မျက်ခုံးအလယ်က သွေးဘောလုံး
Vol. 13 Ch. 194
ယီယွင် ထိုပုတီးစေ့ငယ်ကို သေချာလေ့လာကြည့်လိုက်သည်။ ၎င်းက ပဲစေ့အရွယ်အစားခန့်ရှိပြီး သွေးကြောမျှင်များ ဖုံးလွှမ်းနေသည်။
ထိုဘောလုံးငယ်က ယီယွင်၏ခန္ဓာကိုယ် ဗဟိုဝင်ရိုးမျဥ်းပေါ်တွင် ရှိနေလေ၏။ ရန် ၊ တု ၊ အာ ၊ မိန်တို့သည် ဘောလုံးငယ်ကို ဖြတ်ပြေးနေကြလေ၏။ သူ၏သွေးကြောများမှ ထိုစွမ်းအင်များက သွေးဘောလုံးကို ဖြတ်စီးသွားချိန်တွင် စွမ်းအင်ပမာဏအချို့ ကျန်ရစ်ခဲ့ကြောင်းကို ယီယွင် တွေ့ရှိခဲ့ရသည်။
ဒါကဘာလဲ။
ဘယ်လိုကြောင့် မျက်ခုံးအလယ်မှာ ရုတ်တရက်ကြီး ပေါ်လာရတာလဲ။
ရုတ်ခြည်းမှာပင် ယီယွင် တစ်စုံတစ်ခုအား တွေးမိသွားသည်။ ထိုသွေးဘောလုံးက မျက်လုံးနှင့် တူနေကြောင်း သတိထားမိသွားခဲ့သည်။
တန်တော့....နတ်မျက်လုံးလား။
ယီယွင်၏စိတ်ထဲတွင် ထိုအတွေးဖြစ်ပေါ်လာကာ တုန်လှုပ်သွားသည်။ နတ်မျက်လုံးက လူတစ်ဦး၏ နဖူးအလယ်တွင် ရှိလေသည်။
စစ်သည်များ အဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် နတ်မျက်လုံးကို ဖွင့်နိုင်ကြလေ၏။ နတ်မျက်လုံး ဖွင့်ရသည်မှာ မလွယ်ကူပေ။ ပထမဆုံးအနေဖြင့် နတ်မျက်လုံးဆံကို ဖန်တီးရသည်ဖြစ်ပြီး နောက်ပိုင်းမှသာ နတ်မျက်လုံးအဖြစ် အပြည့်အဝ ပွင့်သွားမည်ဖြစ်သည်။
သာမန်စစ်သည်တစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို အပြင်ပန်းမှကြည့်ကာ ပြောရခက်သော်လည်း နတ်မျက်လုံး ပွင့်ထားလျှင်မူ အဆင့်တူ စစ်သည်များ၏ ကျင့်ကြံမှုအဆင့်များကို နတ်မျက်လုံး အသုံးပြုကာ ဖတ်နိုင်သည်။
ယီယွင်နှင့် လင်ရှင်းထုံ ၊ အဖိုးကြီးစုတို့နှင့် တွေ့ဆုံခဲ့စဥ်က အဖိုးကြီးစုသည် ယီယွင်၏ ကျင့်ကြံမှုကို တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်လေသည်။ အဖိုးအိုစုက ယီယွင် မာကျောမှုခန္ဓာကိုယ် ၊ နဂါးပေါင်းစည်းခြင်းအဆင့်သို့ ရောက်နေကြောင်းကိုလည်း ပြောနိုင်ခဲ့လေ၏။ ယင်းသို့ဖြစ်ရသည်မှာ အဖိုးအိုစုက နတ်မျက်လုံး ဖွင့်ထားခဲ့လေသောကြောင့်ပင်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကလည်း ယီယွင်၏ ကျင့်ကြံမှုအဆင့်ကို ဖတ်နိုင်စွမ်းရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ယန်ဂျင်ဆင်း၏ စိတ်စွမ်းအားက သာမန်စစ်သည်များထက် များစွာပို၍ အစွမ်းထက်နေခြင်းကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက နတ်မျက်လုံး ပွင့်ထားသည်ဟု ဆိုနိုင်လေသည်။
နတ်မျက်လုံး ဖွင့်ရန်မှာ အလွန်ပင် ခက်ခဲချေ၏။
ကျင်းလုံဝေ့မှ ထောင်စုမှူးများ အပါအဝင် ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်အများစုသည် နတ်မျက်လုံး ဖွင့်နိုင်ခြင်းမရှိကြပေ။
မူလက ယီယွင် ထင်ထားသည်မှာ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ရောက်ရှိချိန်တွင် နတ်မျက်လုံးဆံကို ပုံဖော်နိုင်မည်ဖြစ်ပြီး ယွမ်အုတ်မြစ်ချနယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ချိန်မှသာ နတ်မျက်လုံး ဖွင့်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
ယခုတွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ချေဖျက်ခဲ့ပြီး ခရမ်းရောင်သလင်းကျောက်က ယန်ဂျင်ဆင်း၏ စိတ်စွမ်းအားများကို ပြီးပြည့်စုံစွာ စုပ်ယူပြီးနောက်တွင် ထိုအဆင့်အား ပြီးမြောက်သွားခဲ့ချေ၏။ သူ ယွမ်အုတ်မြစ်ချနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်သွားလျှင် နတ်မျက်လုံး ဖွင့်နိုင်ပေလိမ့်မည်။
နတ်မျက်လုံး ဖွင့်နိုင်သည့် စစ်သည်များက အန္တရာယ်နီးကပ်လာသည်ကို သိနိုင်သည်သာမက အခွင့်အရေးများကို ဖမ်းဆုပ်နိုင်သည့် စွမ်းရည်လည်း ကြီးစွာပင်တိုးတက်သွားစေသည်။ တိုက်ပွဲဝင်စွမ်းရည်ပင် နောက်တစ်ဆင့် မြင့်သွားလေ၏။ ၎င်းတို့၏ ထက်မြက်သောအာရုံက ရန်သူ၏ပျော့ကွက်များကို ဖတ်နိုင်လေသောကြောင့် ကြီးမားစွာပင် အရေးသာကြသည်။
" ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ရှေးဦးဆေးပင်တစ်ပင် ပီသပါပေတယ် " ယီယွင် ပျော်ရွှင်နေသည်။ နတ်ဆေးပင်တစ်ပင် ရရှိခဲ့ပြီး ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့် ဆေးအဆီအနှစ်များကို စုပ်ယူနိုင်ခဲ့လေသောကြောင့် သူ့အတွက် ကံကောင်းသည်ဟု ဆိုနိုင်လေသည်။
ယီယွင်သည် နတ်မျက်လုံးကို ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့်တွင် ဖွင့်နိုင်မည်ဟု ယုံကြည်ထားလေပြီး ယင်းက တော်ဝင်မိသားစုနှင့် သီးခြားမိသားစုများမှ ပါရမီများထက် မြန်ဆန်မည်ဟုပင် ယုံကြည်ချက်ရှိသည်။
နတ်မျက်လုံးဆံ ဖြစ်ပေါ်လာခြင်းကြောင့် ယီယွင်အဖို့ မျက်လုံးမှိတ်ထားလျှင်ပင် ဘေးပတ်လည်အား ခံစားနိုင်လေသည်။ ယင်းက ဖော်ပြ၍မရသော ခံစားချက်တစ်ရပ် ဖြစ်လေ၏။ ယင်းခံစားချက်သည် သူက ကောင်းကင်အထက်သို့ ရောက်နေပြီး ရောင်စုံလောကကြီးကို မတူညီသော ရှုထောင့်မှ မြင်နေရသည့်ပမာ ဖြစ်လေသည်။
ယီယွင် စိတ်အာရုံကို မြေပြင်ဆီသို့ ဖြန့်ကျတ်လိုက်ရာ ဘေးပတ်လည်တွင် ကျောက်စရစ်ခဲများနှင့် အရိုးများ မည်မျှရှိကြောင်းကိုပင် ပြောနိုင်သွားသည်။ ယီယွင်သည် ကျောက်စရစ်ခဲများနှင့် အရိုးများတို့၏ အားနည်းချက်များကိုပင် ပြောနိုင်လေ၏။ သူသာ ထိုအားနည်းချက်များကို အနည်းငယ်ခန့် ထုရိုက်လိုက်မည်ဆိုလျှင် ၎င်းတို့ ကွဲကြေသွားပေလိမ့်မည်။
အတိတ်တွင် ယီယွင်၏ စွမ်းအင်မြင်ကွင်းက မှိန်ဖျော့သော စွမ်းအင်အစက် အစုအဖွဲ့သာ ဖြစ်လေ၏။ ထိုအလင်းစက်များက စွမ်းအင်သင်္ကေတဖြစ်ပြီး ယီယွင်အဖို့ မည်သည့်နေရာတွင် စွမ်းအင်များရှိပြီး မည်သည့်နေရာတွင် စွမ်းအင်များ ပိုမိုအားကောင်းကြောင်းကို ပြောနိုင်လေသည်။
ယခုတွင်မူ နတ်မျက်လုံးဆံကို ခရမ်းရောင်သလင်းကျောက်နှင့် တွဲဖက်အသုံးပြုချိန်၌ အရာအားလုံးက ကွဲပြားသွားလေသည်။ ယီယွင် စွမ်းအင်စက်များကို ရှင်းလင်းစွာ မြင်လာရပြီး ထိုစွမ်းအင်စက်များသည် တောင်များ ၊ စီးဆင်းနေသောရေ ၊ သစ်တောများထဲတွင်ပင် ပါဝင်နေကြောင်းကို မြင်လိုက်ရသည်။
ယီယွင် ချက်ချင်းပင် နားလည်သွားလေ၏။ ဤလောကထဲရှိ အရာတိုင်းတွင် စွမ်းအင်များ ပါဝင်နေသည်။ ရေခဲတစ်ပွင့် ၊ ကျောက်ခဲတစ်ခဲတို့ထံတွင်ပင် စွမ်းအင်ရှိနေ၏။
သို့သော် ထိုစွမ်းအင်များက အားနည်းသည်ဖြစ်ပြီး ယခင်က သူ၏အာရုံခံနိုင်စွမ်းက အားနည်းနေလေသောကြောင့် ထောက်လှမ်းမိခဲ့ခြင်း မရှိခဲ့ပေ။ ယခုတွင် နတ်မျက်လုံး ဖြစ်တည်လာပြီဖြစ်၍ ယီယွင် ဤလောကထဲရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လာသည်။ ထိုခံစားချက်က အလွန်တရာပင် အံ့ဩဘနန်းဆန်သည်။
နတ်မျက်လုံး ဖွင့်လိုက်ခြင်းသည် ခရမ်းရောင်သလင်းကျောက်အား သူ၏ထိန်းချုပ်မှုများလည်း တစ်ဆင့်မြင့်သွားခဲ့ဟည်ဟု ယီယွင်က ယုံကြည်ထား၏။
ထိုသို့ဆိုလျှင် သူသာ နတ်အရိုင်းမြေခန်းမထဲသို့ သွားခဲ့ပါက ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ ချီမယ်ရာစွမ်းအင်များကို စုပ်ယူလျှင် မည်သို့ဖြစ်လာမည်နည်း။
ယီယွင် မျှော်လင့်တကြီးဖြင့် လျှာသပ်လိုက်သည်။ သူ တိုင်အာနတ်မြို့တော်သို့ ပြန်သွားရန်အတွက် မစောင့်နိုင်တော့ချေ။
ယခုတွင် သူက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းအင်များကို ချေဖျက်ပြီးသွားချေပြီ။ နတ်မျက်လုံးဆံ ပေါ်ပေါက်လာသည့် တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲသို့ ယန်ဂျင်ဆင်း၏ ယန်စွမ်းအင်များ ထည့်သွင်းပြီးသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ ကြည့်မည်ဆိုပါက သွေးများကို ရွှေရောင်ဖျော့ဖျော့အလွှာတစ်ခု ဖုံးလွှမ်းထားသယောင်ပင်။
သူ လက်သီးဆုပ်လိုက်ရာ အရိုးအဆစ်များ မြည်ဟီးလာသည်။ သူ၏သွေးထဲတွင် သန့်စင်သော ယန်စွမ်းအင်များ ဆူပွက်နေပြီး သူ၏ခန္ဓာကိုယ်ခွန်အားတွင် သံလိုက်စွမ်းအင် အနည်းငယ်ရှိနေသည်ဟု ခံစားမိနေသည်။
သူက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်သို့ မကြာသေးမီက ချိုးဖျက်ထားခဲ့သည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းအင်များကို စုပ်ယူခြင်းသည် ယီယွင်၏ ကျင့်ကြံမှုအဆင့်ကို ခိုင်မာသွားစေလေသောကြောင့် ကျင့်ကြံမှုအဆင့် တိုးတက်သွားခြင်း မရှိခဲ့ပေ။
သို့သော် ယန်စွမ်းအင်များက ယီယွင်၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့ကာ ခွန်အားများကို ကြီးစွာတိုးတက်သွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်က အဆုံးမဲ့စွမ်းအင်များနှင့် ပေါက်ကွဲတော့မည့် မီးတောင်မြုံတစ်လုံးဟုပင် ခံစားရလေသည်။
ယီယွင် တပ်တစ်ထောင်ဓားမောက်နှင့် သာမန်မျှ ခုတ်ပိုင်းလိုက်သည်။
ဘုန်း...။
မမြင်ရသော ထက်မြလှသည့် ဓားမောက်ချီကြောင့် မြေပြင်တွင် ပေသုံးဆယ်ခန့်ရှည်သော ကတုတ်ကျင်းတစ်ခု ဖြစ်သွားလေ၏။
ကောင်းတယ်။
ထိုတိုက်ကွက်၏စွမ်းအားကို ယီယွင် အလွန်ကျေနပ်သွားရသည်။ ယီယွင် အတွေးတစ်ခုရလာကာ ခရီးဆောင်အိတ်ထဲမှာ ပြဒါးစီးဝတ်စုံကို ထုတ်ယူလိုက်သည်။ ပုံမှန်ဆိုလျှင် ပြဒါးစီးဝတ်စုံက ဒယ်စောက်နှစ်ရာ အလေးချိန်ရှိလေပြီး သူ၏လှုပ်ရှားမှာများအတွက် ဝန်ပိုဖြစ်စေသည်။
ယခုတွင်မူ ဒယ်စောက်နှစ်ရာ အလေးချိန်သည် သူ့အတွက် ချပ်ဝတ်ပါးတစ်ခု ဝတ်ဆင်နေရသည့်ပမာသာ ခံစားရလေ၏။ ဒယ်စောက်နှစ်ရာ အလေးချိန်မှ သုံးရာ ၊ ငါးရာအထိ တိုးခဲ့လေ၏။
အလေးချိန်ကြောင့် ယီယွင်၏ ခြေထောက်များ မြေပြင်သို့ ကျွံဝင်သွားရလေ၏။ ဒယ်စောက်ငါးရာတွင် ယီယွင် ဖိအားကို ခံစားလာရသော်လည်း ယင်းက သူ၏အကန့်အသတ် မဟုတ်သေးပေ။ ယခုက ခွန်အားများ ပေါက်ကွဲနေချိန်ဖြစ်ပြီး ဒယ်စောက်ခြောက်ရာ အလေးချိန်အထိပင် ခံနိုင်လောက်သည်ဟု ယီယွင် ခံစားရသည်။
ယီယွင် မျက်လုံးများ တောက်ပနေသည်။ ရှေးဦးဆေးပင်က အမည်နှင့်ထိုက်တန်လှသည်။ လူသားပညာရှိတစ်ဦး၏ စိတ်နှလုံးကိုပင် လှုပ်ခါစေနိုင်သည့် ပစ္စည်းတစ်ခုက အဘယ်သို့များ သာမန်ပစ္စည်းတစ်ခု ဖြစ်ပါမည်နည်း။
တိုင်အာနတ်ပြည်ထောင်တွင် တော်ဝင်မိသားစုနှင့် သီးခြားမိသားစုများမှ လူငယ်သူရဲကောင်းများအဖို့ ရှေးဦးဆေးပင်ကဲ့သို့ အရင်းအမြစ်များကို ရွေးချယ်ခွင့်မရပေ။ ယင်းက ဖြုန်းတီးသကဲ့သို့သာ ဖြစ်သွားပေမည်။
ယခုတွင်မူ ယီယွင်က ရှေးဦးဆေးပင် ၊ ရှေးဦးမျိုးစိတ် ၊ အရင်းအမြစ်များစွာတို့ကို အသုံးပြုထားခဲ့သည်။ ယင်းတို့အားလုံးက အကောင်းစားများ ဖြစ်ကြလေ၏။
ယီယွင်က ယင်လပြည့်အစီအရင်ပြားဆီသို့သွားကာ တပ်တစ်ထောင်ဓားနှင့် အောက်ဘက်သို့ ခုတ်ချလိုက်သည်။ ကျောက်သားများ ပွင့်ထွက်သွားကာ သုံးမီတာခန့်အထိ နက်သွားလေ၏။ ယီယွင်က အရောင်အသွေး ကင်းမဲ့နေသည့် ယန်သွေးပန်းကို တူးယူလိုက်သည်။
သုံးမီတာထူသော မြေဆီလွှာများက ကာကွယ်ပေးထားခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ယန်သွေးပန်း ပေါက်ကွဲသွားနိုင်လောက်သည်။ ယီယွင်က အပြင်းအထန် ထိခိုက်နေသော ယန်သွေးပန်းကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်ပိတ်လိုက်လေ၏။
ယီယွင်က သုံးရက်ဆက်တိုက် ဆေးပင်ရှာဖွေခဲ့သည်။ သုံးရက်ခွဲမြောက်နေ့တွင် သူ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့လေ၏။
" ပြန်ဖို့အချိန်တန်ပြီ။ တန်ဖိုးက ဘယ်လောက်ရှိမလဲဆိုတာ ငါသိချင်မိတယ် "
ရှေးဦးဆေးပင်တစ်ပင်က ပြင်းထန်စွာ ထိခိုက်ပျက်စီးနေလျှင်ပင် နတ်မြို့တော်ထဲ၌မူ ထိုက်သင့်သောတန်ကြေး ရနိုင်သေးသည်။ ဤသည်ကား ပညာရှိများပင် ရရှိရန်ခက်ခဲသည့် ဆေးပင်တစ်ပင် ဖြစ်လေသည်။ ယီယွင်သည် ဆုလာဘ်အကြောင်းတွေးကာ မျှော်လင့်တကြီး ဖြစ်နေရလေ၏။
သို့သော် ရှင်းပြရန်အတွက်မူ ယီယွင်အဖို့ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ရပေမည်။
..............
ယီယွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းအင်များကို ချေဖျက်နေချိန်တွင် တိုင်အာနတ်မြို့တော်မှ ကျင့်ကြံသူများကမူ ပုံမှန်လုပ်ရိုးအတိုင်း လုပ်နေကြ၏။
တိုင်အာနတ်မြို့တော်၏ ကျောင်းမြေထဲတွင် လူငယ်တစ်စုသည် ပူပြင်းသော နေရောင်အောက်တွင် သတိစွဲကာ ရပ်နေကြ၏။ ထိုလူငယ်များက လေးလံသော လေ့ကျင့်ရေးဝတ်စုံများ ဝတ်ဆင်ထားသည်။ နေရောင်အောက်တွင် သူတို့၏ ကြွက်သားများပေါ်မှ ချွေးများက အနည်းငယ်ခန့် ဆွဲဆောင်မှုရှိနေလေ၏။
ထိုလူငယ်အဖွဲ့၏ခေါင်းဆောင်က ကတုံးချင် ဖြစ်သည်။
ယီယွင်၏ပြိုင်ဘက် သို့မဟုတ် မိတ်ဆွေများဖြစ်သည့် ကျိုးခွေ့ ၊ ရှုကျန်း ၊ စုန့်ကျစ်ကျွင်းတို့လည်း ထိုလူငယ်အဖွဲ့ထဲတွင် ရှိနေကြသည်။
ကတုံးချင်က ကျောင်းမြေအလယ်တွင် လက်နောက်ပစ်ထားကာ ခြေထောက်ကား၍ ရပ်နေလေ၏။ သူက ရှေ့တွင်ရှိနေသည့် တပ်သားသစ်များကို ကြည့်နေလေသည်။ သူ၏အနောက်တွင် ခရမ်းရောင်အဖြိုက်နက်နံရံ ရှိလေ၏။
ကတုံးချင် ဤလူငယ်အဖွဲ့ကို ကျောင်းမြေဆီသို့ လေ့ကျင့်ရန်ခေါ်လာခဲ့စဥ်က ပထမဆုံးလေ့ကျင့်ရေးသည် ရှေးဦးမြားများကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးစိုက််စေခြင်း ဖြစ်လေသည်။ ယခင်က ကျိုးခွေ့နှင့် ယီယွင်တို့ကသာ ထိုးစိုက်နိုင်ခဲ့ကြသည်။
ကတုံးချင်က သူတို့ကို တစ်လအချိန်ပေးထားခဲ့သည်။ ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲတွင် ထိုးစိုက်နိုင်သည့်သူ မည်သူမဆိုပင် နတ်အရိုင်းမြေခန်းမထဲ၌ နှစ်နာရီကျင့်ကြံခွင့် ရပေလိမ့်မည်။
ယခုအခါ၌ တစ်လပြည်ခဲ့ချေပြီ။ လူသစ်များကို စစ်ဆေးရန် အချိန်ကျချေပြီ။
ယနေ့တွင် တပ်သားစုများကို ကတုံးချင်က ဦးဆောင်ကာ ကျောင်းမြေထဲတွင် စုစည်းစေခဲ့၏။ ဤရက်များတွင် ကတုံးချင်က ဩဇာတည်ဆောက်နိုင်ခဲ့ပြီး သူ၏ခွင့်ပြုချက်မရှိလျှင် မည်သူကမျှ နောက်ကျဝံ့ခြင်းမရှိပေ။
ကတုံးချင်က ထိုလူငယ်များကို တစ်ချက်ကြည့်ကာ ကျေနပ်နေသော်လည်း တစ်ခဏအတွင်းမှာပင် စိတ်ကျေနပ်ခြင်းများ ပျောက်ကွယ်သွားရသည်။ တစ်စုံတစ်ယောက် ပျောက်နေလေသောကြောင့် သူ မျက်မှောင်ကုတ်လိုက်သည်။ ယီယွင် ရောက်မလာသေးချေ။
" ယီယွင် ဘယ်မှာလဲ " ကတုံးချင်က စုန့်ကျစ်ကျွင်းကို စူးစိုက်ကြည့်လိုက်သည်။
ယီယွင်နှင့် စုန့်ကျစ်ကျွင်းတို့က နတ်မြို့တော်ထဲရှိ ကျင်းလုံဝေ့မှ လာခဲ့ကြောင်းကို ကတုံးချင် သိလေသဖြင့် စုန့်ကျစ်ကျွင်းကို မေးလိုက်ခြင်း ဖြစ်သည်။