အင်မော်တယ် အရှင်သခင်...
Vol. 55 Ch. 825
~လုရီ၏ စိတ်အစဉ်သည်ကား အလွန်တရာ တက်ကြွလန်းဆန်းနေ၏။
အကြောင်းမူကား သူပိုင်ဆိုင်ထားသော
တာအိုစွမ်းအင် ပမာဏသည် များများစားစား မရှိလှပေ။ အလုပ်များမှ ဆုလာဘ်အဖြစ် ဤအရာအား ရရှိနိုင်သည့် အခွင့်အရေးမှာ အလွန်ပင် ရှားပါးလှသည်ကြောင့်တည်း။
အမှန်စင်စစ် သူသည် အင်မော်တယ်ဘုရင်များကို တတ်နိုင်သမျှ များများ လိုအပ်နေသည်သာ။ သူ့ထံတွင် မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များမှာ မနည်းလှဘဲ၊ တစ်ယောက်ချင်းစီအား အနည်းငယ်စီ ခွဲဝေပေးမည်ဆိုလျှင်ပင် ထိုပမာဏသည် လုံလောက်မည် မဟုတ်တော့ပေ။
သို့သော်ငြားလည်း သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ဤကောင်းကင်ကပ်ဘေးအတွင်း၌ တာအိုစွမ်းအင်များ ပါဝင်နေလိမ့်မည်ဟုပင် ဖြစ်လေ၏။
ဤသည်မှာ အိပ်ငိုက်နေသူအား ခေါင်းအုံးလာပေးသကဲ့သို့ပင် မဟုတ်ပါလော။
ထို့ကြောင့်ပင် သူသည် တာအိုစွမ်းအင်များကို ချွင်းချက်မရှိ သန့်စင်ယူတော့သည်။
နောင်တစ်ချိန်တွင် သူ၏ မိတ်ဆွေများနှင့် မိသားစုထံ ပြန်လည် ခွဲဝေပေးရန် သူက ရည်ရွယ်ထား၏။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူတို့အားလုံး အင်မော်တယ်ဘုရင် နယ်ပယ်သို့ အောင်မြင်စွာ ထိုးဖောက် ကျော်လွှားနိုင်မည့် အခွင့်အလမ်းများကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
လုရီက သူ၏အဆင့်ချိုးဖြတ်ခြင်းကို စတင်လိုက်သည်နှင့်အမျှ တာအိုစွမ်းအင်တို့သည် လှိုင်းလုံးများပမာ ရိုက်ခတ်လာ၏။ ထို့နောက် တာအိုအလင်းတန်းများက ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာတော့သည်။
မိုးကြိုးအလင်းတန်းများကြားဝယ် တာအိုစွမ်းအင်ကို သန့်စင်နေသော လုရီအား မှင်သက်ငေးမောကြည့်နေခဲ့ကြသည့် အင်မော်တယ်အရှင်သခင်တို့သည်လည်း အသိစိတ်ပြန်လည်ဝင်ရောက်လာကြပြီး၊ သူတို့၏ တုန်လှုပ်ခြောက်ခြားမှုကို ချိုးနှိမ်လိုက်ကြသည်။ ထိုအခိုက်အတန့်၌ အတွေ့အကြုံရင့်ကျက်လှသော ယွီချန်က လေးနက်စွာ တိုက်တွန်းလိုက်၏။
"အာရုံစိုက်ပြီး နားလည်ခံစားကြတော့။ ဒီလိုအခွင့်အရေးမျိုးက ကြုံတောင့်ကြုံခဲပဲ!"
ယွီရွှမ်ယီနှင့် အခြားသူများကလည်း ခေါင်းညိတ်ပြကြပြီး နေရာတွင်ပင် တင်ပျဉ်ခွေထိုင်ချကာ တာအိုဒီရေအဟုန်အတွင်းမှ မူလဇာစ်မြစ်စွမ်းအားကို နားလည်ခံစားရန် ကြိုးစားကြလေသည်။
ယွီရွှမ်ယီနှင့် အခြားသူများမှာ မူလဇာစ်မြစ်ကို ဆုပ်ကိုင်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေဖြစ်ပြီး၊ သူတို့အားလုံးသည် ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ကြသည်သာ။ လုရီ၏ တာအိုဒီရေအဟုန်က သူတို့လိုအပ်နေသော တွန်းအားကို ပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြ၏။
တာအိုဒီရေအဟုန်များ ရိုက်ခတ်လာသည်နှင့် ယခင်က ဤမြင်ကွင်းကို တွေ့ကြုံဖူးပြီးဖြစ်သော ယွီမိသားစုမှ တပည့်များက နားလည်ခံစားခြင်းကို စတင်ကြသည်။ ထျန်းမင်ကြယ်တာရာစနစ်မှ ကျင့်ကြံသူများကလည်း သူတို့နည်းတူ လိုက်လံကျင့်ကြံကြ၏။ အကြောင်းမူကား သူတို့သည် တာအိုဒီရေအဟုန်ကို တိုက်ရိုက်မကြုံဖူးသော်ငြားလည်း ဆယ်စုနှစ်အနည်းငယ်တိုင်း ထျန်းမင်၌ လုရီ၏ ဟောပြောပို့ချမှုများကို နားထောင်ခဲ့ကြဖူးသည်။
ထိုဟောပြောမှုများသည် ဤမျှ မပြင်းထန်သော်လည်း အချိန်ကြာမြင့်စွာ စုဆောင်းလာခဲ့သည့် အကျိုးသက်ရောက်မှုမှာ ကြီးမားလှသဖြင့် ဤတာအိုဒီရေအဟုန်သည် သူတို့ကို များစွာ အံ့အားသင့်စေခြင်း မရှိတော့ပေ။ သူတို့၏ တည်ငြိမ်သော တိုးတက်မှုသည် မပြတ်မလပ် ပျိုးထောင်ခံနေရခြင်းနှင့် ညီမျှနေသည်ကြောင့်တည်း။
ကောင်းကင်ကြယ်ဝာရာ နယ်မြေမှ အခြားအင်အားစုများ၏ အင်မော်တယ် ဧကရာဇ်များနှင့် ရွှေအင်မော်တယ် အဆင့်များသာလျှင် ဤမျှ ကြီးမားသော တာအိုဒီရေအဟုန်ကို ပထမဆုံးအကြိမ် တွေ့ကြုံရသဖြင့် မျက်လုံးများပြူးကျယ်ကာ စကားလုံးများပင် ပျောက်ဆုံးသွားခဲ့ရလေသည်။
ယွီမိသားစု တပည့်များက နားလည်ခံစားခြင်းကို စတင်သည်ကို မြင်မှသာ သူတို့လည်း သတိပြန်ဝင်လာပြီး အတုယူ လိုက်လုပ်ကြတော့သည်။
ထိပ်သီးအင်အားစုများမှ အင်မော်တယ်ဧကရာဇ်တို့သည် အလွန်တရာ စိတ်လှုပ်ရှားတက်ကြွနေကြ၏။ ဤမျှသော တာအိုလှိုင်းဂယက်များဖြင့် သူတို့သည် အင်မော်တယ်အရှင်သခင်နယ်ပယ်သို့ ထိုးဖောက်ကျော်လွှားနိုင်မည့် အခွင့်အရေးပင် ရှိသည်ဟု ခံစားနေကြရသည်။
ထိုအရာကား အင်မော်တယ်အရှင်သခင်နယ်ပယ် ဖြစ်၏။ အလင်းနှစ် သိန်းပေါင်းများစွာ ကျယ်ဝန်းပြီး သက်ရှိများ
မရေမတွက်နိုင်အောင် များပြားလှသည့် ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင်ပင် နှစ်ကာလ ရှည်ကြာစွာ စုဆောင်းမှုများကြောင့် ယွီမိသားစု၌သာ အင်မော်တယ် အရှင်သခင် အနည်းငယ် ရှိပြီး၊ အခြားမည်သည့် အင်အားစုကမှ တစ်ဦးတစ်ယောက်ကိုမျှ မွေးထုတ်နိုင်ခဲ့ခြင်း မရှိချေ။
သို့သော် ယခုမူ အခွင့်အရေးသည် သူတို့၏ မျက်စိရှေ့မှောက်၌ပင် ရှိနေလေပြီ။
သို့ဖြစ်ရာ သူတို့ မည်သို့လျှင် စိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။
ဧရာမ အခွင့်အလမ်းကြီး တစ်ခုပင်တည်း။
ထိပ်တန်းအဆင့် အင်မော်တယ် ဧကရာဇ်များ တစ်ဦးပြီးတစ်ဦး သူတို့၏ စိတ်ခံစားချက်များကို လေးနက်စွာ ချိုးနှိမ်လိုက်ကြပြီး ဤနားလည်ခံစားခြင်းကို အလွန်တရာ အလေးအနက်ထားမှုနှင့် တည်ကြည်မှုတို့ဖြင့် ချဉ်းကပ်ကြတော့သည်။ အကြောင်းမှာ ဤတစ်ကြိမ်ပြီးနောက် သူတို့ထံတွင် ဤသို့သော အခွင့်အရေး ထပ်မံရရှိဦးမည် မဟုတ်သည်ကို သူတို့ကိုယ်တိုင်ပင် မသိနိုင်သောကြောင့် ဖြစ်၏။
...
တာအိုဒီရေအဟုန်၏ အကျိုးသက်ရောက်မှုအောက်တွင် လုရီမှာမူ စိတ်တစ််ခုတည်းဖြင့် အရာခပ်သိမ်းကို တစ်ပြိုင်နက်တည်း ကိုင်တွယ်လျက်ရှိသည်။ တစ်ဖက်တွင် သူ၏ အတွင်းကမ္ဘာ၌ နိယာမမူလဇာစ်မြစ်စွမ်းအားကို ရေးထွင်းရင်း တာအိုကို နားလည်ခံစားနေပြီး၊ အခြားတစ်ဖက်တွင်မူ ကောင်းကင်ကပ်ဘေးအတွင်းမှ တာအိုစွမ်းအင်ကို ဆက်လက်သန့်စင်နေလေ၏။
ယခုလက်ရှိ လုရီအတွက်မူ မူလဇာစ်မြစ်ကို နားလည်ရန်မှာ ခက်ခဲသော အရာတစ်ခု မဟုတ်တော့ပေ။ တာအိုစွမ်းအင်နှင့် သူ၏ ပေါင်းစပ်မှုက ပိုမိုနှစ်သက်ဖွယ်ရာ တိုးတက်လာသည်နှင့်အမျှ မူလဇာစ်မြစ်စွမ်းအားသည်လည်း ပင်ကိုအသိစိတ်အလား အလိုအလျောက် ကြီးထွားအားကောင်းလာတော့သည်။
လက်ရှိ လုရီအတွက် သူကိုင်စွဲထားသော မူလဇာစ်မြစ်စွမ်းအားအမျိုးမျိုးသည် သူ အင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ စတင် ထိုးဖောက်ကျော်လွှားခဲ့စဉ်ကထက် များစွာ ပိုမိုအားကောင်းနေလေပြီ။
ထို့ပြင် သူသည် အင်မော်တယ်အရှင်သခင်နယ်ပယ်သို့ ထိုးဖောက်ကျော်လွှားပြီးသည်နှင့် သူ၏အတွင်းမှ တာအိုစွမ်းအင် ပေါင်းစပ်မှုသည် ပို၍ပင် အရှိန်မြန်လာပေဦးမည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအင်အားလုံးကို ပေါင်းစပ်ပြီးသည်နှင့် သူ၏ မူလဇာစ်မြစ်သည် ပြည့်စုံလုနီးပါး ဖြစ်သွားနိုင်ပြီး၊ အင်မော်တယ် ဧကရာဇ်တစ်ပါးမှသာ ကိုင်စွဲနိုင်သည့် မူလဇာစ်မြစ်စွမ်းအားကို သူ ကျွမ်းကျင်စွာ ပိုင်နိုင်သွားပေလိမ့်မည်။
အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် မူလဇာစ်မြစ်စွမ်းအားကို စတင်ဆုပ်ကိုင်မိရုံသာရှိပြီး နားလည်ခံစားခြင်းအဆင့်တွင်သာ ရှိနေသေး၏။ အပြည့်အဝကျွမ်းကျင်ပိုင်နိုင်မှုနှင့် နှိုင်းယှဉ်ပါက အသုံးချမှုဆိုင်ရာ ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။
လုရီ၏ အတွေးများက တောင်စဉ်ရေမရ ဖြစ်နေသော်လည်း သူ၏လက်များကမူ ရပ်တန့်မသွားခဲ့။
သူ၏အတွင်း၌ အဆင့်ချိုးဖြတ်ခြင်း တိုးတက်လာသည်နှင့်အမျှ အတွင်းကမ္ဘာသည်လည်း မပြတ်မလပ် ကျယ်ပြန့်လာသည်။ တာအိုစွမ်းအင်တို့က လှိုင်းလုံးများပမာ ရိုက်ခတ်ကာ နက်နဲဆန်းကြယ်သော တာအိုအင်းကွက်များအဖြစ်သို့ ပြောင်းလဲသွားပြီး လုရီ၏ အတွင်းကမ္ဘာနှင့် လုံးဝဥဿုံ ပေါင်းစပ်သွားလေ၏။
ဖရိုဖရဲချီစွမ်းအင်များကလည်း လှုပ်ခတ်နေပြီး၊ တုန်ခါမှုတစ်ခုချင်းစီတိုင်းတွင် ထူးခြားသော အနှစ်သာရတစ်ခုက ပျံ့လွင့်ထွက်ကာ လုရီ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံး သူ၏ရုပ်ခန္ဓာ၊ ဝိညာဉ်နှင့် တာအိုစွမ်းအင်တို့ကို သိသာစွာ အားဖြည့်ပေးနေတော့၏။
လုရီသည် သူ၏စွမ်းအားက ကြောက်မက်ဖွယ်ရာနှုန်းဖြင့် တိုးတက်နေသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မိုးကြိုးအလင်းရောင်များ လျော့ပါးသွားပြီး တာအိုဒီရေအဟုန်က ရိုက်ခတ်လာသည်။ တဖြည်းဖြည်းနှင့် မိုးကြိုးအလင်းရောင်များ မှေးမှိန်သွားကာ ဟင်းလင်းပြင်ထဲမှ မမြင်နိုင်သော ဟိန်းသံများနှင့် ဖိအားများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
လုရီသည် ဟင်းလင်းပြင်၌ မတ်တပ်ရပ်လျက်ရှိသည်။ သူ၏ အဝတ်အစားများမှာ ကြေမွမှု
တစ်စိုးတစ်စိမျှမရှိဘဲ သူ၏အရှိန်အဝါမှာလည်း တိုင်းတာ၍မရအောင် နက်ရှိုင်းနေပြီး သူ၏ဖိအားမှာလည်း ယခင်ကထက် များစွာ သာလွန်သွားခဲ့လေပြီ။
မကြာမီပင် လုရီသည် အဆင့် ချိုးဖြတ်ပြီးနောက် ရရှိလာသော စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်သွား၏။ သူ၏အရှိန်အဝါများက ပြန်လည်စုစည်းသွားပြီး ဖိအားများကလည်း တည်ငြိမ်သွားရာ သူသည် သာမန်လူ တစ်ယောက်နှင့်
မခြားတော့ပေ။
သူသည် လေးလံသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ကျေနပ်အားရသော အပြုံးတစ်ပွင့်က မျက်နှာထက်၌ ဖြစ်ပေါ်လာလေ၏။
ဤတစ်ကြိမ်မှ အကျိုးအမြတ်များမှာ ကြီးမားလှပေသည်။ အဆင့်ချိုးဖြတ်ခြင်းမှ ရရှိသည့် အစွမ်းမြှင့်တင်မှုများကို ထည့်မပြောလျှင်ပင်၊ ကောင်းကင်ကပ်ဘေးမှ ဆွဲထုတ်ယူငင်ခဲ့သည့် တာအိုစွမ်းအင်မျှင် ရာပေါင်းများစွာသည်ပင်လျှင် ယခင်က အလုပ်များမှ ဆုလာဘ်အဖြစ် ရခဲ့သည်ထက် များစွာ ပို၍ များပြားလှသည်။ ထိုပမာဏသည် သူ၏ မိတ်ဆွေ သူငယ်ချင်းများနှင့် မိသားစုဝင်အားလုံးအတွက် ခွဲဝေပေးရန် လုံလောက်သည်ထက်ပင် ပိုနေသေးပြီး၊ သူ၏
စီနီယာအစ်မနှင့် အခြားသူများအတွက်လည်း အတော်များများ ရရှိကြပေဦးမည်။
လုရီက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ယွီချန်နှင့် အခြားသူများမှာ တာအိုဒီရေအဟုန်အောက်တွင် နားလည်ခံစားနေကြဆဲ ဖြစ်သည်။
သူသည် သူတို့ကို အနှောင့်အယှက်မပေးဘဲ ထိုနေရာ၌ပင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ကျောက်စိမ်းကြယ်တာရာဆီသို့ ပြန်လည်ရောက်ရှိသွားတော့၏။
သူ၏အခန်းထဲသို့ ပြန်ရောက်ပြီး မကြာမီမှာပင် လုရီ၏ ပတ်ပတ်လည်၌ ထူထပ်သော တာအိုအင်းကွက်များက အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအင်းကွက်များက အခန်းကို ပြင်ပကမ္ဘာနှင့် လုံးဝ သီးခြားခွဲထုတ်လိုက်ပြီး ဤစကြဝဠာ၏ အစိတ်အပိုင်းတစ်ခု မဟုတ်တော့သည့်အလား ထင်မှတ်ရလေသည်။
အင်မော်တယ်အရှင်သခင်နယ်ပယ်သို့ ထိုးဖောက်ကျော်လွှားပြီးနောက်၊ လုရီ၏ မူလဇာစ်မြစ်စွမ်းအားအမျိုးမျိုးအပေါ် နားလည်နိုင်စွမ်းသည် အခြေခံကျသော ထိုးဖောက်ကျော်လွှားမှုတစ်ခုကို ရရှိခဲ့ပြီး၊ တာအိုအပေါ် သူ၏အမြင်မှာလည်း ထူးခြားစွာ ပြောင်းလဲသွားခဲ့၏။ သူအလိုရှိပါက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် စကြဝဠာနှင့် သီးခြားလွတ်လပ်သော ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်ပေသည်။