွားမည်မဟုတ်ပေ၊ အချိန်မရွေး ယူနိုင်သည်ဖြစ်ရာ အလျင်စလိုလုပ်စရာ မလိုပေ။
[ T.L Note – “ကိုယ့်အိမ်အောက်ကကြက် ဘယ်ချိန်ရိုက်သတ်သတ် ရသည်” ဆိုတဲ့ သဘောမျိုးပြောတာဖြစ်မယ်ဗျ။ ]
ဤအန္တရာယ်များသော ကျင့်ကြံခြင်းလောကတွင် အရာရာတိုင်းအား ရေခဲပြင် ခပ်ပါးပါးပေါ်တွင်လျှောက်သကဲ့သို့ ဂရုစိုက်ရပေမည်။
သတိထားခြင်းသည် ပေါ့ဆခြင်းထက် အမြဲတစေ ပိုကောင်း၏။
ခဏတာ ပေါ့ဆမှုကြောင့် မမျှော်လင့်ဘဲ သေဆုံးသွားကြသော ကျင့်ကြံသူမည်မျှရှိသည်အား မည်သူမျှမသိပေ။
သူသည် တူညီသောအမှားများကို ပြုလုပ်မည်မဟုတ်ပေ။
ထို့သို့စဉ်းစားရင်း မသိစိတ်ဖြင့် အလိုလို အချက်အလက်ပြမျက်နှာပြင်အား ကျိုးစွေ့ကြည့်လိုက်မိသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၅) (တိုးတက်မှု ၄၅%)၊ သက်တမ်း - ၁၉ (၁၂၀နှစ်) ]
[ ပင်ကိုယ်ပါရမီ - အဌမအဆင့်စိတ်ဝိညာဉ်အမြစ် (၇၅%) ]
[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၅၅%) ]
[ အဆောင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၆၅%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၃၅%) ]
[ မီးလုံးပညာ - အသေးစားအောင်မြင်မှုအဆင့် (၃၅%)၊ လေဓားသွားပညာ - ကနဦးအဆင့်၊ ရွှေအလင်းပညာ - ကနဦးအဆင့်၊ ရေခဲနှင်းပညာ - ကနဦးအဆင့်၊ နွေလေမိုးပညာ - ကနဦးအဆင့်၊ … ]
တစ်လကြာ အပြင်းအထန်ကျင့်ကြံပြီးနောက် သူ၏ကျင့်ကြံမှုအဆင့်သည် အတော်လေးတိုးတက်လာခဲ့သည်မှာ ထင်ရှားလှပေသည်။