← Chapters

ကျိုယိုမှ စူးစိုက်ကြည့်သောအကြည့်...

Vol. 56 Ch. 830

ကျိုယိုမှ စူးစိုက်ကြည့်သောအကြည့်...

Vol. 56 Ch. 830

~ယွီမိသားစု၏ အင်မော်တယ်အရှင်သခင်များ၏ တောင်းဆိုချက်ကို လုရီက အဆင်သင့်ပင် သဘောတူလိုက်၏။

ယခုအခါတွင် သူသည် ယွီမိသားစု၏ အင်မော်တယ်အရှင်သခင်များ အဆင့်ချိုးဖြတ်နိုင်မည်ကို ပို၍ပင် မျှော်လင့်နေမိသည်။ ဖြစ်နိုင်ပါက တစ်ယောက်ချင်းစီတိုင်း အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိသွားစေလိုပြီး ထိုသို့ဖြစ်လာပါက သူ၏ကိုယ်ပိုင်ဖိအားမှာလည်း အနည်းငယ် လျော့ကျသွားပေလိမ့်မည်။

ယွီမိသားစု၏ အင်မော်တယ်အရှင်သခင်များ၏ အဆင့်ချိုးဖြတ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် မသိစေခဲ့ပေ။ ယွီရှင်းကဲ့သို့သော ယွီမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်အနည်းငယ်သာ အခြေအနေကို သိရှိကြပြီး သူတို့သည် လုရီနှင့်အတူ ကျောက်စိမ်းကြယ်တာရာနှင့် မနီးမဝေးတွင်ရှိသော လူသူကင်းမဲ့သည့် ဂြိုဟ်တစ်လုံးဆီသို့ ရောက်ရှိလာကြသည်။

ယွီမိသားစု၏ အင်မော်တယ်အရှင်သခင်များသည် ဤနေရာတွင် သူတို့၏ အဆင့်ချိုးဖြတ်ခြင်းကို ကြိုးပမ်းရန် စီစဉ်ထားကြ၏။

"ဘိုးဘေးတို့၊ တစ်ယောက်ချင်းစီ နားလည်ခံစားကြမှာလား၊ ဒါမှမဟုတ် အားလုံး အတူတူပဲလား။"

လုရီက ယွီမိသားစု၏ အင်မော်တယ်အရှင်သခင်အများအပြားကို ကြည့်ကာ မေးမြန်းလိုက်သည်။

ယွီရွှမ်ယီနှင့် အခြားသူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ယွီယွမ်ယိုက ဖြည်းညှင်းစွာ ဆိုလာသည်။

"တစ်ကြိမ်မှာ တစ်ယောက်ပဲ လုပ်ကြတာပေါ့။ ငါ အရင်ဆုံး သွားလိုက်မယ်။"

ယွီယင်းကလည်း မျက်နှာထက်မှ လှပသောအပြုံး တစ်ပွင့်ဖြင့် ရှင်းပြလာသည်။

"ငါတို့ ဒီအကြောင်းကို ဆွေးနွေးပြီးကြပါပြီ။

ယွီချန် နားလည်ခံစားတုန်းက မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်လေ။ အကယ်၍ ငါတို့အားလုံး အတူတူ နားလည်ခံစားနေတုန်း မတော်တဆမှုတစ်ခု ထပ်ဖြစ်ခဲ့ရင် မင်းအတွက် အခက်အခဲဖြစ်သွားလိမ့်မယ် ရီအာ။ တစ်ယောက်ချင်းစီ အဆင့်ချိုးဖြတ်တာက ပိုကောင်းပါတယ်။ မတော်တဆမှုတွေ မရှိခဲ့ရင်တောင်မှ ငါတို့က လေ့လာခွင့်ရပြီး ကိုယ်ပိုင်နားလည်ခံစားမှုအတွက် အကျိုးရှိစေနိုင်သေးတယ်။"

လုရီက ခေါင်းညိတ်လိုက်ပြီး သဘာဝအတိုင်းပင် ကန့်ကွက်ခြင်းမရှိဘဲ ခပ်ဖွဖွရယ်မောလိုက်၏။

"အကယ်၍ ဘိုးဘေးယွမ်ယိုသာ အဆင့်တက်နိုင်ခဲ့ရင် ဘိုးဘေးတို့ ကျန်တဲ့သူတွေအတွက် အကိုးအကားတစ်ခုအဖြစ် အသုံးတော်ခံနိုင်မှာ အမှန်ပါပဲ။"

ယွီပေါ်ယွင်က ခေါင်းညိတ်လိုက်ပြီး ယွီရှင်း၊

ယွီရှန်းယွင်နှင့် အခြားသူများဘက်သို့ လှည့်ကာ ဆိုသည်။

"မင်းတို့အားလုံးလည်း သေချာဂရုစိုက်ပြီး လေ့လာကြရမယ်။ ဒါက မင်းတို့ရဲ့ မူလဇာစ်မြစ်ကို နားလည်ခံစားနိုင်စွမ်းအတွက် အလွန်အမင်း အထောက်အကူဖြစ်စေလိမ့်မယ်။"

ယွီရှင်းနှင့် အခြားသူများကလည်း သဘာဝအတိုင်းပင် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ယွီမိသားစုဘိုးဘေးများအတွက် အကာအကွယ်ပေးသူများအဖြစ် လိုက်ပါလာကြသည်မှန်သော်လည်း လုရီ ရှိနေသဖြင့် သူတို့အတွက် လိုအပ်ချက်မှာ အနည်းငယ်မျှသာဖြစ်ကြောင်းကို အားလုံးသိကြသည်။ သူတို့၏ အဓိကရည်ရွယ်ချက်မှာ ဤနေရာတွင် လေ့လာပြီး နားလည်ခံစားရန်သာ ဖြစ်၏။

"စတင်တော့။"

ယွီယွမ်ယိုသည် စကားများများမဆိုဘဲ ပြတ်သားလှ၏။ သူ၏စိတ်အခြေအနေကို ညှိယူပြီးနောက် သူသည် လူသူကင်းမဲ့သော မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

သူသည် နားလည်ခြင်းကို အထောက်အကူပြုမည့် ဆေးလုံးအမျိုးမျိုးနှင့် သူ၏စိတ်အခြေအနေကို မြှင့်တင်ပေးမည့် ဆေးလုံးများကို ထုတ်ယူလိုက်ပြီး မမျှော်လင့်ထားသော လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်လိုက်၏။

သူ့ကိုယ်သူ ယွီချန်ကဲ့သို့ နှလုံးသားမိစ္ဆာနှင့် ကြုံတွေ့ရမည်ဟု မတွေးထားသော်လည်း သတိထားခြင်းက ပို၍ကောင်းသည် မဟုတ်ပါလော။

ယွီယွမ်ယိုသည် နိယာမအတွင်း၌ နစ်မြုပ်သွားပြီး တာအိုနှင့် ပေါင်းစည်းကာ မူလဇာစ်မြစ်ကို စတင်နားလည်ခံစားတော့သည်။ သူ့ပတ်လည်မှ နေရာလပ်သည် စတင် တွန့်ကွေးလာပြီး ကမ္ဘာလောကများ တစ်ခုပြီးတစ်ခု ထင်ရှားပေါ်ပေါက်လာလေသည်။

ဤကမ္ဘာလောကများသည် လေထဲမှ တစ္ဆေများကဲ့သို့ အလွန်တရာ ပုံရိပ်ယောင်ဆန်လှ၏။

ထို့အပြင် ယွီယွမ်ယို၏ ပတ်ပတ်လည်၌ နက်နဲဆန်းကြယ်သော တာအိုအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများအတွင်း၌ ပုံရိပ်ယောင်နိယာမကို ကိုယ်စားပြုသော တာအိုအင်းကွက်များ စုစည်းကာ သူ၏ကိုယ်ကို လှည့်ပတ်စီးဆင်းနေတော့သည်။

လုရီနှင့် အခြားသူများမှာ တိတ်ဆိတ်စွာပင် ဤမြင်ကွင်းကို ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် နာရီအနည်းငယ်အကြာတွင် ယွီယွမ်ယို၏ ပတ်လည်မှ ပုံရိပ်ယောင်ကမ္ဘာများသည် ရုတ်တရက် လှုပ်ခတ်လာပြီး အစိုင်အခဲအဖြစ်သို့ စတင်စုစည်းလာသည်။ သူ၏ကိုယ်ပတ်လည်မှ တာအိုအင်းကွက်များသည် ပိုမိုရှုပ်ထွေးနက်နဲလာပြီး တာအိုနှင့် ပေါင်းစည်းသွားသည့်အလားပင်။ ဤမြင်ကွင်းကို ကြည့်ရှုနေရုံမျှဖြင့် နိယာမတို့၏ အဆုံးမဲ့သော နက်နဲမှုများကို မျက်ဝါးထင်ထင် တွေ့မြင်နေရသကဲ့သို့ ရှိလေသည်။

လူတိုင်း၏ နှလုံးသားထဲတွင် တုန်လှုပ်သွားရသည်။ ယွီရှင်းနှင့် အခြားသူများမှာ အခွင့်အရေးအသေးငယ်ဆုံးကိုပင် လက်လွှတ်မခံဝံ့ဘဲ ပုံရိပ်ယောင်နိယာမကို တာအိုနှင့် ပေါင်းစည်းခြင်းဖြစ်စဉ်အား စုပ်ယူမှတ်သားနေကြ၏။

ထိုအခိုက်အတန့်၌ ယွီယွမ်ယို၏ ကိုယ်သည် တုန်ခါသွားပြီး သူ၏မျက်နှာထက်တွင် ရက်စက်သော အမူအရာတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်ကမ္ဘာများထဲတွင် မည်းနက်သော မြူခိုးမျှင်တန်းများနှင့်အတူ မိစ္ဆာအငွေ့အသက်များ လျှံတက်ထွက်ပေါ်လာတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ယွီရွှမ်ယီနှင့် အခြားသူတို့၏ သူငယ်အိမ်များက ချက်ချင်း ကျုံ့သွားကြသည်။

" နှလုံးသားမိစ္ဆာပဲ။"

"ဟာ...ယွီချန်နဲ့တုန်းကလိုပဲ၊ နှလုံးသားမိစ္ဆာတစ်ခု ထပ်ပြီးတော့ ပေါ်လာခဲ့ပြီ။"

သူတို့၏ စိတ်အစဉ်မှာ ခဲဆွဲသလို လေးလံသွားပြီး အနည်းငယ် စိုးရိမ်ပူပန်လာကြသည်။

နှလုံးသား မိစ္ဆာတစ်ခု အမှန်တကယ် ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

လုရီ၏ နှလုံးသားသည်လည်း အနည်းငယ် လေးလံသွား၏။ အကယ်၍ ဘိုးဘေးယွီချန်တစ်ဦးတည်းသာ သူ၏ မူလဇာစ်မြစ်ကို နားလည်ခံစားစဉ် နှလုံးသား မိစ္ဆာနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါက ထိုအရာက များစွာ အဓိပ္ပာယ်သက်ရောက်မည် မဟုတ်ပေ။ သို့သော် ယခုအခါ ဘိုးဘေး ယွမ်ယိုသည်လည်း သူ၏ နားလည်ခံစားမှုအတွင်း နှလုံးသား မိစ္ဆာ တစ်ကောင်ကို မွေးထုတ်လိုက်ပြီ ဖြစ်သောကြောင့် သူ မထိန်းနိုင်ဘဲ စိုးရိမ် ထိတ်လန့်သွားရသည်။

ဤမျှနှစ်ပေါင်းများစွာ စကြဝဠာထဲတွင်

အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်အင်ပါယာအသစ်များ မပေါ်ထွက်လာခြင်းသည် ဤကိစ္စနှင့် သက်ဆိုင်နေလောက်၏။

အကယ်၍ အင်မော်တယ်အရှင်သခင်တိုင်းသည် မူလဇာစ်မြစ်ကို နားလည်ခံစားရန် ကြိုးစားတိုင်း နှလုံးသားမိစ္ဆာနှင့် ကြုံတွေ့ရမည်ဆိုပါက မည်မျှသော အရေအတွက်က ထိုအရာကို ချိုးဖျက်ကျော်လွှားနိုင်မည်နည်း။

အတွေးများ သူ့စိတ်ထဲတွင် လျင်မြန်စွာ လည်ပတ်နေစဉ်မှာပင် လုရီ၏ ကိုယ်သည် လှုပ်ရှားသွားခဲ့ပြီး ဖြစ်သည်။

ခြေတစ်လှမ်းတည်းဖြင့် သူသည် ယွီယွမ်ယို၏ ဘေးသို့ ရောက်ရှိသွား၏။

ပုံရိပ်ယောင် ကမ္ဘာအတွင်း၌ မိစ္ဆာအငွေ့အသက်များ လည်ပတ်နေသော ထိုနေရာတွင်

ယွီယွမ်ယို၏ နှလုံးသား မိစ္ဆာအရိပ်က လုရီထံသို့ တရကြမ်း တိုးဝင်တိုက်ခိုက်လာသည်။

သို့သော် လုရီသည် ထိုအင်မော်တယ်အရှင်သခင်နယ်ပယ်ရှိ အရိပ်များကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ရုံမျှသာ။ ထိုအရိပ်များသည် နေရာတွင်ပင် တောင့်ခဲသွားပြီးနောက် မည်းနက်သော မြူခိုးမျှင်များအဖြစ်သို့ အငွေ့ပျံ ပျောက်ကွယ်သွားလေတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စိုးရိမ်နေခဲ့ကြသော ယွီရွှမ်ယီနှင့် အခြားသူများမှာ ယခုအခါတွင်မူ ‌မှင်သက်သွားကြသည်။

သူတို့သည် လုရီကို ကြောင်ငေးကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်သွားသည်။

သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် ထူးဆန်းနေတော့၏။

"...ဒါက အင်မော်တယ်အရှင်သခင်နယ်ပယ်က အစွမ်းထက်တဲ့ နှလုံးသားမိစ္ဆာအရိပ်တစ်ခုလေ၊ ဒါပေမဲ့... အဲ့ဒီအတိုင်းပဲ ပျောက်ကွယ်သွားတယ် ဟုတ်လား။"

ယွီရွှမ်ယီက မယုံကြည်နိုင်စွာဖြင့် အာမေဋိတ်သံပြုလိုက်သည်။

ယွီယင်းကလည်း လေသံတိုးတိုးဖြင့် မြည်တမ်းလိုက်၏။

"...ရီအာ ဘယ်လိုလုပ်လိုက်တာလဲ။ သူ တကယ်ပဲ ဘာလုပ်လိုက်ပါလိမ့်နော်။"

သူတို့သည် အင်မော်တယ်အရှင်သခင်နယ်ပယ်၏ အထွတ်အထိပ်တွင်ရှိသော စွမ်းအားရှင်များ ဖြစ်ကြသော်လည်း လုရီ တိတိကျကျ မည်သို့ လုပ်ဆောင်လိုက်သည်ကိုမူ မခွဲခြားနိုင်ကြပေ။

သူတို့သာမက အနီးအနားမှ ယွီရှင်းနှင့် အခြားသူများမှာလည်း အလားတူပင် အံ့အားသင့်နေကြသည်။

ယခင်က ယွီချန်၏ နှလုံးသားမိစ္ဆာကို ကိုင်တွယ်စဉ်က လုရီသည် ဤမျှ သက်သောင့်သက်သာရှိပုံ မပေါ်ခဲ့ပေ။

သို့သော် တစ်ဖန် ပြန်စဉ်းစားကြည့်လျှင် ထိုအချိန်က လုရီ၏ အစွမ်းနှင့် ယခုအချိန်သည် သဘာဝအတိုင်းပင် ကွဲပြားနေပြီ ဖြစ်သည်။ သူသည် ယခုအခါတွင် အင်မော်တယ်အရှင်သခင်နယ်ပယ်သို့ ရောက်ရှိနေပြီ မဟုတ်ပါလော။

ဒီကောင်လေးက... ပိုပြီးတော့ အားကောင်းလာပြန်ပြီ...

အတွင်းစိတ်ထဲတွင် ယွီရှင်းနှင့် အခြားသူများမှာ သက်ပြင်းချလိုက်ကြပြီး အိပ်မက်ဆန်သလို ခံစားနေရသည်။

သူတို့ အံ့အားသင့်နေကြစဉ်မှာပင် လုရီ၏ ပတ်ပတ်လည်၌ တာအိုစွမ်းအင်များ လှိုင်းလုံးများပမာ ရိုက်ခတ်လာပြီး ကြမ်းတမ်းသော မျက်နှာအမူအရာ ဖြစ်နေသည့် ယွီယွမ်ယိုကို ဖုံးလွှမ်းသွားသည်။

ထို့နောက် သူသည် "ထိုက်ရွှမ်းစိတ်နှလုံးသန့်စင်မန္တာန်" ကို အသုံးပြုကာ နှလုံးသားမိစ္ဆာကို

ချေဖျက်လိုက်တော့သည်။

အကျိုးသက်ရောက်မှုမှာ ချက်ချင်းပင် ဖြစ်ပြီး

မကြာမီမှာပင် ယွီယွမ်ယို၏ မျက်နှာ အမူအရာမှာ ပြေလျော့လာကာ သူ၏ ကိုယ်သည်လည်း တုန်ခါခြင်း ရပ်တန့်သွားပြီး သူ၏အရှိန်အဝါမှာလည်း တစ်ဖန် ပြန်လည် တည်ငြိမ်သွားလေ၏။

မကြာမီပင် မူလဇာစ်မြစ်တာအိုအင်းကွက်များသည် ယွီယွမ်ယို၏ ပတ်ပတ်လည်၌ စုစည်းလာပြီး ပုံရိပ်ယောင်ကမ္ဘာများသည်လည်း အစစ်အမှန်သို့ နီးကပ်လာသည်။

ဤသည်ကို မြင်သောအခါ လုရီသည် တာအိုစွမ်းအင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ထိုနေရာမှ ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။

All Chapters