ထူးခြားသောပြောင်းလဲမှု...
Vol. 56 Ch. 829
~"အင်မော်တယ်အရှင်သခင် ဖြစ်သွားပြီးနောက်မှာလည်း သိပ်ပြီးတော့ ထူးခြားသွားပုံမပေါ်ပါဘူးလား။ အပိုလက်တွေ ခြေထောက်တွေလည်း ပါမလာဘူးပဲ။"
လင်းလောင်တောင်ထိပ်သခင်မက ဘာမှမထူးခြားသလိုပင် လုရီ၏ ကိုယ်ကို တို့ထိလိုက်လေသည်။
အခြားသူများကလည်း မျက်လုံးများ ပြူးကျယ်လျက် တဖျပ်ဖျပ်လက်နေသော အကြည့်များဖြင့် လုရီအား စူးစိုက်ကြည့်နေကြ၏။ သူ အင်မော်တယ်အရှင်သခင် ဖြစ်သွားပြီးနောက် မည်သို့သော ကွာခြားမှုများ ရှိလာသည်ကို ရှာဖွေတွေ့ရှိရန် ကြိုးစားနေသည့်အလားပင်။ အတော်အတန် တိတ်ဆိတ်ငြိမ်သက်လေ့ရှိသော လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့ပင်လျှင် သိလိုစိတ်ဖြင့် အနားသို့ တိုးကပ်ကာ စစ်ဆေးကြည့်ရှုနေကြသည်။
သူမတို့၏ လက်ငယ်လေးများဖြင့် အကြိမ်ကြိမ် လာရောက်ထိတွေ့ခံနေရသော လုရီမှာမူ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်၏။
"ဒီအတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ကျွန်တော့်ကို ယဉ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်ကြနဲ့ နော်။"
လုရီ၏ စကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လျိုနင်ရွှမ်းနှင့် အခြားသူများ၏ ကိုယ်မှာ တောင့်တင်းသွားကြပြီးနောက် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ သူ့ထံမှ အနည်းငယ် ခွာလိုက်ကြတော့သည်။
ထို့နောက် လုရီသည် သူမတို့ကို အခြားနန်းတော်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။ ထိုနန်းတော်မှာ ယွီမိသားစုက ထျန်းမင်မှ ကျင့်ကြံသူများ နေထိုင်ရန် သတ်မှတ်ပေးထားသော နေရာဖြစ်၏။
လင်းလောင်တောင်ထိပ်သခင်မနှင့် ယွီရှင်းတို့၏ အဆိုအရ ဤနန်းတော်သည် အင်မော်တယ်အရှင်သခင်အဆင့် စွမ်းအားရှင်များသာ အသုံးပြုလေ့ရှိပြီး အမြင့်ဆုံးအဆင့် ဝိညာဉ်စုစည်းခြင်း အင်မော်တယ်အခင်းအကျင်းနှင့် အကောင်းဆုံးသော ပတ်ဝန်းကျင်တို့ကို ထည့်သွင်းတည်ဆောက်ထားလေသည်။
အခြားကြယ်တာရာနယ်မြေများမှ ထိပ်သီးစွမ်းအားရှင်များ လာရောက်လည်ပတ်သည့်အခါမှသာ ဤနေရာကို အသုံးပြုလေ့ရှိ၏။
သို့သော်ငြားလည်း လုရီ၏ မျက်နှာကြောင့် ယွီမိသားစုသည် သူ၏မိသားစုနှင့် မိတ်ဆွေများကိုလည်း ထိပ်တန်းအဆင့် ဧည့်သည်တော်များအဖြစ် သဘောထားကာ ဆက်ဆံကြလေသည်။
သူ ရောက်ရှိသွားသည်နှင့် လုရီအား
လုကောင်းယန်၊ ဝမ်စီးချီ၊ အကြီးအကဲရွှမ်နှင့် အကြီးအကဲမင်၊ ဝူချင်းဖုန်းစသည့် ပုဂ္ဂိုလ်တို့က စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် ကြိုဆိုကြသည့်အပြင် ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် ထိုက်ယီသူတော်စင်သားတော်တို့ကဲ့သို့သော မိတ်ဆွေများလည်း ရှိနေကြသည်။
သူတို့အားလုံးသည် လုရီကို မြင်ရသည့်အတွက် အလွန်တရာ စိတ်လှုပ်ရှားနေကြ၏။
အထူးသဖြင့် လုကောင်းယန်နှင့်၊ ဝမ်စီးချီတို့မှာမူ ဤအခိုက်အတန့်၌ သူတို့၏ ဘဝကိုပင် အနည်းငယ် သံသယဝင်နေကြသည်။
လုကောင်းယန်သည် သူကိုယ်တိုင် မည်သို့သော ပါရမီနှင့် အစွမ်းအစမျိုးကို ပိုင်ဆိုင်ထားသည်ကို ကောင်းစွာသိသောကြောင့် လုရီသည် အမှန်တကယ် သူ၏ သားအရင်း ဟုတ်၊ မဟုတ်ကိုပင် မေးခွန်းထုတ်နေမိသည်။
သူ့လိုလူက ဒီလို အံ့မခန်း ပါရမီရှင်မျိုးကို ဘယ်လိုလုပ် မွေးထုတ်နိုင်မှာလဲ လေ။
ပြန်လာရာလမ်းတစ်လျှောက်တွင် ယွီရှင်းနှင့် အခြားသူများမှာ လုရီအပေါ် အလွန်တရာ ဖော်ရွေကြပြီး လုရီသည် ရှေးပဝေသဏီကတည်းက အသက်အငယ်ဆုံးသော အင်မော်တယ်အရှင်သခင် ဖြစ်နိုင်ကြောင်းကိုပင် အရိပ်အမြွက် ပြောကြားခဲ့ကြသေးသည်။
ထိုအရာသည် မည်သို့သော အဓိပ္ပာယ်မျိုးကို ဆောင်လေသနည်း။
လုကောင်းယန်က ထိုအရာမှာ ချဲ့ကားလွန်းသော အရာတစ်ခုဖြစ်ကြောင်းကိုတော့ သိ၏။
သို့သော် လုကောင်းယန်က သူ၏သံသယကို ထုတ်ဖော်ပြောကြားလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်စီးချီ၏ တဘုန်းဘုန်း ထုရိုက်ဆုံးမခြင်းကို
ခံလိုက်ရသည်။ ထိုလူငယ်လေးသည် သူမ၏ ကိုယ်ပိုင်ဝမ်းမှ ပေါက်ဖွားလာသော အသွေးအသား ဖြစ်သည်ကို သူမ ကောင်းစွာသိနေသည် မဟုတ်ပါလော။ သူမ၏ ကိုယ်ပိုင်သားမဟုတ်လျှင် အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။
လုရီ၏ ပါရမီက အဘယ့်ကြောင့် ဤမျှ အံ့ဩဖွယ်ကောင်းရသနည်းဟူသော အမေးအတွက်မူ ဝမ်စီးချီက ထူးခြားသောပြောင်းလဲမှုတစ်ခုခုကြောင့် ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။
လုရီမှာမူ သူတို့၏ စကားများကြောင့် မျက်နှာတွင် အမည်းရောင် မျဉ်းကြောင်းများ ပြည့်နှက်သွားပြီး လုံးဝ စကားမပြောနိုင်တော့ပေ။
ဘာထူးခြားတဲ့ ပြောင်းလဲမှုလဲ၊ ဘာသားအရင်း မဟုတ်ရမှာလဲ။
မိမိသည် ကျင့်ကြံခြင်း ကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှန်သော်လည်း သန္ဓေသား ဘဝကတည်းက ကူးပြောင်းခဲ့ခြင်း ဖြစ်ရာ ဝမ်စီးချီနှင့် လုကောင်းယန်တို့သည် မိမိ၏ အရင်းအချာ ဇီဝမိဘများ ဖြစ်ကြသည်သာ။ ထူးခြားသော ပြောင်းလဲမှုဟု ဆိုရမည်ဆိုလျှင်မူ… ရွှေလက်ချောင်းကို ထည့်တွက်မည် ဆိုပါက ထိုအရာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
လုကောင်းယန်နှင့် ဝမ်စီးချီတို့သည် စိတ်မသက်မသာမဖြစ်ဘဲ အဆင်ပြေနေသည်ကို မြင်သောအခါ လုရီလည်း စိတ်အေးသွားရသည်။
ထို့နောက်တွင်မူ လုရီသည် ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် အခြားသူများနှင့် စကားစမြည်ပြောဆိုကာ သူတို့ကို ကြိုးစားကျင့်ကြံကြရန် တိုက်တွန်းပြီးနောက် သူ၏ ကိုယ်ပိုင်အခန်းသို့ ပြန်လာကာ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ကျိုယိုမိစ္ဆာများ နိုးထလာပြီ ဖြစ်သောကြောင့်
လုရီသည် အလွန် အရေးတကြီး၊ အလျင်စလိုဖြစ်နေမိလေသည်။ သူသည်
အင်မော်တယ် အရှင်သခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း စိတ်ထဲ၌မူ သက်သာမရ ရှိနေဆဲပင်။
ထို့အပြင်... ထိုကျိုယိုမိစ္ဆာများ၏ အဆိုအရ သူ အဆင့်ချိုးဖြတ်တိုင်း ဖြစ်ပေါ်လာသော တာအိုဒီရေအဟုန်သည် ကျိုယိုကမ္ဘာ၌လည်း အလားတူ လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
သူ၏ မကြာသေးမီက အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော တာအို ဒီရေအဟုန်၏ ချဲ့ကားလွန်းသော အတိုင်းအတာကို ထည့်သွင်းစဉ်းစားပါက ကျိုယိုကမ္ဘာ၌ မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်မည်ကို မည်သူသိနိုင်မည်နည်း။ ထိုအရာက အမှန်တကယ် လက်ရှိ တည်ရှိနေသော စကြဝဠာကို ထိခိုက်နိုင်မည်လော။
လုရီသည် အလွန်တရာ စိုးရိမ်နေမိသော်လည်း ကံမကောင်းစွာဖြင့် သူ အတိအကျ မသိနိုင်ချေ။ သူ လုပ်နိုင်သမျှမှာ ဖြစ်ပေါ်လာနိုင်သည့်
မည်သည့် အရေးပေါ် အခြေအနေကိုမဆို ကိုင်တွယ်နိုင်ရန်အတွက် သူ၏ ကိုယ်ပိုင် အစွမ်းကို အကောင်းဆုံး ဖြစ်အောင် မြှင့်တင်ရန်သာ ဖြစ်သည်။
ထိုသို့ဖြင့် လပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီးနောက် ယွီယွမ်ယိုနှင့် အခြားအချို့မှာ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာကြပြီး လုရီထံသို့ ချဉ်းကပ်လာကြသည်။ သူတို့သည် မူလဇာစ်မြစ်စွမ်းအားကို နားလည်ခံစားလိုပြီး လုရီက သူတို့ကို အကာအကွယ်ပေးစေလိုကြောင်း ဆန္ဒထုတ်ဖော်ပြောကြားကြတော့၏။