နဂါးငွေ့တန်းကို ဝါးမျိုခြင်း
Vol. 156 Ch. 2213
နတ်ဓားသည် သူ့ထံသို့ ထိုးစိုက်လာခြင်းအား ရီဖူရှင်း မြင်နေရ၏။ သူ့ထံမှ မဟာလမ်းစဉ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။
ဝုန်း...
ဓားက သူ့ထံ တန်းတန်းမတ်မတ် ဦးတည်လာခဲ့ကာ သူကလည်း အလိုအလျောက် နောက်ဆုတ်သော်လည်း သူ့စိတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါလာတော့သည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် ထိုတင်းကြပ်မှုမှ လွတ်မြောက်သွားသည်။ သူက သက်ပြင်းတစ်ချက် ရှိုက်ကာ ရှေ့မှ ကြယ်အစုအဝေးအား ကြည့်၏။ ခုနက ခံစားချက် ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ထိုနဂါးငွေ့တန်းသည် သာမန်မဟုတ်ကြောင်း ခံစားမိ၏။ ထိုအရာတွင် ကြောက်မက်ဖွယ် ဓားပညာရပ် ကိန်းအောင်းနေသည်။
အတန်ကြာလျှင် ရီဝူချင်းသည် ဆင်တူသော ဖြစ်ရပ် တွေ့ကြုံရပြန်၏။ ရီဖူရှင်းက ထပ်ပြောသည် “ငါ မင်းကို ပို့လိုက်မယ်...”
“ကောင်းပြီ...” ရီဝူချင်းက အားနာနေစရာ မလိုတော့။ ရီဖူရှင်းက သူ့အား ကူညီလိုသည်ကို သူသိနားလည်သည်။ ရီဖူရှင်း၏ကျင့်ကြံနည်းစနစ်မှာ မူလကတည်းက အဆင့်မြင့်မားကာ ယခု စီဝေ့အရှင်၏ဓားပညာကိုပါ ပေါင်းစပ်ပါက သူ့အား အလွန်အကူအညီ ဖြစ်စေပေလိမ့်မည်။
ရီဖူရှင်းက သူ၏နတ်အာရုံကို အသုံးပြုကာ သူဆင်ခြင်နားလည်သမျှအား ရီဝူချင်းကို ပို့ပေးလိုက်သည်။ တဖြေးဖြေးဖြင့် သူတို့မှာ ၎င်းဓားပညာနှင့်ပတ်သက်၍ ပိုမိုနားလည်လာကြ၏။ သူတို့က ထိုသို့ နားလည်လာလေ၊ မတူကွဲပြားမှုမှာ ပို၍ သိသာလေ ဖြစ်သည်။
သူတို့သည်သာ မဟုတ်၊ တခြားသော ဓားသမားများဖြစ်ကြသော ရာရာ၊ လီဟန်ဓားသမားတို့သည်လည်း ထိုနည်းတူ ဖြစ်သည်။ ရီဖူရှင်းက ရီဝူချင်းကိုသာမက တခြားသော သူ့လူများကိုလည်း သူ ဆင်ခြင်နားလည်သည်များအား ပြန်လည် ပို့လွှတ်ပေးသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များမှာ အမြန်မလိုပေ။ သူတို့က ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ နဂါးငွေ့တန်းတွင် စီဝေ့အရှင်၏စိတ်အသိ ပါဝင်ကာ ရီဖူရှင်းတို့က ၎င်းအား နားလည်နိုင်ရန် ကြိုးစားနေကြသည်။
သောကျောက်က တခြားသော ကြယ်တာရာဟင်းလင်းပြင်များအား ကြည့်သည်။ အများအပြားမှာ နဂါးငွေ့တန်းရှေ့တွင် တကွဲတပြား လေ့ကျင့်နေကြ၏။ ၎င်းနဂါးငွေ့တန်းသည် စီဝေ့အရှင်၏ကျင့်ကြံခြင်း လျှို့ဝှက်နေရာအလား သူတို့က သတ်မှတ်ထားကြ၏။
“ကျုပ်တို့က တခြားနေရာတွေကို ဘာလို့ သွားမကြည့်ရမှာလဲ...” သောကျောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းသည်။
“အဲလိုရတယ်ဆိုပေမဲ့ မင်းတို့က ဝေးဝေးသွားလို့တော့ မရဘူး။ မဟုတ်ရင် မင်းတို့ တခုခုဖြစ်လို့ ငါတို့ ကူပေးနိုင်မှာ မဟုတ်ဘူး” ဖန်းကိုင့်က ပြောသည်။ သောကျောက်က ခေါင်းညိတ်သည် “ကောင်းပြီ...”
ထို့နောက် သူတို့အုပ်စုက လူစုခွဲကာ တခြားနေရာများသို့ လှမ်းသွားကြသည်။ သို့သော်လည်း ဖန်းကိုင့်နှင့် မျက်မမြင်ထျယ်တို့သည် ရီဖူရှင်းဘေးတွင်သာ ကျန်ရစ်ကြ၏။ ဖန်းကိုင့်က ဖန်းဟွမ်ကို ပြောသည် “မင်းလည်း တခြားနေရာတွေ သွားကြည့်လေ”
“ဟုတ်ကဲ့...” ဖန်းဟွမ်က ခေါင်းညိတ်ကာ ထွက်သွားသည်။ တဖြေးဖြေး ထိုနေရာတွင် လူအချို့သာ ကျန်ရစ်တော့သည်။
ရီဖူရှင်းနှင့် တခြားလူများမှာ ကျင့်ကြံနေတုန်း ဖြစ်သည်။ သူတို့ မသိလိုက်မီတွင်ပင် ထိုသို့သော ကျင့်ကြံခြင်းအနေအထား၌ ရက်သတ္တပတ်ခန့် ကြာသွားသည်။ သို့သော်လည်း သူတို့မှာ ကျင့်ကြံခြင်း၌ ဈန်ဝင်စားနေရာ မည်သို့မှ မခံစားကြရပေ။ သူတို့အဆင့်တွင် ရက်အနည်းငယ်မှာ မျက်လုံးတမှိတ်မျှသာ ဖြစ်သည်။ ဉာဏ်အလင်းရခြင်း တခဏမျှက ရက်အနည်းငယ်မှသည် နှစ်အနည်းငယ်အထိ ကြာနိုင်၏။
နဂါးငွေ့တန်းရှေ့တွင် ရပ်ရင်းက ရီဖူရှင်းသည် မျက်လုံးများကို ဖွင့်ကာ သူ့ရှေ့မှ နဂါးငွေ့တန်းကို ကြည့်သည်။ ယခု သူ၏မျက်လုံးများထဲတွင် ၎င်းသည် နဂါးငွေ့တန်းနှင့် မတူတော့။ ကွဲပြားခြားနာသော ဓားတရားများကို မြင်နိုင်ကာ ၎င်းတို့သည် အမျိုးမျိုးသော ဓားသဏ္ဌာန်များအဖြစ် ပြောင်းလဲနေကြသည်။
သူက နဂါးငွေ့တန်းကို ကြည့်သောအခါ သူ့ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ် အရှန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။ သူ၏မဟာလမ်းစဉ်သည် မြည်ဟီးနေကာ သူ၏မျက်လုံးများမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
သူသည် ထိုနေရာတွင် ရပ်နေသော်လည်း အမှန်တကယ်တွင်ကား နဂါးငွေ့တန်းအတွင်း၌ ရောက်နေသည့်အလား ခံစားရသည်။ ဓားအသိသည် သူ့ထံသို့ တိုးဝင်လာကာ သူ့အား ဆွဲနှစ်နေ၏။ ၎င်းသည် သူက ထိုအရာအား ကိုယ်တိုင် နားလည်ဆင်ခြင်နေသည့်အလားပင်။
သို့သော်လည်း ရီဖူရှင်းနှင့် သူ့အဖော်များသည်သာ ထိုသို့ ဆင်ခြင်လေ့လာနေသည်မဟုတ်၊ တခြားသော ကျင့်ကြံသူများလည်း ထိုနည်းတူ ကြိုးစားနေကြသည်။
ရီဖူရှင်းက မျက်လုံးများကို ဖွင့်လိုက်သည်။ သူက ရီဝူချင်းနှင့် တခြားလူများကိုကြည့်သည်တွင် သူတို့မှာ ကျင့်ကြံနေဆဲဖြစ်ကြောင်း တွေ့ရသည်။ အတန်ကြာလျှင် ရီဝူချင်းက မျက်လုံးဖွင့်ကာ ရီဖူရှင်းအား ကြည့်သည်။
ရီဖူရှင်းက သူ့အား ခေါင်းညိတ်ပြသည်။ သူတို့၏မျက်လုံးများ ဆုံမိလျှင် အချင်းချင်း မည်သို့တွေးတောနေသည်ကို နားလည်ကြ၏။
“ငါ ကြိုးစားကြည့်မယ်”
ရီဝူချင်း ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် ထိုဓားမြစ်ရေပြင်သို့ ချဉ်းကပ်သွား၏။ သူသည် နဂါးငွေ့တန်းဘေးသို့ ရောက်သွားသည်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်စွမ်းအားတစ်ခု ဆင်းသက်လာ၏။ ထိုအခိုက်တွင် ဧရာမပုံရိပ်တစ်ခုပေါ်လာကာ ၎င်းမှာ ရီဝူချင်း၏ပုံရိပ် ဖြစ်နေသည်။
ပုံရိပ်သည် အလွန်ထက်ရှကာ အားကောင်းသော ဓားအရှိန်အဝါအား ထုတ်လွှတ်၏။ ထို့နောက်တွင် သူသည် အဆုံးအစမဲ့သော နဂါးငွေ့တန်းထံသို့ ဦးတည်သွားသည်။
ရီဝူချင်း၏နတ်အာရုံသည် ဧရာမဘီလူးကြီးအသွင်သို့ ပြောင်းကာ နဂါးငွေ့တန်းထံသို့ ဝင်ရောက်သွား၏။
“အဲလို လုပ်လို့ ရတာပဲလား…”
တခြားလူများက ထိုမြင်ကွင်းကိုကြည့်ကာ အံ့အားသင့်ရသည်။ ရီဝူချင်း၏ပုံရိပ် ထိုနဂါးငွေ့တန်းထဲသို့ ဝင်သွားသည်ကို သူတို့ မြင်သည်။ ထို့နောက်တွင် မရေမတွက်နိုင်သော ဓားများပေါ်လာကာ နဂါးငွေ့တန်းထံမှ ဓားများထံသို့ စီးဆင်းသွား၏။
“ဒါက အရမ်းအရဲကိုးတာပဲ…”
လူတိုင်းက ရလဒ်ကို လေးနက်စွာ စောင့်ကြည့်နေကြသည်။
သည်မတိုင်ခင်က ရီဝူချင်းကဲ့သို့ ကြိုးစားခဲ့သူ ရှိသော်လည်း အဆုံးသတ်မှာ ထိုသူ၏စိတ်ဝိညာဉ်မှာ ပြိုကွဲလုနီးပါးဖြစ်ကာ မသေရုံတမယ် ဖြစ်ခဲ့ရသည်။
ယခု ရီဝူချင်းက ဒုတိယမြောက် ကြံစည်သူဖြစ်သည်။ သူက နဂါးငွေ့တန်းတစ်ခုလုံးကို ဝါးမျိုရန် ကြိုးစားနေသည်။ ၎င်းက အလွန်ရဲတန်းသော လုပ်ရပ်ဖြစ်၏။
ရီဖူရှင်းက သူ့အား ထိုသို့ လုပ်ခိုင်းခဲ့သည်များလား။
သည်မတိုင်ခင် ရီဖူရှင်းနှင့် ရီဝူချင်းတို့ အပြန်အလှန် စိတ်ဖြင့် ဆက်သွယ်ခဲ့ကြဟန်ရှိသည်။
မျက်လုံးပေါင်းများစွာက ရီဝူချင်းထံသို့ ရောက်နေသည်။ ထို့စဉ်မှာပင် ရီဝူချင်း၏ခန္ဓာကိုယ်မှ နတ်အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုဓားနတ်အလင်းသည် ထူးခြားစွာ တောက်ပလင်းလက်ပြီး နဂါးငွေ့တန်းနှင့် ဖြေးညင်းစွာ စတင်ဆက်နွယ်၏။
ဝုန်း…
ရီဝူချင်း၏ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သလို အပြင်မှ ဓားအလင်းတန်းများစွာတို့သည်လည်း သူ့အား ထွင်းဖောက်ရန် ကြိုးစားကာ အပိုင်းပိုင်းအစစ ဖြစ်စေရန် တိုက်ခိုက်ကြ၏။
ရီဖူရှင်း၏ခန္ဓာကိုယ်အား နတ်အလင်းများ တဖျတ်ဖျတ်လက်သွားကာ အစိမ်းရောင်အငွေ့အသက်များသည် ရီဝူချင်းထံသို့ စီးဆင်းသွား၏။ ၎င်းတွင် အားကောင်းသော အသက်ဓာတ်များ ပါဝင်သည်။
တချိန်တည်းတွင် ရီဖူရှင်း၏မျက်လုံးများသည် ဓားပညာရပ်နှစ်စုံကို နားလည်ခဲ့သော နဂါးငွေ့တန်းအား စူးစိုက်ကြည့်နေ၏။
လီဟန်ဓားသမား၊ ရာရာနှင့် တခြားလူများအားလုံးမှာ ရီဝူချင်းကို စိုးရိမ်တကြီး ကြည့်နေကြ၏။ သူတို့၏အကြံအစည်မှာကား ရူးသွပ်ဖွယ်ကောင်းလှသည်။
ဟူး…
ဓားအသိသည် နဂါးငွေ့တန်းကို ဖုံးအုပ်လာလျှင် ရီဝူချင်းထံမှ ဓားအလင်းမှာလည်း ပိုမိုစူးရှလာခဲ့သည်။ သူ့ခန္ဓာက ဆတ်ခနဲ တုန်ခါသွားကာ သူ၏ဝိညာဉ်မှာပင် တုန်ယင်လာခဲ့သည်။ သို့သော်လည်း သူနှင့် ရီဖူရှင်းတို့၏ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သူ ခံစားမိသည်။ သူတို့က နဂါးငွေ့တန်းမှ ဓားပညာရပ်များကို နားလည်ပြီးနောက်တွင် ၎င်းမှ စစ်မှန်သော ဓားပညာအား ထိုးထွင်းနားလည်ရန် ကြိုးစားကြ၏။ အနည်းငယ်မျှသော လွဲချော်မှုက ကြီးမားသော တန်ဖိုးကို ပေးဆပ်ရနိုင်သည်။
ဤနည်းက သူ၏ခန္ဓာကိုယ် ခံနိုင်ရည်ရှိခြင်း မရှိခြင်းနှင့် မသက်ဆိုင်ပေ။ အဓိကအားဖြင့် နဂါးငွေ့တန်းမှ ဓားပညာကို မည်မျှ နားလည်သဘောပေါက်ခြင်းနှင့်သာ သက်ဆိုင်ပေသည်။
သူနှင့် ရီဖူရှင်းတို့က နဂါးငွေ့တန်းမှ ဓားပညာကို ရက်အတန်ကြာ ဆင်ခြင်လေ့လာရာမှ ၎င်း၏ဖုံးကွယ်နေသော ဓားပညာနှင့် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ခံစားမိကြသည်။ သူ့တွင် နဂါးငွေ့တန်းအတွင်းမှ စစ်မှန်သောဓားကို နားလည်ရန် အခွင့်အရေး ရှိသည်။
“သူ ဘာမှ မဖြစ်သေးဘူး” တခြားသော ကျင့်ကြံသူများကလည်း ထိုမြင်ကွင်းကိုကြည့်ကာ အံ့အားသင့်နေကြသည်။ သူတို့နှစ်ယောက်က မှန်ကန်သော နည်းလမ်းကို တွေ့ရှိခဲ့သည်လား။
သူတို့မသိသည်ကား ရီဝူချင်း မစမ်းသပ်မီကပင် ရီဖူရှင်းသည် ကိုယ်တိုင် ထိုနည်းလမ်းကို သုံးကာ စမ်းသပ်ကြည့်ပြီးဖြစ်သည်။ မဟုတ်လျှင် ရီဝူချင်းအား ထိုသို့ လုပ်ခိုင်းမည် မဟုတ်ပေ။
ကြောက်မက်ဖွယ်အလင်းသည် ကြယ်မြူခိုးပြင်တစ်ခုလုံးကို ဖုံးအုပ်သွားပြီးဖြစ်သည်။ ရီဝူချင်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဧရာမဓားအလင်းသည် သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်တွင် ဓားအသိသည် သူ့ခန္ဓာကိုယ်တွင် စီးဆင်းကာ ဓားမြစ်ရေပြင်တစ်စင်းအလား ဖြစ်လာ၏။
တချိန်တည်းတွင် နဂါးငွေ့တန်းသည် စတင်ရွေ့လျားလာကာ ရီဝူချင်းအား စတင်ရစ်ပတ်လာ၏။
အလင်းများသည် ရီဝူချင်းကို ရစ်ပတ်သွားသော်လည်း သူ့အား ဝါးမျိုသွားခြင်း မဟုတ်ပေ။ ဟင်းလင်းပြင်တွင် ကြယ်တာရာအလင်းများ ပိုမိုတောက်ပလာခဲ့ကာ ရီဝူချင်းအား အလင်းများ အဆက်မပြတ် စီးဆင်းနေကြသည်။
ထိုအဖြစ်က လူတိုင်း၏စိတ်နှလုံးကို တုန်ယင်စေ၏။ သူတို့အားလုံးက ရီဝူချင်းကို စိုက်ကြည့်နေကြသည်။ သူက နဂါးငွေ့တန်းကို အမှန်တကယ် ဝါးမျိုလိုက်ပြီလား။
***