← Chapters

လူသုံးယောက် ခွေးတစ်ကောင်

Vol. 1 Ch. 8

လူသုံးယောက် ခွေးတစ်ကောင်

Vol. 1 Ch. 8

အန်လင်းနှင့် လျှိုတပေါင်တို့သည် မှောင်မိုက်ပြီး ကြမ်းတမ်း ဆိုးရွားသည့် ကျောင်းထိန်းသိမ်းရေး အဆောင်တွင် ထိန်းသိမ်းထားခြင်း ခံရသည်။ ထိုအခန်းသည် စိုထိုင်းလျက် ရှိကာ ဗလာကျင်း နေသေးသည်။ ဟုတ်သည်။ အိပ်ရာတောင် မရှိပေ။

အန်လင်းက စိတ်ရှုပ်ထွေးနေပြီ ဖြစ်သည်။ ထိန်းသိမ်းရေး အဆောင်ရဲ့ အနေအထားက ဘာလို့များ အကျဉ်းထောင် ထက်တောင် ဆိုးရွား နေရတာတုန်း ...

ထိုမာတောင့်တောင့် ကြမ်းပြင်တွင် သုံးရက်တာ အိပ်စက်ရမည့် အကြောင်း အမှတ်ရလိုက်သည့် အခါတွင်တော့ ပါးပြင်တွင် မျက်ရည်များက အတားအဆီးမရှိ ကျလာတော့သည်။

ထိုထိန်းသိမ်းရေး အခန်းထဲတွင် တစ်ခုတည်းသော မြင်ရသည့် အရာမှာ နံရံများသာ ဖြစ်သည်။ ထိုနံရံများ ပေါ်တွင်တော့ ‘နောင်တ’ ဆိုသည်ကို စာလုံးအကြီးဖြင့် ရေးထိုးထားသည်။

အန်လင်းနှင့် လျှိုတပေါင်တို့ကို အခန်း တစ်ခုတည်းတွင် အတူတူ ချုပ်ထားခြင်း ဖြစ်သည်။

အထဲတွင်တော့ အခြားအမျိုးသား တစ်ယောက်နှင့် ခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။

အန်လင်းနှင့် လျှိုတပေါင်ကဲ့သို့ ထိုအမျိုးသား သည်လည်း အခြေအနေ ဆိုးရွားလွန်းစွာ ချုံးချုံးကျလျက် ရှိသည်။

အာ ... ခွေးသည်ပင် ဒဏ်ရာအပြည့်နှင့် ဖြစ်ကာ ဆိုးရွားစွာ အရိုက်အနှက် ခံထားရပုံပင်။

“ညီကို ... မင်း အဲဒီခွေးနဲ့ ရန်ဖြစ်တာလား ...” အန်လင်းက ထိုအမျိုးသားကို ကြည့်ပြီး အံ့ဩတကြီး မေးလိုက်သည်။

“လာနောက်နေတယ် ... တပိုင်နဲ့ ငါက အရမ်းကို မြင့်မားတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်း ဒဏ်ရာရထားတာ ...” အန်လင်းနှင့် လျှိုတပေါင်တို့က ပိုများတဲ့ ဒဏ်ရာတွေနဲ့ အမျိုးသားက သူတို့ကို အထင်သေးစွာ ကြည့်ပြီး ဖြေသည်။

ထိုအမျိုးသားက အန်လင်းနှင့် လျှိုတပေါင်ကို ကြည့်လာပြီးနောက် “မင်းတို့နှစ်ယောက်က ရန်ဖြစ်လို့ ထိန်းသိမ်း ခံရတာလား ...”

လျှိုတပေါင်နှင့် အန်လင်းက ခေါင်းညိတ်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် သနားစဖွယ် ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသည့်အခါ နှစ်ဦးစလုံး၏ မျက်နှာတွင် ကျေနပ်အားရသည့် အမူအရာများ ပေါ်လာသည်။

“ဘာမှ ကောင်းလာတာ မရှိဘူး ...” ထိုအမျိုးသားက တခိခိနှင့် ရယ်မောနေသည်။

သူ့နံဘေးရှိ ခွေးဖြူကြီး မှာလည်း သဘောတူညီကြောင်း ပြသည့်အနေဖြင့် ဟောင်သံပြုသည်။

ထိုသည်ကို ကြားလိုက်ရတော့ လျှိုတပေါင်က ချက်ချင်းဆိုသလို မပျော်မရွှင် ဖြစ်လာပြီး ပြန်ချေပလိုက်သည်။ “ခင်ဗျားပြောတော့ ခင်ဗျားရဲ့ ဒဏ်ရာတွေက အရမ်းမြင့်မားတဲ့ တာဝန် ထမ်းဆောင်နေရင်း ရလာတာဆို ... အဲဒါဆို ဒီမှာ ဘာလို့ အထိန်းသိမ်း ခံထားရတာတုန်း ...”

“ဒါက ပြောရရင် ရှည်ပါတယ်ကွာ ...” ထိုအမျိုးသားက တစ်ခုခုကို တွေးတော အမှတ်ရနေပုံ ပေါ်သည်။

အန်လင်းက ထိုအမျိုးသားဆီ ရှပ်တိုက်သွားပြီးနောက် စူးစမ်းလိုစိတ် အပြည့်ရှိသည့် မျက်နှာနှင့် “စိုးရိမ်စရာ မလိုပါဘူး ... စိုးရိမ်မနေပါနဲ့ ... ကျွန်တော်တို့မှာ အချိန် အများကြီး ရှိပါတယ် ... ခင်ဗျားရဲ့ ဒဏ်ရာတွေက ဘယ်လို ရခဲ့တယ်ဆိုတာ သေသေချာချာ အချိန်ယူပြီးမှ ကျွန်တော်တို့ကို ပြောပေါ့နော် ... ခင်ဗျားအကြောင်း ပြောပြရင်း ကျွန်တော်တို့ အတူတူ အချိန်ဖြုန်း ကြတာပေါ့ဗျာ ...”

ထိုအမျိုးသားက အန်လင်းကို တစ်ချက် ကြည့်ပြီးနောက် “မင်းတို့ကောင်တွေ ငါတို့ကျောင်းမှာ ရှိတဲ့ လကန်သာ ဆိုတာကို သိကြလား ...”

လကန်သာ ... အန်လင်းက ကျောင်းတော်သို့ ရောက်သည်မှာ တိုတောင်းသည့် ကာလသာ ရှိသေးသဖြင့် ကျောင်းရှိ နေရာများနှင့် ရင်းနှီးမှု မရှိသေးပါ။

“ကျွန်တော်သိတယ် ... လကန်သာက ကျောင်းမှာရှိတဲ့ သဘာဝ ရေပူစမ်းကန်ကြီးလေ ... အဲဒီ ရေပူစမ်းက စွမ်းအင်တွေ အရမ်းကို ကြွယ်ဝပြီး ကျွန်တော်တို့ရဲ့ အသားအရေကို အာဟာရ ဖြည့်ပေးနိုင်ပြီး ကျင့်ကြံရာမှာလည်း အကျိုးကျေးဇူး များစွာ ဖြစ်စေနိုင်တယ်တဲ့ ...”

“ဘယ်လောက်တောင် ရှက်ဖို့ ကောင်းသလဲ ဆိုရင် ကျောင်းရဲ့ စည်းမျဉ်းတွေက အမျိုးသမီးတွေ ကိုပဲ အဲဒီကို ဝင်ဖို့ ခွင့်ပြုတယ်တဲ့လေ ... ခင်ဗျားက အဲဒီကို ဘာသွားလုပ်တာတုန်း ...” လျှိုတပေါင်က မေးလိုက်သည်။

အန်လင်း မျက်လုံးများက တဖျက်ဖျက် လက်ကာ သွားဖြီးလျက် “မပြောနဲ့နော် ... ခင်ဗျားက ...”

ထိုအမျိုးသား ကျောင်းသားက ဖျော့တော့စွာ ပြုံးပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက စိတ်လှုပ်ရှား စရာလေးများကို ပြန်လည် တွေးတောလိုက်ပြီး “လစန္ဒာ ရေပြင်ပေါ် အရိပ်မထင်ခင်မှာ၊ ရေပြင်ထိပ်ဖျားဟာ ကောင်းကင်ပြင်ကျယ်ရဲ့ ကြည့်မှန် တစ်ချပ်သာ။ ရေကန်သာမှ ပကတိ အလှလေးမှာ ငြိမ်သက်ခြင်းကို လှိုင်းထစေလျက် ရေစိုစို ကေသာဦးမှာ စွတ်စိုကာ တောက်ပြောင်နေမပျက်” (တရုတ် ကဗျာဆရာကြီး လီပိုင်၏ ကဗျာစာသား ဖြစ်ပါတယ်။ ရေပူစမ်းထဲမှ မြင်ကွင်းကို သရုပ်ဖော် ရေးဖွဲ့ထားခြင်းပါ။)

ထိုအချိန်မှာပင် လျှိုတပေါင်က သဘောပေါက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် “ကဗျာစာသားတွေ ရွတ်နေတာကို ရပ်လိုက်စမ်းပါဗျာ ... ပြောမှာသာ ပြော ... အသေးစိတ် ပြောဗျာ ...”

“ရတယ် ... ရတယ် ... ငါရှင်းပြတာသာ သေချာလေး ဂရုစိုက်ပြီး နားထောင် ...” ထိုအမျိုးသားက အလျင်မလိုဟန် ပြောသည်။

“သူပြောသလိုပဲ အမျိုးသမီးတွေ ရေစိမ်နေတဲ့ ရှုမြင်ကွင်းက အလှဆုံးပဲကွ ... အမျိုးသမီးတွေ အဖွဲ့လိုက် ရေစိမ် နေရင်တော့ကွာ အဲဒီမြင်ကွင်းက လုံးဝကို ဖမ်းစားခံရပြီး ပစ်ဝင် သွားချင်လောက်အောင်ပဲ ...”

“မြင်ကြည့်စမ်းကွာ ... ရေငွေ့ဖြူဖြူတွေ ရစ်ဝဲနေတဲ့ လကန်သာထဲက ရေပူပူမှာ ကျောက်စိမ်းလို အသားအရေနဲ့ တအိအိ လှုပ်ခတ်နေတဲ့ ကြောင်ပေါက်ကလေးတွေ ရယ်သံလွင်လွင်နဲ့ ပျော်ပျော်ကြီး ဆူဆူညံညံ ရေကစား နေတာကိုလေ ...”

အန်လင်းနှင့် လျှိုတပေါင် နှစ်ဦးစလုံးက တံတွေးကို မျိုချလိုက်ပြီး သူတို့ရဲ့ စိတ်ကူးများကို ရိုင်းစိုင်းခွင့် ပြုလိုက်ပြီး ပတ်ဝန်းကျင်က သိမ်သိမ်မွေ့မွေ့လေး ဖြစ်လာသည်။

“ဒါပေမဲ့ ကျွန်တော် ကြားဖူးတာက လကန်သာရဲ့ ပတ်ပတ်လည်မှာ ကင်းလှည့်အဖွဲ့တွေ ရှိတယ်ဆို ... အဲဒီ နိဗ္ဗာန်ဘုံလေးကို ဖျက်ခနဲ မြင်ရဖို့ အတွက်က ကောင်းကင်ဘုံကို တက်ရောက်ဖို့ ထက်တောင် ခက်ခဲသေးတယ် ဆိုပဲ ...” လျှိုတပေါင်က ဝမ်းနည်း စိတ်ထိခိုက်စွာ ပြောသည်။

“ကျောင်းတော်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ရဲ့ ကင်းလှည့် အဖွဲ့တွေက အရမ်းကို ကျွမ်းကျင်တယ် ဆိုပေမဲ့လည်း ငါ့ကို မတားဆီး နိုင်ပါဘူးကွာ ...” ထိုအမျိုးသားက အေးစက်စက် နှာမှုတ်သံ ပြုလိုက်သည်။

“တကယ် ...  ကိုဉာဏ်ကောင်းမှာ ဘယ်လိုမျိုး ပြောင်မြောက်တဲ့ လှည့်ကွက်တွေ ရှိနေတာလား ...” အန်လင်းက ရိုးရိုးသားသား မေးလိုက်သည်။

ထိုလူက သူ့နံဘေးရှိ ခွေးဖြူကြီးကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။ “အရမ်းကို အကူအညီရတဲ့ ကောင်ကို ပိုင်ဆိုင်ထားတယ်လေ ... တပိုင်” (တပိုင်က ခွေးဖြူ ဟု အဓိပ္ပာယ်ရသည်။)

တပိုင်က ‘ဝုတ်’ ဆိုပြီး ဟောင်သံတစ်ချက် ပေးပြီးနောက် ဂုဏ်ယူစွာဖြင့် ခေါင်းမော့ကာ အမြီးကို လှုပ်ယမ်းနေသည်။

“ရေခဲမှန်ကျောက်တုံး လို့ခေါ်တဲ့ ရတနာတစ်မျိုး ရှိတယ်ကွ ... အဲဒါက မှန်လိုမျိုးပဲ ပြီးတာ့ မြင်သမျှအရာကို ရုပ်အရှင်နဲ့ သိမ်းထားနိုင်တယ် ... ငါက အဲဒါကို လည်ဆွဲလုပ်ပြီး တပိုင်ရဲ့ လည်ပင်းမှာ ဆွဲပေးထားတာကွာ ... ပြီးတော့ တပိုင်ကို လကန်သာထဲ ဝင်ပြီး လှည့်ပတ် ခိုင်းလိုက်တယ် ...”

အန်လင်းက လန့်သွားသည်။ ရေခဲမှန် ကျောက်တုံးက ကင်မရာနဲ့ တူမနေဘူးလား။

“မိုက်တယ်ဗျို့ ... တကယ့် ဖန်တီးမှု အစစ်ဗျ ... ကောင်မလေးတွေက ခွေးတစ်ကောင် အနားမှာ ရှိနေတာနဲ့ သူတို့ အစောင့်တွေကို လိုအပ်တယ်လို့ ခံစားမိမှာ မဟုတ်လောက်ဘူး ထင်တယ်ဗျ ... ရလဒ်ကတော့ လွယ်လွယ်ကူကူ ဖမ်းယူနိုင်ခဲ့တယ် မလား ...” အန်လင်းက ချီးကျူးလိုက်သည်။

လျှိုတပေါင်မှာတော့ ထိုလူကို ရှိခိုးချင်သည့် အမူအရာဖြင့် ကြည့်နေပြီ ဖြစ်သည်။ “ကျွန်တော် တစ်ခုလောက် အရဲစွန့်ပြီး မေးလို့ရမလား အစ်ကိုကြီးခင်ဗျာ ... အဲဒီဟာတွေ ရှိနေသေးလားဗျာ ...” သူက ရိုသေလေးစားမှု အပြည့်ဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ထိုလူက သက်ပြင်းချလိုက်ပြီး မျက်နှာတွင် နောင်တတရားများ ပေါ်လာသည်။ “ငါက အောင်မြင်တော့ မလိုပါပဲကွာ ... ဒါပေမဲ့ မမျှော်လင့် ထားတာက ငါတို့ လူသစ်တွေထဲက သောက်ရမ်း ထူးချွန်လွန်းတဲ့ စုချန်းရန်က အဲဒါကို သိသွားတယ် ...”

“စုချန်းရန် ... ကျောင်းအပ် ပြီးပြီးချင်းမှာပဲ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရားမလို့ သတ်မှတ်ခံရတဲ့ ကောင်မလေးလား ...” လျှိုတပေါင်က အံ့ဩတကြီး ရေရွတ်သည်။

“အမှန်ပဲ ... အဲကောင်မလေး ... အဲအချိန်တုန်းက သူကလည်း ရေပူစမ်းကန်ထဲ ရှိနေတာကွ ...” ထိုလူက ခါးသက်စွာ ပြုံးလိုက်သည်။ “တပိုင်မှာ တစ်ခုခု ရှိနေမှန်း ဘယ်လိုလုပ်ပြီး သူမ သတိထား မိသွားတယ် ဆိုတာကို ယမမင်း မှပဲ သိလိမ့်မယ် ... သူက တပိုင်ရဲ့ လည်ပင်းက ရေခဲမှန် ကျောက်တုံးကို ရှာတွေ့ရုံတင် မကဘူး အဲဒီ ကျောက်တုံးကို သုံးပြီးတော့ ငါရှိနေတဲ့ နေရာကိုပါ ရှာနိုင်ခဲ့တာကွ ...”

“ပြီးလည်းပြီးရော ခင်ဗျားနဲ့ တပိုင်က ဒီလိုမျိုးတွေ ဖြစ်လာတာပေါ့ ...” အန်လင်းက သူ့ရှေ့ရှိ လူရုပ်ပင် မပေါက်တော့အောင် အရိုက်ခံထားရသည့် အမျိုးသားနှင့် ခွေးရုပ်ပင် ပျောက်နေသည့် ခွေးဖြူကြီးတို့ကို သနား ကရုဏာသက်စွာ ကြည့်လိုက်သည်။

လျှိုတပေါင် မှာတော့ မသနားသည့် အပြင် စာနာစိတ် မရှိစွာဖြင့် “ပျိုနီပန်းကလေးရဲ့ လက်ထဲ သေရမယ်ဆိုရင် တစ္ဆေဘဝ ရောက်ခဲ့ရင်တောင် ပျော်သင့်တယ် ... အဲတော့ နတ်ဘုရားမလေးရဲ့ အရိုက်ခံရတယ်ဆိုတာ ကောင်းတာပဲ မဟုတ်ဘူးလား ...”

ထိုအမျိုးသားက လျှိုတပေါင်ဆီ မျက်လုံးဝေ့ကြည့်လိုက်ပြီး “အေး ... စုချန်းရန် တစ်ယောက်တည်းက ရိုက်တယ်ဆိုရင်တော့ ဟုတ်တာပေါ့ကွ ... အခုက ဒါဇင်နဲ့ချီတဲ့ စွာတေးလန်တွေရဲ့ အရိုက်ခံရတာ မင်းဆိုရင်လည်း ပျော်နေမှာ မဟုတ်ဘူး ...”

“မင်းတို့ကို အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အရိုက်ခံရတဲ့ အချိန်အတွင်း ငါ့မှာ မျိုးဆက် ပြန့်ပွားဖို့ရာ စွမ်းဆောင် နိုင်သေးရဲ့လားလို့ စိုးရိမ်မိတဲ့ အထိပါပဲကွာ ...”

“ဒါပေမဲ့လည်း ... ... ငါက နောင်တမရဘူး ... ငါ့ရဲ့ မြင့်မားတဲ့ တာဝန်ကို ထမ်းဆောင်တာ မအောင်မြင် သေးတာမို့ ထပ်လုပ်ဦးမှာပဲ ...” ထိုအမျိုးသားက ခိုင်မာစွာ ပြောသည်။

ထိုသည်ကို ကြားလိုက်သည်နှင့် အန်လင်းနှင့် လျှိုတပေါင် နှစ်ဦးစလုံး၏ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး လေးစားမှု အပြည့်နှင့် ဖြစ်သွားကြသည်။

ထပ်ပြီးတော့ ... အန်လင်းက အရိုအသေ ပေးသည့် အနေဖြင့် သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးသည်။ “ကိုဉာဏ်ကောင်းရဲ့ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ရည်ကတော့ ကျွန်တော့်ကို လေးစားမှုနဲ့ ပြည့်လာ စေတော့တာပဲ ... ကိုဉာဏ်ကောင်းရဲ့ အမည်လေးများ သိပါရစေလား ခင်ဗျာ ...”

“တန်းခွဲ ၂၅၊ ကျောက်ဟွိုင်ရင်” ထိုလူက အလေးအနက် ပြောသည်။

“တန်းခွဲ ၁၊ အန်လင်း” အန်လင်းကလည်း သူ့ကိုသူ မိတ်ဆက်လိုက်သည်။

“တန်းခွဲ ၁၀၀၊ လျှိုတပေါင်” လျှိုတပေါင် သည်လည်း စိတ်လှုပ်ရှားစွာ ဆိုသည်။

“ဝုတ် ... ဝုတ် ...” တပိုင်က ဟောင်သံပေးသည်။

လူသုံးယောက်နှင့် ခွေးတစ်ကောင်သည် အချင်းချင်း မိတ်ဆက် ပြီးသည့်နောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့က ညီအစ်ကို ဖွဲ့လိုက်သလို ခံစားကြရသည်။

“အဲတော့ မင်းက ငါတို့ကျောင်းရဲ့ ‘နောက်ခံ အကောင်းဆုံးသော မရိုးဖြောင့်တဲ့ လူသစ်’ အန်လင်းပေါ့ ... ငါ မင်းအကြောင်းတွေကို အရင်ကတည်းက ကြားပါတယ်ကွ ...” ကျောက်ဟွိုင်ရင်က အံ့အားသင့်စွာ ရေရွတ်သည်။ ထို့နောက် လျှိုတပေါင်ကို ကြည့်ကာ “မင်းက လျှိုတပေါင် ... ကောင်းကင် အင်မော်တယ် ယွီတင်းရဲ့ သား ... မင်းအကြောင်းတွေကိုလည်း ဟိုးအရင် ကတည်းက ကြားထားတယ်ကွ ... တွေ့ရတာ ဝမ်းသာပါတယ် ...”

“အာ ... မဟုတ်ပါဘူး အစ်ကိုကြီး ရင် ... ကျွန်တော်ကမှ အစ်ကိုကြီးနဲ့ ဆုံရတဲ့အတွက် ဂုဏ်ယူရမှာပါ ... နောက်လည်း လမ်းညွှန်ပေးပါဦး ခင်ဗျာ ...” လျှိုတပေါင်က ကျောက်ဟွိုင်ရင်ကို အရိုအသေ ပေးလိုက်ပြီး သူ့မျက်လုံးထဲတွင် ဦးချချင်စိတ် အပြည့်နှင့်ပင်။

ထိုအချိန်တွင် အန်လင်းသည် ထိတ်လန့်မှု အပြည့်နှင့် ဖြစ်သည်။ လျှိုတပေါင်၏ ဖခင်သည် ကောင်းကင် အင်မော်တယ်ဟု သူကြားလိုက်သည် မဟုတ်ပါလား။ အန်လင်းက အခုဆိုလျှင် ကျင့်ကြံခြင်း အဆင့်များ သတ်မှတ်ပုံကို အခြေခံအားဖြင့် နားလည်နေပြီ ဖြစ်သည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို အင်မော်တယ်ပေါက်စ ဟုယူဆပြီး ထိုအဆင့်သည် ကောင်းကင်ဘုံပိုင်နက်၏ အင်မော်တယ် အဆင့်တွင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီ ဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ပါက မြေကမ္ဘာ အင်မော်တယ်ဟု မှတ်ယူရသည်။

ထိုအဆင့် နောက်တွင်တော့ ပျက်ပြယ်ခြင်း အဆင့် ဖြစ်ပြီး ထိုအဆင့်ကို ကောင်းကင် အင်မော်တယ်ဟု သတ်မှတ်ကြသည်။ ကောင်းကင်ဘုံ ပိုင်နက်တွင် ကောင်းကင်အင်မော်တယ် အဆင့်သည် အမြင့်ဆုံးသော အဆင့်အတန်းဖြစ်သည်။

အစစ်အမှန် နတ်ဘုရားများမှ လွဲ၍ ကောင်းကင်ဘုံ ပိုင်နက်တွင် အသန်မာဆုံးသော အဖွဲ့ဝင်များမှာ ကောင်းကင် အင်မော်တယ်များ ဖြစ်ကြသည်။

အန်လင်းအား အလွန် အံ့အားသင့် စေသည့်အချက်မှာ သူ့အား အရှုံးပေးလုနီးနီး ဖြစ်ခဲ့သည့် လျှိုတပေါင်သည် ကောင်းကင် အင်မော်တယ် ယွီတင်း၏ သား ဆိုသည်ပင်။

ထိုသည်က အန်လင်းက တိတ်ဆိတ် သွားစေသည်။ လျှိုတပေါင်က တကယ်ကော ကောင်းကင်အင်မော်တယ် ယွီတင်းရဲ့ သွေးသားရင်း ဟုတ်ရဲ့လား။

ထိုသို့ဖြင့် ထိုလူသုံးယောက်နှင့် ခွေးတစ်ကောင်သည် အချင်းချင်း မိတ်ဆက်ပြီး အချင်းချင်း အဟန့်အတားမရှိ ရောက်တတ်ရာရာ စကားများ ပြောဆိုကြလေသည်။

ထိန်းသိမ်းခန်းထဲရှိ ရယ်သံများမှာ တဖြည်းဖြည်း ကျယ်လောင် လာခဲ့ပြီး ပတ်ဝန်းကျင် သည်လည်း ရွှင်လန်းလာပြီး ပျော်ရွှင်ဖွယ် ကောင်းလာတော့သည်။

***

All Chapters