ကျိုယိုဥမင်မှ စူးစိုက်ကြည့်နေသောအကြည့် ...
Vol. 56 Ch. 831
~ယွီယွမ်ယိုသည် ဉာဏ်အလင်းရရှိသွားပြီဖြစ်ကြောင်း လုရီ နားလည်လိုက်သည်။ ထိုအခိုက်အတန့်တွင် ယွီယွမ်ဝူသည် တာအိုနှင့် ပေါင်းစပ်သွားခဲ့ပြီး ပုံရိပ်ယောင် မူလဇာစ်မြစ်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
မကြာမီမှာပင် ယွီယွမ်ယိုက မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူ နေရာမှထလိုက်ပြီးနောက် လုရီတို့ရှိရာဆီသို့ ပြန်၍ ပျံသန်းလာခဲ့သည်။
ယွီရွှမ်ယီနှင့် အခြားသူများက သူ့ကို သွားရောက်ကြိုဆိုကြ၏။
"ယွမ်ဝူ၊ ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား?"
ယွီယွမ်ယိုက ကြောက်စိတ်မပြယ်သေးသည့်ဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်၏။ ထို့နောက် သူက လုရီဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ရီအာ့ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါ နှလုံးသား မိစ္ဆာရဲ့ ဝါးမြို ခံလိုက်ရနိုင်တယ်။"
လုရီက ပြုံးလိုက်ပြီး ပြောလေသည်။
"ဘိုးဘေးယွမ်ယိုကတော့ အားနာတတ်လိုက်တာ။ ဒါက ကျွန်တော်လုပ်သင့်တဲ့ အလုပ်ပဲလေ။"
စကားကို ခေတ္တရပ်လိုက်ပြီးနောက် လုရီက မေးလိုက်၏။
"ဘိုးဘေး၊ ဘာလို့ နှလုံးသားမိစ္ဆာနဲ့ ကြုံတွေ့ခဲ့ရတာလဲ?"
လုရီ၏ အမေးကြောင့် ယွီရွှမ်ယီနှင့် အခြားသူများလည်း သိလိုစိတ်ပြင်းပြလာကာ သူတို့၏ အကြည့်များအားလုံး ယွီယွမ်ဝူထံသို့ စုပြုံရောက်ရှိသွားတော့သည်။
ယွီမျိုးနွယ်၏ ကျင့်ကြံသူများသည် နှလုံးသားမိစ္ဆာ ဝင်ရောက်ရန် လွယ်ကူသူများ မဟုတ်ပေ။
သို့သော် မူလဇာစ်မြစ်ကို ဉာဏ်အလင်းရသည့် အခိုက်အတန့်တွင် အင်မော်တယ် အရှင်သခင် အဆင့်သို့ တက်လှမ်းနိုင်သည့် ဘိုးဘေးနှစ်ဦးစလုံး နှလုံးသားမိစ္ဆာနှင့် ကြုံတွေ့ခဲ့ရသည်မှာ အလွန်အံ့အားသင့်စရာ ကောင်းလှ၏။
ထိုစကားကို ကြားသောအခါ ယွီယွမ်ဝူ၏ မျက်နှာ အမူအရာက ရှုပ်ထွေးသွားပြီး ခေတ္တမျှတွေဝေနေပြီးမှ စကားစလိုက်လေသည်။
"...အရင်က ဘိုးဘေး ယွီချန်လိုပဲ...ဒီအဘိုးကြီးလည်း ကျိုယိုချီတွေ လွှမ်းမိုးနေတဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရတယ်။ အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ အစွမ်းထက် ကျိုယိုမိစ္ဆာတွေနဲ့ ပြည့်နှက်လို့။ သူတို့က ငါ ရှိနေတာကို အာရုံခံမိပုံပဲ၊ သူတို့အားလုံးရဲ့အကြည့်တွေက ဒီအဘိုးကြီးဆီကို လှည့်လာကြတာ။ အဲ့ဒီအကြည့်တွေထဲက တချို့က သေလောက်အောင် ကြောက်ဖို့ကောင်းတယ်၊ အကြည့်တစ်ချက်နဲ့တင် ဒီအဘိုးကြီးရဲ့ စိတ်အစဉ် ပျောက်ဆုံးသွားစေပြီး နှလုံးသားမိစ္ဆာကို ဖိတ်ခေါ်မိသွားစေတာပဲ။"
ယွီယွမ်ယို၏ ရှင်းပြချက်ကို လုရီနှင့် ယွီရွှမ်ယီတို့ တိတ်ဆိတ်စွာ နားထောင်နေကြသည်။
"ဒါ... ဒါက အရင်တစ်ခေါက် ဘိုးဘေး ယွီချန် တွေ့ခဲ့ရတာနဲ့ တစ်ပုံစံတည်းပဲ... တကယ်ပဲ
ကျိုယိုက မူလဇာစ်မြစ်စွမ်းအားကို ဉာဏ်အလင်းရနေတဲ့ အင်မော်တယ်အရှင်သခင်တွေကို သက်ရောက်မှု ရှိနေတာလား..."
ယွီရှင်းက သူ့ကိုယ်သူ နှုတ်ခမ်းများ လှုပ်ရွကာ ရေရွတ်လိုက်ရင်း အနည်းငယ် ကြောင်ငေးသွား၏။
ဘိုးဘေး ယွီချန် ဉာဏ်အလင်းရခဲ့စဉ်က ကိုယ်တိုင် မြင်တွေ့ခဲ့သူ တစ်ယောက်အနေဖြင့် ဘာတွေဖြစ်ခဲ့သည်ကို သူ အသိဆုံး ဖြစ်သည်။
ယွီယွမ်ယို ကြုံတွေ့ခဲ့ရသည်မှာ ဘိုးဘေး
ယွီချန်၏ အဖြစ်အပျက်နှင့် ဘာမှမခြားနားပေ။ နှစ်ဦးစလုံး ကျိုယိုကို မြင်တွေ့ခဲ့ရပြီး၊ နှစ်ဦးစလုံး ကျိုယို၏ အကြည့်ကြောင့် နှလုံးသား မိစ္ဆာဝင်ခဲ့ကြလေသည်။
ယွီရှန်းယွင်နှင့် အခြားသူတို့၏ မျက်နှာများမှာတော့ တင်းမာ၍ သွားတော့၏။
"အံ့ဩစရာမရှိတော့ပါဘူး... ဒီလောက်နှစ်တွေအများကြီး ကြာတဲ့အထိ စကြဝဠာထဲမှာ
အင်မော်တယ်ဘုရင်အသစ် ဒါမှမဟုတ် အင်မော်တယ်အင်ပါယာ အသစ်တွေ ထပ်မပေါ်လာတော့တာ... ဒါက အဓိကအကြောင်းအရင်းထဲက
တစ်ခုဖြစ်နိုင်တယ်"
ဟု ယွီရွှမ်ယီက မျက်မှောင်ကြုတ်ရင်း လေးနက်စွာ ဆိုလိုက်သည်။
မူလဇာစ်မြစ်ကို ဉာဏ်အလင်း မရနိုင်ဘဲ မည်သို့လျှင် အင်မော်တယ် ဘုရင် သို့မဟုတ်
အင်မော်တယ် အင်ပါယာ ဖြစ်လာနိုင်မည်နည်း။
"ကျိုယိုဥမင်ထဲက သတ္တဝါကြီးတွေက တကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား။ ကမ္ဘာတစ်ခု ခြားနေတာတောင်
အင်မော်တယ် အရှင်သခင် အဆင့် ကျင့်ကြံသူတွေရဲ့ မူလဇာစ်မြစ် စွမ်းအား ဉာဏ်အလင်း
ရခြင်းကိုတောင် အနှောင့်အယှက်ပေးနိုင်တယ်တဲ့လား။"
ယွီမျိုးနွယ်မှ အင်မော်တယ်ဧကရာဇ် အဆင့် ကျင့်ကြံသူ တစ်ဦးက မျက်နှာဖြူဖျော့ကာ မျှော်လင့်ချက်မဲ့သော အကြည့်များဖြင့် ပြောလိုက်၏။
ဤသို့သော စွမ်းအားမျိုးကို မကြားဖူး၊ မမြင်ဖူးခဲ့ပေ။
မည်သူမျှ အဖြေမပေးနိုင်ခဲ့။ အဖြစ်မှန်က မျက်မြင်ပင် ဖြစ်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်
လုရီ၏ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက်လက်လာ၏။ ထို့နောက် သူက ပြုံးလိုက်ပြီး၊
ဖွင့်ဟလာ၏။
" ဘိုးဘေး အင်မော်တယ် အရှင်သခင်တွေကို နှလုံးသားမိစ္ဆာ မနှောင့်ယှက်အောင် တားဆီးနိုင်မယ့် နည်းလမ်းတစ်ခုတော့ ကျွန်တော့်မှာရှိပါတယ်။"
လူတိုင်း အံ့အားသင့်သွားပြီး လုရီကို လှမ်းကြည့်လိုက်ကြသည်။
"ဘာနည်းလမ်းလဲ?"
ယွီယင်းက သိလိုစိတ်ဖြင့် မေးလိုက်၏။
လုရီက မျက်လုံးများကို မှေးစင်းလိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောပြလိုက်သည်။
"ကျွန်တော် အရင်က တာအိုအင်မော်တယ်အခင်းအကျင်းကို သုံးပြီး ကျိုယိုဥမင်ကို ချိပ်ပိတ်ခဲ့ဖူးတယ်။ အခု ဒီအဆင့်ချိုးဖြတ်ခြင်းကလည်း ကျိုယိုနဲ့ ပတ်သက်နေမှတော့... ကျွန်တော် တာအို အင်မော်တယ် အခင်းအကျင်းတစ်ခု ဖန်တီးပြီး တာအိုစွမ်းအင်ကို အသုံးချပြီးတော့ ကျိုယိုက လာတဲ့ အကြည့်တွေကို သီးခြား ခွဲထုတ်လိုက်ရင် ဖြစ်နိုင်လောက်ပါတယ်။"
လုရီကိုယ်တိုင် မူလဇာစ်မြစ်ကို ဉာဏ်အလင်းရခဲ့စဉ်က ဘာကိုမှ သတိမထားမိခဲ့ပေ။
ဘိုးဘေး ယွီချန်မှာ ခြွင်းချက် ဖြစ်လိမ့်မည်ဟု သူက အစပိုင်းတွင် ထင်ခဲ့သည်။ ယခု
ဘိုးဘေး ယွီယွမ်ယို၏ အဖြစ်အပျက်ကို သိပြီးနောက်တွင်မှ သူကိုယ်တိုင်က ခြွင်းချက် ဖြစ်နေသည်ကို သဘောပေါက်သွားတော့၏။
အကြောင်းမှာ သူသည် အင်မော်တယ် မဖြစ်မီကတည်းက တာအိုစွမ်းအင်နှင့် ဖရိုဖရဲချီတို့ကို စုပ်ယူခဲ့သူဖြစ်ရာ၊ ကျိုယို၏ အကြည့်များမှ
လုံးဝ ကင်းလွတ်နေခဲ့သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့်ပင် သူသည် မူလဇာစ်မြစ်ကို ဉာဏ်အလင်းရနေစဉ် ကျိုယိုမှ လာသော အကြည့်ကို
မခံစားခဲ့ရဘဲ မည်သည့် ထူးခြားမှုမျှ မရှိခဲ့ခြင်း ဖြစ်ပေမည်။
ဤသို့ တွေးမိသောအခါ လုရီသည် ထူးဆန်းသလိုလို၊ စိတ်သက်သာရာရသလိုလို ခံစားလိုက်ရ၏။ တော်သေးသည်မှာ သူ့တွင် တာအိုစွမ်းအင် ရှိနေသောကြောင့်သာ၊ မဟုတ်လျှင် သူကိုယ်တိုင်ပင် နှလုံးသား မိစ္ဆာ ဝင်မည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခဲ့သည်။
ထိုသို့သာဆိုလျှင် အခြေအနေက အတော်လေး ရှုပ်ထွေးသွားပေလိမ့်မည်။ ယခုတော့ အကြောင်းအရင်းကို သိပြီဖြစ်၍ ဖြေရှင်းရန် နည်းလမ်းလည်း ရှိလာပြီ။ တာအိုစွမ်းအင်ကို သုံး၍
ကျိုယို၏ အကြည့်ကို ပိတ်ဆို့လိုက်လျှင် အရာအားလုံးက ရိုးရှင်းသွားပေလိမ့်မည်။
လုရီ၏ စကားကို ကြားသောအခါ ယွီရွှမ်ယီနှင့် အခြားသူတို့၏ မျက်လုံးများက တဖြည်းဖြည်း အရောင်တောက်လာကြသည်။
"ဟုတ်တယ်၊ ရီအာရဲ့ တာအိုအင်မော်တယ်အခင်းအကျင်းက ကျိုယိုဥမင်ကိုတောင် ချိပ်ပိတ်နိုင်သေးတာပဲ၊ ကျိုယိုက လာတဲ့ အကြည့်လောက်ကတော့ ပြောစရာ မရှိဘူး။ အဲ့ဒီကျိုယိုသတ္တဝါတွေ တကယ်သာ အစွမ်းထက်နေရင်
တာအို အင်မော်တယ် အခင်းအကျင်းကို ဖျက်ဆီး၊ ကျိုယို ဥမင်ကို ဖောက်ပြီး ငါတို့ကမ္ဘာကို ရောက်လာလောက်ပြီ!"
ယွီရွှမ်ယီက မျက်လုံးများ တောက်ပစွာဖြင့် လက်သီးကိုဆုပ်ရင်း ပြုံးကာ ပြောလိုက်လေသည်။
အခြားသူများလည်း သက်ပြင်းချနိုင်သွားကြသည်။ အမြဲတစေ တည်ငြိမ်လေ့ ရှိသော
ယွီယွင်ချင်းပင် ပြုံးလိုက်မိ၏။
ယွီရှင်းနှင့် အခြားသူတို့၏ မျက်နှာပေါ်တွင်လည်း အပြုံးပန်းများ ဝေဆာနေသည်။ သူတို့သည် လက်ရှိတွင် မူလဇာစ်မြစ်ကို ဉာဏ်အလင်း မရသေးသော်လည်း အနာဂတ်တွင် ထိုအဆင့်သို့ ဧကန်မလွဲ ရောက်ရှိပေလိမ့်မည်။ ယခုလို နည်းလမ်းရှိနေခြင်းက သူတို့၏ ရှေ့ဆက်ရမည့်ခရီးကို များစွာပိုမိုလုံခြုံစေခဲ့၏။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် လုရီသည် ထိုဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် တာအိုအင်မော်တယ်အခင်းအကျင်းတစ်ခုကို စတင်တည်ဆောက်တော့သည်။
မူလဇာစ်မြစ် ဉာဏ်အလင်းရရန်အတွက်သာ ဖြစ်သောကြောင့် လုရီတည်ဆောက်လိုက်သည့် အခင်းအကျင်းမှာ သေးငယ်၏။ အချိန်တိုအတွင်းမှာပင် သူက တာအိုအင်မော်တယ်အခင်းအကျင်းကို တည်ဆောက်ပြီးစီးသွားသည်။
နက်နဲသော တာအိုအင်းကွက်များ ချိတ်ဆက်စုစည်းရာမှ ဖြစ်ပေါ်လာသော တာအိုအင်မော်တယ်အခင်းအကျင်းသည် ခြောက်သွေ့သော မြေပြင်ပေါ်တွင် ပေါ်ထွက်လာပြီး၊ တာအိုစွမ်းအင်များက အခင်းအကျင်းအတွင်းရှိ အရာအားလုံးကို လွှမ်းခြုံထားလေသည်။
လုရီက ခပ်ဖွဖွရယ်မောရင်း၊ "ဘယ်သူ အရင်စမ်းကြည့်ချင်လဲ?" ဟု မေးလိုက်၏။
ယွီရွှမ်ယီနှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက်
ယွီယင်းက စိတ်အားထက်သန်စွာဖြင့် ရယ်မောရင်း ပြောလိုက်၏။
"ကောင်းပြီလေ၊ ဒါဆို ကျွန်မပဲ အရင်စမ်းကြည့်လိုက်မယ်!"
လုရီက ခေါင်းညိတ်ပြပြီး တာအိုအင်မော်တယ်အခင်းအကျင်းကို ဖွင့်ပေးကာ ယွီယင်းကို ဝင်ခွင့်ပြုလိုက်၏။
ယွီယင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ယွီယွမ်ဝူကဲ့သို့ပင် မူလဇာစ်မြစ်ကို ဉာဏ်အလင်းရရန် စတင်ကျင့်ကြံတော့သည်။
ဖြစ်စဉ်မှာ အလွန်ချောမွေ့နေ၏။ မကြာမီမှာပင် ယွီယင်း၏ ပတ်ပတ်လည်ရှိ နိယာမအင်းကွက်များသည် ရှုပ်ထွေးနက်နဲလာပြီး မူလဇာစ်မြစ်တာအိုအင်းကွက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ပတ်လည်မှ ပုံရိပ်ယောင်ကမ္ဘာသည်လည်း တဖြည်းဖြည်း အစစ်အမှန်အဖြစ်သို့ ခိုင်မာလာတော့၏။