ကံကြမ္မာအင်မော်တယ်ဘုရင်၏ စံမြန်းရာ နေရာ (၂)...
Vol. 57 Ch. 841
~“နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှာတောင် ဒီနေရာမှာ ကျန်ရစ်နေတဲ့ ကံကြမ္မာစွမ်းအားက သူ့ရဲ့အစွမ်းကို ထုတ်ပြနိုင်သေးတာပဲ။ တကယ်ကို အထင်ကြီးစရာကောင်းလှပေတယ်။”
အဖွဲ့သားများမှာ အံ့ဩတကြီး ရေရွတ်လိုက်ကြ၏။ သူတို့သည် ရုပ်တုတွင် မူမမှန်မှုတစ်စုံတစ်ရာ မရှိကြောင်း သေချာစေရန် သူတို့၏ နတ်ဘုရားအာရုံဖြင့် ဂရုတစိုက် စစ်ဆေးပြီးနောက်မှ အခြားနေရာများကို စတင် ကြည့်ရှုကြလေသည်။
ခန်းမဆောင်ကြီး၏ ဘေးတစ်ဖက်တွင်၊ ကျင့်ကြံခြင်းရတနာများ၊ ကြေမွနေသော ခန္ဓာကိုယ်များနှင့် ကြယ်တာရာအမြုတေများစွာ အစရှိသည့် ပစ္စည်း မျိုးစုံ စုပုံနေသည်ကို တွေ့ရှိလိုက်ရ၏။
ဤအရာများထဲမှ အချို့မှာ အလွန်ရှည်လျားသော သမိုင်းကြောင်းရှိပုံ ရ၏။ အချို့မှာမူ
သိပ်မကြာသေးမီကမှ ဖြစ်ဟန်တူကာ အသုံးပြု၍ ရနိုင်သေးဖွယ် ရှိလေသည်။
လုရီနှင့် အခြားသူများမှာ ထိုနေရာသို့ သွားရောက် စစ်ဆေးကြည့်ရှု လိုက်ကြ၏။
ယွီရွှမ်ယီက သူ၏ လက်ထဲတွင် သလင်းကျောက်စိမ်းပြား တစ်ချပ်ကို ကိုင်ထားရင်း ဆိုလိုက်သည်။
“ဒီကျင့်ကြံခြင်းရတနာက… သလင်းဝိညာဉ်
မျိုးနွယ်တွေ အသုံးများတဲ့ အမျိုးအစား တစ်ခုနဲ့တူတယ်။ ပြီးတော့ သူ့မှာ အရမ်း အားကောင်းတဲ့ ဝိညာဉ်စွမ်းအင်တွေလည်း ရှိနေတယ်။”
လုရီ၏ မျက်ခုံးများ ပင့်တက်သွားပြီး သူက တွေးတောရင်း ဆိုလိုက်၏။
“အရင်က ချောက်နက်ကြီးအပျက်အစီးထဲကို ဝင်ရောက်ခဲ့တဲ့ သလင်းဝိညာဉ်မျိုးနွယ်ဝင် အင်အားကြီးတစ်ယောက် ရှိခဲ့တယ် မဟုတ်လား။ တစ်စုံတစ်ယောက်က ဒီဧရိယာထဲမှာ သေဆုံးသွားခဲ့တာများ ဖြစ်နိုင်မလား။”
“ဖြစ်နိုင်ပါတယ်။ ဒီမှာ ကောင်းကင်ယာဉ်ပျံတွေနဲ့ ကြယ်တာရာအမြုတေတွေကို တွေ့ရတယ်။ ဒါတွေက သားရဲကြီးကိုယ်တိုင် ဖန်တီးထားတဲ့အရာတွေတော့ မဖြစ်သင့်ဘူးလေ။ ဖြစ်နိုင်တာကတော့ ချောက်နက်ကြီးအပျက်အစီးထဲကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူတွေဆီကနေ ရရှိခဲ့တဲ့ စစ်နိုင်ပစ္စည်းတွေပဲ ဖြစ်လိမ့်မယ်။”
လုရီနှင့် အခြားသူများမှာ အသာအယာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ခန်းမဆောင်၏ အခြားနေရာများကို ဂရုတစိုက် စစ်ဆေးကြည့်ရှုကြပြီး မကြာမီမှာပင် ခန်းမဆောင်ကြီး၏ နံရံများပေါ်တွင် နံရံပန်းချီများကို တွေ့ရှိလိုက်ကြသည်။
နံရံပန်းချီတစ်ခုတွင် ယူနီကွန်းလူသားပုံသဏ္ဌာန် သတ္တဝါများက ယူနီကွန်းအမျိုးသားတစ်ဦး၏ ရှေ့မှောက်တွင် ဒူးထောက်နေကြသည်ကို ပုံဖော်ထား၏။ ထိုအမျိုးသား၏ အသွင်အပြင်မှာ ရုပ်တုနှင့် တစ်ပုံစံတည်းဖြစ်ပြီး၊ ကံကြမ္မာ
အင်မော်တယ်ဘုရင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
[ယူနီကွန်-unicorn ဆိုတာ ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပြီး မြင်းဖြူတစ်ကောင်ရဲ့ ပုံသဏ္ဌာန်နဲ့ ဆင်တူပါတယ်။ သူ့ရဲ့ အဓိက အမှတ်အသားကတော့ နဖူးအလယ်တည့်တည့်ကနေ ထွက်နေတဲ့ ချွန်မြပြီး လှပတဲ့ ဦးချိုတစ်ချောင်းပါပဲ။]
“ဒါက ကံကြမ္မာမျိုးနွယ် ဖြစ်မယ်… ဒီမျိုးနွယ်က အခုချိန်မှာ မရှိတော့ဘူးထင်တယ်၊ ဟုတ်တယ်မလား။ ငါ ကြယ်တာရာနယ်မြေများစွာကို ခရီးသွားခဲ့ဖူးပေမဲ့ ဒီလိုမျိုးနွယ်ကို တစ်ခါမှ
မမြင်ဖူးဘူး။”
ယွီချန်က နံရံပန်းချီများကို ကြည့်ရင်း ပြောလာသည်။
ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့ကလည်း သူတို့၏ ခရီးစဉ်များအတွင်း ကံကြမ္မာမျိုးနွယ်ကို တစ်ခါမျှ မမြင်တွေ့ဖူးကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ထိုနေရာတွင် ယူနီကွန်း အမျိုးသားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော အင်မော်တယ်သားရဲများနှင့် အခြားသော အင်မော်တယ် ဘုရင်များကို တိုက်ခိုက်နေသည့် နံရံပန်းချီ တစ်ခုလည်း ရှိနေသေးသည်။
“ဒီနံရံပန်းချီတွေက ကံကြမ္မာ အင်မော်တယ်ဘုရင်ရဲ့ ကြီးကျယ် ခမ်းနားမှုကို ဖော်ပြနေတာလား။”
ယွီယွင်ချင်းက မေးလိုက်၏။
“ဟုတ်မှာပဲ။ အရိုအသေပြုနေတဲ့ နံရံပန်းချီက
လွဲရင်၊ တခြား နံရံပန်းချီတွေကနေ တစ်ဆင့်တောင်မှ ကံကြမ္မာအင်မော်တယ်ဘုရင်ရဲ့ ပြိုင်ဘက်တွေဆီက အလွန်အမင်း အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါကို ခံစားလို့ရတယ်။ သူတို့အားလုံးက အင်မော်တယ်ဘုရင်တွေပဲ ဖြစ်သင့်တယ်။ ဒါတွေက ကံကြမ္မာအင်မော်တယ်ဘုရင်ရဲ့ တိုက်ပွဲတွေကို ဒီနေရာမှာ မှတ်တမ်းတင်ထားတာ ဖြစ်လိမ့်မယ်။”
အဖွဲ့သားများသည် နံရံပန်းချီများကို ဆက်လက်စစ်ဆေးရင်း ဆွေးနွေးပြောဆိုနေကြလေသည်။
မကြာမီမှာပင်၊ သူတို့အားလုံး၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားစေသည့် နံရံပန်းချီတစ်ခုကို တွေ့ရှိလိုက်ကြတော့သည်။
ဤနံရံပန်းချီတွင်လည်း ကံကြမ္မာအင်မော်တယ်ဘုရင် တိုက်ပွဲဝင်နေသည်ကိုသာ ပုံဖော်ထားဆဲပင်။ သို့သော် သူ၏ပြိုင်ဘက်များမှာမူ အခြားသော အင်မော်တယ်ဘုရင်များ သို့မဟုတ် အင်မော်တယ်သားရဲများ မဟုတ်တော့ဘဲ၊ ကျိုယိုချီများ ထုတ်လွှတ်နေသော ကျိုယိုမိစ္ဆာများသာ ဖြစ်နေ၏။
နံရံပန်းချီပေါ်တွင်ပင်၊ ကျိုယိုမိစ္ဆာများ၏ ယုတ်မာကောက်ကျစ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော တည်ရှိမှုကို ခံစားနေရဆဲ ဖြစ်သည်။
“ကျိုယိုမိစ္ဆာတွေ… ဒါက ရှေးဟောင်းခေတ်က ကံကြမ္မာအင်မော်တယ်ဘုရင် ကျိုယိုမိစ္ဆာတွေကို တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းပဲ။ ကံကြမ္မာအင်မော်တယ်ဘုရင်ကို တိုက်ခိုက်နိုင်တဲ့သူတွေကလည်း အင်မော်တယ်ဘုရင်အဆင့်က ကျိုယိုမိစ္ဆာတွေပဲ ဖြစ်သင့်တယ်၊ ဟုတ်တယ်မလား။ နံရံပန်းချီကနေတစ်ဆင့်တောင်မှ ကျောချမ်းစရာကောင်းတုန်းပဲ။”
ဟု ယွီချန်က လေးပင်စွာ ဆိုလိုက်၏။
အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
“ဒါက ကံကြမ္မာအင်မော်တယ်ဘုရင်ရဲ့ စံမြန်းရာ နေရာပဲ။ ဒီနန်းတော်က ကျောင်းတော်ထဲမှာ တော်တော်လေး အရေးပါနိုင်ပြီး ကံကြမ္မာအင်မော်တယ်ဘုရင်က သင်ကြားပို့ချမှုတွေ ပြုလုပ်ခဲ့တဲ့ နေရာဖြစ်နိုင်တယ်။”
လုရီက ဆိုသည်။
အခြားသူများကလည်း မကန့်ကွက်ဘဲ ခေါင်းညိတ်လိုက်ကြ၏။
အဖွဲ့သည် ဆက်လက် လေ့လာကြည့်ရှုရာ၊ နောက်ဆက်တွဲ နံရံ ပန်းချီများ အားလုံးမှာ ကံကြမ္မာ အင်မော်တယ် ဘုရင် ကျိုယိုမိစ္ဆာများကို တိုက်ခိုက်နေသည်ကိုသာ ပုံဖော်ထားလေသည်။
မတူညီသော ကျိုယိုမိစ္ဆာများ…
ထိုအချိန်မှစ၍ ကျိုယိုမိစ္ဆာများ၏ ခြိမ်းခြောက်မှုမှာ အလွန်တရာ ကြီးမားနေခဲ့ပြီး၊ ကံကြမ္မာ
အင်မော်တယ်ဘုရင်သည်လည်း အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် ကျိုယိုမိစ္ဆာများ၏ ခြိမ်းခြောက်မှုကို အမြဲတမ်းနီးပါး ရင်ဆိုင်ဖြေရှင်းနေခဲ့ရသည်မှာ ထင်ရှားလှသည်။
ထို့အပြင် နောက်ဆုံးနံရံပန်းချီတွင်မူ၊ ကံကြမ္မာမျိုးနွယ်မှ ကျင့်ကြံသူများစွာက ကံကြမ္မာ
အင်မော်တယ်ဘုရင် ကောင်းကင်ယံသို့ ထွက်ခွာသွားသည်ကို ကြည့်ရှုနေကြသည်ကို ပုံဖော်ထား၏။
“ဒါက ကံကြမ္မာအင်မော်တယ်ဘုရင်က တခြားအင်မော်တယ်ဘုရင်တွေ၊ အင်မော်တယ်အင်ပါယာတွေနဲ့အတူ ကျိုယိုကမ္ဘာကို သွားခဲ့တဲ့အချိန် ဖြစ်ရမယ်။”
ယွီချန်က တစ်စုံတစ်ခုကို တွေးမိကာ မှတ်ချက်ချလိုက်သည်။
အခြားသူများကလည်း သူ့စကားအား ထောက်ခံ၍ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်တွင်တော့ နံရံပန်းချီများ မရှိတော့ပေ။
လုရီနှင့် အခြားသူများမှာ နံရံများတစ်လျှောက် လှည့်ပတ်သွားကြပြီး၊ နောက်ဆုံးတွင် ချောမွေ့သော နံရံအပိုင်းအစတစ်ခုပေါ်တွင် ရေးသားထားသော စာတန်းများကို တွေ့ရှိလိုက်ရလေသည်။
ဤစာများသည် လုရီနှင့် ယွီမိသားစုဘိုးဘေးများ သိရှိသော မည်သည့်ဘာသာစကားနှင့်မျှ
မသက်ဆိုင်ဘဲ၊ ကံကြမ္မာမျိုးနွယ်၏ စာဖြစ်နိုင်ဖွယ်ရှိသည်။
စာအရေးအသားမှာ ဖရိုဖရဲဖြစ်နေ၏။ အဖွဲ့သားများသည် စာ၏အကြောင်းအရာကို နားမလည်နိုင်ကြသော်လည်း၊ ဤစကားလုံးများကို ရေးသားခဲ့စဉ်က စာရေးသူသည် တည်ငြိမ်မှုမရှိသော အခြေအနေတွင် ရှိနေခဲ့ဟန်တူသည်ကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်ကြသည်။
ထို့အပြင်၊ လုရီနှင့် အခြားသူများ ဤစာများကို ကြည့်လိုက်သောအခါ၊ သူတို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သော ပြင်းထန်သော နာကြည်းမှုနှင့် မကျေနပ်မှုတို့ကိုပင် ခံစားလိုက်ရသည်။
“ဒါက…”
ယွီချန်နှင့် အခြားသူများမှာ နားမလည်နိုင်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ဒီလောက် ပြင်းထန်တဲ့ နာကြည်းမှုအငွေ့အသက်တွေနဲ့ ဒီစာတွေကို ဘယ်သူက ချန်ထားခဲ့တာလဲ။”
“မသိဘူး။ ဒီစာက ပျောက်ဆုံးသွားပြီထင်တယ်။ ငါတို့ အတွင်းက အကြောင်းအရာကို မဖော်ထုတ်နိုင်ဘူး။”
ယွီရွှမ်ယီက ခေါင်းခါလိုက်သည်။
ယွီယွင်ချင်းက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆိုလိုက်သည်။
“ဒါတွေကို မှတ်တမ်းတင်ထားလိုက်။ နောက်မှ စုံစမ်းစစ်ဆေးပါ။ ဒါက အရေးကြီးတဲ့ သတင်းအချက်အလက် ဖြစ်နိုင်တယ်။”
အခြားသူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
အင်မော်တယ်ဘုရင် အဆင့်ရှိသူများ၏ မှတ်ဉာဏ်ဖြင့်၊ သူတို့သည် ထိုစာကို တစ်ခါမျှ
မလေ့လာဖူးသည့်တိုင်၊ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် နောက်ပိုင်း ပြန်လည်အမှတ်ရနိုင်ရန် ရှင်းလင်းစွာ မှတ်မိနေပေလိမ့်မည်။
ထို့နောက် လုရီနှင့် အခြားသူများမှာ ဂရုတစိုက် ထပ်မံရှာဖွေကြသော်လည်း၊ အခြားမည်သည့်အရာကိုမျှ မတွေ့ရှိကြတော့ပေ။
“ဒီလောက် အချိန်တွေကြာပြီးတဲ့နောက်မှာ ဒီနေရာက အရာတွေ ပျောက်ကုန်ပြီထင်တယ်။ ဖြစ်နိုင်တာက ကံကြမ္မာမျိုးနွယ်က ယူသွားတာ၊ ဒါမှမဟုတ် အချိန်နဲ့အတူ ဆွေးမြေ့သွားတာပဲ ဖြစ်လိမ့်မယ်။”
ယွီရွှမ်ယီက သုံးသပ်လိုက်သည်။
ယွီချန်က ညင်သာစွာ သက်ပြင်းချလိုက်ရင်း
“ဟုတ်တယ်… ဒီနံရံပန်းချီတွေကလွဲရင် တခြားအသုံးဝင်တာ ဘာမှမတွေ့တာတော့ နှမြောစရာပဲ။”
ဤအခိုက်အတန့်တွင် လုရီက ရယ်မောလိုက်သည်။
“ငွေကျားသစ်ကြီးက အခြေအနေတချို့ကို သိကောင်းသိနိုင်လိမ့်မယ်ဗျ။ သွားကြည့်ကြရအောင်။”
ထိုစကားကို ကြားသောအခါ၊ ယွီချန်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်တောက်ပသွားပြီး၊ အားလုံး ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ခန်းမဆောင်ထဲမှ ထွက်လာကြရာ၊ ငွေကျားသစ်ကြီးမှာ ယခင်က ချုပ်နှောင်ထားသည့် အခြေအနေအတိုင်း ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း၊ ဤအခိုက်အတန့်တွင် ငွေကျားသစ်ကြီး၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး အလွန်တရာ ထိတ်လန့်နေ၏။
ပင်ကိုအသိစိတ်ဖြင့်သာ လှုပ်ရှားသော သားရဲတစ်ကောင်ပင်လျှင် ကြောက်ရွံ့မှု ခံစားချက်ကို ပိုင်ဆိုင်နေဆဲ ဖြစ်သည်။
လုရီက ပြုံးလိုက်ရင်း ဆို၏။
“သူ ဒီမှာ ဘယ်လောက်ကြာကြာ နေခဲ့လဲ ဘယ်သူသိမလဲ။ ဒီနေရာရဲ့ လျှို့ဝှက်ချက်တချို့ကို သူသိကောင်း သိနိုင်လိမ့်မယ်။”
သူ့စကားအား ယွီချန်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။
ယွီရွှမ်ယီက အပြုံးဖြင့်…အရှေ့ထွက်လာ၏။
“ငါ့လက်မှာ အပ်လိုက်ပါ။”
သူက အရှေ့သို့ တက်လိုက်ပြီး ငွေကျားသစ်ကြီးကို လက်ညှိုးထိုးလိုက်သည်။
နောက်တစ်ခဏတွင်၊ ပုံရိပ်ယောင် မြင်ကွင်းများက ငွေကျားသစ်ကြီးကို ဝန်းရံသွား၏။
ဤမြင်ကွင်းများတွင် လူသူကင်းမဲ့သော အပျက်အစီးများ၊ နက်ရှိုင်းပြီး မှောင်မိုက်သော စကြဝဠာ၊ ချောက်နက်ကြီးအပျက်အစီးအတွင်းမှ ပုံရိပ်များ — ငွေကျားသစ်ကြီး၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်များ ပါဝင်နေသည်။
ပုံရိပ်ယောင်မြင်ကွင်းများက လျင်မြန်စွာ ဖြတ်သန်းသွားပြီး၊ မှတ်ဉာဏ် အမျိုးမျိုးကို ပုံရိပ်ယောင်ကမ္ဘာမှတစ်ဆင့် ယွီရွှမ်ယီက ပြသနေလေသည်။
အများစုမှာ ငွေကျားသစ်ကြီး တစ်ယောက်တည်း ပါဝင်ပြီး၊ အချို့မြင်ကွင်းများတွင်မူ ငွေကျားသစ်ကြီး ကျင့်ကြံသူများနှင့် ကြုံတွေ့ရသည်ကို ပုံဖော်ထား၏။
ဤကျင့်ကြံသူများထဲမှ အချို့မှာ လူသားမျိုးနွယ်မှဖြစ်ပြီး၊ အချို့မှာ သလင်းဝိညာဉ်မျိုးနွယ်မှနှင့် အခြားသူများမှာ မျိုးနွယ်အမျိုးမျိုးမှ ဖြစ်ကြသည်။
အချို့မှာ ရွှေအင်မော်တယ်အဆင့်တွင်သာ ရှိကြပြီး၊ အချို့မှာမူ အင်မော်တယ်အရှင်သခင်အဆင့်သို့ပင် ရောက်ရှိနေကြသည်။
သို့သော် အင်မော်တယ်အရှင်သခင်အထွတ်အထိပ် အဆင့်တွင် ရှိပြီး ပြည့်စုံသော နေရာလပ်နိယာမကို ကျွမ်းကျင် ပိုင်နိုင်သော ငွေကျားသစ်ကြီးနှင့် ရင်ဆိုင်ရသောအခါ၊ အနည်းငယ်မျှသာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ကြသည်။
အများစုမှာ ငွေကျားသစ်ကြီး၏ သတ်ဖြတ်စားသောက်ခြင်းကို ခံခဲ့ရပြီး၊ သူတို့၏ ကျင့်ကြံခြင်းရတနာများနှင့် ကောင်းကင်ယာဉ်ပျံများမှာ ငွေကျားသစ်ကြီး၏ စစ်နိုင်ပစ္စည်းများ ဖြစ်သွားခဲ့သည်။
ကံမကောင်းစွာဖြင့်၊ ဤငွေကျားသစ်ကြီးတွင် သိသာသော ဉာဏ်ရည်ဉာဏ်သွေး မရှိလေရာ နိယာမများကို အသုံးမချနိုင်ပေ။ ငွေကျားသစ်ကြီးက ၎င်းတို့အတွင်းမှ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝနေသည်ကို ခံစားမိသောကြောင့်သာ စုဆောင်းထားခြင်း ဖြစ်သည်။
ဤအရာများအပြင်၊ ကြယ်တာရာအမြုတေနှင့် ကြယ်တာရာခြင်ဆီကဲ့သို့သော ကျင့်ကြံခြင်းအရင်းအမြစ်များမှာမူ ငွေကျားသစ်ကြီး၏ စားသုံးစုပ်ယူခြင်းကို ခံခဲ့ရသည်။
ငွေကျားသစ်ကြီး၏ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ အဓိကအားဖြင့် ဝိညာဉ်ဆိုင်ရာ အရာဝတ္ထုများကို တိုက်စားခြင်း၊ ကျင့်ကြံခြင်းနှင့် အိပ်စက်ခြင်း၊ အမဲလိုက်ထွက်ခြင်းတို့ ပါဝင်လေသည်။
ဤပုံရိပ်များမှတစ်ဆင့်၊ လုရီနှင့် အခြားသူများမှာ ငွေကျားသစ်ကြီးအပြင်၊ ဤနေရာတွင် အခြားသော ကြမ်းကြုတ်သည့်သားရဲများလည်း ရှိနေပြီး၊ ချောက်နက်ကြီးအပျက်အစီးအတွင်း၌ မွေးဖွားလာသော သက်ရှိပုံစံများဖြစ်ဟန်တူသည်ကို တွေ့ရှိခဲ့ကြသည်။
သို့သော်လည်း၊ ဤသက်ရှိပုံစံများတွင် ခိုင်မာသော နယ်မြေပိုင်ဆိုင်စိတ်များရှိပြီး၊ ယေဘုယျအားဖြင့် အခြားသူများ၏ နယ်မြေများကို မကျူးကျော်ကြသောကြောင့် ပဋိပက္ခများကို ရှောင်ရှားနိုင်ခဲ့ကြ၏။
ငွေကျားသစ်ကြီး၏ ပတ်ဝန်းကျင်တွင် သက်ရှိပုံစံအနည်းငယ် ရှိနေသော်လည်း၊ ကြုံတွေ့ရသည်မှာ ရှားပါး၏။ တိုက်ပွဲများတွင်ပင်လျှင် သူတို့၏ ပင်ကိုအသိစိတ်များက သေသည်အထိ တိုက်ခိုက်ခြင်းမှ တားဆီးထားသောကြောင့် ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။
ထိုအခိုက်တွင်၊ ပုံရိပ်ယောင်မြင်ကွင်းသည် လက်ခနဲ ဖြစ်သွားပြီး၊ ကောင်းကင်ယာဉ်ပျံတစ်စီး ဖြတ်ပျံသွားသည်ကို ပြသလိုက်သည်။
ထိုကောင်းကင်ယာဉ်ပျံသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု အတွင်း၌ တည်ရှိနေသည့်အလား၊ သိပ်သည်းလှသော အနက်ရောင်မြူခိုးများကို ထုတ်လွှတ်နေ၏။
ကောင်းကင်ယာဉ်ပျံသည် ငွေကျားသစ်ကြီး၏ နယ်မြေကို ဖြတ်သန်းသွားသည်။ ထိုစဉ် ငွေကျားသစ်ကြီးမှာ တစ်ချက်မျှသာ ကြည့်လိုက်ပြီးကိုယ်ယောင်ဖျောက်ကာ ချက်ချင်း ထွက်ပြေးသွားလေတော့သည်။
ထိုသို့မြင်သော်၊ လုရီ၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီး…အော်ဟစ်မိသည်။
“ကျိုယိုချီ။”
လုရီသာမက၊ ယွီချန်နှင့် အခြားသူများမှာလည်း ငွေကျားသစ်ကြီး၏ နယ်မြေအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်သွားနေသော ကောင်းကင်ယာဉ်ပျံကို စူးစိုက်ကြည့်နေကြသည်။
ကောင်းကင်ယာဉ်ပျံမှ ထုတ်လွှတ်နေသော
ကျိုယိုချီကို ကြည့်ရင်း…
ဤကျိုယိုချီသည် အလွန်တရာ သိပ်သည်းလှပြီး၊ သူတို့ကို ကျိုယိုစစ်မြေပြင်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။
ထိုအခိုက်အတန့်၌ လေထုမှာ တိတ်ဆိတ်သွား လေ၏။
“ဒါက သက်သေပြနေပြီ… ဒီချောက်နက်ကြီးအပျက်အစီးထဲမှာ ကျိုယိုကျင့်ကြံသူတွေ ရှိနေတယ်။”
ယွီချန်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောဆိုလိုက်လေသည်။
အခြားသူများကလည်း မျက်နှာ မည်းမှောင်နေကာ ယွီချန့်စကားအား ခေါင်းညိတ်လိုက်ကြတော့သည်။