ယင်လပြည့်ည
Vol. 13 Ch. 189
နေရာခုန်ကူးခြင်း အစီအရင်မှ ထွက်လာသော အဖြူရောင် အလင်းတန်းများနှင့်အတူ ယီယွင်သည် နေရာခုန်ကူးခြင်း အစီအရင်ကို ဖြတ်ကျော်သွားခဲ့သည်။
နံပါတ် (၆၀) ဟု အမည်တပ်ထားသော ဤဆေးဖက်ဝင်တောင်သည် နေရာခုန်ကူးခြင်း အစီအရင်မှ ယီယွင်ကို ပို့ပေးလိုက်သော နေရာ ဖြစ်သည်။ လွန်ခဲ့သည့် တစ်လက ယီယွင်သည် နံပါတ် (၆၀) တွင် ဆေးဖက်ဝင်အပင်များ အမြဲ ခူးနေခဲ့သည်။ လွန်ခဲ့သည့်လနှင့် နောက်လများအတွက် ဆေးဖက်ဝင်တောင်တန်းကို ယီယွင်အတွက် ဖန်တီးထားသကဲ့သို့ပင် ထင်ရသည်။
ဆေးဖက်ဝင်အပင်များ ခူးရန် ရွေးချယ်ထားသော ကျင့်ကြံရေးသမားများကို ဆေးဖက်ဝင်တောင်တစ်တောင်သို့ အလှည့်ကျ ပို့ဆောင်ပေးမည် ဖြစ်ပြီး လပေါင်းများစွာ တည်နေရာကို ပြောင်းလဲ၍ ရမည် မဟုတ်ပေ။ အကျိုးကျေးဇူးအနေဖြင့် သူတို့ ရှာဖွေပြီးသော နေရာများကို မှတ်မိနိုင်ပြီး နောက်တစ်ကြိမ်တွင် ထပ်မံရှာဖွေရန် မလိုအပ်တော့ပေ။
အကယ်၍ ဆေးဖက်ဝင်တောင်များဆီသို့ ကျင့်ကြံရေးသမားများကို အချိန်တိုင်း ကျပန်းသတ်မှတ်၍ ပို့မည်ဆိုပါက ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်က အခြားသူတစ်ဦးမှ ရှာဖွေခဲ့သော နေရာတစ်ခု ဖြစ်နိုင်ခြေ ရှိသည်။
ယီယွင်သည် သူ၏ အိကျနေသော ပြဒါးဝတ်ရုံဖြင့် နံပါတ် (၆၀) အမည်ရ ဤတောင်၏ ကြီးမားသော ဒေသတစ်ဝိုက်ကို ဖြတ်ကျော်၍ ဆေးဖက်ဝင်အပင်များ ခူးဆွတ်ခဲ့ပြီး ဖြစ်သည်။
ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ မိုင်တစ်ရာ ပတ်လည်ရှိ ဤဒေသနှင့် အထူး ရင်းနှီးပြီးသား ဖြစ်သည်။
နေရာခုန်ကူးခြင်း အစီအရင်မှ ပို့လွှတ်လိုက်သည့် အခိုက်အတန့်တွင် ယီယွင်သည် တောင်ကြော တစ်လျှောက်ရှိ ရင်းနှီးသော နေရာများကို ဖြတ်သွားပြီး ချောက်ကမ်းပါးတွင် ပေါက်နေသော ယန်သွေးပန်း အနီးသို့ တဖြည်းဖြည်း ချည်းကပ်လာခဲ့သည်။
ထိုအချိန်တွင် ယီယွင်သည် ချောက်ကမ်းပါးမှ မိုင်ဒါဇင်ခန့် အကွာတွင် ရှိနေသည်။
သူသည် ချောက်ကမ်းပါးကို အချိုးချ၍ လေ့လာရန် အလျင်စလို မလုပ်ဘဲ အနီးအနားရှိ ဆေးဖက်ဝင် အပင်များကို ပေါ့ပါးစွာ ရှာဖွေနေခဲ့သည်။
သူသည် သူ၏ လှုပ်ရှားမှု စွမ်းရည်ကိုလည်း လေ့ကျင့်နေခြင်း မဟုတ်ပေ။ ထို့နောက် ယီယွင်သည် သူ၏ အိကျနေသော ပြဒါးဝတ်ရုံကို ချွတ်ချလိုက်သည်။ တန်ချိန် (၂၀၀)ရှိသည့် ဝတ်ရုံကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ပြီးနောက် ရုတ်တရက် ချွတ်ချလိုက်သောအခါ ယီယွင်သည် အလေးချိန် မရှိသည့် ချိုးငှက်တစ်ကောင် ကဲ့သို့ ပေါ့ပါးသွားပြီး တိမ်တိုက်ထဲသို့ လွှင့်ပျံသွားသလို ခံစားလိုက်ရသည်။
ဤသည်မှာ ယီယွင်၏ ပုံမှန် အခြေအနေပင် ဖြစ်သည်။ ကြီးမားသော တိုက်ပွဲတစ်ခု ပေါ်ပေါက်လာပါက ယီယွင်သည် သူ၏ အမြန်နှုန်းကို ဆိုးရွားစွာ ထိခိုက်စေမည့် မည်သည့်အရာကိုမျှ မလိုချင်ခဲ့ပေ။
"ဒါနောက်တစ်ခုပဲ။ အဆင့်မြင့် အဝါရောင်အဆင့် မရဏအမြစ် တစ်မျိုးကိုး။ ဒီဟာက အဆိပ်ဖော်စပ်လို့ ရတဲ့ ဆေးဖက်ဝင် အဆိပ်ပင် တစ်မျိုးပဲ။" ဟု ယီယွင်က မရဏအမြစ်ကို သိမ်းယူရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ တိုင်အာ အင်ပါယာရှိ အဂ္ဂိရတ် ပညာရှင်များသည် အကျိုးအာနိသင်ရှိသော ဆေးရည်များကို ဖန်တီးနိုင်ရုံသာမက ဥပမာ အဆိပ်များ၊ စိတ်ကယောင်ချောက်ချား ဖြစ်စေသော (သို့မဟုတ်) အကြောဆွဲသွားစေသည့် အာနိသင်ရှိသော ဆေးဝါးများကိုလည်း ဖန်တီးနိုင်သည်။ ထို့ကြောင့် ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိသည်။
မရဏအမြစ်ပြီးနောက် အနက်ရောင်မှိုများ၊ သွေးအမြစ်ခွေများ၊ ခရမ်းရောင် နှလုံးမြက်များကို ဆက်၍ တွေ့ရသည်။
ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို မေ့သွားသကဲ့သို့ ဆေးဖက်ဝင်အပင် တစ်ပင်ပြီး တစ်ပင်ကို ပုံမှန် ဆက်၍ ခူးဆွတ်နေသည်။
တစ်နေကုန် ဆေးဖက်ဝင်အပင်များ ခူးပြီးနောက်တွင် ညနေပင် စောင်းနေပြီး ဖြစ်သည်။ သတိမထားလိုက်မိခင်မှာပင် ယီယွင်သည် ယန်သွေးပန်းရှိရာ ချောက်ကမ်းပါးသို့ နီးကပ်နေပြီ ဖြစ်သည်။
ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ရှာတွေ့ထားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ ရှေးဟောင်း ဆေးဖက်ဝင်အပင်များသည် အလွန် နိုးနိုးကြားကြား ရှိကြသည်။ ယီယွင်၏ နည်းလမ်းများဖြင့် ရှေးဟောင်း ဆေးဖက်ဝင် အပင်များကို တိတ်တဆိတ် ချဉ်းကပ်ရန် ကြိုးစားခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ညသန်းခေါင်မတိုင်ခင် နှစ်နာရီအလို ဖြစ်သည်။
ယီယွင်သည် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ လမရှိသောကြောင့် ညကောင်းကင်သည် ပိန်းပိန်းမှောင်နေသည်။
ယီယွင်သည် နံနက်စောစော နံပါတ် (၆၀) ဆေးဖက်ဝင်တောင်သို့ ရောက်ခဲ့သော်လည်း ချောက်ကမ်းပါးသို့ မရောက်ရန် တမင် အချိန်ဆွဲ နေခဲ့သည်။ အကြောင်းပြမှာ ဤအခွင့်အရေးကို စောင့်နေသောကြောင့် ဖြစ်သည်။
ဤနေ့သည် လ၏ ပထမဆုံးနေ့၊ "လဆန်း" နေ့ဖြစ်သည်။ လမရှိသည့်အခါ ယင်လပြည့်ည ဖြစ်သွားပေသည်။
ယင်လပြည့်ညသည် ယင်ချီစွမ်းအင် အပြင်းထန်ဆုံးည ဖြစ်သည်။ သန်းခေါင်ကျော် တစ်နာရီ၏ လေးပုံသုံးပုံသည် ယင်ချီစွမ်းအင် အထူထပ်ဆုံး အချိန် ဖြစ်သည်။
ထို့ကြောင့် ယီယွင်သည် တစ်လတာလုံးတွင် ယင်ချီစွမ်းအင် အထူထပ်ဆုံး အချိန်ကိုကိုက်၍ လာခဲ့ခြင်း ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ယင်ချီစွမ်းအင်ကို နှစ်သက်ပြီး သဘာဝရှိ သန့်ရှင်းသော ယင်စွမ်းအင်ပါသည့် ဆေးဖက်ဝင် အပင်များကို စုပ်ယူလေ့ရှိသည်။
ညသန်းခေါင်ကျော် တစ်နာရီ လေးပုံသုံးပုံလောက်သည် ယင်လပြည့်ည၏ အားအပျော့ဆုံး အချိန်လည်း ဖြစ်သည်။
ထို့ကြောင့် ယီယွင်သည် တိုက်ခိုက်ရန် ဤအချိန်ကို ရွေးချယ်ခဲ့သည်။
ယီယွင်သည် သူ၏ ထိုက်ခန်းလေးဖြင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို တိုက်ခိုက်ရန် ကိုယ့်ကိုယ်ကို ယုံကြည်မှု အနည်းငယ်သာ ရှိသည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ အမြန်နှုန်းသည် ကြောက်စရာ ကောင်းပြီး ၎င်း၏ တုံ့ပြန်မှုသည် အလွန် လျင်မြန်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ကြိုးစားရှာဖွေခဲ့သည်။ ထို့အပြင် “နတ်အရိုင်းမြေစာစု”တွင် သူသည် ထိုယန်ဂျင်ဆင်းနှင့် ပတ်သက်သည့် အချက်အလက် အားလုံးကို ဖတ်ထားပြီးသား ဖြစ်သည်။
သူသည် သူ၏ မြားပစ်စွမ်းရည်ကို ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းရည်များနှင့် အမြဲ နှိုင်းယှဉ်နေခဲ့သည်။ သူ နောက်ဆုံး ကောက်ချက်ချ လိုက်သည်မှာ မီတာသုံးဆယ်အတွင်း သူ၏ မြှားသည် အသံ၏ အမြန်နှုန်းကို ကျော်လွန်သွားလျှင်တောင်မှ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာ သူ၏ မြှားချက်ကို ရှောင်ရှားနိုင်သည့် အလားအလာ မြင့်မားနေသေးသည်။
သူ၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါက အနာဂတ်တွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ဖမ်းမိရန် အခွင့်အရေး အနည်းငယ်မျှ ရမည် မဟုတ်တော့ပေ။
ထို့ကြောင့် ယီယွင်သည် အရာအားလုံးကို ဂရုတစိုက် ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး သူသည် အမျိုးမျိုးသော တွက်ချက်မှုများကိုလည်း ပြုလုပ်ထားရမည် ဖြစ်သည်။
"ကြည့်ကြသေးတာပေါ့။ မင်းပဲ အရှောင်ကောင်းမလား ငါ့မြှားပဲ ပိုမြန်မလားဆိုတာ။" ဟု ယီယွင်က သူ့ကိုယ်သူပြောပြီး ခုန်ပျံလိုက်သည်။
တိတ်ဆိတ်သော ခြေသံများဖြင့် ယီယွင်သည် သူ၏ နောက်ကျောတွင် ဆေးဖက်ဝင်အပင်များ ခူးထည့်ထားသည့် ခြင်းတောင်းတစ်ခုကို လွယ်လျက် ချောက်ကမ်းပါးရှိ ကျောက်ဆောင်များ အပေါ် ခြေချလိုက်သည်။
သူသည် မျောက်တစ်ကောင်ထက် အဆတစ်ရာ ပို၍ ပေါ့ပါး သွက်လက်ပြီး မြေပြန့်တွင် သွားလာသကဲ့သို့ ချောက်ကမ်းပါးများကို လွယ်ကူစွာ တွယ်တက်နိုင်သည်။
ညဘက်တွင် တိုက်သော တောင်ပေါ် လေအေးသည် အရိုးထဲသို့ အေးစက်စွာ စိမ့်ဝင်သွားသည်။
ယင်ချီစွမ်းအင်သည် ချောက်ကမ်းပါးထိပ်တွင် အလွန်ထူထပ်နေသည်။
ဤနေရာတွင် ဤအချိန်၌ ပေါ်လာတတ်သော ဝိညာဉ်အချို့လည်း ရှိသည်။
ယီယွင်သည် ချောက်ကမ်းပါးပေါ်တွင် ခဏရပ်ကာ အာရုံစူးစိုက်ရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏ စိတ်စွမ်းအင်သည် ခရမ်းရောင် သလင်းကျောက်နှင့် ဆက်စပ်နေသောကြောင့် သူ့ကို တစ်စုံတစ်ခုက ကြည့်နေသည်ကို ခံစားမိသည်။
၎င်းမှာ ခရမ်းရောင် ကောင်းကင် ယန်ဂျင်ဆင်းပင် ဖြစ်သည်။
ခရမ်းရောင် သလင်းကျောက်၏ စွမ်းအင်ကြောင့် ယီယွင်သည် ပတ်ဝန်းကျင်မှ အခြားစွမ်းအင်များကို အလွန်ခံစားမိနေသည်။ ခရမ်းရောင် သလင်းကျောက်မှ ရသည့် စွမ်းအင်အမြင်နှင့်တောင်ပင် ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ တည်နေရာ အတိအကျကို မသတ်မှတ်နိုင်ပေ။
သို့သော် သိပ်သည်းသော ယင်ချီစွမ်းအင်တွင် ကြည်လင်သန့်စင်သော ယန်ချီစွမ်းအင်တစ်မျှင် ကိန်းအောင်းနေသည်။ ထိုအရာမှာ ခရမ်းရောင် ကောင်းကင် ယန်ဂျင်ဆင်း ပိုင်ဆိုင်သော စွမ်းအားပင် ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ယီယွင်၏ စောင့်ကြည့်မှုကို သတိမထားမိပေ။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအတွက်မူ ယီယွင်သည် ၎င်း၏ နယ်မြေထဲတွင် လျှောက်သွားနေသည့် တောယုန်တစ်ကောင်နှင့်သာ တူပြီး ဘာမျှ မထူးခြားပေ။
ဤရှေးဟောင်း ဆေးဖက်ဝင်အပင်သည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး ကျင့်ကြံရေးသမား များစွာကို မရေတွက်နိုင်အောင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုကျင့်ကြံရေးသမားများသည် ၎င်းအား ရှာမတွေ့ခဲ့ကြပေ။
ကျွမ်းကျင်သူ အချို့က ၎င်းကိုဖမ်းရန် ကြိုးစားခဲ့သော်လည်း အန္တရာယ် မရှိခဲ့ပေ။ ရံဖန်ရံခါတွင် နံပါတ် (၆၀) ဆေးဖက်ဝင်တောင်သို့ ရောက်လာသော တိုင်အာ အင်ပါယာမှ ပညာရှင်များ ရှိသည်။ ထိုအခါမှသာ ဤရှေးဟောင်း ဆေးဖက်ဝင် အပင်သည် နိုးနိုးကြားကြား ဖြစ်သွားကာ ကြို၍ ပုန်းအောင်းနေတတ်သည်။ ထို့ကြောင့် ဘေးကင်းခဲ့သည်။
ယီယွင်၏ လက်ရှိ ခွန်အားလောက်ကို ဤ ရှေးဟောင်း ဆေးဖက်ဝင် အပင်သည် မည်သည့် ခြိမ်းခြောက်မှုမှ မခံစားရပေ။
အမှောင်ထဲတွင် ယီယွင်သည် တိတ်ဆိတ်နေခဲ့သည်။ သူသည် အချိန်ကို တိတ်တဆိတ် ရေတွက်နေပြီး သတ်မှတ်ထားသည့် အချိန်မတိုင်မီ နောက်ထပ် နှစ်နာရီ ရှိသေးသည်။
ယီယွင်သည် သူ၏ တပ်တစ်ထောင် ဓားမောက်ကို ကျပန်းဆွဲထုတ်နေပုံ ပေါ်သည်။ သူသည် ခရမ်းရောင် သလင်းကျောက်မှ ရသည့် စွမ်းအင်အမြင်ဖြင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ တည်နေရာကို အတိအကျ မသတ်မှတ်နိုင်သော်လည်း ယန်သွေးပန်း၏ တည်နေရာကိုမူ တွေ့ရှိထားပြီ ဖြစ်သည်။
ယန်သွေးပန်းသည် သူ၏ ဘယ်ဘက် မီတာတစ်ရာတွင် ရှိပြီး မြေအောက်၌ နစ်မြှုပ်နေသည်။
ယီယွင်သည် ယခင်က ယန်သွေးပန်းအား တွေ့ဖူးသည့် နေရာသို့ လျှောက်သွားသည်။
သူ တူးဖော်ခဲ့သည့် အပေါက်မှာ ရှိနေတုန်းပင် ဖြစ်သည်။
ယီယွင်မှာ စူးစမ်းသည့် မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဒါက ယန်သွေးပန်းကို နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့ နေရာမဟုတ်လား။
ဘာကြောင့်လည်း မသိပေမယ့် ယန်သွေးပန်းကို ခူးမယ့်အချိန်မှာ ရုတ်တရက် အလောင်းကောင်တွေ အများကြီး သင်္ချိုင်းထဲကနေ ထွက်လာကြတယ်။ ငါအများကြီးကို သတ်လိုက်ပေမယ့် ခဏကြာတော့ ဘာဖြစ်သွားမှန်း မသိတော့ဘူး။ ငါနိုးလာတော့ ဒဏ်ရာတွေ ပြည့်နေပြီး ယန်သွေးပန်းနဲ့ အလောင်းကောင်တွေ အားလုံး ပျောက်ကုန်တယ်။ ဒါအိပ်မက်တစ်ခုလိုပဲ။”
ယီယွင်မှာ သူ့ဘာသာသူ တတွတ်တွတ် ရေရွတ်နေသည်။ မလှမ်းမကမ်းတွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာ ဤစိတ်ဝင်စားစရာကောင်းသည့် လူသားကို တိတ်တဆိတ် ကြည့်နေသည်။
၎င်းတွင် သင့်တင့်သော ဉာဏ်ရည်တစ်ခု ရှိပြီး ယီယွင်၏ စကားကို နားလည်နိုင်ပါသည်။
လူသားများသည် အလွန် မိုက်မဲသည့် သတ္တဝါများ ဖြစ်ပြီး သူတို့ကိုယ် သူတို့ မှော်ပညာဖြင့် လှည့်စားခံရသည်ကိုပင် မသိဘဲ အိပ်မက် မက်နေသည်ဟု တွေးလိုက်ကြသေးသည်။
ဤမိုက်မဲသည့် လူသားမှာ ယန်သွေးပန်းကို ခူးရန်ပင် ကြိုးစားခဲ့သည်။ စိတ်ကူးယဉ်ဆန်ကြသည်ပင်။
ယီယွင်သည် အချိန်အတော်ကြာ စိတ်ရှုပ်ထွေးနေပုံပေါ်ပြီးနောက် သူသည် သူ၏ တပ်တစ်ထောင် ဓားမောက်ကို လှည့်ကာ အောက်ဘက်သို့ လျင်မြန်စွာ ခုတ်ချလိုက်သည်။
"ဘမ်း"
မြေကြီးများနှင့် ကျောက်တုံးများ လွှင့်စင်သွားပြီး အက်ကွဲမှုနှင့်အတူ မြေကြီးပေါ်တွင် ခပ်နက်နက် အက်ကြောင်းတစ်ခု ပေါ်လာသည်။
ယီယွင်သည် တုံ့ဆိုင်းသွားပြီး အထဲသို့ ဂရုတစိုက် ငုံ့ကြည့်လိုက်သည်။ မှောင်နေသည့် နေရာ ပတ်ပတ်လည်ကို လက်ဖြင့် စမ်းလိုက်သော်လည်း ဘာမျှမတွေ့ရပေ။
“ဒါ နောက်ဆုံးအကြိမ်တုန်းက ယန်သွေးပန်း ရှိနေတဲ့ နေရာ မဟုတ်ဘူးလား။ ဒီ ယန်သွေးပန်းက အဝေးကို ပြေးသွားပြီလား” ဟု ယီယွင်က သူ့ကိုယ်သူ ရေရွတ်နေသည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသာ အမူအရာများ ဖော်ပြနိုင်မည် ဆိုပါက တုံးအနေသည့် ယီယွင်အား ကြည့်၍ မျက်ရည်ထွက်သည်အထိ ရယ်မိမည်ပင် ဖြစ်သည်။
လူသားအားလုံးမှာ ဤကဲ့သို့ မိုက်မဲတုံးအ ကြပါသလား။ သူတို့သည် မှော်ပညာနှင့် ပြုစားခံရသည်ကိုပင် မသိဘဲ တူညီသော နေရာတွင် ယန်သွေးပန်းကို ရှာတွေ့နိုင်သေးသည်ဟု တွေးသည်မှာ နုံအလွန်းလှသည်။
“အရမ်းမိုက်မဲပြီး နုံအတာပဲ။”
ထိုအချိန်တွင် ယီယွင်သည် နေရာများ ပြောင်းကာ စတင် တူးဖော်နေပြီ ဖြစ်သည်။
ဟုတ်ပါသည်။ နောက်ထပ် တူးသည့် နေရာမှာလည်း အချည်းနှီးပင် ဖြစ်သည်။
ယီယွင်သည် စိတ်မပျက်ဘဲ သူ၏ အင်္ကျီများကို လှန်တင်လိုက်သည်။ ဤချောက်ကမ်းပါးပေါ်တွင် သူသည် သုံးပေနက်သည့် တွင်းတစ်ခုကို စတင် တူးဆွပြန်သည်။
ရှေးဟောင်း ဆေးဖက်ဝင် အပင်အတွက် ယီယွင်၏ အပြုအမူသည် ရယ်စရာပင် ဖြစ်သည်။
သို့သော် တဖြည်းဖြည်းနှင့် ပြင်းထန်လာသည်။ ယီယွင်၏ ရည်ရွယ်ချက်မဲ့ တူးဖော်မှုသည် ယန်သွေးပန်း၏ တည်နေရာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို သိလိုက်ရသည်။
ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုပင်လား။
ယီယွင်သည် ယန်သွေးပန်းဆီသို့ ရောက်လုနီးနေပြီ ဖြစ်သည်။
ယီယွင်၏ တူးဖော်မှုသည် ပို၍ စေ့စပ် နက်ရှိုင်းလာသည်။ သူသာ ဆက်၍ တူးမည်ဆိုပါက ယန်သွေးပန်းကို အမှန်တကယ် ရှာတွေ့နိုင်မည်ဟု ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာ တွေးလိုက်သည်။
ဤငနုံမှာ ကံကောင်းသွားသည်လား။
ဟုတ်ပါသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ယန်သွေးပန်းကို ယီယွင် ခိုးယူသွားမည်ကို မလိုလားပေ။
ဤမိုက်မဲသည့် လူသားကို ယခင်က ပေးခဲ့သည့် သင်ခန်းစာမှာ မပြင်းထန်ဘူးဟု ယန်ဂျင်ဆင်းက ရုတ်တရက် ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူ့အား ပို၍ ပြင်းထန်သည့် သင်ခန်းစာတစ်ခု ပေးရမည် ဖြစ်ပြီး ထိုအရာက ယီယွင်ကို ရပ်တန့်စေမည် ဖြစ်ကာ ပြဿနာပါ တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။