အစီအရင် နှစ်ထပ်
Vol. 13 Ch. 190
လူသားတစ်ဦးကို သတ်ခြင်းသည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအတွက် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။
ဝိညာဉ်ဆေးဖက်ဝင် အပင်များသည် သဘာဝအရ အားနည်းသောကြောင့် ပျက်စီးခြင်း သားရဲများနှင့် မတူဘဲ ကွဲပြားကြသည်။
ဆေးဖက်ဝင် အပင်တစ်ပင်သည် ရှေးဟောင်း ဆေးဖက်ဝင် အပင် (သို့မဟုတ်) ထာ၀ရရှင်သန်နိုင်သော အပင်အဖြစ် ၎င်းကိုယ်၎င်း ပြုစုပျိုးထောင်သောအခါ အပင်သက်တမ်းသည် အလွန် ရှည်လျားသော်လည်း ခူးဆွတ်ခံရခြင်း (သို့မဟုတ်) ဖမ်းခံရခြင်း ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။
အချို့သော ရှေးဟောင်း ဆေးဖက်ဝင် အပင်များသည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းထက်ပင် အရည်အသွေး နိမ့်ကြသည်။ ရှေးဟောင်း ဆေးဖက်ဝင်အပင် တစ်ပင် အနေနှင့်ပင် ၎င်းတို့သည် ရေအောက် (သို့မဟုတ်) မြေပြင်ပေါ်မှ လွတ်မြောက်နိုင်စွမ်း မရှိကြဘဲ လူသားများ ခူးဆွတ်ခြင်း (သို့မဟုတ်) ပျက်စီးခြင်း သားရဲများ၏ စားသုံးခြင်းကို ခံရရန် ထိုင်စောင့်နေ သကဲ့သို့ ဖြစ်နေသည်။
ထိုကဲ့သို့သော ဆေးဖက်ဝင် အပင်မျိုးစိတ်များသည် ရှေးဟောင်းအပင် အဖြစ်သို့ ပြောင်းလဲရန် အခွင့်အလမ်း နည်းပါးသည်။
ဤဆေးဖက်ဝင် အပင်များသည် ဖုံးကွယ်နေသော နေရာများတွင် ပေါက်ရောက်ပြီး ၎င်းတို့ကို လူသားများ ဘယ်သောအခါမှ ရှာမတွေ့မှသာ ၎င်းတို့ လိုအပ်သော ကောင်းကင်မြေ အဆီအနှစ်များကို အနှစ်တစ်သောင်းခန့် စုပ်ယူနိုင်မည် ဖြစ်သည်။
မဟုတ်ပါက ၎င်းတို့ထဲမှ အချို့သည် အင်အားကြီးသော ပျက်စီးခြင်း သားရဲများ၏ အကာအကွယ်အောက်တွင် နေကြရမည် ဖြစ်သည်။ အချို့သော ရှေးဟောင်း ပျက်စီးခြင်း သားရဲများသည် ရှေးဟောင်း ဆေးဖက်ဝင် အပင်များကို နှစ်ထောင်ပေါင်းများစွာ စောင့်ရှောက်ကြပြီး နောက်ဆုံးတွင် အပင်များ သက်တမ်း ရင့်လာသောအခါ စားသုံးလိုက်ကြသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်သာ ဤဆေးဖက်ဝင် အပင်များသည် ရှေးဟောင်း ဆေးပင်များ အဖြစ်သို့ ပြောင်းလဲရန် အခွင့်အလမ်း ရှိသည်။
ဤအချိန်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအနေဖြင့် ၎င်း၏ မှော်ပညာကို အသုံးပြု၍ ယီယွင်ကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ရန် လွယ်ကူသော်လည်း သတ်ရန် မလွယ်ကူပေ။
၎င်းသည် လူသားတစ်ဦးကို အမှန်တကယ် သတ်နိုင်သည့် မှော်ပညာတစ်ခု ဖန်တီးရန် နောက်ထပ် နှစ်ထောင်အနည်းငယ် ကြာအောင် ကောင်းကင်မြေ အဆီအနှစ်နှင့် သန့်စင်သော ယန်ချီစွမ်းအင်ကို စုပ်ယူရမည် ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် လူများကို သတ်ရန် မလွယ်ကူသော်လည်း လူများကို အလွန်ကြောက်စရာကောင်းသော အမြင်အာရုံများဖြင့် လှည့်စားပြီး နောက်ဆုံးတွင် စိတ်ကျန်းမာရေး ဆိုးရွားသွားစေပြီး ရူးသွပ်သွားအောင် ပြုလုပ်နိုင်သည်။
အကယ်၍ လူသည် ရူးသွပ်ခြင်း ဖြစ်စဉ်တွင် သေဆုံးသွားပါက လူသေအလောင်းကို ယန်သွေးပန်းအတွက် သဘာဝမြေသြဇာ အဖြစ် အသုံးပြုနိုင်သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် စွမ်းအင်များကို စတင် စုစည်းလိုက်သည်။ ပတ်ဝန်းကျင်မှ သန့်စင်သော ယန်ချီစွမ်းအင် အမှုန်အမွှားများကို တဖြည်းဖြည်းနှင့် ကျစ်လစ်အောင် ပြုလုပ်လိုက်သည်။
၎င်းသည် ယီယွင်ကို အပြီးသတ် ရှင်းထုတ်ချင်သည်။ သို့မဟုတ်ပါက ယီယွင်မှာ ယန်သွေးပန်းအတွက် ထပ်ခါထပ်ခါ လာနေလိမ့်မယ် ဖြစ်သည်။ ၎င်းကို တန်ခိုးရှိသည့် လူသားတစ်ဦး ယူဆောင်သွားပါက ယင်းအတွက်သာ ဒုက္ခဖြစ်စေလိမ့်မည်။
ယင်လပြည့်ည၏ သန်းခေါင်ယံ အချိန်သို့ပင် နီးကပ်လာပြီ ဖြစ်သည်။ ၎င်း၏ ပတ်ဝန်းကျင်ရှိ သန့်စင်သော ယန်ချီစွမ်းအင်သည် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားသည်။
ဤအချိန်တွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းအားသည် (၃၀) ရာခိုင်နှုန်း သို့ ကျဆင်းသွားသည်။ ၎င်း၏ စွမ်းအားသည် (၃၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားသော်လည်း ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ခရမ်းသွေးနယ်ပယ် အလယ်အလတ်အဆင့် ရှိသော လူငယ် တစ်ယောက်အား ခြိမ်းခြောက်မှု တစ်ခုဟု မခံစားရပေ။
ခရမ်းသွေးနယ်ပယ်မှ လူကိုပင် လျစ်လျူရှုထားခြင်းကြောင့် ယွမ်အုတ်မြစ်ချနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူမှာလည်း ၎င်းအတွက် ဘာမျှ မဟုတ်ပေ။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအတွက် ရှင်သန်ရန် အကြီးမားဆုံး နည်းလမ်းမှာ ၎င်း၏ ပတ်ဝန်းကျင်တွင် ပုန်းအောင်းနိုင်သည့် စွမ်းရည်ပင် ဖြစ်သည်။ လူသားပညာရှင် မဟုတ်ပါက ၎င်း၏ တည်ရှိမှုကို မည်သည့် လူသားမှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ၎င်း၏ စွမ်းအားကို စုစည်းပြီး ယီယွင်ကို မှော်ဆန်သော တိုက်ခိုက်မှု ပြုလုပ်တော့မည့် အချိန်တွင် ခန္ဓာကိုယ်ကို ကိုင်းကာ ပစ္စည်းနှစ်ခုကို မြေပြင်ပေါ်တွင် တင်လိုက်သည်။
၎င်းတို့သည် အချင်းတစ်ပေခန့်ရှိ အင်းပြား နှစ်ပြား ဖြစ်သည်။ တစ်ပြားမှာ အနက်ရောင်ဖြစ်ပြီး နောက်တစ်ပြားမှာ ရေခဲပြာရောင် ဖြစ်သည်။
အင်းပြားနှစ်ပြားသည် ရှုပ်ပွနေပုံရပြီး ၎င်းတို့တွင် ရှေးဟောင်း စာလုံး မြောက်မြားစွာ ရေးထားသည်။ ၎င်းတို့သည် လိပ်ခွံနှင့် တူနေသည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းတွင် ဉာဏ်ရည်ဉာဏ်သွေး အချို့
ရှိသော်လည်း ကောင်းကင်အဆင့် ပျက်စီးခြင်း နည်းစနစ်များ (သို့မဟုတ်) ကျင့်ကြံရေး နည်းစနစ်များ စသည့် အစီအရင် နည်းစနစ်များကို နားမလည်ပေ။
အစီအရင်များကို ကျင့်ကြံခြင်း၊ ဖန်တီးခြင်းတို့သည် လူသားများ အတွက် သက်သက် ဖြစ်သည်။
ဘဝသက်တမ်းအရ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားရှိသော လူသားများသည် အခြားမျိုးစိတ်များထက် သက်တမ်းတိုကြသည်။ လူသားများသည် သူတို့၏ တီထွင်ဖန်တီးမှု၊ သင်ယူနိုင်စွမ်းနှင့် လူသားများကြားတွင် လက်ဆင့်ကမ်းနိုင်မည့် အမွေအနှစ်များကို ဖန်တီးမှုတို့ကြောင့် သူတို့၏ နယ်မြေကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်ပြီး အရိုင်းနယ်မြေတွင် ရှင်သန်နိုင်သည်။
ဝိညာဥ် ဆေးဖက်ဝင်အပင် အတွက်မူ အစီအရင်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ လေ့လာသင်ယူရန် မဖြစ်နိုင်ပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် မြေပေါ်တွင် ယီယွင် တင်ထားသော အရာဝတ္ထု နှစ်ခုကို မသိပေ။
ဆယ်ကျော်သက်အရွယ် လူသားတစ်ဦးသည် ၎င်းအတွက် ခြိမ်းခြောက်မှု မဟုတ်ဟု ခံစားမိသော်လည်း သတိကြီးသော ရှေးဟောင်း ဆေးဖက်ဝင် အပင် ဖြစ်သောကြောင့် ယီယွင် ချထားသည့် အစီအရင် အင်းပြားနှစ်ပြားကို လျှို့ဝှက်စွာ ခြေရာခံနေလေသည်။
သို့သော် စိုးရိမ်စရာ မရှိပေ။ ၎င်း၏ ပြင်းထန်သော မှော်တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ယီယွင်၏ စိတ်မှာ ပျံ့လွှင့်သွားမည် ဖြစ်သည်။ ထို့ကြောင့် ယီယွင်သည် မြေကြီးပေါ်တွင် အစီအရင် အင်းပြားများကို မည်သို့ ချထားပါစေ ကိစ္စမရှိပေ။
ညဉ့်နက်နေပြီ ဖြစ်သောကြောင့် ကြယ်များမှာ တိမ်များဖြင့် ဖုံးနေသည်။ ယီယွင်သည် သူ၏ စိတ်ထဲတွင် အချိန်ကို တိတ်တဆိတ် ရေတွက်နေသည်။
ညသန်းခေါင်ကျော် တစ်နာရီ လေးပုံသုံးပုံသို့ ရောက်ရန် တစ်မိနစ်ခန့်သာ လိုတော့သည်။
ယီယွင်သည် အသက်ရှုခြင်းကို နှေးကွေးအောင် လုပ်လိုက်ပြီး သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေ ဖြစ်အောင် ထိန်းညှိလိုက်သည်။
တဖြည်းဖြည်းနှင့် ဘေးပတ်ပတ်လည် ပတ်ဝန်းကျင်မှ ယင်ချီစွမ်းအားများသည် ပို၍ ထူထပ်လာသည်။
မြေပြင်ပေါ်တွင် ယီယွင်ထားခဲ့သော အစီအရင် နှစ်ခုသည်ပင် ယင်စွမ်းအင်၏ အေးမြမှုနှင့် ဖုံးလွှမ်းသွားသည်။ ၎င်းတို့အား ထိလိုက်သည်နှင့် ရေခဲတမျှ အေးစက်နေသည်။
ဤအင်းပြား နှစ်ပြားသည် ယင်လပြည့်ညတွင် တိမ်မြှုပ်နေပြီး ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားနှင့် ရောနှောနေကာ အခိုးအငွေ့များ ထုတ်လွှတ်နေသည်။
ထိုအစီအရင် အင်းပြားနှစ်ပြားတွင် တစ်ပြားကို ယင်လပြည့် အစီအရင်ဖြင့် စာရေးထားပြီး နောက်တစ်ပြားကို ပုစဉ်းရင်ကွဲ အစီအရင်ဖြင့် စာရေးထားသည်။
အင်းပြား နှစ်ပြားလုံးကို တိုင်အာ မြို့တော်မှ အစီအရင် ကျွမ်းကျင်သူများက ပြုလုပ်ထားသည်။ နတ်ပုတီးစေ့ကို ဝယ်ရန် သူ၏ မှော်နဂါးကြေးပြားကို အသုံးပြုသည့်အပြင် အကြွင်းအကျန် အများစုကို ဤအင်းပြား နှစ်ပြားတွင် အသုံးပြုလိုက်သည်။
ယင်လပြည့် အစီအရင် အင်းပြားပေါ်တွင် ခရမ်းရောင်ဖျော့ဖျော့ တံဆိပ်ပြားတစ်ခု ကပ်ထားသည်။ ထိုအရာမှာ အစီအရင်ကို အသက်သွင်းသည့် တံဆိပ်ပြားပင် ဖြစ်သည်။
ဤတံဆိပ်ပြားသည် ယီယွင်၏ စိတ်နှင့် ဆက်နွယ်နေပြီး သူဆုတောင်းသည့် အခါတိုင်း တံဆပ်ပြားသည် ယင်လပြည့် အစီအရင်ကို ချက်ချင်း အသက်သွင်းပေးလိမ့်မည် ဖြစ်သည်။
စီစဥ်ထားသည့် အတိုင်းပင် သတ်မှတ်ထားသော အချိန်သည် တဖြည်းဖြည်း နီးကပ်လာသည်။
ယင်ချီစွမ်းအား၏ သိပ်သည်းဆသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ အအေးဓာတ်သည် သူ၏ ရိုးတွင်းခြင်ဆီထဲသို့ စိမ့်ဝင်သွားသည်ကို ယီယွင် ခံစားလိုက်ရသည်။
ယီယွင်သည် သူ၏ ကြွက်သားများကို တောင့်ထားကာ ခြေဦးတည်ရာ လျှောက်ရင်း ယန်သွေးပန်းဆီ ချဉ်းကပ်သွားသည်။
အချိန်ကျပြီ ဖြစ်သည်။
“ဝုန်း”
ယီယွင်၏ နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ယီယွင်သည် ခေါင်းကိုက်သွားပြီး သူ၏ စိတ်စွမ်းအင် အပေါ် ကြီးမားသော သက်ရောက်မှု တစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာမှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စိတ်ဝိညာဥ် တိုက်ခိုက်မှုပင် ဖြစ်သည်။
ဤစိတ်ဝိညာဥ် တိုက်ခိုက်မှုသည် အခြားအချိန်များထက် ဆယ်ဆ ပို၍ ပြင်းထန်သည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ယီယွင်၏ စိတ်ဝိညာဉ်ကို ပျံ့လွှင့်စေရန် လုံလောက်သော စွမ်းအင်ကို စုဆောင်းထားသည်မှာ ထင်ရှားသည်။
သို့သော် ယီယွင်သည် ဆေးဖက်ဝင်တောင်ပေါ်သို့ မလာခင် ကတည်းကပင် စိတ်ကြည်လင်ဆေးရည်ကို သောက်ခဲ့သည်။ ဤသည်မှာ ယီယွင်၏ ကြိုတင် ပြင်ဆင်ထားမှုပင် ဖြစ်သည်။ ဆေးရည်မှာ စျေးမကြီးသော်လည်း လုံလောက်စွာ ကောင်းမွန်သည်။
ယီယွင်မှာ သူ၏ စိတ်ဝိညာဉ် နာကျင်သွားသည်ကို ခံစားလိုက်ရသည်နှင့် နာကျင်မှုကို သက်သာစေမည့် စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်ရှိ ပင်မစွမ်းအား အရင်းအမြစ်မှ စိတ်ဝိညာဥ်ကိူ ဖြတ်သန်း စီးဆင်းသွားပြီး ရေနှင့် ဆေးကြောလိုက် သကဲ့သို့ သူ၏ စိတ်ကို သန့်စင်ကြည်လင်သွားစေကာ နာကျင်မှုကို လျော့ပါးသွားစေသည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ အကောင်းဆုံး လှည့်ကွက်မှာ ၎င်း၏ မှော်ဆန်သော တိုက်ခိုက်မှု ဖြစ်သည်ကို ယီယွင် သိထားသည်။ အဘယ့်ကြောင့် ကြိုတင် မပြင်ဆင်ထားဘဲ နေမည်နည်း။
ယီယွင်သည် ခရမ်းရောင် သလင်းကျောက်၏ အမြင်အာရုံကို ရရှိထားသောကြောင့် စိတ်ကြည်လင်ဆေးရည်ကို သောက်လိုက်သည့်အခါ သူ၏ စိတ်သည် နဂိုမူလအတိုင်း ပြန်လည်၍ ကြည်လင်သွားသည်။
သို့သော် ခရမ်းရောင် ကောင်းကင် ယန်ဂျင်ဆင်းကို တိုက်ခိုက်ရန် အချိန် မလုံလောက်သေးပေ။ မီတာသုံးဆယ် အကွာအဝေးတွင်ပင် ထိုက်ခန်းလေးနှင့် ပစ်မည့် မြှားချက်ကို ခရမ်းရောင် ကောင်းကင် ယန်ဂျင်ဆင်းက လွတ်မြောက်သွားနိုင်သည့် အလားအလာ ရှိနေပြန်သည်။
ယီယွင်သည် ဆယ်မိုင်အကွာအဝေးမှ ပုံမှန်ပုံစံအတိုင်း ရွေ့လျားနေသည့် အရာ (သို့) မရွေ့လျားသည့် အရာမှန်သမျှကို ပစ်သတ်နိုင်သည်။ သို့သော် လျှပ်တပြတ် ပုန်းရှောင်တတ်သည့် အရာတစ်ခု ဖြစ်ပါက ယီယွင်သည် မြှားကို ထိန်းညှိနိုင်စွမ်း မရှိပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ ရှောင်တိမ်းမှုနှုန်းသည် အလွန်မြန်သည်။
ယီယွင်၏ မြှားသည် ၎င်းကို လိုက်မမီနိုင်ပေ။ ထို့ကြောင့် ၎င်းကို ပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ နောက်ထပ်အရွေ့ကို ခန့်မှန်းရန် ဖြစ်သည်။
ယီယွင်သည် နောက်ဆုံး အခွင့်အရေးကို စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် ယီယွင်၏ ဘေးပတ်လည် ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ပုံစံပြောင်းလာသည်။
ချောက်ကမ်းပါးသည် ကျယ်ပြောလှသော အရိုင်းဒေသ အဖြစ်သို့ ပြောင်းလဲသွားကာ အရိုင်းဒေသ၏ စူးရှပြင်းထန်သော အနံ့များသည် သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။
“ဘုန်း ဘုန်း ဘုန်း”
မြေကြီးသည် တုန်ခါသွားပြီး တောင်ငယ်တစ်ခု အရွယ်အစားရှိသည့် မကောင်းဆိုးဝါး သားရဲကြီး တစ်ကောင်သည် ယီယွင်ဆီသို့ တဖြည်းဖြည်း ရွေ့လာသည်။
စိတ်ဝိဥာဉ်တိုက်ခိုက်မှု ပြီးနောက် မှော်ပညာနှင့် ဖန်တီးထားသော ပုံရိပ်ယောင်သည် ချက်ချင်း ပေါ်လာသည်။
ယီယွင်သည် သူပထမဆုံး ကြုံတွေ့ခဲ့ဖူးသည့် ထင်ယောင်ထင်မှား ဖြစ်မှုနှင့် နှိုင်းယှဉ်လျှင် တုံ့ဆိုင်းမှု မရှိတော့ပေ။
တိုင်အာမြို့တော်ကို သူ ပထမဆုံး ရောက်စဥ်က မြင်ခဲ့ရသည့် မြင်ကွင်းနှင့် တူသောကြောင့် ယခုမြင်သည်နှင့် သူတန်းသိသွားသည်။
ထို့ကြောင့် ယီယွင်သည် ထင်ယောင်ထင်မှား ဖြစ်ချင်ယောင်ဆောင်ကာ သူ၏ တပ်တစ်ထောင် ဓားမောက်ကို ဆွဲထုတ်ပြီး သားရဲကြီးကို ခုတ်ချလိုက်သည်။
ထင်ယောင်ထင်မှား ဖြစ်ခြင်းသည် ထင်ယောင်ထင်မှားမှု တစ်ခုပင် ဖြစ်သည်။ သူ၏ ရှေ့တွင် ရှိနေသော ပျက်စီးခြင်း သားရဲကြီးမှာ ထင်ယောင်ထင်မှား လှည့်စားမှု တစ်ခုသာ ဖြစ်သောကြောင့် သူလုံးဝ မကြောက်ပေ။
"ချွမ်း"
တပ်တစ်ထောင် ဓားမောက်သည် လျှပ်ကနဲ အောက်ဘက်သို့ ထိုးကျသွားသည်။ ယီယွင်ကို ချက်ချင်း သတ်ပစ်နိုင်သည့် အားကြီးသည့် ပျက်စီးခြင်း သားရဲကြီးမှာ ယီယွင်၏ ဓားချက်ဖြင့် နှစ်ပိုင်းပြတ်သွားသည်။
ယီယွင်၏ လက်ထဲရှိ တပ်တစ်ထောင် ဓားမောက်မှာ သွေးများဖြင့် ပြန့်ကြဲနေသည်။
သားရဲကြီးသည် နှစ်ပိုင်းပိုင်းခံရပြီးနောက် ရုပ်ပျက်ဆင်းပျက်နှင့် ကြောက်စရာကောင်းသော သားရဲကြီး ဖြစ်သွားသည်။
ဤသို့ ပရမ်းပတာ ဖြစ်နေသော အချိန်တွင် ယီယွင်သည် ရှောင်တိမ်းကာ ရှေ့သို့ ဆက်တိုးပြီး ရှေးဟောင်း ဆေးဖက်ဝင် အပင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
မီတာသုံးဆယ်။
နှစ်ဆယ့်ခုနစ်မီတာ။
နှစ်ဆယ့်လေးမီတာ။
သူသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာစဥ် အကွာအဝေအား ရေတွက်ရင်း အသက်အောင့်ထားသည်။
သူသည် မှော်ပညာနှင့် ပြုလုပ်ထားသော ထင်ယောင်ထင်မှား အခြေအနေတွင် ရှိနေသေးသကဲ့သို့ ဟန်ဆောင်နေသော်လည်း လက်တွေ့တွင်မူ သေစေနိုင်သည့် တိုက်ခိုက်ချက်များကို ပြင်ဆင်နေသည်။
ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ မီတာနှစ်ဆယ် အကွာသို့ ရောက်နေပြီ ဖြစ်သောကြောင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာ အန္တရာယ်ရှိသည်ဟု ခံစားလာရသည်။
၎င်းသည် ယီယွင်ကို အထင်သေးသော်လည်း ရှေးဟောင်း ဆေးဖက်ဝင် အပင်များ၏ သဘာဝအရ လူသားများကို ရှောင်ရှားတတ်သည့် အလေ့အထရှိသည်။
၎င်းသည် အနည်းငယ် နောက်ပြန်ဆုတ်သွား သော်လည်း များစွာ နောက်ဆုတ် မသွားပေ။ အကြောင်းမှာ ၎င်း၏ မှော်ပညာနှင့် တိုက်ခိုက်မှုသည် ယီယွင်အပေါ် သက်ရောက်မှု မရှိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရှေးဟောင်း ဆေးဖက်ဝင် အပင်များ နောက်ဆုတ်သွားသည်ကို မြင်လိုက်ရသောအခါ ယီယွင်မှာ အနည်းငယ် စိတ်ပျက်သွားသည်။ ဤပရမ်းပတာ အခြေအနေအတွင်း ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်ရန် ပြင်ဆင်ထားသော အစီအစဥ်များသည် သဲထဲရေသွန် ဖြစ်သွားသည်။
အမှန်တကယ်တွင် ရှေးဟောင်း ဆေးဖက်ဝင်အပင်များသည် သဘာဝအရ လူသားများကို ရှောင်ရှားတတ်သည်။ လူသားတစ်ဦးသည် ၎င်းတို့အတွက် အန္တရာယ်ရှိသည်ဟု မခံစားရပါက အကွာအဝေးတစ်ခုမှ နေနေမည် ဖြစ်သည်။
တပ်တစ်ထောင် ဓားမောက်ကို အသုံးပြု၍ မတိုက်ခိုက်ခင် သူနှင့် ဆေးဖက်ဝင် အပင်ကြား အကွာအဝေးကို သုံးမီတာထက် နည်းအောင် လျှော့ချခြင်းသည် လက်တွေ့မကျပေ။
သေစေနိုင်လောက်သည့် တိုက်ခိုက်ချက်ကို ဖန်တီးရန် ယီယွင်သည် သူ၏ လေးနှင့် မြှားကို အားကိုးရမည် ဖြစ်သည်။