← Chapters

နတ်အရိုင်းမြေကျောင်းတော်ခန်းမထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ခြင်း

Vol. 13 Ch. 181

နတ်အရိုင်းမြေကျောင်းတော်ခန်းမထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ခြင်း

Vol. 13 Ch. 181

ယီယွင် သည် တိုင်အာနတ်မြို့တော် တွင် နေ့စဉ်လုပ်ရိုးလုပ်စဉ်များ ဖြင့်စတင်လေသည်။

မနက်တိုင်း ဆေးတောင်တန်းသို့ သွားလေ့ရှိသည်။ ယီယွင်၏ လှုပ်ရှားမှုစွမ်းရည်ကို လေ့ကျင့်ရင်း ဆေးဖက်၀င်အပင်များကို ခူးဆွတ်ကာ ညဘက်တွင် တရားထိုင်လေ့ရှိသည်။ ထိုလုပ်ငန်းစဉ်များမှာ တဖြည်းဖြည်း ယီယွင်၏ ဘ၀လှုပ်ရှားမှုများ ဖြစ်လာလေသည်။

ယီယွင် ၏အလုပ်သည် ကျိုးခွေ့ နှင့် စုန့်ကျစ်ကျွင်းတို့၏ အလုပ်များနှင့် မတူညီသောကြောင့် ဆက်ဆံရေးမှာ တဖြည်းဖြည်း ဝေးကွာလာ လေသည်။ယီယွင်က မနက်ဝေလီဝေလင်းတွင် အိမ်မှထွက်သွားကာ ညမိုးချုပ်မှ အိမ်ပြန်လာလေ့ရှိသည်။ထိုပြင် ယီယွင်အိမ်၌ ရှိစဉ်တွင် အိမ်ထဲမှအိမ်ပြင်သို့ ထွက်ခွာခြင်းလည်း မရှိပေ။

ရွှမ်းဝူ တပ်သားအများအပြားသည် တိုင်အာနတ်မြို့‌တော် ၀န်းများအတွင်းသို့ ပြောင်းရွှေ့သွားကြပြီး အလယ်လတ်တန်းစားအခန်း များတွင် နေထိုင်လာနိုင်ကြ‌ပေသည်။

အလယ်လတ်တန်းစား အခန်းများသည် ပိုမို‌ကောင်းမွန်ကျယ်ဝန်းသော နေရာများတွင် ရှိ‌လေသည်။ သို့သော် နတ်မြို့‌တော်အတွင်းရှိ နေရာများမှ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား သိပ်သည်းဆအား နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ဗဟိုနတ်မျှော်စင်မှလွဲ၍ တခြားနေရာများမှာ များစွာကွာခြားချက် မရှိ‌ပေ။ တချို့‌ နေရာများရှိ ယွမ်ချီ စွမ်းအားမှာ ပိုမိုထူထပ်‌သော်လည်း ခြားနားမှုမှာ ကွာခြားမှုသိပ်မရှိပေ။

အလယ်အလတ်တန်းစားအခန်းများတွင် ကျင့်ကြံရာတွင်အသုံးဝင်သည့် စိတ်ဝိဉာဉ် စုစည်းမှု အစီအရင်တစ်ခုပါရှိသည်။

ထို့အပြင် အလယ်လတ်တန်းစား အခန်းတွင် နေထိုင်ရခြင်း၏ အကြီးမားဆုံး အားသာချက်မှာ ဂုဏ်သိက္ခာ‌ကြောင့် ဖြစ်သည်။ လူငယ်သူရဲကောင်းများစွာတွင် ၎င်းတို့၏ ကိုယ်ပိုင်နောက်ခံ သမိုင်းကြောင်း တချို့ရှိသည်။ ထို့ကြောင့် ဂုဏ်သိက္ခာသည် အလွန်အရေးကြီးပါသည်။

ယီယွင် ထိုနေရာများသို့ ပြောင်းရွေ့ခြင်း မရှိပေ။ ၎င်း၏ မြို့စွန်တွင်သာ တစ်ယောက်တည်းနေထိုင်ရသည်ကို ပိုမိုနှစ်သက်နေလေသည်။

စိတ်ဝိဉာဉ် စုစည်းမှု အစီအရင်မှာ ယီယွင်အခန်းတွင်လည်း ပါရှိလေသည်။ ထိုအခန်းမှာ ကျိုးခွေ့ နှင့် ယှဉ်ပြိုင်ရာမှ ရရှိထားခြင်း ဖြစ်သည်။ ၎င်းအခန်းမှာ ထိုနေရာမှ အကောင်းဆုံးအခန်း တစ်ခုဖြစ်လေသည်။

ယနေ့မှာ ယီယွင်၏ ဆေးပင်ရှာသည့် ငါးရက်မြောက်နေ့ဖြစ်သည်။

စုန့်ကျစ်ကျွင်း မှာ မြို့အတွင်းသို့ ပြောင်းရွေ့‌တော့မည် ဖြစ်သဖြင့် ယီယွင်အား နှုတ်ဆက်ရန်အတွက် ရောက်ရှိလာလေသည်။

"ယီယွင် မင်း အလယ်လတ်တန်းစား အခန်းကို မပြောင်းဘူးလား"

ယီယွင် က ခေါင်းခါလိုက်ပြီး "သိပ်တော့မထူးခြားပါဘူး၊ ငါ့အခန်းက အလယ်လတ်တန်းစားအခန်းပဲကို ပြောင်းဖို့လဲမလိုသေးပါဘူး"

စုန့်ကျစ်ကျွင်း က "ဒါမျိုးဖြစ်နိုင်ပေမယ့် အလယ်အလတ်တန်းစား အခန်းတွေက ကျင့်ကြံသူတွေက ပိုအားကောင်းကြတယ်။ သူတို့နဲ့ သိကျွမ်းရတာက အားသာချက်တွေ အများကြီးရှိတယ်။ ဥပမာ၊ ကုန်သွယ်မှု၊ ဆွေးနွေးမှုတွေ စသဖြင့်၊ သူတို့က မင်းရဲ့ ခွန်အားကို တိုးလာ‌အောင်ကူညီလိမ့်မယ်။"

၎င်းမှာ စုန့်ကျစ်ကျွင်း အလယ်လတ်တန်းစား အခန်းသို့ ပြောင်းလာရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။

ယီယွင် က ခေါင်းခါလျှက်ပင်။

“ကောင်းပြီ…” စုန့်ကျစ်ကျွင်း က ဘာမှထပ်‌မပြောတော့ပေ "ယီယွင်၊ မင်း မကြာခင်မှာ လက်ရည်ယှဉ်ဘက်တစ်ဦး ဖြစ်လာသင့်တယ်။ မင်းရဲ့ လှုပ်ရှားမှု နည်းစနစ်တွေနဲ့ မင်း လက်ရည်ယှဉ်ဘက် မဖြစ်တာ နှမြောစရာပဲ..."

သူတို့နှစ်ဦး၏ အလုပ်နေရာ မတူညီ‌သောကြောင့် စုန့်ကျစ်ကျွင်း သည် ယီယွင် ၏ ဆေးပင်ရှာဖွေမှု အခြေအနေအား မသိခဲ့ပေ။

ယီယွင် ပြုံးလျှက်ပင် "ငါ ဆေးပင်တွေကို လအနည်းငယ် ခူးပြီးရင်တော့ အဲဒါတွေ ဆက်မလုပ်တော့ဘူး"

“ကောင်းပြီ… ဒါဆို ကောင်းပြီ” စုန့်ကျစ်ကျွင်း က ဘာမှမပြောတော့ပေ။

စုန့်ကျစ်ကျွင်း ထွက်သွားပြီးနောက် ယီယွင် သည် နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ သို့သွားခဲ့‌လေသည်။

ယီယွင်မှာ အခန်းကို ပြောင်းချင်ပါက တစ်နေ့တွင် အလယ်လတ်တန်းစာအခန်း (သို့) အထက်တန်းစားအခန်းများသို့ ပြောင်းရွေ့မှာမဟုတ်ပဲ ဗဟိုနတ်မျှော်စင်သို့သာ ပြောင်းရွေ့ဖို့ ဆုံးဖြတ်ထားလေသည်။

အလယ်လတ်တန်းစား အခန်း…

ယီယွင်မှာ ထိုနေရာများသို့ ပြောင်းရွေ့ရန် မလိုအပ်ဖူးဟု ယူဆပေသည်။

လွန်ခဲ့သည့်ငါးရက်အတွင်း ယီယွင် သည် ၎င်း၏ ဆေးပင်ရှာဖွေရာမှ တစ်ရက်လျှင် မှော်နဂါးကြေးပြား ၂၀၀နှင့် အထက် ပမာဏကို ပုံမှန်ရရှိနေခဲ့သည်။

ဝမ်သည် မူလက ယီယွင် သည် ၎င်း၏ပထမနေ့တွင် တန်ဖိုးကြီး ဆေးပင်များစွာကို ရှာတွေ့ခဲ့သည်ကို ကံကောင်းသည်ဟုထင်မှတ်ကာ ယီယွင် ၏မှော်နဂါးကြေးပြားမှော်စာလုံးများ တဖြည်းဖြည်းလျော့နည်း လာမည်ကို မြင်တွေ့ရန် စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း ယီယွင် ၏ ဆေးဖက်ဝင်အပင် အရေအတွက်မှာ မလျော့ရုံသာမက နေ့စဉ်နှင့်အမျှ တိုးလာလျှက်သာသည်။

ရလဒ်အနေဖြင့် ၀မ် မှာ စကားတစ်ခွန်းမျှပင် မဟနိုင်တော့သည်အထိ သူမ၏ ညစ်ညမ်းသော ပါးစပ်သည် နောက်ဆုံးတွင် သူ့အလိုလို ပိတ်သွားလေသည်။

ယီယွင်က တကယ်ကို ထူးဆန်းတဲ့လူပဲ။

ထိုအရှိန်ဖြင့် ကျုံးယီ ၏စံချိန်ကို ချိုးဖျက်နိုင်ဖွယ်မရှိသော်လည်း ယီယွင် သည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်းတွင် တိုင်အာနတ်မြို့တော် ၏ အကောင်းဆုံး ဆေးပင်ရှာဖွေမှု ကျင့်ကြံသူဖြစ်ပေသည်။

၀မ်မှာ အရည်အချင်းရှိသူများကို လေးစား‌သောကြောင့် မည်သို့ပင် ပါးစပ်စည်းမရှိပါစေ သူမသည် ယီယွင်အား ဆိုးဆိုးရွားရွား မဆက်ဆံတော့ပေ။

ယနေ့တွင် ယီယွင် မှာ မှော်နဂါးကြေးပြား တစ်ထောင်ကို စုဆောင်းနိုင်ပြီ ဖြစ်သည်။ ယီယွင် နတ်အရိုင်းမြေ ကျောင်းတော်ခန်းမသို့ ဝင်ရောက်ချင်သည်။

သို့သော် အချိန်မှာ မှောင်ရီပျိုးနေပြီဖြစ်သည်။

ယီယွင် သည် နတ်အရိုင်းမြေ ကျောင်းတော်ခန်းမရှေ့တွင် ရပ်လိုက်ပြီး ခေါင်းကို မော့လိုက်လေသည်။ မြင့်မားလှသော နတ်အရိုင်းမြေ ကျောင်းတော်ခန်းမကို မြင်လိုက်ရသောအခါ ယီယွင်တွင် ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။

"ဘယ်အခန်းလိုချင်လဲ" ထိုနေ့တွင် နတ်အရိုင်းမြေ ကျောင်းတော်ခန်းမကို စီမံကွပ်ကဲရန် တာဝန်ကျသော အဖိုးအိုတစ်ဦးကပြောလိုက်လေသည်။ ထိုအဘိုးအို၏ဆံပင်များသည် ဓားသွားကဲ့သို့ ထောင်မတ်နေသည်။ အဘိုးအို၏ အနက်ရောင် မျက်လုံးတစ်စုံသည် တောက်ပလျှက်ရှိသည်။ မျက်ခုံးကြားတွင် အလွန်ထူးခြားသော အနီရောင်ရတနာတစ်ခုရှိ လေသည်။

ထိုရတနာကြောင့် ယီယွင်သည် နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုမိ‌ လေသည်။ ထိုရတနာရှိခြင်းဖြင့် အဘိုးအိုအား ဖော်ပြ၍မရသော ဆန်းကြယ်မှုတစ်မျိုး ပေးနေသလိုပင်။

"ချီမယ်ရာ နှစ်နာရီ" ယီယွင် သည် ယခင်ကရွေးချယ်ခဲ့ဖူးသော ချီမယ်ရာခန်းမကို ရွေးချယ်လိုက်လေသည်။ ယီယွင်၏ရည်ရွယ်ချက်မှာ စွမ်းအင်ကိုစုပ်ယူရန်သာမက ချီမယ်ရာ အခြေခံနိယာမ အမှန်တရားများကိုပါ ထိုးထွင်းသိမြင်ရန်အတွက်ဖြစ်သည်။

ယီယွင်၏ တံဆိပ်ပြားကို လွှဲပြောင်းပေးပြီးနောက်၊ ထောင်နှင့်ချီသော မှော်စာလုံးများသည် နတ်အရိုင်းမြေ ကျောင်းတော်ခန်းမကြီးထဲသို့ ပျံသန်းသွားလေသည်။ ယီယွင် သည် နောက်ဆုံးတွင် ချီမယ်ရာ ခန်းမထဲသို့ ထပ်မံ၀င်ရောက်ခွင့် အရည်အချင်း ရရှိခဲ့သည်။

အလင်းတန်းများနှင့်အတူ ယီယွင် လည်း စုပ်ယူခံလိုက်ရလေသည်။

ချက်ချင်းပင် ယီယွင်မှာ ပြင်းထန်သောဖိအားများအောက်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ယီယွင် သည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီး သူ၏ စိတ်ဝိဉာဉ် စွမ်းအင်ကို ခရမ်းရောင်သလင်းကျောက်ဖြင့် ချက်ချင်းတုံ့ပြန်ကာ ခန္ဓာကိုယ်၏ယွမ်ချီ စွမ်းအားကို စတင်ဖြန့်ကျက်လိုက်လေသည်။ထိုအခါ ရှေးဦးမျိုးစိတ်များ၏ ဖိအားဒဏ်ကို စတင်ခံစားလိုက်ရ‌သည်။

ခဏအတွင်းမှာပင် ယီယွင် သည် အလွန်သန့်စင်သော စွမ်းအင်များ ပြည့်လျှံတက်လာသည်ကို ခံစားလိုက်ရသည်။

ယီယွင် ၏ အမြင်အာရုံများ ကြည်လင်သွားလေသည်။ ယီယွင်မှာ ၎င်း၏စိတ်ဝိဉာဉ် စွမ်းအင်ကို အာရုံစိုက်နေစဉ်၊ ချီမယ်ရာ ၏ဦးခေါင်းမှ အလင်းရောင်များစွာမှာ စုစည်းကာ နောက်ဆုံးတွင် ခိုဥ၏အရွယ် အလင်းလုံးအသွင်သို့ ဖွဲ့စည်းလိုက်လေသည်။

မဟာယန်ရွှေကို ဖြတ်သွားပြီးနောက် အလင်းတန်းများသည် ယီယွင်ထံသို့ ဖြည်းညှင်းစွာ ရွေ့လျားလာလေသည်။ အလွန်သေးငယ်သော ချီမယ်ရာ အရိပ်များမှာ အလင်းရောင် ဘေးအတွင်း လှည့်ပတ်နေသည်။

ယီယွင် က ပါးစပ်ကိုဖွင့်လိုက်ပြီး စွမ်းအင် အလင်းလုံးများကို မျိုချလိုက်သည်။

ယီယွင် သည် ထိုအရာများဖြင့် အတော်အတန်ကြုံတွေ့ဖူးပြီ ဖြစ်သောကြောင့် ပထမအကြိမ်ထက် ပို၍လွယ်ကူစွာ လုပ်ဆောင်နိုင်လေပြီ ဖြစ်သည်။

ယီယွင် သည် ချီမယ်ရာ စွမ်းအင်မှ အခြေခံနိယာမ အမှန်တရားများကို ဖြည်းဖြည်းချင်း ထိုးထွင်းသိမြင်လာပြီး ခန္ဓာကိုယ်မှာ စွမ်းအင်အားလုံးကို စုပ်ယူလျှက်ရှိလေသည်။

ယီယွင်သည် ရှေးဦးမျိုးစိတ် စွမ်းအင်များကို တစ်ခုပြီးတစ်ခုကို မျိုချလျှက် ၎င်းတို့အား ခန္ဓာကိုယ်၏ တန်းထျန်အတွင်း၌ သိမ်းဆည်းလိုက်‌လေသည်။

သိပ်မကြာမှီပင် ကန့်သတ်ချိန် နှစ်နာရီ ပြည့်သွားလေ၏။

"ဒန်"

ခေါင်းလောင်းသံ…

ထိုနှစ်နာရီအတွင်း ယီယွင် သည် စွမ်းအင်ကို မျိုချရန်သာ အာရုံစိုက်နေခဲ့သည်။ယီယွင်မှာ စွမ်းအင်များကို မချေဖက်ခဲ့သည် အတွက် ခန္ဓာကိုယ်မှာ နွေးထွေးမှုကို ခံစားနေရသည်။ ချီမယ်ရာ ခန်းမမှ ထွက်လာပြီးနောက် အခန်းသို့ မပြန်‌သေးပဲ နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ ရှိ အထက်တန်းစားအခန်းတစ်ခန်းအား ငှားရန်အတွက် မှော်နဂါးကြေးပြား ၈၀ကို ပေးချေခဲ့သည်။

ယီယွင် သည် ထိုကျင့်ကြံ‌ခြင်းအခန်းအတွင်းရှိ ကျောက်ခုတင်ပေါ်တွင် တရားထိုင်နေ‌ လေတော့သည်။

မဟာယန်ရွှေမှ ထုတ်ယူလိုက်သော စွမ်းအင်သည် အများအပြား မဟုတ်သော်လည်း ၎င်း၏ သန့်ရှင်းမှုနှင့် ရှေးဦးသွေးဇစ်မြစ်များကြောင့် သာမာန်ပျက်စီးခြင်း အရိုးများမှ စွမ်းအင်နှင့် နှိုင်းယှဉ်၍မရပေ။

ယီယွင် သည် သူ၏ တန်းထျန် မှ စွမ်းအင်များကို ခြေလက်များ ဆီသို့ စီးဆင်းစေရန်အတွက် စိတ်ဝိဉာဉ် စွမ်းအင်ကို အသုံးပြုခဲ့သည်။

ထိုစွမ်းအင်တွင် ရှေး‌ဟောင်းသားရဲများ၏ သွေးအဆီအနှစ်တို့ပါရှိသည်။ ထိုအဆီအနှစ်သည် ယီယွင် ၏သွေးထဲသို့ ဖြည်းညှင်းစွာ စီး၀င်ပေါင်းစပ် သွား‌လေသည်။

ထိုခံစားချက်မှာ စပျစ်ဝိုင်တစ်အိုးလုံး သောက်လိုက်ရသလို ခံစားချက်ပင်။ အတန်ကြာတွင် ယီယွင် ရဲ့ ခန္ဓာကိုယ်မှာ ပူလောင်လာကာ အငွေ့များ ထွက်လာလေသည်။

ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်အတွင်းမှ ချီ စွမ်းအင်သည် တဟုန်းထိုးတက်လာသော ရေလှိုင်းလုံးများသကဲ့သို့ ယီယွင် ၏ သွေးကြောများမှတဆင့် ဦးခေါင်းအထိ ပျံ့နှံ့သွား‌လေ၏။

ထိုကဲ့သို့ တဟုန်ထိုး စွမ်းအင်တွေ စီးဆင်းမှုအောက်တွင် ယီယွင် အလွန် နာကျင်လျှက်ရှိသည်။

ထိုခံစားချက်က ယီယွင်ခန္ဓာကိုယ်မှာ ပေတုံးကဲ့သို့ဖြစ်‌နေကာ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်အဆီအနှစ်မှာမှု တူကဲ့သို့ပင်။ စွမ်းအင်လှိုင်းလုံးများသည် ယီယွင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ထုရိုက်နေသည့် တူနှင့်တူသည်။

ယီယွင် ၏ အဆစ်များမှာ နာကျင်နေသော်လည်း ထိုနာကျင်မှုများမှာ ယီယွင် အတွက် ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။

နာကျင်ခြင်း နှင့် ပျော်ရွှင်မှု နှစ်ခုစလုံးမှာ‌ တစ်ချိန်ထဲမှာပင် ရောထွေးဖြစ်ပျက်နေ လေသည်။

ယီယွင် သည် ထိုခံစားချက်ကို စွဲလန်းလျှက်ရှိနေ၏၊ ခုနစ်နာရီကြာ ပြီးနောက် ယီယွင်တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေလေသည်။ ရေနွေးငွေ့ထဲတွင် အချိန်အတော်ကြာအောင် ပေါင်းထား သကဲ့သိုပင်။

တဖြည်းဖြည်းဖြင့် စွမ်းအင်စီးဆင်းမှုများမှာ အားနည်းလာလေသည်။

ထိုခံစားချက်များကျော်လွန်ပြီးနောက်တွင် စိတ်ထဲတွင်ရီဝေသော အခြေအနေတစ်ရပ်ဖြစ်သည်။ ထိုအခြေအနေတွင် ယီယွင်သည် အရာရာကို မေ့လျော့သွားခဲ့ပြီး မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိ‌တော့ဘဲ၊ ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ ကောင်းကင်ယံတွင်ပျံသန်းကာ ကျယ်ပြန့်လှသော ကျတ်တီး‌မြေကို မျှော်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

မူလသားရဲ၏ အခြေခံနိယာမ အမှန်တရားများ၏ ထိန်းချုပ်မှုသည် ယီယွင်၏ စိတ်နှလုံးသားအတွင်းသို့ သိမ့်မွေ့စွာ စိမ့်၀င်သွားလေသည်။

အခြေခံနိယာမ အမှန်တရားများသည် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အနာဂတ်တွင် ပေါက်ရန်စောင့်ဆိုင်းနေသည့် မျိုးစေ့တစ်ခုလိုပင် ယီယွင်၏ စိတ်ထဲတွင် ချန်ထားခဲ့လေသည်။

ညဉ့်နက်မှ ရှစ်နာရီကြာ တရားထိုင်ပြီးနောက် ယီယွင် သည် အံ့သြဖွယ်ကောင်းသော အခြေအနေမှ နိုးထလာသည်။

ယီယွင် ခန္ဓာကိုယ်အတွင်းရှိ ယွမ်ချီများကို လှည့်ပတ်ကြည့်သောအခါ ကျင့်ကြံမှုအဆင့်မှာ ခရမ်းသွေးနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ရောက်ရှိရန် အနည်းငယ်သာ ကွာဝေးတော့သည်ကို သိလိုက်ရသဖြင့် အံဩသွားလေသည်။

ယီယွင် သည် ခရမ်းရောင်သွေးနယ်ပယ်သို့ ကျော်ဖြတ်ရန် လေ့ကျင့်နေသည်မှာ နှစ်လရှိပြီဖြစ်သည်။ ထိုနှစ်လတွင် ယီယွင်မှာ ပြဒါးစီး၀တ်ရုံ ကို ဝတ်ဆင်ပြီး အဆက်မပြတ် ကျင့်ကြံခဲ့ရလေသည်။ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်စုပ်ယူမှု နှစ်ခုနှင့်အတူ ယီယွင် ၏ ကျင့်ကြံခြင်းအဆင့် သည် နောက်ဆုံးတွင် လက်ရှိအခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယီယွင်မှာ အဆင့်အနည်းငယ်သာကျော်ဖြတ်နိုင်ခဲ့သော်လည်း ရှေးဦး‌‌သွေးမျိုးစိတ် များ၏ စွမ်းအင်အားလုံးကို အပြည့်အဝစုပ်ယူနိုင်ခဲ့ လေသည်။

ခရမ်းသွေးနယ်ပယ် ၏ အလယ်အလတ်အဆင့်သို့ ကျော်ဖြတ်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာသော ပန်းတိုင်သို့ အရောက်လှမ်းရန် ယီယွင်မှာ ဘယ်လိုမှ စွန့်လွှတ်မည်မဟုတ်ပေ။

ချက်ချင်းဆိုသလို ခရီးဆောင်အိတ်အတွင်းမှ ပဲတောင့်အရွယ် ကျောက်နှစ်လုံးကို ထုတ်ယူလိုက်တယ်။

နတ်မြို့တော် ၏ ကျင်းလုံဝေ့ စခန်းသို့ ပြန်ရောက်သောအခါ၊ ယန်မင်လုံသည် အအေးသတ္တု သွေးဘောလုံး အစီအရင်တွင် ပထမရသူအား ထိပ်တန်းလက်နက်နှစ်လက်နှင့် ပျက်စီးခြင်း အရိုးအမတေအား ပေးမည်ဟု ကတိပြုခဲ့သည်။

ယီယွင် သည် ယခုအချိန်အထိ ပျက်စီးခြင်း အရိုးအမတေကို အသုံးမပြုရသေး‌ပေ။အလိုအပ်ဆုံးချိန်တွင် ၎င်းတို့ကို အသုံးပြုရန်အတွက် ချန်ထားခဲ့ခြင်းဖြစ်သည်။

ယီယွင် လက်အတွင်းမှာ အရိုးအမတေ နှစ်ခုအား ပါးစပ်အတွင်းသို့ အလျင်မြန်ထည့်ကာ မြိုချလိုက်လေသည်။

"ဘမ်း"

ပျက်စီးခြင်းသားရဲ အရိုးအတွင်းရှိ စွမ်းအင်များသည် ယီယွင် ၏ ခန္ဓာကိုယ်အတွင်းတွင် ယမ်းမှုန့်များကဲ့သို့ ပေါက်ကွဲသွားသည်။

ယီယွင်၏သွေးများ ထပ်မံဆူပွက်လာလေသည်။

ဆန်းကြယ်သော ခံစားချက်မှာ တစ်ဖန်ပြန်လည်ပေါ်ထွက်လာကာ စွမ်းအင်များ၏ အရှိန်အဟုန်အောက်တွင် ယီယွင်သည် ခရမ်းသွေးနယ်ပယ်၏ အလယ်အလတ်အဆင့်ကို ရောက်ရှိသလိုပင် ခံစားလိုက်ရသည်။

ပျက်စီးခြင်း အရိုးအမတေ နှစ်ခုသည် လုံလောက်သော ယွမ်ချီ စွမ်းအင်အား ယီယွင်ထံသို့ ပို့လွှ‌တ်လိုက်လေသည်။

"ငါ့အတွက် လုပ်ပေးစမ်းပါ..." ယီယွင် သည် သူ့၏အရိုးများနှင့်အတူ အော်ဟစ်လိုက်လေသည် ။

“ပင်း”

ထိုအချိန်တွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသလိုပင်။ ယီယွင် သည် သူ၏ ၏စွမ်းအင်လမ်းကြောင်းများ ကြည်လင်ပြတ်သားလာပြီး သွေးများ ဆူပွက်လာသည်ကို ခံစားရကာ ကျေနပ်လျှက်ရှိနေလေသည်။

ထို့နောက် တရားထိုင်နေရာမှ ယီယွင် ရုတ်တရက် မျက်လုံးပွင့်လာသည်။ လွန်စွာနောက်ကျနေပြီဖြစ်သော်လည်း ယီယွင် ၏မျက်လုံးများသည် ညဘက်တွင် လျှပ်စီးလက်သလိုဖြစ်နေသဖြင့် အားလုံးကို ရှင်းလင်းစွာ ‌မြင်နေရသည်။

ယီယွင် သည် လျင်မြန်စွာ အမဲလိုက်နေသော ကျားသစ်လိုပင် ကျောက်ကုတင် ပေါ်မှ ခုန်ဆင်းလိုက်သည်။

ခရမ်းသွေးနယ်ပယ်၏အလယ်လတ်အဆင့်။ ယီယွင်သည် နောက်ဆုံးတွင် ခရမ်းသွေးနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့‌ပြီ ဖြစ်သည်။

ယီယွင် သည် ကျင့်ကြံခြင်းအခန်း၏ အလယ်ဗဟိုသို့ ခုန်ဆင်းကာ သူ့ခန္ဓာကိုယ်ကို စတင်လှုပ်ရှားလိုက်သောအခါတွင် အရိပ်များ တဆက်တည်း ဖြစ်ပေါ်လာသည်။ ထိုအရိပ်များသည် ယီယွင် ၏ကိုယ်ခန္ဓာကိုယ်ကို လုံးဝမှုန်ဝါးသွားစေကာ တကယ့်ပုံရိပ်အစစ်မဟုတ်ဟု ထင်ရ‌စေသည်။

ယီယွင် ၏ အရှိန်မှာ တ‌ဖြည်းဖြည်း ပိုမိုမြန်ဆန်လာကာ ပတ်ဝန်းကျင် နေရာနှင့် တစ်သားထဲပေါင်းစပ်လိုက်သလိုပင်။ယီယွင်နှင့် ပတ်ဝန်းကျင်မှာ တစ်သားတည်းဖြစ်‌‌စေခဲ့သည်။

တဒင်္ဂလှုပ်ရှားမှု၏ ကြီးမားသော အောင်မြင်မှုအဆင့်။

ယီယွင် သည် သူ၏ လှုပ်ရှားမှုနည်းစနစ်များကို လွန်ကဲစွာ သရုပ်ပြပြန်သည်။ ၎င်းဟာ တဒင်္ဂလှုပ်ရှားမှု၏ ကြီးမားသော အောင်မြင်မှု အဆင့်ပင်။

All Chapters