ယုံကြည်ချက်ရှိသော ကျူးကျော်သူများ
Vol. 60 Ch. 899
မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်ပြီးနောက် လုချန်း သူ၏စိတ်ခံစားချက်များကို လျင်မြန်စွာ တည်ငြိမ်စေခဲ့၏။
“ဒါဆို ဒါက စိတ်ဝိညာဉ်ပစ္စည်းတစ်ခုပေါ့။ ကောင်းကင်အဆင့် စိတ်ဝိညာဉ်ဓားကလည်း တော်တော်လေး အထင်ကြီးစရာကောင်းပုံရတယ်။ သူ့ရဲ့စွမ်းအားကကြီးမှာပဲ။”
မြေအဆင့် လူသတ်လှံသည်ပင် အလွန်စွမ်းအားကြီးနေပြီဖြစ်ရာ ကောင်းကင်အဆင့် နတ်သတ်ဓားမှာမူ ပို၍ပင် အစွမ်းထက်သင့်သည်။ လာမည့်အကျပ်အတည်းတွင် နတ်သတ်ဓားသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာနိုင် ခြေရှိ၏။
……..
ထိုအချိန်တွင်…
ယခင် နဂါးနက်တိုင်းပြည်၏ မြို့တော်ဖြစ်ခဲ့သော နဂါးနက်မြို့။
ယခုအခါ နဂါးနက်မြို့ကို လင်ဟူဂိုဏ်းမှ ကျင့်စဉ်ကျင့်သူများက သိမ်းပိုက်ထားခဲ့ပြီး နဂါးနက်မြို့ရှိ လူတိုင်းအတွက် လင်ဟူဂိုဏ်း၏ အမိန့်များကို နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
သို့သော် နဂါးနက်တိုင်းပြည်မှ သာမန်ပြည်သူများသည် လုချန်းအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိကြ၏။ အပေါ်ယံတွင် သူတို့သည် လင်ဟူဂိုဏ်းထံ လက်နက်ချခဲ့ပုံရသော်လည်း ဟန်ဆောင်နေခြင်းမျှသာ ဖြစ်သည်။
အဆင့်မြင့်အရာရှိများမှသည် သာမန်ပြည်သူများအထိ အားလုံးသည် လင်ဟူဂိုဏ်းနှင့် ထိတွေ့ဆက်ဆံနေစဉ်အတွင်း ဂိုဏ်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မမောမပန်း စုဆောင်းခဲ့ကြပြီး ထိုသတင်းများကို စုစည်းခဲ့ကြသည်။ ထို့နောက် အထူးကိုယ်ရံတော်များမှတစ်ဆင့် လျှိုကျိန့်ချူထံသို့ ပေးပို့ခဲ့သည်။
လက်ရှိတွင် ယခင် နဂါးနက် နန်းတော်သည် လင်ဟူဂိုဏ်းမှ ကျင့်စဉ်ကျင့်သူများဖြင့် ပြည့်နှက်နေသော်လည်း လျှိုကျိန့်ချူ၏ ဇနီးများနှင့် ကလေးများသည် ရန်ခရိုင်သို့ ပြောင်းရွှေ့သွားကြပြီဖြစ်သောကြောင့် နန်းတော်သည် အခြေခံအားဖြင့် လူသူကင်းမဲ့နေ၏။
…….
နိုင်ငံရေးရာ ခန်းမအတွင်း၌ အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူသည် ခန်းမအတွင်းရှိ လင်ဟူဂိုဏ်းမှ အခြားတပည့်များကို လှည့်ပတ်ကြည့်ရှုကာ ရယ်မောလိုက်သည်။
“ဧကရာဇ်တစ်ပါးဖြစ်ရတဲ့ ခံစားချက်ကိုကိုယ်တိုင် တွေ့ကြုံခံစားရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဟားဟားဟား။”
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ထိုအမျိုးသားမှာ ဤကမ္ဘာသို့ ဝင်ရောက်လာခဲ့သော လင်ဟူဂိုဏ်း၏ ဦးဆောင်တပည့်
လေဝမ်တ ဖြစ်သည်။ ဤကမ္ဘာသို့ ဝင်ရောက်လာသည်နှင့် သူသည် ဤကမ္ဘာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ချက်ချင်း စုဆောင်းစေခဲ့ပြီး လင်ဟူဂိုဏ်းမှ တပည့်များကို နဂါးနက်တိုင်းပြည်၏ မူလပိုင်နက်ကို လျင်မြန်စွာ သိမ်းပိုက်စေခဲ့၏။
ထိုအခိုက်တွင် အောက်မှ တပည့်တစ်ဦးက ပြောလိုက်သည်။
“အစ်ကိုလေက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ကြေညာမလိုက်တာလဲ။ ဒီလူသေမျိုးတွေကို ဧကရာဇ်ဖြစ်အောင် ထောက်ပံ့ပေးဖို့ ဘာလို့ ဒုက္ခခံနေတာလဲ။ ဒီလူသေမျိုးတွေက လင်ဟူဂိုဏ်းအပေါ် တကယ် သစ္စာရှိကြတယ်လို့ ကျွန်တော်တော့ ဘယ်တုန်းကမှ မခံစားရဘူး။”
ဤသို့ကြားလျှင် လေဝမ်တက ပြန်ဖြေလိုက်သည်။
“ငါတို့က တန်ခိုးရှင်ဂိုဏ်းက တပည့်တွေပဲ။ နတ်ဉာဏ်အလင်းရပြီး ထာဝရတန်ခိုးရှင်တွေ ဖြစ်လာဖို့က ငါတို့ရဲ့ ရည်မှန်းချက်ပဲ။ ဧကရာဇ်ဖြစ်ရတာက ဘာကောင်းကျိုးရှိလို့လဲ။”
“ နောက်ပြီး ငါက ဧကရာဇ်မဖြစ်ရင်တောင် နဂါးနက်တိုင်းပြည်ရဲ့ အနာဂတ်ဧကရာဇ်တွေက ငါ့စကားကို နားထောင်ကြရမှာပဲ။ သူတို့ကို အရှေ့သွားလို့ ငါက အမိန့်ပေးရင် အနောက်ကို သွားရဲမှာ မဟုတ်ဘူး။”
ထို့နောက် အခြားတပည့်တစ်ဦးက ပြောလိုက်သည်။
“အစ်ကိုလေ။ ကျွန်တော်တို့ ထျန်းချန်တိုက်ကြီးအကြောင်း သတင်းအချက်အလက်တွေကို စုဆောင်းလို့ ပြီးခါနီးပြီ။ နောက်ဘာဆက်လုပ်သင့်လဲ။”
လေဝမ်တက ပြုံးကာ ပြန်ဖြေလိုက်၏။
“ဒါကတော့ လွယ်ပါတယ်။ ဒီကမ္ဘာက ငါတို့ လင်ဟူဂိုဏ်းရဲ့ တည်ရှိမှုကို အသိအမှတ်ပြုလာအောင် အရင်ဆုံး အင်အားတစ်ချို့ကို မွေးမြူရမယ်။”
ထိုအခိုက်တွင် ခန်းမအတွင်းရှိ လင်ဟူဂိုဏ်းမှ အခြားတပည့်တစ်ဦးက ပြောလိုက်သည်။ “အစ်ကိုလေ။ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီကမ္ဘာမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေရှိပြီးတော့ ဆွမ်ဧကရာဇ်ကလည်း တော်တော်လေး ကြောက်စရာကောင်းပုံရတယ်။”
“ဆွမ်ဧကရာဇ်က ကျွန်တော်တို့ရဲ့ တည်ရှိမှုကို သိသွားတာနဲ့ သူက ကောင်းကင်လူသား တွေကို နဂါးနက်တိုင်းပြည်ဆီ ချက်ချင်း စေလွှတ်လာနိုင်တယ်။”
ဤသို့ကြားသောအခါ လေဝမ်တက ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်၏။
“ဒီကမ္ဘာမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေ ရှိရင်တောင် ဘာဖြစ်လဲ။ ဒီကမ္ဘာက စိတ်ဝိညာဉ်စွမ်းအား ချို့တဲ့နေတာ။ အဲဒီ ကောင်းကင်လူသား စွမ်းအားရှင်တွေက သူတို့ရဲ့ အစွမ်းအပြည့်ကို ထုတ်သုံးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပဲ။”
“ပြီးတော့ သူတို့မှာ အထွတ်အထိပ် ကောင်းကင်လူသား စွမ်းအားရှင်တွေရဲ့ အင်အားရှိနေရင်တောင် ငါတို့ဂိုဏ်းရဲ့ နည်းဗျူဟာ ပုံစံရှေ့မှာဆိုရင် ဖိနှိပ်ခံရမှာပဲ။”
“ကောင်းကင်လူသား စွမ်းအားရှင်တစ်ချို့ကြောင့် မင်းတို့ ကြောက်နေတယ်လို့ ငါ့ကို ပြောနေတာလား။”
လေဝမ်တ၏ စကားများကို ဆင်ခြင်ကြည့်ရာ လင်ဟူဂိုဏ်းမှ တပည့်များလည်း ယုတ္တိရှိသည်ဟု ထင်မြင်လိုက်ကြ၏။ သူတို့သည် မြူခိုးဒေသမှ လတ်လတ်ဆတ်ဆတ် ရောက်လာကြသူများဖြစ်ရာ ဤကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအား ရှားပါးသော်လည်း သူတို့ထံ၌ အင်အားအပြည့် ရှိနေဆဲဖြစ်သည်။
ဤကမ္ဘာမှ ကောင်းကင်လူသား စွမ်းအားရှင်များမှာမူ ရှင်သန်ရန် ရုန်းကန်နေရသူများသာ ဖြစ်၏။ အကယ်၍ ထိုကောင်းကင်လူသား စွမ်းအားရှင်များ အမှန်တကယ် လာရောက်ဝံ့ပါက နည်းဗျူဟာ ပုံစံကို အသုံးမပြုပဲတောင် သူတို့၏ စုပေါင်းအင်အားဖြင့်ပင် ထိုကောင်းကင်လူသား စွမ်းအားရှင်များကို အနိုင်ယူရန် လုံလောက်နိုင်သည်။
ဤအချိန်တွင် လင်ဟူဂိုဏ်းမှ တပည့်များသည် လုချန်းနှင့် သူ၏ဘက်မှ ကောင်းကင်လူသား စွမ်းအားရှင်များအား လုံးဝစိုးရိမ်ခြင်း မရှိချေ။ သူတို့တွင် သူတို့၏ ယုံကြည်မှုကို ထောက်ပံ့ရန် အရည်အချင်းများ အမှန်တကယ် ရှိခဲ့သည်။
မြူခိုးဒေသတွင် ရှိစဉ်က လင်ဟူဂိုဏ်း၏ ညီညွှတ်ခြင်းအဆင့်ရှိ တပည့်များ လေ့ကျင့် တည်ဆောက်ခဲ့သော နည်းဗျူဟာ ပုံစံသည် ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူများကိုပင် ဖိနှိပ်နိုင်ခဲ့၏။
လုံလောက်သော စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူရန် ရုန်းကန်နေရသော ဤကမ္ဘာမှ ကောင်းကင်လူသား စွမ်းအားရှင်များအတွက်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ထို့ကြောင့် သူတို့အနေနှင့် အဘယ်ကြောင့် ဤကောင်းကင်လူသား စွမ်းအားရှင်များကို ကြောက်ရွံ့ရမည်နည်း။
ထိုစဉ် လေဝမ်တက နဂါးပလ္လင်မှ ထရပ်လိုက်ပြီး
“ပိတ်ပင်တားမြစ်ချက်တွေ မပြယ်ခင်မှာ ငါတို့ ဒီကမ္ဘာကို အုပ်စိုးရမယ်။ ဒါမှသာ ငါတို့ လင်ဟူဂိုဏ်းက ပိုများတဲ့ နယ်မြေကို ပိုင်ဆိုင်နိုင်ပြီး အင်အားကြီးမားလာမှာ။ မြူခိုးဒေသက အင်အားစုတွေ ဒီကမ္ဘာကို ရောက်လာပြီး နယ်မြေလိုချင်တဲ့အခါ သူတို့က ငါတို့ လင်ဟူဂိုဏ်းနဲ့ တစ်ခုခု လဲလှယ်ရလိမ့်မယ်။”
“ငါတို့သာ ဒါကို အောင်မြင်အောင် လုပ်နိုင်ခဲ့ရင် ငါတို့က လင်ဟူဂိုဏ်းရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းတွေ ဖြစ်လာလိမ့်မယ်။”
လေဝမ်တ၏ စကားများသည် ခန်းမအတွင်းရှိ လင်ဟူဂိုဏ်း တပည့်များကို ချက်ချင်းပင် စိတ်လှုပ်ရှားစေခဲ့သည်။ ဤပုဂ္ဂိုလ်များသည် လင်ဟူဂိုဏ်း၏ အောက်ခြေအဆင့်တွင်သာ ရှိကြသူများဖြစ်ကြသည်။ အကယ်၍ သူတို့သာ ထိုကဲ့သို့ ကြီးကျယ်သည့် လုပ်ရပ်များကို အမှန်တကယ် ပြီးမြောက်အောင်မြင်နိုင်ခဲ့ပါက အနာဂတ်တွင် သူတို့၏ အဆင့်အတန်းက သိသိသာသာ တိုးတက်လာနိုင်ပေသည်။
လင်ဟူဂိုဏ်းက သူတို့ကို ပေးအပ်နိုင်သည့် ဆုလာဘ်များအကြောင်း တွေးမိသောအခါ တပည့်များသည် အထူးပင် အားတက်လာကြသည်။
တပည့်များ၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် လေဝမ်တက ထပ်ပြောလိုက်သည်။
“ရန်ခရိုင်ကို အခြေအနေသွားထောက်လှမ်းဖို့ လူတစ်ချို့ အရင်လွှတ်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ ဦးဆောင်ချင်တဲ့သူတွေက ကိုယ့်သဘောနဲ့ကိုယ် တာဝန်ယူနိုင်တယ်။”
ဤသို့ကြားသောအခါ လင်ဟူဂိုဏ်းမှ တပည့်တစ်ဦး မဆိုင်းမတွ ရှေ့သို့တက်လာသည်။
“အစ်ကိုလေ။ ကျွန်တော့်ကို သွားခွင့်ပြုပါ။”
လေဝမ်တက ရှေ့သို့တက်လာသော တပည့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်
“ကောင်းပြီ။ ညီလေးမုန်က သတ္တိရှိမှတော့ ဒီစွမ်းဆောင်ခွင့်ကို မင်းကို ပေးလိုက်မယ်။ နောက်မှ ညီညွတ်ခြင်းအဆင့်ရောက်နေတဲ့ ညီတစ်ချို့ကို ရွေးပြီး မင်းနဲ့အတူ ရန်ခရိုင် ထည့်ပေးလိုက်မယ်။”
“အဲ့ဒီမှာ မင်းရဲ့တာဝန်က ရိုးရှင်းပါတယ်။ အဲ့ဒီ ကောင်းကင်လူသားတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားကြည့်။ သူတို့က ဆန္ဒမရှိဘူးဆိုရင်တော့ သူတို့ကို ရှင်းပစ်လိုက်။”
မုန်ထျန်းက
“ဟုတ်ကဲ့ အစ်ကိုလေ။ တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ ကျွန်တော် အာမခံပါတယ်။”
ထိုအခိုက်တွင် လေဝမ်တ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
“ဆွမ်ဧကရာဇ်က အလှအပလေးတွေကို နှစ်သက်တယ်လို့ ကြားဖူးတယ်။ သူ့ရဲ့ မိဖုရားဆောင်မှာ လှပတဲ့ မိဖုရားတွေ အများကြီးနဲ့ ပြည့်နေတယ်လို့ ဆိုကြတယ်။ ညီလေးမုန် ရန်ခရိုင်ကို သွားတဲ့အခါ ငါ့အတွက် တစ်ချို့ကို ပြန်ခေါ်ခဲ့ဖို့ မမေ့နဲ့။ သူတို့က ကောလာဟလတွေထဲကအတိုင်း ရင်သပ်ရှုမောစရာ ကောင်းရဲ့လားဆိုတာ ငါမြင်ချင်တယ်။”
ဤသို့ကြားသောအခါ မုန်ထျန်းက ပြုံးလျက်
“စိတ်ချပါ အစ်ကိုလေ။ ရန်ခရိုင်ထဲကို ကျွန်တော်ဝင်တာနဲ့ ပထမဆုံးလုပ်မှာက အစ်ကို့အတွက် အလှလေးတစ်ချို့ကို ဖမ်းဆီးဖို့ နန်းတော်ထဲကို ဝင်မှာပါပဲ။”
လေ့ဝမ်တက
“အင်း။ ဒါပေမဲ့ အရေးကြီးတာတွေကို အရင် အာရုံစိုက်ကြရအောင်။ အဲဒီ ကောင်းကင်လူသားတွေနဲ့ အရင်စကားပြောကြည့်။ ဘာမလုပ်ခင် ကောင်းကင်လူသားတွေ ကိစ္စကို အရင် ဖြေရှင်းပါ။”
မုန်ထျန်းက ပြုံးကာ
“ကျွန်တော် နားလည်ပါတယ် အစ်ကို။”
ထို့နောက် လေဝမ်တက ခန်းမအတွင်းရှိ လူအုပ်ကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်သည်။
“ကောင်းပြီ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။”
သူ၏စကားဆုံးသည်နှင့် လေဝမ်တ ခန်းမမှ ချက်ချင်း ထွက်ခွာသွားသည်။
…….
လဝက်ခန့် ကြာပြီးနောက်…
လုချန်း ရန်ခရိုင်သို့ ပြန်ရောက်လာခဲ့သည်။
အရင်ကကဲ့သို့ပင် နောက်ရက်များတွင် သူ၏မိဖုရားတစ်ဦးချင်းစီ၏ အဆောင်များသို့ သွားရောက်ခဲ့သည်။
လင်ဟူဂိုဏ်းနှင့်ပတ်သက်၍ လုံလောက်သော သတင်းအချက်အလက်များကို စုဆောင်းပြီးသည်နှင့် နန်းတွင်းညီလာခံကြီးတစ်ခုကို ချက်ချင်း ခေါ်ယူကျင်းပခဲ့သည်။
……..
ရန်ခရိုင်။
နိုင်ငံရေးရာ ခန်းမ။
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လုချန်းက စကားစားလိုက်သည်။
“ဒီနေ့ရဲ့ နန်းတွင်း အစည်းအဝေးကို ကျွန် တော် ကိုယ်တိုင် ဦးစီးကျင်းပမယ်။”
ဤအချိန်တွင် အရာရှိ အများစုသည် ဤကမ္ဘာတွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပေါ်လာတော့မည်ကို မသိရှိကြသေးချေ။ အထူးကိုယ်ရံတော်နှင့် အဓိကအရာရှိအနည်းငယ်သာ လင်ဟူဂိုဏ်းအကြောင်းကို သိထားကြသည်။
လူတို့သည် အမြဲတမ်း မသိသောအရာကို ကြောက်ရွံ့တတ်ကြ၏။ ထို့ကြောင့် လုချန်းက လင်ဟူဂိုဏ်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်၊ ရှေ့ဆက်၍ ကြုံတွေ့ရနိုင်သည့် ပြဿနာများနှင့် ရှနိုင်ငံတော်ကြီး အနာဂတ်တွင် မည်သို့ ဖွံ့ဖြိုးတိုးတက်သင့်သည်ကို ဆွေးနွေးရန် နန်းတွင်းအစည်းအဝေးကို မခေါ်ယူခင်ကတည်းက လင်ဟူဂိုဏ်းနှင့်ပတ်သက်သော အခြေအနေကို အထူးကိုယ်ရံတော်များအား သေချာစွာ စုံစမ်းစစ်ဆေးစေခဲ့သည်။