ကျိုယိုစစ်မြေပြင်မှ မိစ္ဆာများ လွတ်မြောက်လာခြင်း...
Vol. 53 Ch. 793
~ယွီချန်နှင့် အခြားသူများက ထိုသို့ဆိုကြသော်လည်း လုရီကမူ ရယ်မောလျက်ပင် ဆိုလိုက်၏။
"အကြီးအကဲ၊ ဦးလေးယွီ၊ ဒါကိုတော့ ကျွန်တော် ငြင်းပါရစေ။ ဘာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်ခဲ့ရင်တောင် ယွီမိသားစုရှိနေတာပဲ၊ တခြားအင်အားစုတွေက ကျွန်တော့်အပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ပါဘူး။"
လုရီက ဤမျှခေါင်းမာနေသည်ကို မြင်သောအခါ ယွီချန်နှင့် အခြားသူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံးပင် အနည်းငယ် ကူကယ်ရာမဲ့သွားကြ၏။
ယွီရှင်းက ရယ်မောရင်း အပြစ်တင်သလို ဆိုလိုက်သည်။
"တခြား ကျင့်ကြံသူတွေဆို အင်မော်တယ်ဧကရာဇ် နယ်ပယ်ကို တက်လှမ်းနိုင်တာနဲ့ စကြဝဠာတစ်ခွင်လုံးက ကျင့်ကြံသူတွေသိအောင် ကြေညာဖို့ မစောင့်နိုင်ကြတော့ဘူး။ မင်းကတော့ကွာ၊ ဒီကောင်လေးကတော့ လုံးဝကို ဂရုမစိုက်ဘူးပဲ။"
သူ၏ဘေးမှ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးက
ခပ်ဟဟ ရယ်မောလိုက်ပြီး
"ရီအာရဲ့ ပါရမီက ထူးခြားလွန်းတော့
အင်မော်တယ် ဧကရာဇ် အဆင့်ကို တက်လှမ်းတာက မခက်ခဲပါဘူး။ သူ့ရဲ့အနာဂတ်မှာ အင်မော်တယ်အရှင်သခင်နဲ့ အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ဆိုတာလည်း ဖြစ်သင့်ဖြစ်ထိုက်တာမို့ အောင်ပွဲမခံလည်း ကိစ္စမရှိပါဘူးလေ။"
အခြားသူများကလည်း လုရီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့် ခေါင်းညိတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ယွီမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များစွာမှာ အနည်းငယ် ကျေနပ်သွားကြ၏။ အကြောင်းမှာ လုရီ ပြသခဲ့သော ပါရမီမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏အနာဂတ်မှာ အမှန်ပင် ထူးကဲနေမည်ကို သိနေသောကြောင့်တည်း။
ထို့အပြင် သူ၏သဘောထားမှာ ယွီမိသားစုနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း လိုလားပြီး အခြားအင်အားစုများနှင့် ဆက်သွယ်ရန် ဝန်လေးနေခြင်းက အမှန်စင်စစ် ယွီမိသားစုအတွက် ကောင်းမွန်သော အရာဖြစ်လေသည်။
ထို့နောက်တွင် လူတစ်စုမှာ စကားစမြည်ပြောဆိုကြပြီး ကြယ်တာရာကောင်းကင်ယံမှ ထွက်ခွာကာ မိမိတို့၏ နေအိမ်များသို့ အသီးသီး ပြန်သွားကြတော့သည်။
လုရီ နေအိမ်သို့ ပြန်ရောက်သောအခါ သူက ယွီရှင်းနှင့် အခြားသူများအား ကျောက်စိမ်းကြယ်တာရာမှ ထွက်ခွာပြီး ထျန်းမင်သို့ ပြန်ရန်စီစဉ်ထားကြောင်း ပြောပြလိုက်၏။
"ဒီမှာ ခဏလောက် ထပ်ပြီး မနေတော့ဘူးလား။" ယွီရှင်းနှင့် ယွီရှန်းယွင်တို့နှစ်ဦးစလုံးမှာ အနည်းငယ် နှမြောတသဖြစ်သွားကြသည်။
လုရီက ရယ်မောလိုက်ပြီး
"ကျွန်တော် ထွက်လာတာ အတော်ကြာနေပြီ။ ကျင့်ကြံမှုတက်လှမ်းပြီးနောက်မှာလည်း
သိပ်မနည်းတဲ့ အကျိုးအမြတ်တွေ ရခဲ့တော့ ခဏလောက် တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေလို့ပါ။"
လုရီက အခိုင်အမာဆိုနေသည်ကို မြင်သောအခါ ယွီရှင်းနှင့် ယွီရှန်းယွင်တို့က သူ့ကိုဆက်မတားတော့ဘဲ ခေါင်းညိတ်လိုက်ကြသည်။
နောက်ပိုင်းတွင် လုရီက လျိုနင်ရွှမ်းနှင့်
လင်းလောင်တောင်ထိပ်မှ လူအချို့ကို ခေါ်ယူလိုက်ပြီး လူတစ်စုမှာ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံပေါ်သို့ တက်ကာ ကျောက်စိမ်းကြယ်တာရာမှ ထွက်ခွာသွားကြတော့သည်။
လုရီနှင့် အခြားသူများ ထွက်ခွာသွားပြီး မကြာမီမှာပင် ယွီမိသားစု၏ အစောင့်နှစ်ဦးက ယွီရှင်းထံသို့ ရောက်လာ၏။
"ဂိုဏ်းချုပ်၊ ဘန်နော့စ်နဲ့ ကျောက်မြွေပွေး
မျိုးနွယ်စုတွေက ဘိုးဘေးတွေ တွေ့ဆုံခွင့်တောင်းနေပါတယ်။ သူတို့က ကျောက်စိမ်းကြယ်တာရာမှာ တာအိုဒီရေလှိုင်းတွေ တက်လာတာကို မြင်တော့ သခင်လေးလုရီ ကျင့်ကြံမှုတက်လှမ်းတာလားဆိုပြီး သူ့အတွက် လာရောက်ဂုဏ်ပြုကြတာပါတဲ့။"
ဤစကားကို ကြားသောအခါ ယွီရှင်းနှင့် ယွီရှန့်ယွင်တို့နှစ်ဦးစလုံး မှင်သက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် ရယ်ချင်စိတ်အရိပ်အယောင်များ ယှက်ဖြာသွား၏။
ထို့နောက် ယွီရှင်းက ခပ်ဖွဖွရယ်မောလိုက်ပြီး ပြောဆိုလိုက်၏။
"သူတို့ကို ဝင်လာခွင့်ပေးလိုက်ပါ။ ဒါပေမယ့်
သူတို့ နောက်ကျသွားတာတော့ စိတ်မကောင်းစရာပဲ။"
…
လင်းလောင်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် လုရီသည် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်သွားတော့သည်။
သူသည် ဤအလုပ်အတွက် ဆုလာဘ်ကို လက်ခံရယူရန် အလွန်ပင် စိတ်အားထက်သန်နေ၏။
ယခုတစ်ကြိမ် နယ်ပယ်တက်လှမ်းခြင်းအတွက် ဆုလာဘ်မှာ ယခင်ကနှင့်မတူဘဲ အဖိုးတန်ရတနာများ ချီးမြှင့်ခြင်းမရှိဘဲ တာအိုစွမ်းအင်နှင့် ပေါင်းစပ်မှုကို ပိုမိုကောင်းမွန်စေခြင်း ဖြစ်လေသည်။
လုရီက ယခင်ဆုလာဘ်များတွင် တာအိုရတနာများနှင့် ဖရိုဖရဲရတနာအားလုံးကို သူ့အား ချီးမြှင့်ပြီးဖြစ်သောကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်မိသည်။
နောက်ဆက်တွဲ လုရီ လုပ်ဆောင်ရမည့် အရာမှာ သူ့အား ချီးမြှင့်ထားသော ရတနာ အားလုံးကို တစ်စချင်းစီ ဖြည်းဖြည်းချင်း ချေဖျက်စုပ်ယူရန် ဖြစ်သည်။
ထိုဖြစ်စဉ်မှာ အလွန် ရှည်လျားနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ လုရီသည် ယခုအချိန်အထိ တာအို ရတနာတစ်ခုကိုပင် အပြည့်အဝ
မစုပ်ယူနိုင်သေးပေ။
မဟာအခင်းအကျင်းကြီးကို စတင်ဖွင့်ပြီးနောက် လုရီက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျင့်ကြံခန်း၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်လိုက်ရာ သူ၏ ပတ်ပတ်လည်တွင်
အင်မော်တယ် ဆေးပင်အများအပြားက ယိမ်းနွဲ့နေကြပြီး အလွန်အမင်း သိပ်သည်းသော
အင်မော်တယ် ဝိညာဉ်ချီများကို ထုတ်လွှတ်နေကြသည်။
သူက စိတ်ကိုတည်ငြိမ်စေပြီး မျက်လုံးများကိုမှိတ်ကာ ဆုလာဘ်ကို လက်ခံရန် ရွေးချယ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုရီက သူ၏အတွင်းကမ္ဘာထဲတွင် ရှင်းပြမရနိုင်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက သူ၏နတ်ဘုရားအာရုံကို လွှတ်၍ကြည့်လိုက်ရာ အခြေအနေကို လျင်မြန်စွာပင် ရှာဖွေတွေ့ရှိသွားတော့သည်။ အတွင်းကမ္ဘာထဲရှိ တာအိုစွမ်းအင်မှာ အဆက်မပြတ် လှိုင်းထနေပြီး ပြင်းထန်သောလေပြင်းများနှင့် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားလုနီးပါးဖြစ်ကာ အတွင်းကမ္ဘာ၏ အစွန်းများကို အဆက်မပြတ် ရိုက်ခတ်နေ၏။ ထိုဖြစ်စဉ်အတွင်း တာအိုစွမ်းအင်အမျှင်တန်းများသည် လုရီ၏ရုပ်ခန္ဓာထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ်ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်နှင့် စတင်ပေါင်းစည်းလာသည်။
ဤဖြစ်စဉ်၌ လုရီက သူ၏တစ်ကိုယ်လုံး နွေးထွေးလာပြီး သူ၏စိတ်အစဉ်မှာ အေးချမ်းပေါ့ပါးသွားကာ နက်နဲသော အချက်အလက်များစွာ သူ၏စိတ်ထဲတွင် ပေါ်ထွက်လာ၏။ တာအိုအင်းကွက်များက တာအိုအလင်းရောင်များဖြင့် တောက်ပလျက် လုရီ၏ခန္ဓာကိုယ်ရှိ ထောင့်တိုင်းတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေတော့သည်။
လုရီသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အကန့်အသတ် မရှိသကဲ့သို့ အလွန် လျင်မြန်သောနှုန်းဖြင့် တိုးတက်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာမက သူ၏
နတ်ဘုရား အာရုံမှာပင် အလားတူပင် နှစ်ဆတိုးလာ၏။
တာအိုစွမ်းအင်နှင့် ပေါင်းစပ်သွားသဖြင့် သူ၏အတွင်းရှိ အင်မော်တယ်ဝိညာဉ်ချီမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး နက်နဲသော တာအိုအလင်းရောင်များ ရရှိလာသည်။
ဤသည်မှာ သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် တာအိုစွမ်းအင်ကို အသုံးချ၍ မိမိကိုယ်ကို အားကောင်းစေခြင်းနှင့် ကွဲပြား၏။ ယခု လုရီအသုံးချနေသော စွမ်းအားမှာ အင်မော်တယ်ဝိညာဉ်ချီသက်သက် မဟုတ်တော့ဘဲ တာအိုစွမ်းအင်အဖြစ်သို့ စတင်ပြောင်းလဲနေလေပြီ။
ဤသည်မှာ ပြင်ပအကူအညီဖြင့် မဟုတ်ဘဲ သူ၏အတွင်း၌ ကိုင်စွဲထားသော စွမ်းအားဖြစ်၏။ သူ၏အတွင်းရှိ အင်မော်တယ်ဝိညာဉ်ချီမှာ တာအိုစွမ်းအင်အဖြစ်သို့ လုံးဝပြောင်းလဲသွားသောအခါ သူ၏အစွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာနိုင်သည်ကို လုရီ စိတ်ကူးကြည့်နိုင်ပေသည်။ ကနဦးပေါင်းစပ်မှုအပြီးတွင် တာအိုစွမ်းအင်နှင့် သူ၏ ပေါင်းစပ်မှုမှာ နှေးကွေးသွားပြီး ပြင်းထန်မှုနည်းသွားသော်လည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေဆဲဖြစ်၏။
သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအင်ကို ခံစားကြည့်ရင်း သူက အများဆုံး နှစ်တစ်ရာ သို့မဟုတ် နှစ်ရာအတွင်း သူ၏အတွင်းကမ္ဘာရှိ တာအိုစွမ်းအင်အားလုံးကို သူ၏ကိုယ်ပိုင်အသုံးအတွက် ပြောင်းလဲနိုင်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
ဤအရှိန်နှုန်းကို လုရီကိုယ်တိုင်ပင် မယုံနိုင်အောင် လျင်မြန်လွန်းသည်ဟု ထင်မှတ်မိသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ တာအိုစွမ်းအင်ဖြစ်သည်တကား။ နှစ်တစ်ရာ သို့မဟုတ် နှစ်ရာဆိုသည်မှာ အင်မော်တယ်ဧကရာဇ်တစ်ဦးအတွက် အိပ်စက်ချိန် ၊ တစ်ကြိမ်တာ ကျင့်ကြံချိန်မျှသာ ဖြစ်၏။ ထိုသည်မှာ သာမန်အင်မော်တယ်ဧကရာဇ်များအတွက် ဖြစ်သည်။ လုရီအတွက်မူ နှစ်တစ်ရာ သို့မဟုတ် နှစ်ရာသည် အတော်အတန် ရှည်လျားသော အချိန်ဟု မှတ်ယူနိုင်ပေသည်။ ခန့်မှန်းခြေအားဖြင့် ထိုအချိန်တွင် သူ နောက်တစ်ကြိမ် ကျင့်ကြံမှုတက်လှမ်းနိုင်လောက်ပြီ ဖြစ်ပါသည်။ တာအိုစွမ်းအင်ပေါင်းစပ်မှုမှာ တည်ငြိမ်သွားပြီး နောက်ကွယ်တွင် ဖြည်းညင်းစွာ ဆက်လက် ဖြစ်ပေါ်နေသည်ကို မြင်သောအခါ လုရီက ထိုအပေါ်တွင် ဆက်လက် အာရုံမစိုက်တော့ပေ။
မည်သို့ပင် ဖြစ်စေ ၎င်းသည် သူ၏တိုက်ရိုက်ပါဝင် ပတ်သက်မှု မလိုအပ်ပေ။ သူ့တွင် လုပ်စရာများစွာ ကျန်ရှိနေသေး၏။ အင်မော်တယ် ဧကရာဇ်၏ ယင်ယန် အင်မော်တယ်ကျမ်းကို သဘောပေါက်နားလည်ခြင်း၊ အသစ်သဘောပေါက်ခဲ့သော နိယာမများကို နားလည်ခြင်း စသည်တို့အားလုံးမှာ အချိန်လိုအပ်လေသည်။ အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ယခုမှ တက်လှမ်းရုံသာ ရှိသေးသဖြင့် သူသည် ဤနယ်ပယ်ကို ၎င်း၏ အကန့်အသတ်အထိ တွန်းပို့ရန် များစွာ လိုသေး၏။