အဆင့်နှစ် “ချစ်ခြင်းမေတ္တာကူ”၊ နှလုံးသားချင်း ဆက်သွယ်ခြင်း။
Vol. 3 Ch. 43
သိပ်မကြာမီ၊ အဝတ်အစားအပြည့်အစုံဝတ်ဆင်ထားသော ကျိုးစွေ့သည် အခန်းထဲမှ ထွက်လာလေသည်။
သူ့မျက်နှာတွင် ရှုပ်ထွေးသော အမူအရာပေါ်နေသည်။ သူသည် တစ်မနက်ခင်းတည်းနှင့် တစ်နှစ်နီးပါး အပြင်းအထန်ကျင့်ကြံရမည့်အဖြစ်အား ခုန်ပျံ၍ ချီသန့်စင်ခြင်း အဆင့်(၆)သို့ မည်သို့တက်လှမ်းနိုင်ခဲ့သည်အား နားမလည်နိုင်ဖြစ်နေလေသည်။
ဤဖြစ်ရပ်က သူ့အတွေးစိတ်ကူးထက် တကယ့်ကိုကျော်လွန်နေပေသည်။ မှန်ပေသည် ယင်းသည် သူ့အတွက် မကောင်းသောအရာမဟုတ်ပေ။
စိတ်ထဲတွင်သာထား၍ ကိုယ်ပိုင်ကျင့်ကြံရေးအခန်းအတွင်းသို့ ဝင်ကာ ခြေချိတ်ထိုင်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ၊ ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းနိုင်ခဲ့သည်ဖြစ်ရာ ကျင့်ကြံမှုအခြေခံအား ခိုင်မာစေရန် အချိန်လိုအပ်ပေသည်။
“ချီသန့်စင်ခြင်း အဆင့်(၆)ကို ဒီလောက်မြန်မြန် တက်လှမ်းနိုင်မယ်လို့ ငါမထင်ထားခဲ့ဘူး။”
သူ့ကိုယ်အတွင်း၌ လည်ပတ်နေသော အားကောင်းသည့် အစစ်အမှန်ချီအား ခံစားနေရကာ၊ သူ၏ မရီဒန်များမှတစ်ဆင့် အဆက်မပြတ်လည်ပတ်နေပြီး ပြီးပြည့်စုံသော လည်ပတ်မှုတစ်ခုအား ဖော်ဆောင်နေပေသည်။
တစ်နှစ်ကျော်အတွင်းမှာပင် သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၁)မှ အဆင့်(၆)သို့ ခုန်တက်သွားလေသည်။ မှန်ပေသည်၊ ယင်းက သူ၏ကျင့်ကြံဖော်သုံးဦးကြောင့်သာ ဖြစ်၏။
မူလယင်စွမ်းအားကို သယ်ဆောင်ထားသော သူ၏ကျင့်ကြံဖော်များ၏အကူအညီသာ မပါခဲ့ပါက၊ ဤမျှလျင်မြန်စွာ ချီသန့်စင်ခြင်း အဆင့်(၆)ကျင့်ကြံသူတစ်ဦးဖြစ်လာရန် မဖြစ်နိုင်ပေ။
နဝမအဆင့်စိတ်ဝိညာဉ်အမြစ်နှင့် သူ၏ယခင်ကျင့်ကြံမှုစွမ်းဆောင်ရည်ကိုသာ အခြေခံရလျှင်၊ သူသည် အသက် ငါးဆယ်၊ခြောက်ဆယ်မှသာ ချီသန့်စင်ခြင်း အဆင့်(၄)သို့ ရောက်ရှိနိုင်ပေမည်။ လက်ရှိအဆင့်သို့ ရောက်ရှိရန်မှာမူ လက်တွေ့တွင် မဖြစ်နိုင်ချေ။
ဤနှုန်းအတိုင်းသာ ဆက်လက်တိုးတက်နေပါက၊ ချီသန့်စင်ခြင်း အဆင့်(၉)သို့ တက်လှမ်းနိုင်ရန် အသက်သုံးဆယ်ပင် လိုမည် မဟုတ်ပေ။
ထို့သို့ဆိုလျှင်၊ သူသည် ချိုးဖြတ်နိုင်ရန် ကြိုးစား၍ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပေမည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လာသည်နှင့်၊ သူ၏လုံခြုံရေးသည် များစွာအာမခံချက်ရှိလာမည်ဖြစ်ပြီး များမကြာမီကျရောက်လာနိုင်မည့် အန္တရာယ်များအား စိုးရိမ်စရာလိုမည်မဟုတ်တော့ပေ။
“ဒီတစ်ခေါက် အကြီးမားဆုံးအကျိုးအမြတ်က ငါ့ရဲ့ကျင့်ကြံမှုတိုးတက်တာမဟုတ်ဘဲ၊ ထူးထူးခြားခြားအဆင့်နှစ်ကို အဆင့်တက်သွားတဲ့ ‘ချစ်ခြင်းမေတ္တာကူ’ပဲ။”
ကျိုးစွေ့မျက်လုံးများက အရောင်တစ်ချက် လက်သွားလေသည်။
သူ့နှလုံးထဲရှိ “ချစ်ခြင်းမေတ္တာကူ”သည် ယခင်ကထက် အဆပေါင်းများစွာ အားကောင်းနေသည်အား သူအာရုံခံမိလေသည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်များ ပြည့်လျှံနေပြီး အတိအကျတိုင်းတာ၍မရနိုင်ချေ။
မည်သို့ပင်ဖြစ်စေ အဆင့်နှစ် ကူပိုးကောင်တစ်ကောင်သည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကဲ့သို့ အစွမ်းထက်သည်ဟု သတ်မှတ်နိုင်ပေသည်။
သူ၏ကျင့်ကြံမှုသည် အခြေတည်အဆင့်သို့ မရောက်ရှိသေးသော်လည်း၊ သူ၏ကူပိုးကောင်သည် တကယ်ပင် အဆင့်နှစ်သို့ တက်လှမ်းနိုင်ခဲ့ချေသည်။
ယင်းက ရှားကျင်းယန်၏ ပြင်းထန်သော ခံစားချက်များကြောင့်သာ ဖြစ်၏။ သူမ၏စိတ်နှလုံးသားထဲတွင် တစ်နှစ်စာခန့် များပြားလှသောခံစားချက်မျာအား ဖိနှိပ်ထားခဲ့ပြီး ရုတ်တရက်ပေါက်ကွဲထွက်လာသည်ဖြစ်ရာ “ချစ်ခြင်းမေတ္တာကူ”၏ကျင့်ကြံမှုအား လျင်မြန်စွာတိုးပွားစေခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ “ချစ်ခြင်းမေတ္တာကူ”အား ဆင့်ကဲ့တိုးတက်စေရန် ခံစားချက်များနှင့် အချစ်၏စွမ်းအားများ လိုအပ်ပေသည်။
အချစ်က ပိုမိုပြင်းထန်လေ၊ “ချစ်ခြင်းမေတ္တာကူ”အား ပိုမိုလျင်မြန်စွာ ဆင့်ကဲတိုးတက်နိုင်စေ ဖြစ်လေ၏။
“အဆင့်နှစ် ‘ချစ်ခြင်းမေတ္တာကူ’ ဖြစ်သွားတော့ အဆင့်နှစ် ကူခွဲတွေကို ထုတ်နိုင်ပြီး၊ အခြေတည်အဆင့်တွေကိုတောင် သက်ရောက်နိုင်စေတာပဲ။” ကျိုးစွေ့က မေးစေ့အား ပွတ်သပ်လိုက်ပြီး ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားအား တိတ်တဆိတ် သဘောပေါက်လိုက်လေသည်။
၎င်းတွင် တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း၊ အဆင့်နှစ်သို့ တက်လှမ်းပြီသည့်နောက်တွင် အမျိုးသမီကျင့်ကြံသူများ၏နှလုံးသားအား သက်ရောက်မှုရှိစေကာ သူ့အပေါ် ချစ်ခင်မှုအား တိုးပွားစေနိုင်ပေသည်။
“အင်း၊ ငါသာ အမျိုးသမီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှာနိုင်ရင်၊ အားကိုးအားထားလုပ်ဖို့ အခြေတည်အဆင့်တစ်ယောက် ချက်ချင်းကောက်ရသလိုဖြစ်သွားမှာပဲ။” ကျိုးစွေ့ စိတ်ကူးယဉ်လိုက်လေသည်။
သို့သော် နောက်တစ်ခေါက်စဉ်းစားပြီးနောက်၊ ထိုအကြံအား စွန့်လွှတ်လိုက်ရသည်။
လက်တွေ့တွင် အခြေတည်အဆင့်အမျိုးသမီးကျင့်ကြံသူများက အလွန်ပင်ရှားပါးပေသည်။ အခြေတည်အဆင့်ကျင့်ကြံသူအများစုမှာ ယောက်ျားများသာ ဖြစ်လေ၏။
မည်သို့ပင်ဖြစ်စေ၊ ဤသည်မှာ သတ်ဖြတ်မှုများနှင့်ပြည့်နှက်နေသော ကျင့်ကြံခြင်းလောကဖြစ်ရာ သဘာဝအတိုင်း ယောက်ျားများ၏အောင်မြင်မှုနှုန်းကသာ ပိုမိုမြင့်မားပေသည်။
ကျင့်ကြံသူအမျိုးသမီးတစ်ဦးကသာ အောင်မြင်ခဲ့ပါက၊ သူမတွင် ထူးခြားသော စွမ်းဆောင်နိုင်မှုရှိသည်ဟုသာ မှတ်ယူနိုင်ပေသည်။ အဆင့်တူယောက်ျားသားများအား ကျော်လွန်နိုင်သူများသည်သာ အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်လာနိုင်ပေသည်။
ထိုသို့သော ဩဇာအာဏာရှိသူများအား တွေ့ဆုံနိုင်ရန် မလွယ်ကူချေ။ ထို့အပြင် ယခုအခါတွင် သူသည် မီယွင်မြို့မှ ထွက်ခွာရန် ရည်ရွယ်ချက်မရှိသေးပေ။ မြို့ပြင်ထွက်သည်နှင့် မည်သို့သော အန္တရာယ်များအား ရင်ဆိုင်ရမည်အား မည်သူမျှမသိပေ။
လက်ရှိတွင် မီယွင်မြို့တွင်သာနေ၍ အေးအေးဆေးဆေးကျင့်ကြံနေထိုင်ခြင်းက ပိုကောင်းပေသည်။ ကျင့်ကြံမှုဆက်လက်မတိုးတက်နိုင်တော့သည်အခါမှ သူထွက်ခွာနိုင်လေသည်။
သူသည် အခြားသူများ၏ထောက်ပံ့မှုဖြင့် အေးရာအေးကြောင်းနေထိုင်လိုသော်လည်း၊ မလိုအပ်သော စွန့်စားမှုများအား ပြုလုပ်ရမည်ထက် ဘေးကင်းစွာနေထိုင်ဖို့ကိုသာ ပိုမိုနှစ်ခြိုက်ပေသည်။
“အဆင့်နှစ် ‘ချစ်ခြင်းမေတ္တာကူ’က စွမ်းရည်တစ်ခု မွေးဖွားလိုက်ပုံပဲ၊ “နှလုံးသားချင်း ဆက်သွယ်ခြင်း”တဲ့လား။ ဒါက အကွာအဝေးကိုထည့်မတွက်ဘဲ ငါ့လက်တွဲဖော်တွေရဲ့ ဘေးကင်းမှုကို အာရုံခံနိုင်သလို၊ သူတို့နဲ့ ဆက်သွယ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ သိပ်ကောင်းတဲ့အစွမ်းပဲ။”
ကျိုးစွေ့ အတော်လေးကို ကျေနပ်သွားသည်။
အနာဂတ်တွင်သူနှင့် လက်တွဲဖော်များ မတော်တဆ ကွဲကွာသွားလျှင်ပင် သူတို့ ဘယ်မှာရှိသည်အား သိရှိနေမည်ဖြစ်သည်။
ယင်းက များစွာသောအကွာအဝေးတွင်ပင် သတင်းအချက်အလက်များအား ပေးပို့နိုင်ကာ၊ ထောက်လှမ်းရေးအမျိုးမျိုးအား လုပ်ဆောင်နိုင်ပေမည်။
အဆင့်နှစ် “ချစ်ခြင်းမေတ္တာကူ”သည် များစွာဆင့်ကဲတိုးတက်သွားပြီးနောက် အံ့ဩဖွယ်စွမ်းရည်များအား ထုတ်ဖော်လာနိုင်ပုံရ၏။ ၎င်းသည် အဆင့်တစ်တွင် ရှိစည်ကထက် များစွာအားကောင်းလာသည်။ မည်သို့ ထိရောက်စွာအသုံးပြုရမည်ကို အနာဂတ်တွင်သာ ဖြည်းဖြည်းချင်း သူနားလည်လာမည်ဖြစ်သည်။
…
နေဝင်ချိန်ရောက်မှသာ ချီသန့်စင်ခြင်း အဆင့်(၆)၌ သူ၏ကျင့်ကြံမှုအား တည်ငြိမ်ခိုင်မာစေခဲ့သော ကျိုးစွေ့က ကျင့်ကြံရေးအခန်းမှ ထွက်လာလေသည်။
ထိုအချိန်၌ ကျိပင်းယွီနှင့် မုဇီယန်သည် အရသာရှိသော အစားအစာများအား ပြင်ဆင်ထားပြီးဖြစ်ရာ အခန်းတစ်ခုလုံး ထုံသင်းနေစေသည်။ အမျိုးသမီးနှစ်ဦးစလုံးသည် တောတောင်ထဲတွင် မကြာခဏဆိုသလို ကျင်လည်ခဲ့သူများဖြစ်ရာ အလိုအလျောက် သူမတို့သည် အလွန်ပင် ကောင်းသော စားဖိုမှုးများဖြစ်ကြလေသည်။
“ဟယ်..၊ ယောက်ျား၊ ရှင့်ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၆)ကို ရောက်သွားပြီလား။”
ကျိပင်းယွီက အံ့အားသင့်သွားပြီး ပျော်ရွှင်စွာ အော်ခေါ်လိုက်လေသည်။ သူမ၏ခင်ပွန်းသည် မနက်ကတွင်မှ ချီသန့်စင်ခြင်း အဆင့်(၅)တွင်သာ ရှိသေးသည်အား သူမ သတိရပေသည်။ တစ်ရက်အတွင်း အံ့ဖွယ်ကောင်းစွာ ချီသန့်စင်ခြင်း အဆင့်(၆)သို့ တက်လှမ်းသွားလေ၏။
ဤသို့သော ကျင့်ကြံမှုအလျင်သည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှပေသည်။
“အဟမ်း..၊ ဒီနေ့ ငါ ရုတ်တရက် တာအိုကိုသဘောပေါက်ပြီး မတော်တဆ ဉာဏ်အလင်းပွင့်သွားပုံရတယ်လေ။ အဲ့တာနဲ့ အဆင့်ချိုးဖြတ်နိုင်မယ်လို့ ခံစားလိုက်ရပြီးတော့ အလိုလို ချိုးဖြတ်နိုင်လိုက်တာပါပဲ။” ကျိုးစွေ့က ချောင်းအနည်းငယ်ဆိုးကာ မလုံမလဲ ပြောလိုက်လေသည်။
အနီးအနားတွင်ရှိနေသော ရှားကျင်းယန်မှာမူ သူမနှင့် မည်သို့မျှမသက်ဆိုင်သည့်အလား တည်ငြိမ်နေပေသည်။
“မိန်းမများသည် မွေးရာပါသရုပ်ဆောင်များ”ဟုသာ ဆိုရပေမည်။
“ယောက်ျားက ဒီလောက် အံ့ဩစရာကောင်းတာ မထူးဆန်းတော့ဘူးပဲ၊ ရှင့်က သိပ်ကို ထူးခြားတယ်။ လူအများစုက တစ်ဘဝလုံးနေလို့ ဉာဏ်အလင်းရဖို့ မဖြစ်နိုင်သလောက်ပဲ။ ရှင်ကတော့ အောင်မြင်ခဲ့တယ်။ ဒါက မယုံနိုင်စရာပဲ။ အနာဂတ်မှာ ရှင်က သေချာပေါက် ရွှေအမြုတေ၊ ဝိညာဉ်သန္ဓေသားအဆင့် ဆရာသခင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။” ကျိပင်းယွီက ကျိုးစွေ့အား အရူးအမူးကိုးကွယ်သည့်အကြည့်ဖြင့် လေးစားစွာကြည့်လိုက်သည်။
“သိပ်ဟုတ်တာပေါ့၊ ကျွန်မတို့ ပထမဆုံးစတွေ့တုန်းကဆို၊ ယောက်ျားက ချီသန့်စင်ခြင်း အဆင့်(၁)ပဲ ရှိသေးတာလေ။ ကိုင်း အခု ဩချလောက်အောင်ကို အဆင့်(၆)ကို ရောက်သွားပြီ။ ယောက်ျားမှာ ထူးခြားတဲ့အထူးခန္ဓာတစ်ခုခုများ ရှိနေတာလား။” မုဇီယန်သည်လည်း အံ့အားသင့်စွာ တီးတိုးရေရွတ်လိုက်သည်။
သူမ၏ယောက်ျား၏ကျင့်ကြံမှုအရှိန်က အလွန်ပင် လျင်မြန်လွန်းသည်အား သူမလည် ခံစားရမိပေသည်။ ယင်းသည် ဒဏ္ဍာရီလာ ကောင်းကင်အဆင့်စိတ်ဝိညာဉ်မြစ်ရှိသော ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်၌ မရနိုင်ပေ။
“အင်း၊ ဖြစ်နိုင်တာက ငါ့မှာ တူနှစ်ကိုယ်ကျင့်ကြံမှုနဲ့ သင့်တော်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိပုံရတယ်။ မင်းတို့အားလုံးနဲ့ ဘာညာပြီးကတည်းက ငါ့ကျင့်ကြံမှုက အရမ်းတိုးတက်လာတယ်လို့ ငါခံစားရတယ်”
ကျိုးစွေ့က သဘောရိုးအတိုင်း ပြောချလိုက်သည်။
“ယောက်ျား.. ဘာတွေပြောနေတာတုံး၊ ဒီမှာ ညီမရှား ရှိသေးတယ်လေ။” ဟု ကျိပင်းယွီက တစ်စုံတစ်ရာအား တွေးမိသကဲ့သို့ မျက်နာနီသွားလေသည်။
“အာ၊ ငါတို့အားလုံးက ရင်းနှီးတာပဲဟာကို၊ ဘာမှ ဝေ့လည်ကြောင်ပတ်လုပ်နေစရာမလိုပါဘူး။” ကျိုးစွေ့က ခပ်တည်တည်ပင် လက်ဝှေ့ယမ်းလိုက်သည်။
သူတို့အားလုံးသည် ရင်းနှီးကြသည် မဟုတ်လော။ ရင်းနှီးကြသည်မှာဖြင့် ထပ်မံ၍ ရင်းနှီးစရာမကျန်အောင်ပင် ရင်းနှီးကြလေ၏။
ဒီအရှက်မရှိတဲ့အကောင်စုတ်ကတော့….။
ဘေးနားမှ ရှားကျင်းယန်သည် မျက်နှာနီမြန်းသွားကာ ရင်တစ်ဒိန်းဒိန်းခုန်သွားပြီး ကျိုးစွေ့အား မျက်စောင်းထိုးလိုက်သော်လည်း အမူအရာမပျက် မည်သည့်စကားမျှမဆိုပေ။