← Chapters

မြို့တော်သို့ ပြန်ခြင်း

Vol. 13 Ch. 195

မြို့တော်သို့ ပြန်ခြင်း

Vol. 13 Ch. 195

ကတုံးချင်က မေးခွန်းထုတ်လေခြင်းကြောင့် စုန့်ကျစ်ကျွင်း ထိတ်လန့်သွားသည်။ ယီယွင် မည်သည့်နေရာ၌ ရှိနေကြောင်းကို သူ ရှင်းမပြတတ်ပေ။

ယနေ့ စစ်ဆေးမှုအတွက် စုန့်ကျစ်ကျွင်းက ယီယွင်နှင့်အတူ ကျောင်းမြေသို့ သွားလိုခဲ့​သော်လည်း ယီယွင်က အခန်းထဲတွင် ရှိမနေပေ။ ယီယွင် အဘယ်နေရာတွင်ရှိနေကြောင်း သိလိုက်ရချိန်၌ သူ ပြောစရာမဲ့သွားရသည်။

ရွှမ်းဝူစစ်တပ်မှ လူများကမူ ယီယွင် ရှိမနေကြောင်း သတိပြုမိကာ အားရဝမ်းသာ ပြုံးလိုက်ကြသည်။ ကတုံးချင်က ခက်ထန်ကြောင်းကို သူတို့ ကောင်းကောင်းသိသည်။ ကတုံးချင်၏အမိန့်ကို ဆန့်ကျင်သည့်သူ မည်သူမဆိုပင် အကျိုးဆက်ကို ခံစားရပေလိမ့်မည်။ ယီယွင် ပြဿနာတက်ချေပြီ။

ယီယွင်က သူတို့ထက် ထူးချွန်ခဲ့လေသောကြောင့် သူတို့က ယီယွင် ဒုက္ခရောက်ချိန်တွင် ပျော်ရလေသည်။

" ဒီကောင် ယီယွင်က တကယ်ကို စိတ်ဝင်စားစရာပဲ။ အလုပ်ရွေးတုန်းကလည်း လူတိုင်းက လက်ရည်ယှဥ်ဖော် ဒါမှမဟုတ် ပန်းပဲထုတာကို ရွေးခဲ့ပေမဲ့ ဒီကောင်က မိန်းကလေးတွေပဲလုပ်တဲ့ ဆေးပင်ခူးတာကို ရွေးခဲ့တယ်။ ဒီကောင်က နည်းပြချင်ရဲ့ စစ်ဆေးမှုမှာတောင် ပျက်ကွက်ဝံ့နေသေးတယ် " ရွှမ်းဝူစစ်တပ်မှ လူတစ်ဦးက အခြားတစ်ဦးဆီသို့ အသံပို့လွှတ်ကာ ပြောလိုက်လေသည်။

" ဟဲဟဲ... ဒီကောင်က သေချင်နေတာလေ။ ယီယွင် ဘာတွေးနေသလဲကို ငါလည်း မသိတော့ဘူး။ ဒီကောင့်မှာ ကြီးမားတဲ့ အခြေခံအုတ်မြစ် ရှိနေတာ အသိသာကြီးပါ။ ဒီကောင်သာ ကြိုးစားမယ်ဆိုရင် ရလဒ်ကောင်း ထွက်လာမှာပဲ။ ဒါပေမဲ့ ဒီကောင်က ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်နေတယ်။ ဒီကောင် တစ်လ ဆေးပင်ခူးတာက ဘယ်လောက်အထိ ခွန်အားတိုးလာနိုင်မှာမလို့လဲ။ အရင်က ဒီကောင် ရှေးဦးမြားကို စိုက်နိုင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာ စွမ်းနိုင်ပါဦးမလားလို့ ငါ သံသယဝင်မိတယ် "

ရွှမ်းဝူစစ်တပ်မှ လူများအကြားတွင် ဆွေးနွေးသံများ ညံနေသည်။ သူတို့သည် ကတုံးချင် ပြောထားသကဲ့သို့ ရှေးဦးမြားသုံးချောင်း ထိုးစိုက်နိုင်ခြင်းမရှိသော်လည်း ရှေးဦးမြားတစ်ချောင်းကို ထိုးစိုက်နိုင်သည်ဆိုရုံမျှ လုပ်နိုင်သည်။ အသန်မာဆုံး လူအနည်းစုကသာ ရှေးဦးမြားသုံးချောင်း ထိုးစိုက်နိုင်လောက်သည်။

ပြီးခဲ့သည့်လတွင် သူတို့အား စီနီယာများက အနိုင်ကျင့်ခဲ့ကြ၏။ သေလုမတတ်လောက်သော ကျင့်ကြံမှုများကြောင့် သူတို့ များစွာပင် ရင့်ကျက်ခဲ့ရသည်။

" ငါ မင်းကို မေးနေတယ်လေ။ ယီယွင် ဘယ်မှာလဲ " ကတုံးချင်သည် စုန့်ကျစ်ကျွင်း တုန့်ဆိုင်းနေသည်ကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်လေ၏။ သူက ဒေါသပေါက်ကွဲတော့မည့် ခြင်္သေ့တစ်ကောင်ပမာ ဖြစ်နေလေသည်။

စုန့်ကျစ်ကျွင်း စိတ်ပျက်လက်ပျက်နှင့်ပင် အမှန်အတိုင်းဆိုလိုက်ရသည်..." ဖြေပါ့မယ် နည်းပြချင်... လွန်ခဲ့သုံးရက်တုန်းက ယီယွင်က ဆေးပင်ခူးရုံးခန်းမှာ ခုနစ်ရက်ဆက်တိုက် ဆေးပင်ခူးဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ အခုက သူက ဆေးတောင်တန်းပေါ်မှာ ရှိနေဦးမယ်ထင်ပါတယ် "

လူတိုင်း ကြောင်အသွားသည်။ ခုနစ်ရက်ဆက်တိုက် ဆေးပင်ခူးရန် လျှောက်လွှာတင်ခဲ့သည်တဲ့လား။ ကတုံးချင်က တစ်လအကြာတွင် လူပြန်စုရန် ဆုံးဖြတ်ထားခဲ့သည်ကို ယီယွင်က လျစ်လျူရှုထားပြီး ဆေးတောင်တန်းပေါ်၌ ဆေးပင်ခူးနေဆဲပင်။

လူအများ ပြောစရာစကား ပျောက်ရှကာ ရယ်ရခက် ငိုရခက် ဖြစ်နေကြရသည်။ ယီယွင်က ထိုအလုပ်ကို မည်မျှအထိ ချစ်လေသနည်း။ ထိုကောင် ခုနစ်ရက် ဆေးပင်ခူးရန် အရာအားလုံးကို ဥပေက္ခာပြုထားချေသည်။ ဆေးပင်ခူးခြင်းက စွဲလန်းစေတတ်လေသလော။

လူအများစုမှာ မည်သို့ပြောရမည်မှန်း မသိတော့ချေ။ ယီယွင်ကမူ သူ ငယ်စဥ်ကတည်းက ဆေးပင်ခူးခဲ့သည်သု ဆိုထားချေသည်။ သူ နတ်မြို့တော်၏ လေ့ကျင့်ရေးစခန်းသို့ ရောက်လာသည့်တိုင်အောင် ဆေးပင်ခူးအလုပ်ကိုသာ လုပ်နေခဲ့၏။ ယခင်ကမူ သူတို့သည် ယီယွင်အား တောသားစရိုက် မပျောက်သေးဟု ရယ်ခဲ့ကြချေ၏။

ယခင်က ထိုစကားများသည် ဟာသတစ်ခုသာ ဖြစ်ခဲ့သော်လည်း ယခုတွင် ယီယွင်က အမှန်တကယ်ပင် ထိုသို့တွေးနေပုံရသည်။ ပါရမီရှင်တစ်ဦးက လယ်သမားလုပ်ရန် နတ်မြို့တော်သို့ လာခဲ့သည်တဲ့လား။

စုန့်ကျစ်ကျွင်း၏စကားကြောင့် ကတုံးချင်၏ အမာရွတ်တစ်ခုရှိသော နဖူးထက်တွင် သွေးကြောများ ထောင်ထလာသည်။ သို့သော် ကတုံးချင်က ယီယွင်ကို အသိအမှတ်ပြုနေဆဲပင်။ သူ၏ တပ်သားသစ်များထဲတွင် ယီယွင်က အထူးချွန်ဆုံးဟု သူ ထင်မိသည်။ ယီယွင်က ချိုးနျိုနှင့် ချူရှောင်းရန်တို့ထက် နိမ့်ကျနေသည့်တိုင်အောင် နောက်သုံးနှစ်အတွင်း၌ ယီယွင်အဖို့ ကောင်းကင်အဆင့် သို့မဟုတ် မြေကြီးအဆင့် အယောက်တစ်ထောင်အတွင်း ဝင်နိုင်ရန်မှာ မဖြစ်နိုင်သည်မဟုတ်ပေ။

ထိုအောင်မြင်မှုက အံ့ဩလောက်စရာ မဟုတ်သည့်တိုင်အောင် အတော်ကောင်းသည်ဟု ပြော၍ရလေသည်။

ယီယွင်က ဆေးပင်ခူးလိုကြောင်း ပြောခဲ့ချိန်တွင် ကတုံးချင်က ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့ပေ။ ဤအကဲဖြတ်မှုတွင် ရှေးဦးမြားသုံးချောင်းကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးစိုက်နိုင်ခဲ့လျှင် နတ်အရိုင်းမြေခန်းမထဲသို့ နှစ်နာရီ ဝင်ခွင့်ပေးမည်ဟု သူက ကတိပေးထားသည်။ ထိုဆုလာဘ်က ကြီးမားသောပမာဏ ဖြစ်လေ၏။

ယီယွင်က အကြောင်းအရင်းရှိ၍သာ ဆေးပင်ခူးအလုပ်ကို ရွေးချယ်ခဲ့သည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ယီယွင်က နတ်အရိုင်းမြေခန်းမထဲ ဝင်ခွင့်ရမည့် အခွင့်အရေးကို ဖမ်းဆုပ်လိုခြင်းမရှိလျှင် အဘယ့်အတွက်နှင့် နတ်မြို့တော်ထဲတွင် နေနေသေးလေသနည်း။

ကတုံးချင်က ယီယွင်၏ကိစ္စကို လျစ်လျူရှုလိုက်သည်။ ယီယွင်က တပ်သားသစ်ကောင်းတစ်ဦးမျှသာ ဖြစ်လေ၏။ တိုင်အာနတ်မြို့တော်ထဲတွင် ယီယွင်ထက် ပိုတော်ကြသူများ များစွာပင် ရှိချေသည်။

" အားလုံး နားထောင်ကြ။ ပြီးခဲ့တဲ့ တစ်လတုန်းက ငါပြောခဲ့သလိုပဲ ခရမ်းရောင်အဖြိုက်နက်နံရံထဲကို ရှေးဦးမြားသုံးချောင်း ထိုးစိုက်နိုင်တဲ့သူ ဘယ်သူ့ကိုမဆို ငါက နတ်အရိုင်းမြေခန်းမထဲမှာ နှစ်နာရီကျင့်ကြံခွင့် ဆုချီးမြှင့်မယ်။ ငါက ပြောသလိုပဲ လုပ်တတ်တယ်။ ဒီနေ့ စစ်ဆေးမှုမှာ ပြီးခဲ့လအတွင်းက မင်းတို့ရဲ့ ကျင့်ကြံမှုရလဒ်တွေ ပြကြစမ်း "

ကတုံးချင်၏စကားကြောင့် လူငယ်များ အသင့်အနေအထား ဖြစ်သွားကြ၏။

လွန်ခဲ့သည့်တစ်လခန့်က ဤလူငယ်များအားလုံးသည် ကြွယ်ဝချမ်းသာသော မိသားစုကြီးများမှ သခင်လေးများ ဖြစ်ခဲ့ကြလေ၏။ သူတို့က အလွန်တရာပင် ဝင့်ကြွားခဲ့ကြသော်လည်း နတ်အရိုင်းမြေစခန်းသို့ ရောက်လာပြီးချိန်တွင် သူတို့၏ ဘဝများက အထုအနှက်ခံများ ဖြစ်ခဲ့ရလေ၏။ သူတို့သည် အရိုးများကျိုးကာ အရွတ်အကြောများ စုတ်ပြဲသည်အထိ အရိုက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် သွေးပင် အန်ခဲ့ရသည်။

အရိုက်ခံရပြီး ဒဏ်ရာသက်သာစေရန် ဆေးကုသပြီးချိန်တွင် သူတို့ ထပ်မံကာ မတ်တက်ရပ်ပြီး အရိုက်ခံရပြန်ချေသည်။

လက်ရည်ယှဥ်ဖော်များအနေဖြင့် သူတို့က ပြန်လည်တိုက်ခိုက်နိုင်ကြသည်။ အစပိုင်းတွင် သူတို့ ခံပြင်းဒေါသထွက်ခဲ့ကြပြီး စီနီယာကျင့်ကြံသူများကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ ရလဒ်သည် ပိုမိုဆိုးရွားစွာ အရိုက်ခံရခြင်းပင်။

အဆက်မပြတ် အရိုက်ခံရပြီးနောက်တွင် သူတို့ ရင့်ကျက်လာကာ ကျင့်ကြံမှုများ တိုးတက်လာကြ၏။ တစ်လတာ ဆင်းရဲဒုက္ခအတွင်း၌ သူတို့၏ မာန်များလည်း ဦးကျိုးသွားခဲ့ရလေ၏။ သူတို့က အပြည့်အဝ ရင့်ကျက်ခဲ့ပြီဟုပင် ပြော၍ရလေသည်။ ယနေ့က သူတို့ လုပ်အားအသီးအပွင့်များကို စစ်ဆေးကြည့်ရမည့်နေ့ရက် ဖြစ်လေ၏။

သွေးဆူနေသော လူငယ်တစ်သိုက်က ရှေ့သို့ထွက်ရန် ခြေတကြွကြွ ဖြစ်နေကြချိန်တွင် ယီယွင်သည် တည်နေရာကူးအစီအရင်မှ တစ်ဆင့် တိုင်အာနတ်မြို့တော်ဆီသို့ ကူးပြောင်းလာသည်။

တိုင်အာနတ်မြို့တော်၏ ဆေးပင်ခူးစည်းကမ်းများအရ မြို့တော်သို့ ပြန်ရောက်သည်နှင့် ဆေးပင်များ အပ်နှံရမည်ဖြစ်လေ၏။ ယင်းသည် ကျင့်ကြံသူများက သူတို့ခူးလာသည့် ဆေးပင်များကို အလွဲသုံးစားလုပ်ကာ သီးသန့်ရောင်းချကြမည်ကို ကြိုတင်ကာကွယ်ထားခြင်း ဖြစ်လေသည်။

ထို့ကြောင့် ယီယွင်က အလုပ်ရုံးခန်းသို့ သွားခဲ့ရလေ၏။

ယခုက နေ့ခင်းအချိန် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျင့်ကြံသူများက ညအချိန်တွင်သာ ဆေးပင်များ အပ်တတ်ကြ၏။ ထို့အပြင် မှော်နဂါးကြေးပြား ၂၅ ပြားအတွက်ကိုလည်း ကာမိနိုင်စေရန် လုပ်ရပေဦးမည်။ ဆေးပင်များကို နေ့ခင်းနှင့်ည မည်သည့်အချိန်တွင်ပင် အပ်နှံသည်ဖြစ်စေ တူညီသောပမာဏကိုသာ နုတ်ယူမည်ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဆေးပင်ခူးအလုပ်ရုံးခန်းက အလွန်တရာပင် ခြောက်ကပ်လေ၏။ နေ့ခင်းအချိန်၌ မည်သူမျှမရှိဟု ဆိုလိုလေသည်။

ဝမ်က ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီထိုင်နေလျက်ရှိ၏။ သူမက ဆေးစာအုပ်တစ်အုပ်ကို လှန်ကာကြည့်နေလေသည်။ ဝမ်က အမှန်တကယ်ပင် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လေသည်။ သူမ တိုင်အာနတ်မြို့တော်တွင် ကျင့်ကြံခဲ့စဥ်က လူသားဂုဏ်အဆင့်တွင် အဆင့်ကောင်းပင် ချိတ်နိုင်ခဲ့သည်။

ခြေသံများ ကြားလိုက်ရလေသောကြောင့် ဝမ်က စာအုပ်ကိုကျော်ကာ တံခါးဝဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည့်အရာကြောင့် မျက်မှောင်ကုတ်မိသွားလေသည်။

ဝင်လာခဲ့သူက ယီယွင် ဖြစ်လေ၏။

" နင်က ခုနစ်ရက်ဆေးပင်ခူးခွင့် လျှောက်လွှာတင်ထားတာမလား။ အခုမှ သုံးရက်ခွဲပဲ ရှိသေးတာကို နင်က ဘာကြောင့် အစောကြီးပြန်လာရတာလဲ " ဝမ်က ယီယွင်ကို ဒေါသထွက်စရာဟုသာ မြင်နေလေသည်။

ထိုကလေးက အာရုံခံထက်မြက်ပြီး ပါရမီထူးသည်မှာ သိသာသော်လည်း ဆေးပင်ခူးရာတွင် ဇွဲမရှိချေ။ ထိုကလေး အပ်နှံလာသည့် ဆေးပင်များက တစ်ရက်ထက်တစ်ရက် ပိုနည်းလာနေချေ၏။

ယီယွင် ခုနစ်ရက်ဆေးပင်ခူးခွင့် လျှောက်လွှာတင်ခဲ့စဥ်က ယီယွင်သည် ဟန်လုပ်နေခြင်းသာဖြစ်ပြီး တကယ်လုပ်မည့်ပုံမရှိဟု သူမ ထင်ခဲ့ဖူးသည်။

သို့သော် ယီယွင်က သူမ ထင်ထားသည်ထက်ပင် ပိုဆိုးနေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ထိုကလေးက စိတ်ပျက်ငြီးငွေ့ဖွယ်ရာ အခြေအနေကို သည်းမခံနိုင်တော့ဘဲ အမှန်တကယ်ပင် သုံးရက်ခွဲမျှနှင့် စောစောပြန်လာခဲ့ချေသည်။

ထိုကလေးက မျှော်လင့်ချက်မရှိတော့ပေ။

All Chapters