တစ်ယောက်ယောက် ကိုယ့်အကြောင်း ပြောနေတယ် ထင်တယ်
Vol. 60 Ch. 900
နိုင်ငံရေးရာ ခန်းမ တိတ်ဆိတ်သွားသောအခါ ခန်းမတစ်ခုလုံးကို နောက်တစ်ကြိမ် ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် လုချန်း စတင်စကားပြောလိုက်သည်။
“ဒီနေ့ နန်းတွင်းအစည်းအဝေးက မြူခိုးဒေသက ကျူးကျော်သူတွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာနဲ့ အနာဂတ်မှာ ရှနိုင်ငံတော်က မြူခိုးဒေသရဲ့ အကျပ်အတည်းကို ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့ ကိစ္စကို အဓိက ဆွေးနွေးဖို့ပဲ။”
လုချန်း၏ စကားကို ကြားသောအခါ ခန်းမအတွင်းရှိ အရာရှိများလည်း လုချန်းပြောနေသည်ကို နားမလည်သကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အရာရှိအများအပြားသည် မြူခိုးဒေသအကြောင်း လုံးဝမသိကြပဲ အချို့မှာ “မြူခိုးဒေသ” ဟူသော အသုံးအနှုန်းကိုပင် မကြားဖူးကြပေ။ သူတို့သိသည်မှာ အနောက်ဘက်တွင် မြူခိုးများဖုံးလွှမ်းနေသော နေရာတစ်ခုရှိသည်ဟူ၍သာ ဖြစ်၏။
လုချန်းက ဆက်ပြောလိုက်သည်။
“ ကျွန်တော့်ရဲ့ ချစ်လှစွာသော အမတ်အများစုက မြူခိုးဒေသဆိုတာ ဘာလဲဆိုတာ မသိကြဘူးထင်တယ်။”
ထိုအချိန်တွင် လုချန်းက သူ၏ဘေးရှိ အထူးကိုယ်ရံတော်အား ပြောလိုက်သည်။
“ချစ်လှစွာသော အမတ်တွေကို မြူခိုးဒေသရဲ့ အခြေအနေအကြောင်း ရှင်းပြလိုက်ပါ။”
ထိုအမိန့်ကိုကြားလျှင် အထူးကိုယ်ရံတော်က ချက်ချင်းပင်
“ဟုတ်ကဲ့ပါ မင်းကြီး။”
“ဒီတိုက်ကြီးရဲ့ အနောက်ဘက်အစွန်ဆုံးမှာ မြူတွေဖုံးလွှမ်းနေတဲ့ နေရာတစ်ခု ရှိပါတယ်။ အဲဒီမြူတွေထဲမှာ နောက်ထပ်ကမ္ဘာတစ်ခု ရှိနေတယ်။ တားမြစ်ချက်တွေ ရှိနေတာကြောင့် မြူခိုးဒေသက လူတွေက ကျွန်တော်တို့ကမ္ဘာထဲကို ဝင်လာဖို့ ခက်ခဲပါတယ်။”
“အခု မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ပျောက်ကွယ်တော့မှာဖြစ်လို့ မြူခိုးဒေသက ကျင့်စဉ်ကျင့်သူတွေလည်း ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာထဲကို ဝင်လာနိုင်တော့မှာပါ။”
“လက်ရှိမှာ မြူခိုးဒေသရဲ့ ရန်သူတွေက ကျူးကျော်သူတစ်ချို့ကို ကျွန်တော်တို့ကမ္ဘာဆီ လွှတ်လိုက်ပြီး သူတို့က အရင်က နဂါးနက်နိုင်ငံတော်က ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေကို သိမ်းပိုက်ထားပြီး ရှနိုင်ငံတော်ကို လုံးဝဖြုတ်ချဖို့ ဧကရာဇ်တစ်ပါးကိုတောင် တင်မြှောက်ထားပါတယ်။”
အထူးကိုယ်ရံတော်၏ စကားများအပြီးတွင် နိုင်ငံရေးရာ ခန်းမတစ်ခုလုံးသည် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
ချွမ်နိုင်ငံတော်ကို ချေမှုန်းပြီးနောက် ရှနိုင်ငံတော်သည် နှစ်တစ်ထောင် ငြိမ်းချမ်းရေးကို ကြိုဆိုရလိမ့်မည်ဟု အရာရှိအများစု ယုံကြည်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဧကရာဇ်သည် ငယ်ရွယ်နုပျိုနေတုန်းဖြစ်ကာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး လည်းဖြစ်သည်။ သူသည် နှစ်တစ်ထောင်လောက်တော့ အလွယ်တကူ အသက်ရှင်နိုင်သည်။
ဧကရာဇ်လုချန်းရှိနေသဖြင့် ပြင်ပရန်သူများမရှိပါက ရှနိုင်ငံတော်၏ တည်ငြိမ်မှုကို နှစ်တစ်ထောင် ထိန်းသိမ်းထားရန်မှာ သိပ်မခက်ခဲသော တာဝန်တစ်ခု ဖြစ်၏။ သို့သော် ယခုမူ ပြည်ပရန်သူများ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
ချွမ်နိုင်ငံတော်ကို ချေမှုန်းအပြီး တစ်နှစ်ပင်မပြည့်သေးသည့်အချိန်တွင် ပြည်ပရန်သူ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် ခန်းမအတွင်းရှိ စိတ်လှုပ်ရှားနေသော အရာရှိများကို လုချန်း တစ်ချက် ဝေ့ကြည့်လိုက်၏။ သူတို့၏ တုံ့ပြန်မှုကြောင့် သူ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
ငြိမ်းချမ်းရေးကို ကြိုဆိုရန် အသင့်ဖြစ်နေချိန်တွင် ကြောက်မက်ဖွယ် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ဤသို့တုံ့ပြန်ကြသည်မှာ သဘာဝကျသည်။
ထို့နောက် လုချန်းက
“မြူခိုးဒေသက ရန်သူတွေက အရမ်းကို အစွမ်းထက်တယ်။ သူတို့အတွက်တော့ ကောင်းကင်လူသား အဆင့်က ကျင့်စဉ်ရဲ့ အစပဲ ရှိသေးတယ်။ မြူခိုးဒေသက အင်အားစုတိုင်းမှာ ကောင်းကင်လူသား စွမ်းအားရှင် ရာပေါင်း၊ ထောင်ပေါင်း၊ သောင်းပေါင်းများစွာတောင် ရှိတယ်။”
ဤစကားများသည် ခန်းမအတွင်းရှိ အရာရှိများကို အသက်ပြင်းပြင်းရှူစေခဲ့သည်။ သူတို့၏ကမ္ဘာတွင် ကောင်းကင်လူသား စွမ်းအားရှင် အနည်းငယ်သာရှိသော်လည်း မြူခိုးဒေသတွင်မူ ထောင်နှင့်ချီ၊ သောင်းနှင့်ချီသော ကောင်းကင်လူသား စွမ်းအားရှင်များရှိသည့် အင်အားစုများ ရှိနေသည်။ သူတို့ အနေနှင့် မြူခိုးဒေသ၏ အင်အားစုများကို မည်သို့ ယှဉ်နိုင်မည်နည်း။
ရှနိုင်ငံတော်သည် ပျက်သုန်းခြင်းသို့ ဦးတည်နေပြီလား။
ခန်းမတစ်ခုလုံးရှိ လေထုသည် မယုံနိုင်လောက်အောင် လေးလံသွားပြီး မည်သူမှ ဆက်လက်မပြောတော့ပေ။ အားလုံးသည် လုချန်း နောက်ဆက်တွဲ ပြောမည့်စကားကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
ထို့နောက် လုချန်းက မထူးခြားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“မြူခိုးဒေသက ရန်သူတွေက မယုံနိုင်လောက်အောင် အစွမ်းထက်ပေမဲ့ ကျွန်တော်တို့မှာ မျှော်လင့်ချက် မရှိတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ကောင်းကင်လူသား စွမ်းအားရှင်တွေကို ယှဉ်ပြိုင်နိုင်တဲ့ လက်နက်တွေ ရှိပြီးသားပဲ။”
ဤပြောဆိုချက်က ခန်းမအတွင်းရှိ အရာရှိများကို စိတ်အားတက်ကြွစေခြင်း မရှိခဲ့ပေ။ လုချန်းထံတွင် ကောင်းကင်လူသား စွမ်းအားရှင်များနှင့် ရင်ဆိုင်ရန် လက်နက်များရှိသည်ကို သူတို့ သိကြ၏။ ၎င်းမှာ အခြားမဟုတ်ပဲ လူသတ်လှံပင် ဖြစ်သည်။
သို့သော် ဧကရာဇ်လုချန်းတစ်ဦးတည်းသာ ထိုသို့သော လက်နက်ကို ပိုင်ဆိုင်သည်။ ဧကရာဇ်တစ်ပါးအနေနှင့် တိုက်ပွဲ၏ ရှေ့တန်းသို့ အမြဲတစေ သွားရောက်နိုင်လိမ့်မည်ဟု မျှော်လင့်၍ မရပေ။
အရေးကြီးဆုံးမှာ လုချန်းတစ်ဦးသာ ထိုလက်ကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ လုချန်း၏လက်နက်က မြူခိုးဒေသမှ ကောင်းကင်လူသား စွမ်းအားရှင်များကို ရင်ဆိုင်နိုင်လျှင်ပင် သူသည် လူတိုင်းကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
အရာရှိများ အတော်လေး အဆိုးမြင်နေပုံရသည်ကို မြင်သောအခါ လုချန်းလည်း အင်းကွက်လက်နက်များအကြောင်းကို ထည့်မပြောတော့ပေ။ ယခုသည် အချိန်မတန်သေးသည့်အပြင် ထုတ်ဖော်ပြောဆိုရန်လည်း မလိုအပ်သေးချေ။
ထိုအချိန်တွင် လုချန်းက ဆက်လက်၍
“မြူခိုးဒေသက ရန်သူတွေ ကျူးကျော်ဝင်ရောက်လာပြီဖြစ်လို့ လာမယ့်လုပ်ငန်းတွေအတွက် ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက ကျူးကျော်သူတွေကို ဘယ်လိုတွန်းလှန်မလဲဆိုတဲ့ဘက်ကို ပြောင်းရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အဓိက ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အဲ့ဒီအတိုင်း ဦးတည်ထားဖို့ လိုအပ်လာလိမ့်မယ်။”
ထိုအခိုက်တွင် အရာရှိတစ်ဦး ရှေ့ထွက်လာပြီး
“မင်းကြီး။ မြူခိုးဒေသက ရန်သူတွေ ကျူးကျော်လာတဲ့အကြောင်းကို သာမန်ပြည်သူတွေကို ပြောပြဖို့ အစီအစဉ်ရှိမရှိ သိပါရစေ။”
ဤမေးခွန်းကို ကြားသောအခါ အရာရှိများ၏ အကြည့်အားလုံးက လုချန်းထံသို့ ကျရောက်သွားပြီး သူ၏အဖြေကို စောင့်မျှော်နေကြသည်။
ဤမေးခွန်းသည် အလွန်အရေးကြီး၏။ အကယ်၍ ထိုသတင်းကို သာမန်ပြည်သူများထံ ယခု ပြောပြလိုက်ပါက သူတို့အကြား ထိတ်လန့်မှုများ ဖြစ်စေနိုင်ပြီး ကမ္ဘာကြီးသည် အချိန်မတိုင်မီ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
ထို့ပြင် ဤသည်က အမြဲတမ်း အရိပ်ထဲတွင် ပုန်းအောင်းနေသော ရန်သူများကို အခွင့်အရေးပေးခြင်းလည်း ဖြစ်နိုင်၏။ သူတို့သည် မြူခိုးဒေသရှိ အင်အားစုများနှင့် ဆက်သွယ်ရန် နည်းလမ်းရှာဖွေပြီး ထိုအင်အားစုများနှင့် ပူးပေါင်းကာ ရှနိုင်ငံတော်ကို အန္တရာယ်ပြုပေလိမ့်မည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက “လောလောဆယ် ဒီသတင်းကို သာမန်ပြည်သူတွေကို ထုတ်ဖော်ဖို့ အစီအစဉ်မရှိဘူး။”
“မြူခိုးဒေသက ရန်သူတွေက အားကောင်းပေမဲ့ ကျွန်တော်တို့ သေသေချာချာ ပြင်ဆင်ထားနိုင်ရင်တော့ သူတို့တွေက အနိုင်ယူလို့မရတဲ့သူတွေတော့ မဟုတ်ပါဘူး။ သူတို့ကို ရင်ဆိုင်ဖို့ ကျွန်တော့်မှာ အစီအစဉ်ရှိပြီးသားပါ။ ချစ်လှစွာသော အမတ်တွေ အများကြီး စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားတို့က ကိုယ့်တာဝန်ကိုယ် ကျေအောင် လုပ်ဆောင်ဖို့ပဲ လိုတယ်။”
“ကောင်းပြီ။ ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအေကြာင်း ဆက်ဆွေးနွေးကြရအောင်။”
…
နန်းတွင်းညီလာခံ ပြီးဆုံးသွားပြီးနောက် သူ၏ကိုယ်ခန္ဓာတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသကဲ့သို့ လုချန်း ခံစားလိုက်ရ၏။ နန်းတွင်းအစည်းအဝေး ကို ဦးဆောင်ရခြင်းက သူ့အတွက် အမြဲပင်ပန်းနွမ်းနယ်စေသည်။ အမှန်စင်စစ် အလုပ်ကို အခြားသူများထံ လွှဲအပ်ခြင်းက ပို၍လွယ်ကူပေသည်။
သို့သော် သူ့၌ ရွေးချယ်စရာမရှိပေ။ အခွင့်အရေးနှင့် တာဝန်များသည် အပြန်အလှန်ဆက်စပ်နေ၏။ ဧကရာဇ်တစ်ပါးအနေနှင့် သူသည် ဧကရာဇ်တစ်ပါး၏ အခွင့်အရေးများကို ခံစားရသလို ဧကရာဇ်တစ်ပါး၏ တာဝန်များကိုလည်း ကျေရမည် ဖြစ်သည်။
အိမ်ရှေ့မင်းသား လုချန်ဖုန်း မြန်မြန်ကြီးပြင်းလာစေရန်သာ သူဆ ဆုတောင်းနေမိ၏။ သို့မှသာ သူ၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီဝေမျှနိုင်မည် ဖြစ်သည်။
နန်းတွင်းအစည်းအဝေး ပြီးဆုံးသည်နှင့် ဝူကျန်းဝမ်၏ အဆောင်သို့ သူ တန်းတန်းမတ်မတ် သွားခဲ့သည်။
ရန်ခရိုင်သို့ ပြန်ရောက်ကတည်းက ဝူကျန်းဝမ်ထံ တစ်ကြိမ်တစ်ခါမှ သွားရောက်ခဲ့ရခြင်း မရှိသေးပေ။ သူမကို လျစ်လျူရှုထားသကဲ့သို့ ဖြစ်နေသည်။ သူသည် ကျန်းဝမ်ကို အမှန်တကယ် လျစ်လျူရှုထားခြင်း မဟုတ်သော်လည်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်သည်။
ဝူမင်း၏ ပုန်ကန်မှုသည် သူနှင့် အနည်းငယ် ပတ်သက်နေ၏။ ဝူမိသားစု၏ အဖြစ်အပျက် ဖြစ်ပွားပြီးချိန်မှစ၍ ဝူကျန်းဝမ်သည် စိတ်ဓာတ်ကျနေပုံရကြောင်း အထူးကိုယ်ရံတော်ထံမှ သတင်းကြားခဲ့ရသည်။
ဝူကျန်းဝမ်၏ ဝမ်းဗိုက်သည် ယခုအခါ သိသိသာသာ ကြီးမားလာပြီး မကြာမီ မွေးဖွားတော့မည်ဟု ထင်ရသည်။ ကိုယ်ဝန်ရင့်မာလာသောကြောင့် သူမ၏ စိတ်အခြေအနေသည် ယခုရက်ပိုင်းတွင် အတော်လေး နိမ့်ကျနေခဲ့သည်။
လုချန်း ပြန်လာကြောင်း သိရှိသောအခါ
ဝူကျန်းဝမ် ပျော်ရွှင်မည့်အစား ပို၍ပင် စိတ်ဓာတ်ကျလာခဲ့သည်။
ယခင်က လိီချင်ရို့သည် လုချန်းနှင့် ဝူကျန်းဝမ်ကြား သပ်လျှိုရန်အတွက် ဝူကျန်းဝမ်အား လုချန်းအကြောင်း နေ့တိုင်း မကောင်းပြောလေ့ရှိ၏။ သို့မှသာ သူမ ဝူကျန်းဝမ်ကို ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။ သို့သော် ဝူကျန်းဝမ် တစ်နေ့ထက်တစ်နေ့ ပို၍ စိတ်ဓာတ်ကျလာသည်ကို မြင်သောအခါ လိီချင်ရို့လည်း လုချန်းအကြောင်း မကောင်းပြောခြင်းကို ရပ်တန့်လိုက်သည်။
သူမသည် လုချန်း၏အကြောင်း မကောင်းမပြောတော့သည့်အပြင် ဝူကျန်းဝမ်အား မကြာခဏ နှစ်သိမ့်ပြီး လုချန်း မည်မျှကောင်းကြောင်း ချီးမွမ်းပြောဆိုလာသည်။
သူမ၏နှလုံးသားထဲတွင် လုချန်းအပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း ဝူကျန်းဝမ်အတွက် လိီချင်ရို့က သူ့ကောင်းကြောင်း ပြောဆိုပေးခဲ့သည်။
ထိုအချိန်တွင် အခန်းထဲ၌ မွှေးကြိုင်သော အမွှေးတိုင်ငွေ့များဖြင့် ပြည့်နှက်နေသည်။ ဝူကျန်းဝမ်သည် အိပ်ရာထက်တွင် လဲလျောင်းရင်း အလွန်အမင်း စိတ်ပျက်အားငယ်သော အမူအရာဖြင့် တံခါးကို လှည့်ကြည့်နေသည်။
ဝူကျန်းဝမ်ကို ထိုကဲ့သို့ အခြေအနေကို မြင်သောအခါ လိီချင်ရို့၏ စိတ်ထဲတွင် လုချန်းကို အကြိမ်ကြိမ် ကျိန်ဆဲလိုက်သည်။ သူဘာလုပ်ခဲ့သည်ကို သူ သဘောမပေါက်ဘူးလား။ သူပြန်လာသည့်အခါ ဝူကျန်းဝမ်ကို နှစ်သိမ့်မည့်အစား အခြားမိဖုရားများ၏ အဆောင်များသို့ အရင်သွားခဲ့သည်။
လိီချင်ရို့သည် ကုတင်ဘေးတွင် ထိုင်ရင်း ဝူကျန်းဝမ်၏ လက်ကို ဆုပ်ကိုင်ကာ
“ကျန်းဝမ် ဝမ်းမနည်းပါနဲ့။ လုချန်းက ဒီရက်ပိုင်း အရမ်းအလုပ်များနေလို့ ဖြစ်မှာပါ။ ဒီည သူ နင့်ဆီကို လာကောင်းလာနိုင်ပါတယ်။”
ဝူကျန်းဝမ်က စကားပြန်မပြောပေ။ သူမ၏အကြည့်က တံခါးကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
ဝူကျန်းဝမ်ကို ဤအခြေအနေတွင် မြင်ရသောအခါ လိီချင်ရို့ သက်ပြင်းချလိုက်သည်။ ထိုလူယုတ်မာက အဘယ့်ကြောင့် ယခုထိ ရောက်မလာသေးသနည်း။ သူ မလာပါက သူမကိုယ်တိုင် စာကြည့်ခန်းသို့ သွားပြီး သူ့ကို ဆွဲခေါ်လာမည်။
လိီချင်ရို့ ထိုသို့တွေးနေစဉ်မှာပင် ဝူကျန်းဝမ်၏ အဆောင်တံခါးနားမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တစ်ယောက်ယောက် ကိုယ့်အကြောင်း ပြောနေတယ် ထင်တယ်။”