← Chapters

ကယ်တင်ရှင်...

Vol. 57 Ch. 849

ကယ်တင်ရှင်...

Vol. 57 Ch. 849

~ ကန်ရေပြင်ထဲမှ အရိပ်မည်းကြီးသည် ခဏမျှသာ တည်ရှိခဲ့ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ထို့နောက် ကန်ရေပြင်သည် မှိန်ဖျော့သော အလင်းရောင်ကို တစ်ဖန် ပြန်၍ ထုတ်လွှတ်လာတော့သည်။

အရိပ်ကြီး ပျောက်ကွယ်သွားသည်နှင့် တဟုန်ထိုး ထကြွနေသော ကျိုယိုချီများမှာလည်း ငြိမ်သက်သွား၏။

ကျိုယိုချီများ ငြိမ်သက်သွားသည်ကို မြင်သောအခါ၊ ယွီချန်နှင့် အခြားသူများမှာ သက်ပြင်း တစ်ချက်ကို အသာအယာ ချနိုင်ခဲ့ကြသည်။

ယွီရွှမ်ယီက ကျောချမ်းနေဟန်ဖြင့် ဆိုလိုက်သည်။

“အခုနက အရာက ဘာကြီးလဲ။ ဒီလောက် အားကောင်းတဲ့ တည်ရှိမှုမျိုး… အရိပ်လေးတစ်ခုသာ ဖြစ်ပေမဲ့

ဧရာမ အန္တရာယ်ကြီးလို ခံစားလိုက်ရတယ်။”

သတိချပ်ရမည်မှာ ယွီရွှမ်ယီက အင်မော်တယ်ဘုရင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါ၏။

ယခုအခါ ဘယ်ကမှန်းမသိ ပေါ်လာသော

အရိပ် တစ်ခုမျှကပင် သူ့အား အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ခံစားရစေသည်။

ဤသည်ကပင် တစ်ဖက်လူ မည်မျှ အားကောင်းသည်ကို ပြသနေလေသည်။

ဤအချက်ကလည်း ယွီရွှမ်ယီက စကားမဲ့သွားစေ၏။

အကြောင်းမူကား၊ သူသည် အင်မော်တယ် ဘုရင်တစ်ပါး ဖြစ်နေပြီး၊ စကြဝဠာထဲမှ ထိပ်တန်း ပုဂ္ဂိုလ်များထဲတွင် ပါဝင် နေသောကြောင့်တည်း။

သို့သော် ချောက်နက်ကြီး အပျက်အစီးထဲသို့ ဝင်ရောက်ပြီးနောက်၊ သူသည် ဦးစွာ ကြောက်မက်ဖွယ် ကောင်းသော ကျိုယိုမိစ္ဆာကောင်ကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအခါတွင် ဤမျှ နက်နဲသော အရိပ်ကြီးနှင့် တစ်ဖန်ကြုံတွေ့ရသည်။

ဤသည်က ယွီရွှမ်ယီအား သူ၏ အင်မော်တယ် ဘုရင်ဆိုသည့် ဂုဏ်ပုဒ်မှာ အခွံသက်သက်မျှသာဟု ခံစားနေရစေသည်။

သူ့ဘေးတွင်၊ ယွီချန်နှင့် ယွီယွင်ချင်းတို့မှာလည်း ဇဝေဇဝါ မျက်နှာ အမူအရာများ ရှိနေကြ၏။

ယွီချန်က လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

“တော်သေးတာပေါ့ ငါတို့နဲ့အတူ ရီအာ ပါလာလို့။ မဟုတ်ရင် အရင်က ကျိုယိုချီရဲ့ လှုပ်ရှားမှုက အရမ်းကို အန္တရာယ်များလွန်းတယ်။”

ယွီယွင်ချင်းက ခေါင်းညိတ်လိုက်ပြီး၊ ကန်ရေပြင်၏ ထိုအစိတ်အပိုင်းကို အလေးအနက် ကြည့်ကာ ရေရွတ်လိုက်၏။

“အဲ့ဒါ တကယ်ပဲ ဘာကြီးလဲ။”

လုရီက ခေါင်းခါလိုက်သည်။

“ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့်…”

လုရီသည် ယခင်က ဆက်စပ်မှု မရှိသော ကံကြမ္မာ ဧရိယာကို ကြည့်ရင်း အကြံထုတ်နေ၏။

“ဒါပေမဲ့ ဘာဖြစ်လဲ။”

ယွီချန်နှင့် အခြားသူများမှာ တိတ်ဆိတ်နေသော လုရီကို နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။

လုရီက အသာအယာပြုံးလိုက်ပြီး အဖြေမပေးဘဲ၊ နောက်တစ်ခဏမှာပင် သူသည် ကန်ရေပြင်နှင့် မနီးမဝေးသို့ ရောက်ရှိသွားခဲ့သည်။

သူ၏မျက်လုံးများထဲတွင် ဆန်းကြယ်သော တာအိုအလင်းတစ်ခု ရှိနေပြီး၊ ကံကြမ္မာစွမ်းအား၏ မူလဇာစ်မြစ်မှာ အစွမ်းကုန် လည်ပတ်နေ၏။

သူ၏လက်ထဲတွင်၊ မှိုင်းဝေဝါးသော အလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားစဉ် ကန်ရေပြင်၏ ထောင့်တစ်နေရာဆီသို့ ဖြည်းညင်းစွာ လက်လှမ်းလိုက်သည်။

ယွီချန်နှင့် အခြားသူများမှာမူ သူတို့၏နေရာတွင်ပင် ရပ်နေကြဆဲဖြစ်ပြီး၊ လုရီ၏ လုပ်ဆောင်ချက်များကို မြင်သောအခါ သူတို့၏မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားကြသည်။

လုရီ ဘာလုပ်နေသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။

သို့သော် နောက်တစ်ခဏမှာပင်၊ သူတို့သည် မျက်စိကျိန်းလောက်သော အလင်းရောင်တစ်ခုကို ခံစားလိုက်ရသည်။

မူလဇာစ်မြစ်စွမ်းအားဖြင့် အလုံးစုံ ဖွဲ့စည်းထားသော ကန်ရေပြင်သည် ရုတ်တရက် တရကြမ်းပင် တစ်ဖန်ပြန်၍ တုန်ခါလာ၏။

ယခု တစ်ကြိမ်တွင်မူ၊ အရိပ်ကြီး ပေါ်လာစဉ်ကနှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ မှိန်ဖျော့နေသော အလင်းရောင်သည် မျက်စိကျိန်းလောက်အောင်ပင် စူးရှတောက်ပလာသည်။

တည်ငြိမ်သော ကြယ်ကြီးတစ်လုံးကဲ့သို့ မျက်စိစုံမှိတ်သွားစေနိုင်သော အလင်းတန်းများကို ထုတ်လွှတ်လိုက်တော့သည်။

ယခုအခိုက်အတန့်၌၊ ကန်ရေပြင်ပေါ်မှ မှိန်ဖျော့ဖျော့ အလင်းရောင်သည် တဖြည်းဖြည်း စုစည်းလာပြီး ပုံရိပ်တစ်ခုကို ပုံဖော်လာသည်။

၎င်းမှာ ခေါင်းထက်၌ ချိုတစ်ချောင်းပါသော ချောမောခန့်ညားသည့် အမျိုးသားတစ်ဦး ဖြစ်လေသည်။

ဤအမျိုးသားကို မြင်သောအခါ၊ ယွီချန်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြ၏။

“အလို၊ ကံကြမ္မာအင်မော်တယ် ဘုရင်ပဲ။”

သူတို့၏ ရှေ့မှောက်မှ ယင်းအရိပ်ယောင်ကို သူတို့ မစိမ်းသက်ကြပေ။

ယခင် ကံကြမ္မာအင်မော်တယ်ဘုရင်၏ စံမြန်းရာ နေရာတွင် ဤအမျိုးသားကို ပုံဖော်ထားသော ရုပ်တုများနှင့် ပန်းချီများကို မြင်တွေ့ခဲ့ဖူးကြသည်။

ဒါက အမှန်ပင် ကံကြမ္မာအင်မော်တယ်ဘုရင် ဖြစ်ပါ၏။

လုရီသည် ကံကြမ္မာထဲမှ သဟဇာတ မဖြစ်မှုမှတစ်ဆင့် တစ်စုံတစ်ခုကို ကြိုတင်မြင်တွေ့ခဲ့သော်လည်း၊ ကံကြမ္မာအင်မော်တယ်ဘုရင်၏ ဤပုံရိပ်ယောင်ကို အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ သူ အနည်းငယ် အံ့အားသင့်နေမိသေးသည်။

လုရီသည် မှိန်ဖျော့သော အလင်းရောင်ဖြင့် ဖွဲ့စည်းထားသော အရိပ်ယောင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး စကားမပြောဘဲ နေလိုက်၏။

မကြာမီမှာပင်၊ ပုံရိပ်မှာ ပြည့်စုံသွား၏။ ကံကြမ္မာအင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာမှာ အသက်မဲ့သလို ဖြစ်နေရာမှ အသက်ဝင်လာသည်။

သူ၏အကြည့်များက ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် လုရီအပေါ်၌ ရပ်တန့်သွားသည်။ ထို့နောက် သူက ဖျတ်ခနဲပြုံးလိုက်သည်။

“ကယ်တင်ရှင် ပေါ်လာခဲ့ပြီပဲ။”

ထိုစကားကို ကြားသောအခါ၊ လုရီရော ယွီချန်နှင့် အခြားသူများပါ မှင်သက်သွားကြသည်။

လုရီက မျက်ခုံးပင့်လိုက်ရင်း ပြန်မေးလိုက်မိ၏။

“ကယ်တင်ရှင် ဟုတ်လား။ ကျွန်တော်ကလားခင်ဗျာ”

ကံကြမ္မာအင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်ပြီး ရယ်မောသည်။

“ဟားဟားဟား၊ ဟုတ်တယ်… ကျိုယိုက သိပ်ကိုအားကောင်းလွန်းတယ်။ ငါတို့တစ်ဖွဲ့တည်းနဲ့တော့ သူတို့ကို မခုခံနိုင်ခဲ့ဘူး။ မင်းတစ်ယောက်ပဲ တတ်နိုင်လိမ့်မယ်။”

လုရီက မျက်လုံးများ မှေးစင်းလိုက်ရာ၊ သူ၏မျက်လုံးများထဲတွင် အရောင်များ တလက်လက်တောက်ပသွားသည်။

သူ၏ တာအို နှလုံးသားသည် မကြာမီမှာပင် တည်ငြိမ်သွား၏။

သူက သူ၏ကိုယ်ပိုင်အခြေအနေကို ကောင်းစွာသိရှိသည်။ သူ၏အခြေခံအုတ်မြစ်ဖြင့်၊ ကျင့်ကြံခြင်းအခြေခံသာ အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိသွားပါက၊ အင်မော်တယ်အင်ပါယာနယ်ပယ်ကို ရင်ဆိုင်ရန် အတော်ပင် မျှော်လင့်ချက်ရှိပြီး၊ ကျိုယိုမိစ္ဆာများနှင့် ရင်ဆိုင်ရာမှာလည်း အတူတူပင် ဖြစ်သည်။

သူသာ အင်မော်တယ်အင်ပါယာနယ်ပယ်သို့ ရောက်ရှိသွားပါက၊ ကျိုယိုကမ္ဘာကို ရင်ဆိုင်ရန် အမှန်တကယ်တွင် သိသာသော ပြဿနာတစ်စုံတစ်ရာ မရှိနိုင်တော့ချေ။

တစ်နည်းအားဖြင့်ဆိုသော်၊ ကံကြမ္မာအင်မော်တယ်ဘုရင်၏ အရိပ်ယောင် ပြောသည့်အတိုင်းပင်၊ သူသည် အမှန်ပင် ကယ်တင်ရှင်တစ်ဦးအဖြစ် မှတ်ယူခံရ လေသည်။

လုရီ၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ခုတ်မောင်းသွားပြီး ကံကြမ္မာအင်မော်တယ်ဘုရင်ကို ကြည့်ကာ ပြောလိုက်လေ၏။

“ကျွန်တော် တတ်နိုင်လိမ့်မယ်လို့ စီနီယာ ဘယ်လိုသိတာလဲဗျ။”

ကံကြမ္မာအင်မော်တယ်ဘုရင်က ပြုံးလိုက်သည်။

“ငါက စကြဝဠာရဲ့ ကံကြမ္မာကို တွက်ချက်ဖို့ မူလဇာစ်မြစ်ကို သုံးခဲ့တယ်။ ပြီးတော့ ငါ့ရဲ့စံမြန်းရာ နေရာထဲမှာ အရိပ်ယောင်တစ်ခုကို မြင်ခဲ့တယ်။ အဲ့ဒါ ဘယ်သူလဲဆိုတာကို ကံကြမ္မာမြစ်ထဲကနေ ငါတောင် မဖော်ထုတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု မင်းကို မြင်တော့ ငါသေချာသွားပါပြီ။”

ဤစကားများကြောင့် လုရီက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး၊ တစ်ခဏမျှ စဉ်းစားကာ မေးလိုက်သည်။

“ဒါကို စီနီယာက ကျိုယိုကမ္ဘာထဲကို မဝင်ခင်က တွက်ချက်ခဲ့တာလား။ ခင်ဗျားအပြင်၊ ဒီနေရာမှာ မူလဇာစ်မြစ်စွမ်းအားကို ချန်ထားခဲ့တဲ့ တခြားသူတွေ အများကြီး ရှိရမှာပါ၊ ဟုတ်တယ်မလား။”

လုရီ၏ မေးခွန်းကို ကြားသောအခါ၊ ကံကြမ္မာအင်မော်တယ် ဘုရင်မှာ အသံထွက်၍ ရယ်လိုက်သည်။

သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး သူက ဆို၏။

“မဟုတ်ဘူး… ကျိုယိုကမ္ဘာထဲကို မဝင်ခင်က တွက်ချက်ခဲ့တာမဟုတ်ဘူး။ ဝင်ပြီးမှ တွက်ချက်ခဲ့တာ။ ဒီမှာ ချန်ထားခဲ့တဲ့ မူလဇာစ်မြစ်စွမ်းအားက ငါတစ်ယောက်တည်းရဲ့ဟာ မဟုတ်ဘဲ၊ အခုထိ အသက်ရှင်နေသေးပြီး သစ္စာမဖောက်သေးတဲ့ ရဲဘော်အားလုံးရဲ့ဟာပဲ။ ငါတို့ရဲ့ စုပေါင်းအားထုတ်မှုနဲ့မှ ငါတို့ ဒီနေရာမှာ ကံကြမ္မာရဲ့ ခြေရာတွေကို ချန်ထားနိုင်ခဲ့ပြီး၊ မင်းနဲ့ ဆက်သွယ်နိုင်ခဲ့တာ… ကံမကောင်းစွာနဲ့၊ ငါ့ရဲ့စံမြန်းရာ နေရာကလည်း ဒီအကြောင်းကြောင့်ပဲ ပျက်စီးသွားခဲ့ရတယ်။”

“သစ္စာဖောက်တယ်။”

လုရီက ကံကြမ္မာအင်မော်တယ်ဘုရင်၏ ရှင်းပြချက်ကို တိတ်ဆိတ်စွာ နားထောင်ရင်း၊ သူ နောက်ပိုင်းတွင် ဖော်ပြခဲ့သော စကားလုံးတစ်လုံးကို လျင်မြန်စွာ သတိပြုမိလိုက်သည်။

ကံကြမ္မာအင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ရှုပ်ထွေးသွားပြီး၊ ခပ်ဖွဖွခေါင်းညိတ်ကာ ရယ်မောလိုက်သည်။

“ဟုတ်တယ်… အင်မော်တယ်အင်ပါယာတချို့က ကျိုယိုဘက်ကို ဝင်သွားခဲ့ကြတယ်။”

ဤစကားကြောင့် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားရလေသည်။

လုရီ ပိုမိုမေးမြန်းရန် ပြင်လိုက်စဉ်မှာပင်၊ ကံကြမ္မာအင်မော်တယ်ဘုရင်က တစ်ဖန်ပြန်၍ ဆိုသည်။

“ငါ့မှာ အချိန်သိပ်မရှိတော့ဘူး။ ငါ မင်းရဲ့ကံကြမ္မာကို ကြိုမမြင်နိုင်ဘူး။ ဒါပေမဲ့ ကျိုယိုရဲ့ လက်ရှိအခြေအနေက ဆိုးရွားနေပြီ။ အဲ့ဒီနှစ်တွေက မိစ္ဆာနတ်ဘုရားတွေ တဖြည်းဖြည်း နိုးထလာနေကြပြီ။ ငါတို့ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲဆိုတာ မသိဘူး။ တတ်နိုင်သမျှ မြန်မြန် အားကောင်းလာအောင်လုပ်ပါ။ နောက်နှစ်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဆယ်နှစ်ကြာမှ၊ ဒါမှမဟုတ် နှစ်တစ်ရာကြာမှလည်း ဖြစ်နိုင်တယ်။ ကျိုယိုက စကြဝဠာထဲကို ဘယ်အချိန်မှာ တစ်ခါ ပြန်ဝင်လာမလဲဆိုတာ ငါ မသေချာဘူး”

All Chapters