← Chapters

နောက်ဆုံးပြင်ဆင်မှုများ

Vol. 13 Ch. 188

နောက်ဆုံးပြင်ဆင်မှုများ

Vol. 13 Ch. 188

နောက်တစ်နေ့ညနေခင်း ဆေးပင်အလုပ်ရုံးခန်း၌...

"အစ်မ ၀မ်၊ ဒါ ဒီနေ့ ကျွန်တော်ခူးလာတာပဲ" ယီယွင် သည် သူ၏ ဆေးပင်ခြင်းတောင်းကို ကျောက်စင်ပေါ်သို့ ညှင်သာစွာ ချလိုက်လေသည်။

၀မ် ပျင်းရိစွာ ကြည့်လိုက်ကာ ပေါ့ရွတ်နေသောတောင်းထဲမှ ဆေးဖက်၀င်အပင်များကို စိစစ်ရန်အတွက် ဆွဲယူလိုက်လေသည်။ သူမသည် ယီယွင်ခူးလာသော ဆေးပင်များလျော့နည်းလာသည်ကို ခန့်မှန်းမိသည်။

၀မ် က စိတ်မပါလက်မပါဖြင့်…

"တ‌ဖြည်းဖြည်းနဲ့ နည်းလာပြီ၊ စိတ်ပျက်စရာပဲ"

ဆေးပင်ခြင်းတောင်းရှိ တန်ဖိုးပမာဏမှာ မှော်နဂါး ကြေးပြား ၈၀ ထက်မပိုပေ။

အစပိုင်းတွင် ယီယွင် သည် မှော်နဂါး ကြေးပြား ၂၀၀ ခန့်ရှိသော ဆေးဖက်၀င်ဆေးပင်များကို ရှာဖွေနိုင်ခဲ့သည်။လူသစ်တစ်ယောက် အနေဖြင့် ထိုသို့ များပြားလှသောတန်ဖိုးကြီးဆေးပင်များကို ရှာဖွေနိုင်ခဲ့သဖြင့် ၀မ် ကအံ့ဩနေခဲ့သည်။

ထိုသို့ရှာဖွေနိုင်သောအဆင့်မှာ ကျုံးယီ နဲ့ မယှဉ်နိုင်သော်လည်း သိပ်မဆိုးလှပေ။သို့သော် လာမည့် ၂လအတွင်း မှော်နဂါး ကြေးပြား ၁၅,၀၀၀ ဝင်ငွေရရှိရန် မဖြစ်နိုင်ချေ။ ထိုရလဒ်သည် ယီယွင်၏ စိတ်အားထက်သန်မှုနှင့် အာရုံစူးစိုက်မှုကို သက်သေပြနိုင်သဖြင့် နတ်မြို့တော်မှ ဆုလာဘ်တစ်မျိုးမျိုး ပေးစွမ်းနိုင်ပေလိမ့်မည်။

သို့သော် ဆယ်ရက်အတွင်း ယီယွင် လွှဲပြောင်းပေးလိုက်သော ဆေးပင် ပမာဏသည် မှော်နဂါး ကြေးပြား ၁၀၀ ခန့်အထိ ထက်ဝက်ခန့် ကျဆင်းသွားမည်ကို ၀မ် မထင်မှတ်ထားပေ။သို့ရာတွင် လွန်ခဲ့တဲ့သုံးရက်အတွင်းမှာပင် တဖြည်းဖြည်းလျော့နည်းလာကာ တစ်ရက်လျှင် ၇၀-၈၀ပမာဏခန့်သာ လွှဲပြောင်းနိုင်တော့သည်။

ဤနှစ်များတစ်လျှောက်လုံးတွင် ၀မ် သည် ဆေးဖက်၀င်အပင်ရုံးကို တာဝန်ယူခဲ့သည်။ အာရုံစူးစိုက်မှုရှိသော ကျင့်ကြံသူအများအပြားကို သူမတွေ့ဖူးသည်။အများအားဖြင့် သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ ဆေးဖက်ဝင်အပင်များ ပိုများလာကြကာ ယီယွင်မှာမူ အချိန်ကြာလာသည်နှင့်အမျှ ဆေးဖက်ဝင်အပင်များ လျှော့နည်းလာလျှက် ရှိသည်။

ယီယွင် က အစမှာ ကံကောင်းပြီး နောက်ပိုင်း တဖြည်းဖြည်း ကံဆိုးလာခြင်းမှာ အဓိပ္ပါယ်မရှိလှပေ။ ကံကောင်းခြင်းကြောင့် ပထမရက်အနည်းငယ်တွင် ဆေးပင်အားလုံးကိုဆက်တိုက် ရှာဖွေပေးနိုင်မည် မဟုတ်ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ယီယွင် အလုပ် မကြိုးစား‌တော့ခြင်းပင်။

ထိုသို့ တွေးမိကာ ဝမ်၏ မျက်နှာမှာ မဲ့ရွဲ့သွားလေသည်။

အရည်အချင်းမရှိခြင်းမှာ ပြဿနာ မဟုတ်ပေ။ တကယ်တော့ မိမိ၏ပါရမီကို မိဘများဆီမှ ရရှိခဲ့ခြင်းဖြစ်ကာ ထိုပါရမီရည်အချင်းများကို ပြုပြင်ပြောင်းလဲရန်မှာ ခက်ခဲလှပေသည်။

အရည်အချင်းမရှိသောသူများသည် သာမာန်အဆင့်တွင်သာ ရှိပေလိမ့်မည်။အကြောင်းမှာ သူတို့ မည်မျှပင် ကြိုးစားအားထုတ်ပါစေ၊ ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိသောကြောင့် ဖြစ်သည်။

အရည်အချင်းရှိပြီး ထိုအရည်အချင်းများကို ဖြုန်းတီးပစ်သော သူများကို ဆန်ကုန်မြေလေးများဟု ၀မ်က ယူဆသည်။ ထို့ပြင် ၎င်းတို့သည် တိုင်အာ နတ်မြို့တော် တွင် ရှိကြပြီး မြို့တော် ၏ အရင်းအမြစ်များကို ရယူကာ အလုပ်ကြိုးစားခြင်းမရှိကြပေ။

ဤကမ္ဘာပေါ်တွင် ကြီးထွားသန်မာလိုသော လူပေါင်းများစွာ မရေမတွက်နိုင်အောင် ရှိကြသော်လည်း အားလုံးအတွက် အခွင့်အလမ်းမရှိကြပေ။ ထို ရရှိလာသောအခွင့်အရေးကို တန်ဖိုးမထားဘဲ အရင်းအမြစ်များကို ဖြုန်းတီးနေခြင်းမှာ ခွင့်မလွှတ်နိုင်သော လုပ်ရပ်တစ်ခုဖြစ်သည်။

တိုင်အာ နတ်မြို့တော် ၏ အရင်းအမြစ်များကို ပျက်စီးခြင်း သားရဲများကို အမဲလိုက်သူများ၊ တိုင်းပြည်ကို ကာကွယ်သော သူရဲကောင်းများအား ပေးအပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် ချမ်းသာကြွယ်ဝသော ဘဝတွင်နေထိုင်ရန်နှင့် ဂုဏ်ရာထူးများအား ရယူခံစားရန်အတွက် အလဟာသ သုံးစွဲရန် မဟုတ်ပေ။

"မှော်နဂါး ကြေးပြား ၈၂ပြား၊ မင်း တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ ယိုယွင်းပျက်စီးလာတဲ့ဘ၀မှာနစ်မြုပ်သွားရင် မင်းကို ဘယ်သူမှ ကယ်တင်လို့ မရဘူး။ နတ်အရိုင်းတောမှာ အချိန်လာဖြုန်းနေတာ ဆိုရင်တော့ စောစောစီးစီး ထွက်လိုက်ဖို့ အကြံပေးတယ်"

၀မ်က ယီယွင် ၏ မျက်နှာကိုကြည့်ကာ ကြိမ်းမောင်း‌နေလေသည်။ သူမသည် ယီယွင်၏ တံဆိပ်ပြားကို ရှေ့သို့ ပစ်ပေးလိုက်လေသည်။ တံဆိပ်ပြားမှာ ယီယွင်၏ မျက်နှာနှင့် ထိလုနီးပါးပင်...

“အယ်…” ယီယွင်မှာ သူ၏ တံဆိပ်ပြားကို ဖမ်းလိုက်ကာ ဘာမှမပြောနိုင်ပဲ ဖြစ်နေလေ၏။

ယီယွင်က မီးမိုးကြိုးပစ္စည်းများအကြောင်း ဝမ်ကို မေးမည်ဟု တွေးထားသော်လည်း ယခုအခြေအနေကြောင့် နှုတ်ဆိတ်နေလေသည်။

"မင်းဘာလုပ်ဖို့ ရပ်​​‌နေတာလဲ" ယီယွင် သည် ထိုနေရာ၌ပင် ရပ်နေသေးသဖြင့် ၀မ် က အော်ငေါက်လိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး..." ယီယွင် က ပြောလိုက်သည် ။ကျောက်ချင်ချန်း နှင့် တွဲဖက်မိန်းမပျို‌လေးများသည် ယီယွင် ၏နောက်တွင် ရှိကြသည်။

ကျောက်ချင်ချန်း သည် ယီယွင် ၏ ဆေးပင်ရှာဖွေမှု အဘယ်ကြောင့် ယခုလောက် နည်းသွားသည်ကို သိချင်နေသည်။

"မောင်လေး ယီယွင် မင်းက ဘာလို့ ဆေးပင်တွေ လျှော့ရှာနေတာလဲ"

"ဘာကြောင့်မှမဟုတ်ပါဘူး ကံဆိုး​နေတယ်​ထင်​တာပဲ၊အခုတလော​ နည်းနည်း ပင်​ပန်း​နေလို့..." ယီယွင် က ပခုံးကိုတွန့်​ကာ ဖြေလိုက်သည်​။ ယီယွင်က မိမိ၏ ရှေးဦးဆေးပင်ကို ခူးယူရန် ပြင်ဆင်မှုများကို ပြောပြလိုစိတ်မရှိပေ။

"အစ်မ ချင်ချန်း၊ ကျွန်တော် ပြင်းထန်တဲ့ မီးမိုးကြိုးဂါထာတွေ လိုချင်တယ်၊ အဲဒါတွေကို ဘယ်မှာရနိုင်မလဲ အစ်မသိလား"

"မီးမိုးကြိုး ဂါထာ…" ကျောက်ချင်ချန်း ခေတ္တမျှစဉ်းစားနေသည်။ ယီယွင် အဘယ်အတွက်ကြောင့် ထိုအရာများ လိုအပ်နေသည်ကို သူမ မသိပေ။

"ဟုတ်တယ်၊ သုံးသမျှထဲမှာ ပိုအားပြင်းလေ ကောင်းလေပဲ"

ခေတ္တမျှစဉ်းစားပြီးနောက် ကျောက်ချင်ချန်း က "အထူးသဖြင့် တိုင်အာ နတ်မြို့တော်ရဲ့ တချို့နေရာတွေမှာ အဆောင်ပစ္စည်းရောင်း နေရာတွေရှိတယ်။ အဲဒီ အဆောင်လက်ဖွဲ့တွေကို တိုင်အာ နတ်မြို့တော် က သခင်တွေက ဖန်တီးထားတာ။ စစ်သည်တွေက ပျက်စီးခြင်း သားရဲတွေကိုအမဲလိုက်တဲ့အခါ၊ ဒုက္ခကြုံလာရင် အဲဒီ အဆောင် လက်ဖွဲ့တွေက စွမ်းအားတွေကို လှုံ့ဆော်ပေးနိုင်တယ်"

"အိုး..ဒါဆို အဲဒါမျိုးတွေရှိလား" ယီယွင် ၏ မျက်လုံးများတွင် အရောင်များ လက်လာသည်။ ယီယွင်လိုအပ်သည့်များအရာနှင့် ကိုက်ညီနေသည်။

"ဟုတ်တယ်။ နတ်အရိုင်းတောက အန္တရာယ်များလွန်းတယ်။ တချို့သော ပျက်စီးခြင်း သားရဲတွေကို ကျင့်ကြံသူတွေ ကိုင်တွယ်ဖြေရှင်းလို့ မနိုင်တာတွေရှိတယ်။ အကာအကွယ် အဆောင်ပစ္စည်းသာမရှိရင် သေဆုံးတာတွေ ဒဏ်ရာရတာတွေ ပိုဖြစ်လာနိုင်ပေမယ့် နတ်မြို့တော်က အဆောင်ပစ္စည်းတွေကို အားကိုးဖို့ မတိုက်တွန်းဘူး ဒါကြောင့် အဆောင်ပစ္စည်းတွေ‌ ဈေးက မနည်းလှဘူး။ အားပြင်းတဲ့ အဆောင်ပစ္စည်းတွေဆို မှော်နဂါးကြေးပြား တစ်ထောင် ဒါမှမဟုတ် နှစ်ထောင်အထိ တောင်ရှိနိုင်တယ်"

လူသစ်တစ်ဦးအတွက်ဆို မှော်နဂါး ကြေးပြားတစ်ထောင်ရရှိရန်မှာ အတော်ကို ကြိုးစားအားထုတ်ရပေမည်။ဝါရင့် ကျင့်ကြံသူများပင်လျှင် ထိုပမာဏကို ရရှိရန် ရက်အနည်းငယ်ခန့် ကြိုးစားရှာဖွေရပေမည်။

ထိုသို့သော အဆောင် လက်ဖွဲ့တစ်ခုသည် ရက်အနည်းငယ် ကြိုးစားရှာဖွေရသော လုပ်အားနှင့် ညီမျှသည်။

"ဟုတ်ပြီ၊ ကျွန်တော်ကို အဲဒီကို ခေါ်သွားပေးပါ..."

အဆောင်ပစ္စည်းများကို တိုင်အာ နတ်မြို့တော် ရှိ လူထူထပ်သောနေရာ၌ ရောင်းချကြသည်။

လူထူထပ်သောနေရာ၏ အလယ်တွင် ကြီးမားသော အစီအရင်တစ်ခု ရှိနေသည်။ အစီအရင်အတွင်းတွင် ထိပ်၌မီးလင်းသော စေတီတစ်ဆူ တည်ရှိလေသည်။

ထိုစေတီတွင် ဘုံကိုးလွှာရှိသည်။ တံခါးမကြီးပေါ်တွင် ကြီးမားသောစကားလုံးများ ရေးထားသည်- သောင်းတန်‌စေတီ။

"စေတီနဲ့ ထိတွေ့ဖို့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို သုံးလိုက် ပြီးရင် ပစ္စည်းစာရင်း‌တွေကို လှန်ကြည့်နိုင်လိမ့်မယ်။ မှော်နဂါး ကြေးပြားတွေ ပေးချေပြီးတာနဲ့ အဲဒါတွေသုံးလို့ရပြီ" ကျောက်ချင်ချန်းက ဘေးမှ ရှင်းပြနေသည်။သူမသည် ယီယွင် က မိမိတို့ကို ကူညီသည့်အချိန်မှစ၍ ယီယွင်အား ပြန်လည်ကူညီရန် အသင့်ဖြစ်နေလျှက်ရှိသည်။ ယီယွင် တောင်းဆိုမှုတစ်စုံတစ်ရာရှိပါက၊ သူမသည် ယီယွင်ကို ထိုနေရာသို့ ခေါ်ဆောင်သွားပြီး စည်းမျဉ်းများကို အသေးစိတ်ရှင်းပြကာ သတိပြုစရာများကို ညွှန်ပြပေးလေ့ရှိသည်။

ယီယွင် မျက်စိမှိတ်ပြီး ချက်ချင်းပင် စိတ်ထဲတွင် တံတိုင်းကြီးတစ်ခု ပေါ်လာသည်။ တံတိုင်းနံရံအား သေးငယ်သော အရာဝတ္ထုများဖြင့် ဖုံးအုပ်ထားသည်။

၎င်းတို့တွင် အဆောင် လက်ဖွဲ့များသာမကဘဲ ဆေးရည်၊ပျက်စီးခြင်း အရိုး အမတေများ၊ အစီအရင် အင်းချပ်များ စသည်တို့ပါ၀င်သည်။ ယီယွင်၏ မျက်လုံးထဲတွင် စွဲမက်ဖွယ်ကောင်းသော ပြပွဲတစ်ခုအား ကြည့်နေရသလိုပင်။

ထိုနံရံထက်တွင် ပစ္စည်းပေါင်း တစ်သောင်းကျော်ရှိသည်ကို ယီယွင် သဘောပေါက်သည်။

ထိုတံတိုင်းတွင် ၎င်းနှင့်ချိတ်ဆက်ထားသော အခြားတံတိုင်းတစ်ခုဆက်၍ ရှိနေ‌လေသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် နံရံပေါင်း ဒါဇင်ချီ ရှိနေသည်မှာ ထင်ရှားလှသည်။

"အများကြီးပဲ" ယီယွင်က အံဩစွာ ရေရွတ်လိုက်သည်။

“ဟုတ်တယ်၊ သောင်းတန်စေတီက တိုင်အာ နတ်မြို့တော်ရဲ့ ကုန်သွယ်မှုဗဟိုချက်ပဲ။ ဒီ‌စေတီမှာ ပညာရှင်တွေရဲ့ ပစ္စည်းတွေတင်မကဘဲ တခြား ကျင့်ကြံသူတွေရဲ့ ထုတ်ကုန်တွေလည်း ပါတယ်။ စစ်တိုက်တာကို အဓိကမလုပ်တဲ့ ကျင့်ကြံသူ အများအပြားရှိတယ်။ သူတို့ဟာ အဆောင် ပစ္စည်းတွေ၊ ဆေးဝါးတွေ ထုတ်လုပ်တာ ဒါမှမဟုတ်လည်း ပျက်စီးခြင်း ကောင်းကင်သခင် အနေနဲ့ လုပ်ကိုင်ကြတယ်။ သူတို့ရဲ့ ထုတ်ကုန်တွေကို ဒီ ‘သောင်းတန်စေတီ’ မှာလာပြီး ရောင်းချကြတယ်။ ဒါကြောင့် ဒီနေရာက ပစ္စည်း၀ယ်ဖို့ အဆင်ပြေဆုံးပဲ"

“ထို့အပြင် တချို့ကျင့်ကြံသူ တွေအမဲလိုက်လို့ရတဲ့ ပျက်စီးခြင်း သားရဲရဲ့ ရှားပါးသော အစိတ်အပိုင်းအချို့လည်း ရှိကောင်းရှိနိုင်တယ်၊ နတ်မြို့တော်ကပေးတဲ့ စံ‌ဈေးနှုန်းတွေကို မကျေနပ်တဲ့ စစ်သည်တွေက သောင်းတန်‌စေတီမှာတွင် ရောင်းချတာတွေပြုလုပ်နိုင်တယ်။ ပျက်စီးခြင်း ကောင်းကင်သခင် ဒါမှမဟုတ် အဂ္ဂိရတ်ပညာရှင်က မြင်တဲ့အခါ အဲဒါတွေကို ၀ယ်ယူကြတယ်။ဒီ‌‌နေရာမှာ လူတိုင်းက သူတို့ရဲ့ ပစ္စည်းတွေအားလုံးကို ဒီမှာ လာရောင်းကြတယ်၊ဒါကြောင့် ဒီသောင်းတန်စေတီမှာ ရတနာပေါင်း သန်းချီရှိ‌နိုင်တယ်”

"ကျွန်‌တော် သိပြီ" ကျောက်ချင်ချန်း ၏ရှင်းပြ‌နေသည်ကိုကြားတော့ ယီယွင် စိတ်သက်သာရာရသွားသည်။ ဤမျှကြီးမားသော အစီအရင်ဖြင့်၊ ၎င်းတွင် ရောင်းဝယ်ပြုလုပ်ရန်မှာ အမှန်တကယ်ပင်လွယ်ကူလှသည်။

ယီယွင် သည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်ကို စူးစမ်းလေ့လာရန် အသုံးပြုခဲ့သည်။ မကြာမီတွင် ရောင်စုံဆွဲဆောင်မှုအပြည့်ရှိသော နံရံတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ထူးထူးဆန်းဆန်း ပုံစံမျိုးစုံ နှင့် မှော်စာလုံးများ ရေးထိုးထားသည်။ ထိုအ‌ဆောင် လက်ဖွဲ့အချို့ကို ပျက်စီးခြင်း သားရဲသားရေမှ ပြုလုပ်ထားပြီး တချို့ကို အဝါရောင်စက္ကူဖြင့် ပြုလုပ်ထား‌လေသည်။ စျေးနှုန်းများမှာလည်း အလွန်ကွာခြားလှသည်။

စျေးပေါသော တချို့အဆောင် လက်ဖွဲ့များသည် မှော်နဂါး ကြေးပြား ၁၂ပြား တန်ဖိုးရှိသည်။

ထိုအဆောင် လက်ဖွဲ့များသည် လူသစ်များလောက်သာ အသုံးပြုကြသဖြင့် ယီယွင်မှာ ၎င်းတို့ကို လုံးဝမစဉ်းစားခဲ့ပေ။

ယီယွင်သည် မီးမိုးကြိုး အမျိုးအစားတွင်ပါရှိသော အဆောင်ပစ္စည်း များကိုသာ ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို သခင်တစ်ဦးမှ ပြုလုပ်ထားရမည် ဖြစ်သည်။

နောက်ဆုံးတော့ ယီယွင် က အဆောင်တစ်ခု ရှာတွေ့ခဲ့သည်။ ၎င်းသည် စကျင်ကျောက်တစ်လုံး၏ အရွယ်အစားရှိသော ပုတီးတစ်ခုဖြစ်သည်။ မျက်နှာပြင်ကို သန့်စင်‌သောသတ္တုဖြင့် ပြုလုပ်ထားပုံပေါ်သည်။

ပုတီးစေ့၏ မျက်နှာပြင်ကို ထူးဆန်းသော မှော်စာလုံးများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ယီယွင်သည် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်ကို ခံစားနိုင်သည်။ယီယွင်၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပုတီးစေ့မှ စုပ်ယူနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခံစားချက်ကြောင့် ယီယွင်ကို တုန်လှုပ်စေခဲ့သည်။ ယီယွင်သည် ပုတီး၏ ဖော်ပြချက်များကို ကြည့်ရှုလိုက်‌လေသည်။

“နတ်ပုတီးစေ့”

ထိုပုတီးတွင် အဖိုးတန် ပျက်စီးခြင်း သားရဲ၏ အမတေတစ်ခုပါရှိသည်။ ထိုအမတေအား သခင်တစ်ဦးမှ ရှေးကျသော အစီအရင်ဖြင့် ရေးထွင်းထားသည်။ ၎င်းသည် တစ်ကြိမ်မျှသာ အသုံးပြုနိုင်သည့် တိုက်ခိုက်ခြင်း အဆောင်တစ်ခုဖြစ်သည်။ ယွမ်ချီကို အသုံးပြုကာ နတ်ပုတီးစေ့ကို ပစ်ချပြီးနောက်တွင် မီးတောက်မီးခိုးများ ထွက်ပေါ်လာမည်ဖြစ်သည်။

နတ်ပုတီးစေ့ တစ်လုံးသည် မှော်နဂါး ကြေးပြား ၂၀၀၀ တန်ဖိုးရှိသည်။ တစ်လနီးပါး ယီယွင် စုဆောင်းထားသည့် စည်းစိမ်ဥစ္စာ ထက်ဝက်ကျော် အသုံးပြုရပေမည်။

"အရမ်းစျေးကြီးတယ်" ယီယွင် က နှုတ်ခမ်းကိုသပ်လိုက်သည်။ ထိုအဆင့် ရတနာမျိုးကို ထိပ်တန်းအဆင့် ကျင့်ကြံသူများပင် ပုတီးစေ့တစ်လုံး သို့မဟုတ် နှစ်လုံးသာ အရေးပေါ်အခြေအနေများအတွက် အသုံးပြုရန် ရည်ရွယ်ပြင်ဆင်ထားသည်။

လူသစ်တစ်ယောက်အနေဖြင့် ထိုကဲ့သို့ရတနာမျိုးကို အသုံးပြုသည်ကို မြင်တွေ့ပါက တခြားသူများမှာ မေးရိုးများ ပြုတ်ကျလောက်သည်အထိ အံ့ဩကုန်ကြပေမည်။

ယီယွင် သည် နတ်ပုတီးစေ့ကို ရွေးချယ်လိုက်သောအခါ၊ ၎င်းကို အလင်းလုံးတစ်ခုဖြင့် လွမ်းခြုံကာ သောင်းတန်စေတီမှ ယီယွင် ၏လက်ထဲသို့ ပျံသန်းလေသည်။ ယီယွင် သည် ယခင်က ပြင်ဆင်ထားခဲ့သော ကျောက်စိမ်းသေတ္တာထဲတွင် ထည့်ထားကာ အိတ်အတွင်းသို့ ထည့်လိုက်သည်။

ကျောက်ချင်ချန်း သည် ဘေးနားမှ ကြည့်နေသည်။ အလင်းလုံးက ဘယ်အတွက်ကြောင့်ဆိုသည်ကို သူမ မသိ‌ပေ။ သို့သော် ထိုအရာသည် အသက်ကို ထိန်းသိမ်းရန် နည်းလမ်းတစ်ခုဖြစ်သောကြောင့် နောက်ထပ်ဘာမှမမေးတော့ပဲ ရှိနေလေသည်။

နတ်ပုတီးစေ့သည် ယီယွင် အတွက် မလုံလောက်သေးပေ။

ယီယွင် က ဆက်လက်ကာရွေးချယ်နေသည်။ ယီယွင်မှာ ပစ္စည်းများစွာကို လိုချင်နေသော်လည်း ၎င်းတွင် မှော်နဂါး ကြေးပြားများမှာ အကန့်အသတ်ဖြင်သာရှိနေသောကြောင့်၊ ပစ္စည်းသုံးမျိုးခန့်ကို ရွေးချယ်ကာ ၎င်းရှိ မှော်နဂါးကြေးပြား အားလုံးကို အသုံးပြုလိုက်လေသည်။

ထိုရတနာပစ္စည်း အနည်းငယ်ကိုရရှိရန်အတွက် အချိန်တစ်လနီးပါးအကြာ ရှာဖွေခဲ့ရသော မှော်နဂါးကြေးပြားများကို အသုံးပြုခဲ့ရသည်။ ယီယွင်တစ်ကြိမ်တည်းဖြင့် ဥစ္စာအကုန် လောင်းကြေးထပ် လိုက်သည်။

အကယ်၍ သူသည် ရှေးဦးဆေးပင်ကို ခူးယူရန် မအောင်မြင်ပါက ယီယွင် သည် အချိန်အ‌တော်ကြာသည်အထိ အခြေတကျဖြစ်ရန် ပြန်လည်ရှာဖွေရ‌မည် ဖြစ်သည်။။ ထို့ကြောင့် စံချိန်ကိုချိုးဖျက်ရန်အတွက် ဆေးဖက်၀င်အပင်များကို စနစ်တကျရှာဖွေရွေးချယ်ရန် လိုအပ်လှသည်။ ယီယွင်သည် ၎င်း၏ လှုပ်ရှားမှုနှင့် လေးပစ်ကျွမ်းကျင်မှုတို့ကို ခဏရပ်နားထား ရမည်ဖြစ်သည်။

ယီယွင်၏ပြင်ဆင်မှုများပြီးသွားသောအခါ ၀မ် ဆီသို့ ခုနစ်ရက်ဆက်တိုက် ဆေးပင်ရှာဖွေရန်ကို ခွင့်တောင်းလေသည်။

တစ်ဆက်တည်း ဆေးပင်ရှာသည့်ကာလ၌ ညနေခင်း၌ အိမ်သို့ ပြန်ရန်မလိုအပ်ပေ။ ခုနစ်ရက်ဆက်တိုက် တောင်ပေါ်၌ စားသောက်ခြင်း နှင့် အိပ်စက်ခြင်းတို့ကို ပြုလုပ်နိုင်ပေသည်။

ကျင့်ကြံသူအများစုသည် နေ့ဘက်တွင် ဆေးဖက်၀င်အပင်များကိုသာ ရှာဖွေကြပြီး ညဘက်တွင် ကျင့်ကြံခြင်းကို ပြုလုပ်ကြသည်။ ယခင်ကလည်း ယီယွင်လည်း ထိုနည်းတူ ပြုလုပ်ခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ခူးယူရန်အတွက် အချိန်အများစွာ လိုအပ်ပေသည်။

"ခုနစ်ရက်ဆက်တိုက် ဆေးပင်ရှာမယ်" ၀မ် က ယီယွင် ကို မျက်စောင်းဖြင့်တချက်ကြည့်ကာ မကျေနပ်သံဖြင့်‌ ပြောလိုက်‌လေသည်။ ဘာမှမသိတဲ့ ဒီကောင်လေးက ဆေးပင်တွေ ရှာတာတောင် တစ်ရက်တောင် မခံနိုင်တာ၊ အဲတာကို ခုနစ်ရက်တောင် လုပ်မယ်ဆိုတော့၊ သူဘယ်နှစ်ရက်‌လောက် နေနိုင်မလဲ။

"ခုနစ်ရက်အတွင်း ဆေးပင်တောင်းကို ဖြည့်ပေးနိုင်မယ်ဆို မင်းလုပ်ချင်တာလုပ်"

ဝမ်က စိတ်မရှည်စွာပြောလိုက်လေသည်။ သူမသည် ယီယွင် နှင့် မည်သည့်ဆက်ဆံရေးမှမရှိပေ။ ၀မ်မှာ အလုပ်ကြိုးစားသူများအတွက် အနည်းငယ်ကူညီပေးသော်လည်း ပျက်စီးယိုယွင်းနေသူများကိုမူ ဂရုမစိုက်ပေ။

ခုနစ်ရက်ကြာ ခွင့်ပြုချက်ရပြီးသောအခါ ယီယွင် သည် ၎င်း၏ ဆေးပင်တောင်းကို သယ်ဆောင်ကာ နံနက်စောစောတွင် ဆေးတောင်တန်းပေါ်ဆီသို့ နေရာခုန်ကူးခြင်း အစီအရင်ဖြင့် သွားလေသည်။

အနိုင်ရဖို့ အရေးကြီးတယ်...

All Chapters